စစ်ဆိုတာ အနုပညာ
Vol. 128 Ch. 1784
“မဆိုးဘူး၊ မဆိုးဘူး”
ကော့ချန်မြို့၏ နန်းတော်ကြီးတစ်ခုထဲတွင် ဖုန့်နီ၏ ငွေရောင်ဆံနွယ်များက လေထဲတွင် ဝဲလွင့်နေ၏။ သူမ၏ လှပသော မျက်ဝန်းများထဲ၌ လေးစားမှုများ ပြည့်နှက်နေသည်။ သူမ ပြုံးကာ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်ကို ပြောလိုက်သည်။
“အဲ့အရှင်ကျိုးက တကယ်ကို တော်တယ်။ ကောင်းကင်မိစ္ဆာဘုံထဲမှာ ပညာရှင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ နည်းနည်းလောက်ကပဲ ဘယ်လို ဗျူဟာဆင်ရမယ်ဆိုတာကို သိတယ်။ ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးမှာ အဲ့အရှင်ကျိုးပဲ ကျွန်မနဲ့ ယှဉ်နိုင်လောက်မယ်”
“...”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ နှုတ်ခမ်းများ အတန်ငယ် တွန့်သွားကြသည်။ ထိုမင်းသမီးလေးက ဤကို ကစားရန် ရောက်နေခြင်းပင်။ သူမက အရှေ့ဒေသရှိ မျိုးနွယ်များကို အရေးမစိုက်ပေ။
ကော့ချန်ဘုရင် အံကြိတ်ကာ ပြောလိုက်သည်။
“မင်းသမီး... ဘာလို့ ကျုပ်တို့ကို လိုက်မတိုက်ခိုင်းခဲ့ရတာလဲ။ အခု သူတို့က ကောင်းကင်ဂဠုန်နယ်မြေကို သိမ်းပိုက်ထားပြီ။ ပြီးတော့ ကန်းဟန့်ဘုရင်က ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားတယ်။ ကျုပ်တို့ သူတို့ ဘာလုပ်နေတယ်ဆိုတာကို မသိရဘူး။ အဲ့ပုံစံနဲ့ ကျုပ်တို့ နောက်တိုက်ပွဲကို ဘယ်လို တိုက်ရမလဲ”
“ကျွန်မတို့ တခြားဘာလုပ်နိုင်သေးလို့လဲ”
ဖုန့်နီက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်၏။
“သူတို့ ကောင်းကင်ဂဠုန်နယ်မြေထဲမှာ ကြာကြာ မနေနိုင်ပါဘူး။ သူတို့ ဝက်ဝံနက်နယ်မြေ ဒါမှမဟုတ် ငှက်ပြာနယ်မြေကို သွားကြမှာပဲ။ ဒါမှမဟုတ်လည်း တောင်ဘက်က ထူပါးနယ်မြေကို သွားနိုင်တယ်။ ကန်းဟန့်ဘုရင်ရဲ့ တပ်ဖွဲ့က အဲ့သတင်းတွေကို ပိတ်ဆို့ထားတယ်ဆိုတာ ထင်ရှားတယ်။ ရှင်တို့ အဲ့ဒါကို မမြင်နိုင်ကြဘူးလား”
“ဝက်ဝံနက်နယ်မြေ၊ ငှက်ပြာနယ်မြေနဲ့ ထူပါးနယ်မြေလား”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့၏ အကြည့်များက နံရံပေါ်ရှိ မြေပုံကြီးပေါ်သို့ ရောက်သွားကြ၏။ မကြာခင်မှာပင် သူတို့ မျက်မှောင်ကြုတ်လိုက်သည်။ ကော့ချန်ဘုရင်သည် အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ပြောလိုက်၏။
“မင်းသမီး... ကျုပ်တို့ သူတို့ကို အဲ့သုံးနေရာဆီ သွားခွင့်ပြုလို့ မဖြစ်ဘူး။ အဲ့သုံးနေရာက အရှေ့ဒေသ၊ မြောက်ဒေသနဲ့ တောင်ဒေသတို့ ဆုံတဲ့နယ်စပ်မှာပဲ။ တကယ်လို့ စစ်ပွဲဖြစ်လာရင် သူတို့က သူတို့ရဲ့ သာမန်မျိုးနွယ်ဝင်တွေကို တောင်ဒေသ ဒါမှမဟုတ် မြောက်ဒေသထဲ အချိန်မရွေးပို့လို့ရတယ်။ မိစ္ဆာအရှင်နှစ်ပါးကလည်း အဲ့သာမန်မျိုးနွယ်ဝင်တွေကို သတ်ဖို့ အမိန့်ပေးမှာ မဟုတ်ဘူး။ သတ်လိုက်ရင် မိစ္ဆာတာအိုရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေမယ် မဟုတ်လား။ သာမန်မျိုးနွယ်ဝင်တွေသာ လုံခြုံသွားရင် သူတို့စစ်တပ်ဘက်မှာ ဘာမှကြောက်စရာရှိတော့မှာ မဟုတ်ဘူး”
တမန်တော်နှစ်ယောက်ကလည်း ကော့ချန်ဘုရင်၏စကားကို လက်ခံကြောင်း ခေါင်းညိတ်လိုက်ကြ၏။ အရှေ့ဒေသ၏ သာမန်မျိုးနွယ်ဝင်များ၊ အဆင့်နိမ့် မိစ္ဆာများကို သတ်ခြင်းမှာ သန်းရာချီ၍ သတ်နိုင်လျှင်ပင် အကျိုးမရှိချေ။ အကယ်၍ ထိုမိစ္ဆာများက မြောက်ဒေသ သို့မဟုတ် တောင်ဒေသထဲ ဝင်သွားလျှင် ထိုဒေသနှစ်ခုမှ မိစ္ဆာအရှင်နှစ်ပါးက ၎င်းမိစ္ဆာများကို သတ်ခွင့်ပြုမည် မဟုတ်ပေ။
မိစ္ဆာအရှင်များသည် သူတို့၏ ဂုဏ်သတင်းကို တန်ဖိုးထားရာ မည်သည့်စွန်းထင်းမှုမှ ခံမည် မဟုတ်ပါ။ အဆင့်နိမ့် မိစ္ဆာများကို သတ်ခြင်းက သူတို့၏ဂုဏ်သတင်းကို နှစ်တစ်သောင်းလောက် ညစ်နွမ်းသွားစေမည် ဖြစ်သည်။
“မစိုးရိမ်ပါနဲ့”
ဖုန့်နီက ခပ်ရေးရေးပြုံးလျက် အရေးမစိုက်ဟန် ပြန်ပြော၏။
“ကျွန်မက ဘယ်လိုလုပ် သူ့ကို သူ့သဘောအတိုင်း လုပ်ခွင့်ပေးမှာလဲ။ ပြီးတော့ သူတို့ အဲ့နယ်မြေတွေဆီ အောင်အောင်မြင်မြင် ရောက်သွားရင်လည်း ပြဿနာ မရှိပါဘူး။ သူတို့ဘက်မှာ တပ်သားခုနစ်သန်းပဲ ကျန်တော့တာ။ ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မတို့ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ကို ရှင်းပစ်နိုင်ခဲ့တာပဲ။ သူတို့ ဘယ်လိုကစား ကစား ရှုံးရမှာပဲ”
ဖုန့်နီ၏ ခိုင်မာသော ယုံကြည်မှုက ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ကို အတန်ငယ် စိတ်အေးသွားစေ၏။ ပြီးခဲ့သည့်အခေါက်တွင် သူမသည် လုံအောင်းဦးဆောင်သည့် တပ်သားနှစ်သန်းကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့ပေသည်။ ထို့ကြောင့် သူတို့သည် ထိုမင်းသမီးလေးကို အတော်လေး ယုံကြည်နေကြပြီဖြစ်သည်။ ထို့ပြင် သူမ၏ အတိတ်မှ ဂုဏ်သတင်းကို ပေါင်းထည့်လိုက်သောအခါ သူတို့ဘက်က အကြွင်းမဲ့ အားသာနေသည်။ သို့ဖြစ်၍ ဤစစ်ပွဲတွင် မည်သည့်ပြဿနာမှ မရှိလောက်ပါပေ။
“သတင်းကို စောင့်ကြတာပေါ့။ ခြောက်နာရီအတွင်း သူတို့ ဘယ်သွားတယ်ဆိုတာကို ကျွန်မတို့ သိရမှာပါ”
ဖုန့်နီသည် လက်ဝှေ့ယမ်း၍ အားလုံးကို ထွက်သွားခိုင်းလိုက်၏။ ထို့နောက် စာအုပ်တစ်အုပ်ကို ထုတ်ကာ စိတ်ပါလက်ပါ ဖတ်ရှုလိုက်သည်။ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် လျစ်လျူရှုခံနေရသဖြင့် ထွက်သာသွားလိုက်ရတော့သည်။
ခြောက်နာရီကြာပြီးနောက် သူတို့သုံးယောက် ပြန်ဝင်လာကြ၏။ သူတို့၏မျက်နှာများပေါ်တွင် လေးစားမှုနှင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ကန်းဟန့်ဘုရင်၏ တပ်ဖွဲ့က တောင်ဘက်သို့ စတင်ချီသွားကြောင်း ထောက်လှမ်းရေးများက သတင်းပြန်ပို့လာ၍ပင်။
“မင်းသမီးနီ... အတည်ပြုပြီးပါပြီ။ သူတို့က တောင်ဘက်က ထူပါးနယ်မြေကို သွားတာ ဖြစ်မယ်”
ကော့ချန်ဘုရင်က တင်ပြလိုက်၏။ ထို့နောက် သူ ဦးညွှတ်ကာ ဆက်ပြောသည်။
“မင်းသမီး.. အမိန့်သာပေးလိုက်ပါ။ ဒီတစ်ခေါက် ကျုပ်တို့ သူတို့ကို ထူပါးနယ်မြေဆီ ဘေးကင်းကင်းနဲ့ ရောက်သွားခွင့် မပေးနိုင်ဘူး”
“မှားတယ်...”
ဖုန့်နီက မြေပုံကိုတစ်ချက်ကြည့်၍ ပြန်ပြော၏။
“သူတို့က မြောက်ဘက်ကို သွားနေကြတာပဲ။ လမ်းကြောင်းလွှဲမခံနဲ့။ အဲ့အရှင်ကျိုးက ဝင်္ကပါအစီအရင်တွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိတယ်။ ဗျူဟာပညာရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့အကျင့်စရိုက်ကို ပြောင်းလဲဖို့က ခက်တယ်။ ရှင်တို့ ပြီးခဲ့သော တိုက်ပွဲတွေကနေပြီး သူ့အတွေးတွေကို ခန့်မှန်းနိုင်တယ်။ ကန်းဟန့်ဘုရင်က သူ့တပ်ဖွဲ့ကို တောင်ဘက်ကို ခေါ်သွားနေတော့ သူတို့ရဲ့ ပင်မတပ်က မြောက်ဘက်ကိုသွားတာ ဖြစ်ရမယ်”
“အာ...”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အတန်ငယ် အံ့အားသင့်သွားကြသည်။ ဖုန့်နီက သူတို့အမေးကို စောင့်မနေတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်၏။
“ကော့ချန်ဘုရင်... ရှင်က ဒီက ထိပ်သီးတပ်သားနှစ်သန်းကို ဦးဆောင်ပါ။ အကြီးအကဲခြောက်နဲ့ အကြီးအကဲဆယ့်သုံးတို့ကလည်း တပ်သားနှစ်သန်းစီကို ဦးဆောင်ကြပါ။ ဒီတစ်ခေါက် ရှင်တို့ရဲ့တာတန်က ရန်သူကို အပြတ်ရှင်းပစ်ဖို့ မဟုတ်ဘူး။ ရန်သူရဲ့ အင်အားကို တတိတိ ချွေဖို့ပဲ။ အဲ့ သန်းရာကျော်တဲ့ အဆင့်နိမ့်မိစ္ဆာတွေကြောင့် ရန်သူစစ်တပ်က အင်အားကုန် ထုတ်မတိုက်နိုင်ဘဲ ဖြစ်နေလိမ့်မယ်။ အဲ့တော့ ရှင်တို့ သူတို့ရဲ့ တပ်သားနှစ်သန်းလောက်ကို အလွယ်တကူ ရှင်းပစ်နိုင်လောက်ပါတယ်”
“မင်းသမီး ကျုပ်နားမလည်ပါဘူး”
ဤတစ်ခေါက်တွင် ကော့ချန်ဘုရင်သည် အမိန့်ကို ချက်ချင်း မနာခံလိုက်ပေ။ ထိုအစား နားမလည်နိုင်ဟန်နှင့် မေးလိုက်သည်။
“ရန်သူစစ်တပ်က အဆင့်နိမ့်မိစ္ဆာတွေကြောင့် အင်အားကုန် ထုတ်မတိုက်နိုင်ဘူးဆိုရင် ဘာလို့ ကျုပ်တို့ သူတို့ကို မဟာမိတ်စစ်တပ် တစ်တပ်လုံးနဲ့ သွားမတိုက်ရမှာလဲ။ ပြီးတော့... ကျုပ်တို့ရဲ့ တစ်တပ်လုံးနဲ့ သွားတိုက်မယ်ဆိုရင် သူတို့က အဆင့်နိမ့်မိစ္ဆာတွေကို ကာကွယ်နေရတာနဲ့တင် ရေကုန်ရေခမ်း ပြန်တိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့လိုဆို သူတို့ရဲ့ ပင်မစစ်တပ်ကို အလွယ်လေး ရှင်းပစ်နိုင်ပြီး တစ်ချီတည်းနဲ့ နိုင်သွားမယ် မဟုတ်လား”
“လောဘက မူလအပြစ်ပဲ။ လောဘက ရှင့်ရဲ့မျက်လုံးတွေကို ကန်းသွားစေနိုင်တယ်”
ဖုန့်နီက သက်ပြင်းသဲ့သဲ့ချ၍ ရှင်းပြ၏။
“ကျွန်မတို့ တပ်သားအများကြီးနဲ့ ချီမယ်ဆိုရင် မြန်မြန်ချီနိုင်မှာ မဟုတ်ဘူး။ အဲ့ကျရင် ကျွန်မတို့ ရန်သူရဲ့ ပြန်ကိုက်တာကို ခံရပြီး တပ်သားတော်တော်များများကို ဆုံးရှုံးရလိမ့်မယ်။ တပ်သားနှစ်သန်းဆိုတာ များလည်း မများသလို၊ နည်းလည်း မနည်းဘူး။ ရှင်တို့ တိုက်ပြီး ပြေးမယ်ဆိုရင် သူတို့က တပ်သားနှစ်သန်းအတွက်နဲ့ သန်းရာချီတဲ့ အဆင့်နိမ့်မိစ္ဆာတွေကို လျစ်လျူရှုမှာ မဟုတ်ဘူး။ အဲ့ဒါက မတန်ဘူးလေ။ ရှင်တို့က သိုးအုပ်နောက်ကိုလိုက်တဲ့ ဝံပုလွေသုံးကောင်လို သူတို့ရဲ့ အသားတွေကို တစ်တစ်ပြီးတစ်တစ်ကို ကိုက်ဖြဲပစ်နိုင်မှာပဲ...”
“မဟာမိတ်စစ်တပ် တစ်တပ်လုံးနဲ့ ဘာလို့ မတိုက်ခိုင်းရလဲဆိုတာ ပိုပြီး နားလည်ရလွယ်ပါတယ်။ အခု ရှင်တို့က ဝံပုလွေသုံးကောင်တည်း၊ ပြီးတော့ သူတို့ရဲ့ အသားနည်းနည်းကိုပဲ ကိုက်ဖြဲယူတာ။ သူတို့ အပြင်းအထန် မထိခိုက်သွားသေးရင် နာကျင်မှုကို တောင့်ခံပြီး ထွက်ပြေးရမှာပဲ။ ဒါပေမဲ့ ဝံပုလွေအုပ်တစ်အုပ်လုံးဆိုရင် ရလဒ်က ဘယ်လိုဖြစ်သွားမလဲ...”
“ရန်သူက သူတို့ ထွက်မပြေးနိုင်တော့ဘူးလို့ သေချာသွားရင် ကျွန်မတို့နဲ့ သူသေကိုယ်သေ တိုက်ကြမှာပဲ။ အဲ့ကျရင် သူတို့ အဆင့်နိမ့်မိစ္ဆာတွေကိုလည်း လျစ်လျူရှုလိုက်ကြလိမ့်မယ်။ အဲ့လိုဖြစ်လာတာနဲ့ ကျွန်မတို့ နိုင်ရင်တောင် အဆုံးအရှုံး အရမ်းများသွားမှာ။ အဲ့ဒါဆိုရင် အနိုင်က ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်တော့ဘူး။ စစ်ဆိုတာ အနုပညာပဲ။ ဗျူဟာတွေ လှည့်ကွက်တွေ မပါရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူး။ ရှင်တို့ နားလည်ရဲ့လား”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ နားလည်သွားကြ၏။ သို့သော် သူတို့၏ နှုတ်ခမ်းစွန်းများက ထပ်မံတွန့်ကွေးလာသည်။ ထိုမင်းသမီးလေး၏ ဗျူဟာမှာ အမှန်ပင် ပြောင်မြောက်ပေသည်။ သို့သော် သူမက အတန်ငယ် ပျော်မြူးလွန်းနေသည် မဟုတ်လော။
သူမက အကြောင်းပြချက် အမျိုးမျိုး ပေးနေသော်လည်း ရန်သူကို အင်အားအလုံးအရင်းနှင့် မတိုက်ခိုက်ခြင်းမှာ ရန်သူကို တစ်ချီတည်းနှင့် ရှင်းမပစ်လို၍ဖြစ်သည်။ စစ်မှာ အနုပညာတစ်ခု ဖြစ်ရမည်လော။ သူမ၏ မျက်လုံးထဲတွင်တော့ အရှေ့ဒေသမှာ ကျားခုံတစ်ခု ဖြစ်နေပေလိမ့်မည်။ သူမက ကျားပွဲကို ဖြည်းဖြည်းသာ ကစားလိုပေသည်။ သူမ ကစား၍ ဝသွားသည်နှင့် ရန်သူကို တစ်ချက်တည်းနှင့် ရှင်းပစ်မည်ဖြစ်သည်။
ဤကဲ့သို့ကစားခြင်းတွင် အမှန်ပင် အကျိုးကျေးဇူးများ ရှိပါသည်။ ဖြည်းဖြည်းမှန်မှန် တိုက်ခိုက်ရင်းဖြင့် ရန်သူ၏ အင်အားနှင့် စိတ်ဓာတ်ကို တတိတိချွေနိုင်သည်။ သို့သော် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အတန်ငယ် စိုးရိမ်နေကြသေးသည်။ ဖုန့်နီက ဤစစ်ပွဲကို ပေါ့ပေါ့တန်တန် သဘောထားလွန်းသည်။ သူမသည် ရန်သူကိုသာမက သူတို့ကိုသာ အင်အားနည်းသွားအောင် လုပ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ စစ်မိန့်များ ပေးလိုက်ပြီဖြစ်၍ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် တပ်သားများကို ဦးဆောင်ကာ တိုက်ပွဲထွက်သွားရလေတော့သည်။
ဖုန့်နီသည် တိုက်ပွဲကို လိုက်မကြည့်ပါ။ သူမသည် နန်းတော်ထဲရှိ ခန်းမထဲတွင်သာ ဆက်ထိုင်နေပြီး မြေပုံကို အတော်ကြာအောင် ကြည့်နေ၏။ ထို့နောက် သူမ၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူမ တီးတိုးရေရွတ်လိုက်သည်။
“အရှင်ကျိုးတဲ့လား။ ရှင်က ဘယ်သူလဲ။ ကောင်းကင်မိစ္ဆာဘုံမှာ ဉာဏ်ရည်ညီတဲ့ ပြိုင်ဘက်တစ်ယောက်ကို တွေ့ရဖို့ မလွယ်ဘူး။ ရှင် ချက်ချင်း ရှုံးမသွားဖို့ ကျွန်မ မျှော်လင့်ပါတယ်။ မဟုတ်ရင် အဲ့ဒါက ပျော်စရာကောင်းတော့မှာ မဟုတ်ဘူး”
***