သွေးကြွေးတောင်းမည်
Vol. 128 Ch. 1783
ကျန်းရီသည် စစ်ရထားလုံးထဲတွင် နှစ်နာရီကြာ နေပြီးမှ စစ်တပ်တစ်တပ်လုံးကို ထွက်ခွာရန် အမိန့်ပေးလိုက်၏။ သူ့တွင် အားပြန်ဖြည့်ရန် အချိန်ရော မိမိကိုယ်ကိုယ် အပြစ်တင်နေရန် အချိန်ပါ မရှိပေ။ ယခုမှစ၍ မည်သို့တိုက်ခိုက်မည်ကို တွေးနေရန်ပင် အချိန်မရှိတော့ပါ။
လုံအောင်းနှင့် တပ်သားနှစ်သန်း ကျသွားပြီဆိုသော သတင်းကို ဖုံးဖိထားသော်လည်း စစ်တပ်ထဲတွင် သို့လောသို့လော ဖြစ်နေကြသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့ကလည်း ကျန်းရီ၏ အမိန့်ကို စောင့်နေကြသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အရှေ့ဒေသ မဟာမိတ်စစ်တပ်က အချိန်မရွေး တိုက်စစ်ထိုးနိုင်ခြင်းပင်။ သူ သန်းရာချီသော မိစ္ဆာများကို ဤနေရာတွင် ဆက်မနေခိုင်း၍ ရန်သူအတွက် ပြင်ဆင်ချိန် အလုံအလောက်ပေး၍ မဖြစ်ပါ။
ထို့ကြောင့် ကျန်းရီအနေဖြင့် စစ်တပ်ကို အရှေ့ဒေသထဲ ပြန်ခေါ်သွားပြီးမှ နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။ စစ်တပ်ဦးတည်နေသောဘက်မှာ ကောင်းကင်ဂဠုန်နယ်မြေဘက်သို့ ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကို ထောက်လှမ်းကာ ချက်ချင်း ပြန်သတင်းပို့ရန် ထောက်လှမ်းရေးများစွာကို ဖြန့်ကျက်ထားပြီးဖြစ်သည်။ ကျန်းရီတို့သည် အစောကတည်းက ကောင်းကင်ဂဠုန်နယ်မြေတစ်ဝိုက်၌ ထောက်လှမ်းရေးများ လျှို့ဝှက်ချထားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် စစ်တပ်တစ်တပ်လုံး ကောင်းကင်ဂဠုန်နယ်မြေသို့ အချိန်တိုအတွင်း ရောက်နိုင်မည်ဆိုလျှင် ရန်သူဘက်မှ လှုပ်ရှားမှုတိုင်းကို သိနိုင်ပေသေးသည်။
ဤတစ်ခေါက်တွင် အဆင့်နိမ့် မိစ္ဆာများကြောင့် စစ်တပ်၏ ချီတက်နှုန်းက နှေးနေသည်။ သို့သော် အခြားရွေးချယ်စရာ မရှိပေ။ ထိုအဆင့်နိမ့်မိစ္ဆာများကို ဘေးကင်းရာသို့ မပို့ပေးနိုင်လျှင် ပို၍ဒုက္ခများရပေလိမ့်မည်။
သတင်းများက အဆက်မပြတ် ရောက်လာနေသည်။ ထိုသတင်းများက ကျန်းရီကို အတန်ငယ် အံ့အားသင့်စေသည်။ ရန်သူစစ်တပ်သည် လုံအောင်းတို့ တပ်သားနှစ်သန်းကို ရှင်းပစ်ပြီးနောက် ပြန်ဆုတ်သွားခဲ့၏။ သူတို့သည် ကျတ်တီးမြေထဲ ဆက်မချီခဲ့ကြပေ။ ကျန်းရီသည် တစ်နာရီခန့် တွေးတောပြီးနောက် အကြောင်းကို နားလည်သွား၏။
ရန်သူဘက်မှ ပညာရှင်မှာ အမြော်အမြင်ကြီးသူတစ်ယောက်ဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော သူများသည် ဗျူဟာများချကာ အခြေအနေကို ထိန်းချုပ်လိုစိတ် ရှိတတ်ကြသည်။ သူတို့က အနိုင်ရသည်ကို ကြိုက်သော်လည်း သူသေကိုယ်သေ တိုက်ရခြင်းမျိုးကို မကြိုက်ကြချေ။ ထိုသို့တိုက်ရပါက သူတို့ဘက်မှ အနိုင်ရလျှင်ပင် ပျော်စရာကောင်းမည် မဟုတ်၊ အောင်မြင်ခြင်းမဟုတ်ဟု တွေးတတ်ကြပေသည်။
ကျန်းရီသည်လည်း ထိုကဲ့သို့သော အမှားများကို ယခင်က လုပ်ခဲ့မိပြီး စွဲလမ်းသလိုပင် ဖြစ်ခဲ့သည်။ သူသည် မိမိဘက်မှ အင်အားကို ထိန်းကာ တစ်ချက်တည်းနှင့် အောင်ပွဲကြီး ရလိုခဲ့သည်။ ထို့ကြောင့်လည်း ရန်သူ၏ မျှားခေါ်ခြင်းကို ခံခဲ့ရသလို နောက်ဆုံးတွင် တပ်သားနှစ်သန်းကို အသေခံအဖြစ် ချန်၍ ဆုတ်ပြေးခဲ့ရပေသည်။
တပ်သားနှစ်သန်း လျော့သွားပြီဖြစ်၍ ကျန်းရီဘက်မှ အင်အားက အတော်လေး လျော့နည်းသွားသည်။ အကယ်၍ ရန်သူကသာ တုံးတိုက်တိုက် ကျားကိုက်ကိုက် သဘောဖြင့် အနောက်မှ ဖိအားပေးလိုက်တိုက်မည်ဆိုလျှင် ကျန်းရီတို့ ရှုံးသွားနိုင်သည်။ သို့သော် ရန်သူဘက်မှ ပညာရှင်သည် သူသေကိုယ်သေ တိုက်ရခြင်းမျိုးကို ရှောင်လိုပြီး မပိုင်လျှင် မလုပ်တတ်သော သဘောရှိရာ နောက်မှ လိုက်မတိုက်ခဲ့ပေ။ ထိုသို့သာဖြစ်ရမည်။ ကျန်းရီမှာ မြွေမြွေချင်း ခြေမြင်ပေသည်။ ထို့ကြောင့်လည်း သူသည် စစ်တပ်ကို ကောင်းကင်ဂဠုန်နယ်မြေဆီသို့ ပြန်ချီစေလိုက်ခြင်းဖြစ်သည်။
“ကောင်းကင်ဂဠုန်ဘုရင်၊ ကြမ်းကြုတ်နဂါးဘုရင်တို့ အပေါ်တက်ခဲ့ပါ”
ကျန်းရီသည် တွေးရင်းတောရင်းဖြင့် ရုတ်တရက် အကြံတစ်ခုရသွား၏။ သူ မျိုးနွယ်ဘုရင်သုံးပါးနှင့် လီရှန်းအာတို့ကို ခေါ်လိုက်သည်။ သူတို့လေးယောက်သည် စိုးရိမ်သော မျက်နှာထားများနှင့် စစ်ရထားလုံးထဲ ဝင်လာကြ၏။ ကျန်းရီက စိတ်ဓာတ်ကျကာ ယုံကြည်မှု ပျောက်သွားမည်ကို သူတို့ စိုးကြပေသည်။ ကျန်းရီသာ စိတ်ဓာတ်ကျသွားလျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အဆုံးသတ်ရပေလိမ့်မည်။
ကျန်းရီ၏ နှလုံးသားက အမှန်ပင် သန်မာ၍ တော်ပေသေးသည်။ သူ့မျက်နှာက အတန်ငယ် ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများမှာ အရောင်တလက်လက်နှင့် ရှိနေသည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့ လေးယောက် အတန်ငယ် စိတ်သက်သာရာရသွားကြသည်။ သူတို့လေးယောက် ထိုင်ပြီးသောအခါ ကျန်းရီက မေးလိုက်သည်။
“ခင်ဗျားတို့ ကောင်းကင်မိစ္ဆာဘုံထဲက ပညာရှင်တွေကို သိလား။ ကြောက်စရာဉာဏ်ရည်ရှိပြီး စစ်တပ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ တော်တဲ့သူမျိုးပေါ့”
ကောင်းကင်မိစ္ဆာဘုံထဲတွင် ထိုသို့သော ပညာရှင်မျိုး မရှိလျှင် လက်ရှိ ရန်သူဘက်မှ ပညာရှင်က ကောင်းကင်ဘုံမှ ဖြစ်နိုင်သည်။ သို့ဆိုလျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေများသဖြင့် ကျန်းရီ ပို၍ ခေါင်းကိုက်ရပေလိမ့်မည်။
ကြမ်းကြုတ်နဂါးဘုရင်တို့ နှုတ်ဆိတ်သွားကြပြီး အတန်ကြာ တွေးတောလိုက်ကြ၏။ ရုတ်တရက် ကောင်းကင်ဂဠုန်ဘုရင် မျက်လုံးများ လင်းလက်လာပြီး ပြောလိုက်သည်။
“တစ်ယောက်ရှိပါတယ်။ အရှင်... အရှင်သာ မပြောရင် ကျုပ် အဲ့အကြောင်းကို သတိရမှာ မဟုတ်ဘူး။ အဲ့တစ်ယောက်က ဘာသတင်းမှ ထပ်မထွက်ဘဲ တိတ်ဆိတ်နေတာ တော်တော်ကြာပြီ။ ကောင်းကင်မိစ္ဆာဘုံက သူ့အကြောင်းကို မေ့လုလုတောင် ဖြစ်နေပြီ။ ရန်သူဘက်က ပညာရှင်က သူသာဆိုရင် ဖြစ်နေတာတွေကို နားလည်နိုင်ဖို့ ပိုလွယ်သွားပြီပဲ”
“ခင်ဗျားပြောတဲ့သူက... မင်းသမီးဖုန့်နီလား”
ကြမ်းကြုတ်နဂါးဘုရင်လည်း အမှတ်ရသွား၏။ သူ၏ ပြူးကျယ်သော မျက်လုံးများထဲတွင် လေးလံသော အရိပ်အယောင်များ ပေါ်လာပေသည်။
“မင်းသမီးဖုန့်နီတဲ့လား”
ကျန်းရီက ခပ်သွက်သွက် မေးလိုက်၏။
“သူ့အကြောင်းကို ကျွန်တော့်ကို ပြောပြပါ”
ကောင်းကင်ဂဠုန်ဘုရင်သည် ခေတ္တမျှ တွေးကာ ရှင်းပြ၏။
“အဲ့ဖုန့်နီက ထျန်းဖုန့်ဧကရာဇ်ရဲ့ သမီးတော်ပါ။ သူ့ရဲ့ ပါရမီက ကြောက်စရာပါပဲ။ သူက ပုံစံပြောင်းပြီး ငါးနှစ်အတွင်း အုပ်ချုပ်သူအဆင့်ကို ရောက်သွားတာ၊ ရှစ်နှစ်အတွင်း ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ခဲ့တယ်။ သူ့ကို ထျန်းဖုန့်ဧကရာဇ်ကိုယ်တိုင် မင်းသမီးဘွဲ့ ချီးမြှင့်ခဲ့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အနောက်ဒေသနဲ့ တောင်ဒေသက မျိုးနွယ်ကြီးနှစ်ခုကြားမှာ ပဋိပက္ခဖြစ်ခဲ့တယ်။ နောက်တော့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာခဲ့တယ်။ မင်းသမီးဖုန့်နီက နယ်စပ်ကို သွားခဲ့တယ်။ ဒါပေမဲ့ သူက မဖျန်ဖြေဘဲ စစ်တပ်ကို ဦးဆောင်ပြီး အနောက်ဒေသထဲ ဝင်တိုက်ခဲ့တယ်။ တစ်ချီတိုက်ပြီး အနောက်ဒေသက တပ်သားသန်းကျော်ကို သတ်ပြီးတော့ သူ အလွယ်တကူပဲ ပြန်ဆုတ်လာခဲ့တယ်...”
ကောင်းကင်ဂဠုန်ဘုရင်သည် ဖုန့်နီ၏ တိုက်ပွဲအောင်မြင်မှုများအကြောင်းကို အသေးစိတ် ပြောပြလိုက်၏။ ကြမ်းကြုတ်နဂါးဘုရင်ကလည်း ထပ်ပေါင်းပြောသည်။
“အင်း... ကောင်းကင်ဂဠုန်ဘုရင်ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခု ရှိသေးတယ်။ အဲ့မင်းသမီးလေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပျောက်နေခဲ့တာ။ သူက တအားကျော်ဇောလာလို့ ထျန်းဖုန့်မျိုးနွယ်ရဲ့ အိမ်ရှေ့စံဖြစ်တဲ့ သူ့ဦးရီးတော်က မနာလိုဖြစ်ပြီး သူ့ကို သတ်ဖို့ ကြံခဲ့သေးတယ်လို့လည်း ပြောကြတယ်။ အဲ့ဒါကြောင့် သူက စိတ်ဓာတ်ကျပြီး ထျန်းဖုန့်မြို့ကနေ ထွက်သွားခဲ့တာတဲ့။ သူ ဘယ်ကို သွားတာလဲတော့ ဘယ်သူမှ မသိဘူး။ အခု ရန်သူဘက်က ပညာရှင်က တကယ်ပဲ သူဆိုရင် ဒီတစ်ခေါက်တော့ ကျုပ်တို့ ပြဿနာအကြီးကြီး တက်ပြီပဲ”
“သွားပြီး စုံစမ်းလိုက်ပါ”
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အမိန့်ပေးလိုက်၏။
“သွားပြီးတော့ အရှေ့ဒေသ မဟာမိတ်စစ်တပ်ထဲမှာရှိတဲ့ သူလျှိုတွေနဲ့ ဆက်သွယ်လိုက်ပါ။ သူတို့ရဲ့ ပညာရှင်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်စုံစမ်းပါ။ ပြီးတော့ ဖုန့်နီအကြောင်းကိုလည်း ထပ်စုံစမ်းပါ။ အရှေ့ဒေသထဲမှာ စုံစမ်းလို့မရရင် တောင်ဒေသကိုသွားပြီး စုံစမ်းပါ။ မြန်မြန်တော့ စုံစမ်းမှရမယ်”
“ဟုတ်ကဲ့ပါ”
ကောင်းကင်ဂဠုန်ဘုရင်သည် ခေါင်းညိတ်လိုက်ပြီး အမိန့်များကို ထမ်းဆောင်ရန် ထွက်သွားသည်။ ထို့နောက် ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် ကျွန်တော် သတိလက်လွတ်ဖြစ်သွားခဲ့တယ်။ လုံအောင်းရဲ့ သေဆုံးမှုအတွက် ကျွန်တော် အပြည့်အဝ တာဝန်ခံမှာပါ။ ကြမ်းကြုတ်နဂါးဘုရင် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ထပ်ယုံကြည်ပေးပါ။ ဒီသွေးကြွေးကို တောင်းနိုင်ဖို့ ကျွန်တော် ခင်ဗျားတို့ကို သေချာပေါက် ကူညီပေးမှာပါ”
ကြမ်းကြုတ်နဂါးဘုနှင့် ကန်းဟန့်ဘုရင်တို့ ခပ်သွက်သွက် ထရပ်ကြကာ ဦးညွှတ်လိုက်ကြ၏။ ကြမ်းကြုတ်နဂါးဘုရင်က အသံဩဩနှင့် ဆိုသည်။
“အရှင်ကျိုး... အရှင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး။ တိုက်ပွဲမှာ သေရတာ လုံအောင်းအတွက် ဂုဏ်ယူစရာပါ။ ကျုပ်တို့သာ ဒီစစ်ပွဲကို နိုင်နိုင်မယ်ဆိုရင် ကျုပ်ကိုယ်တိုင်နဲ့ ကန်းဟန့်ဘုရင်တို့ တိုက်ပွဲမှာ အသေခံရမယ်ဆိုရင်တောင် တန်ပါတယ်”
“ကဲကဲ.. ခင်ဗျားတို့ သွားလို့ရပြီ။ စစ်တပ်ကို မြန်မြန် ချီစေလိုက်ပါ”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ပြန်၍ သွေးရောင်လွှမ်းလာပေပြီ။ သူ့မျက်ဝန်းများထဲတွင်လည်း ယုံကြည်မှု အရိပ်အယောင်များကို အတန်ငယ် ပြန်တွေ့လာရပြီဖြစ်သည်။ ယင်းတို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့လည်း စိတ်အားတက်သွားကြသည်။ ကျန်းရီက စိတ်ဓာတ်မကျသေးသ၍ ဖြစ်ရပ်ဆန်းကြယ်များကို ဖန်တီးနိုင်လိမ့်မည်ဖြစ်ကြောင်း သူတို့ ယုံကြည်ကြပေသည်။
“ဖုန့်နီ၊ ထျန်းဖုန့်မျိုးနွယ်ရဲ့ မင်းသမီး”
ကျန်းရီ သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်၏။ မသိရသော ရန်သူမှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သို့သော် ရန်သူက မည်သူဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီး ရန်သူ့အကြောင်းကို သိရမည်ဆိုလျှင် ရန်သူ၏ အားနည်းချက်ကို ရှာနိုင်ပေသည်။ ကျန်းရီသည် သူမ၏ အားနည်းချက်ကို ရအောင်ရှာ၍ သူမကို သေလောက်အောင် ထိုးနှက်လိုက်မည်ဟု စိတ်ပိုင်းဖြတ်လိုက်လေသည်။
ကျန်းရီအတွက် တစ်ခုစိတ်အေးရသည်မှာ ထိုဆန်းကြယ်သော ပညာရှင်က လူသားမျိုးနွယ်မှ မဟုတ်ခြင်းပင်။ သူသည် သူကလူသားဖြစ်ကြောင်း ပေါ်သွားမည်ကို အလန့်ဆုံးဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် မိစ္ဆာအရှင်သုံးပါးက သူ့ကို ကိုယ်တိုင် လိုက်သတ်ကြပေလိမ့်မည်။ ထိုအခါ သူ့တွင် သေရန်မှလွဲ၍ အခြားရွေးချယ်စရာ ရှိမည် မဟုတ်ပေ။
စစ်တပ်သည် အရှိန်တင်၍ ချီပါ၏။ အရှေ့ဒေသ မဟာမိတ်စစ်တပ်ထဲရှိ ကောင်းကင်ဂဠုန်ဘုရင် ထည့်ထားသော သူလျှိုတစ်ယောက်ကလည်း အသက်ကိုရင်း၍ သတင်းပြန်ပို့၏။ ရန်သူဘက်မှ ပညာရှင်မှာ ဖုန့်နီဖြစ်ကြောင်း အတည်ပြုနိုင်လိုက်ပေပြီ။ ကော့ချန်ဘုရင်က ထိုအကြောင်းကို ဖုံးအပ်ထားပြီး ဖုန့်နီကလည်း မျိုးနွယ်ဘုရင်များနှင့်သာ တွေ့ဆုံသော်လည်း အချို့သတင်းများမှာ ပေါက်ကြားလာသေးပေသည်။ သို့ဖြင့် ကျန်းရီသည် ထိုသတင်းများအပေါ် အခြေခံ၍ သူမက ပညာရှင်ဖြစ်ကြောင်း ကောက်ချက်ချ အတည်ပြုနိုင်လိုက်ပေသည်။
လတ်တလောတွင် အရှေ့ဒေသ မဟာမိတ်စစ်တပ်က မည်သို့မှ မလှုပ်ရှားသေးပေ။ ထို့ကြောင့် ကျန်းရီတို့ စစ်တပ်သည် အရှိန်တင်၍ ချီကာ သုံးရက်အတွင်း ကောင်းကင်ဂဠုန်နယ်မြေသို့ ရောက်အောင်သွားလိုက်ကြသည်။
“ကန်းဟန့်ဘုရင်... တပ်သားတစ်သန်းကို ခေါ်သွားပြီး ကီလိုမီတာငါးသန်းပတ်လည်ကို ဝိုင်းထားလိုက်ပါ။ ရန်သူဘက်က ဘယ်ထောက်လှမ်းရေးကမှ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို သိမသွားပါစေနဲ့”
ကျန်းရီက အမိန့်ပေးလိုက်သည်။ သူသည် အဆင့်နိမ့်မိစ္ဆာများနှင့် သာမန်မျိုးနွယ်ဝင်များကို ကောင်းကင်ဂဠုန်နယ်မြေထဲတွင် စခန်းမချခိုင်းဘဲ မြောက်ဘက်သို့ မရပ်မနား ဆက်သွားစေ၏။ သူ၏ ဦးတည်ရာမှာ အရှေ့ဒေသနှင့် မြောက်ဒေသနယ်စပ်ရှိ ငှက်ပြာနယ်မြေဖြစ်သည်။
ပြီးခဲ့သော သုံးရက်အတွင်း ကျန်းရီ ဗျူဟာတစ်ခု ရေးဆွဲခဲ့သည်။ ထိုဗျူဟာမှာ စစ်ကို အချိန်ဆွဲတိုက်ကာ ရန်သူဘက်မှ အင်အားကို ဖြုန်းမည့် ဗျူဟာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမှ အရှေ့ဒေသ မဟာမိတ်စစ်တပ်ထဲတွင် အတွင်းရေးပဋိပက္ခများ ဖြစ်လာမည်သာ။ စစ်ကအီလာလျှင် ဖုန့်နီ၏ ဂုဏ်အဆင့်အတန်းကပင် ပဋိပက္ခများကို ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် စစ်ကို အနည်းဆုံး တစ်လကျော်၊ နှစ်လလောက် အချိန်ဆွဲထားရပေမည်။ ထိုသို့လုပ်နိုင်လျှင် သူ ဤစစ်ကို အလွယ်တကူ အနိုင်ရလောက်ပေသည်။
စစ်ကို အချိန်ဆွဲတိုက်တော့မည်ဖြစ်ရာ နောက်တန်းခိုင်အောင် လုပ်ရမည်ဖြစ်သည်။ ကောင်းကင်ဂဠုန်နယ်မြေမှာ တိုက်ပွဲများဖြစ်ခဲ့သော နယ်မြေဖြစ်သည်။ ထို့ကြောင့် ၎င်းနယ်မြေတွင် ခစန်းချ၍ မဖြစ်ပေ။ ထို့ကြောင့် ကျန်းရီသည် မြေပုံကို ကြည့်ကာ ငှက်ပြာနယ်မြေကို ရွေးချယ်ခဲ့သည်။ သူ မြေမျက်နှာသွင်ပြင်ကိုလည်း လေ့လာခဲ့သည်။ သူတို့သာ ထိုနယ်မြေသို့ အောင်အောင်မြင်မြင် ရောက်နိုင်မည်ဆိုလျှင် ရန်သူကို လအနည်းငယ်လောက် ခုခံနိုင်ပေလိမ့်မည်။
***