← Chapters

ဆာလောင်ဝံပုလွေ ဗျူဟာ

Vol. 128 Ch. 1785

ဆာလောင်ဝံပုလွေ ဗျူဟာ

Vol. 128 Ch. 1785

အရှေ့ဒေသ၏ အ‌ရှေ့မြောက်ပိုင်းရှိ တောင်များကြားတွင် မိစ္ဆာမျိုးနွယ်စစ်တပ်တစ်တပ်က လျင်မြန်စွာ ချီတက်နေ၏။ မရေမတွက်နိုင်သော အဆင့်နိမ့် မိစ္ဆာများကို မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများက ဦးဆောင်ခေါ်သွားနေရာ ဖုန်လုံးများ တလိပ်လိပ်ထနေသည်။

အဆင့်နိမ့်မိစ္ဆာများသည် အစွမ်းကုန် ပြေးနေကြပါသော်လည်း လုံလောက်အောင် မလျင်မြန်ကြပေ။ ပင်မစစ်တပ်ကို ပျံသန်းနေသော တပ်ဖွဲ့များက ဝန်းရံထားသည်။ ကျန်းရီမှာမူ စစ်ရထားလုံးထဲတွင် ထိုင်နေပြီး နောက်ဆုံးမှနေ၍လျက် ထောက်လှမ်းရေးများထံမှ တင်ပြမှုများကို အဆက်မပြတ် လက်ခံနေပေသည်။

ဖုန့်နီ၏ တုံ့ပြန်မှုက ကျန်းရီ မျှော်လင့်ထားသည်ထက် ပိုမြန်နေသည်။ သူသည် မူလတွင် ကန်းဟန့်ဘုရင်၏တပ်ဖွဲ့က တောင်ဘက်သို့ ချီ၍ ရန်သူကို တစ်ခဏမျှ အချိန်ဆွဲထားနိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ယခုတွင် ရန်သူတပ်ဖွဲ့သုံးဖွဲ့က အရှေ့မြောက်ဘက်သို့ သွားနေသည်။ သူတို့ကို အရှေ့မှ ပိတ်တားရန် လုပ်နေခြင်းဖြစ်မည်။ သူတို့က သူ၏အစီအစဉ်များကို သိသွားပြီး သူ့တပ်ကို ငှက်ပြာနယ်မြေဆီသို့ အလွယ်တကူ မရောက်စေလိုကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် ဖုန့်နီက တပ်များ ထပ်မစေလွှတ်လောက်ဟု မျှော်လင့်ခဲ့၏။ သူမက ဤမျှစောစွာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် သူ သူမ၏ဉာဏ်ရည်ကို ပိုတွက်မိသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ဉာဏ်ကောင်းသူများတွင် အားနည်းချက်ကြီးတစ်ခု ရှိသည်။ ယင်းမှာ သူတို့၏ ဂုဏ်မောက်မှုနှင့် လောကထဲရှိ သူရဲကောင်းအားလုံးကို အထင်သေးမှုတို့ဖြစ်သည်။

ဉာဏ်ကောင်းသူများသည် သူတို့၏ ထိုအားနည်းချက်ကို သိလျှင်ပင် ပြင်ကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူတို့ထံတွင် ဂုဏ်မောက်နိုင်ခွင့် ရှိ၍ပင်။ သူတို့က လောကထဲရှိ ဉာဏ်အကောင်းဆုံးသူများ ဖြစ်ရာ အဘယ်ကြောင့် ဂုဏ်မမောက်ဘဲ နေရမည်နည်း။ သူတို့သည် ဂုဏ်မောက်ခြင်းနှင့် အသားကျနေပြီဖြစ်ရာ ယင်းကို အားနည်းချက်တစ်ခုဟုပင် မြင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းရီသည် ရန်သူက တပ်ဖွဲ့သုံးဖွဲ့သာ စေလွှတ်လိုက်ကြောင်း သိသောအခါ များစွာပို၍ စိတ်အေးသွားသည်။ ထိုသို့စိတ်အေးသွားခြင်းမှာ သူတို့ ထိုတပ်ဖွဲ့သုံးဖွဲ့ကို အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၍ မဟုတ်ပေ။ ဖုန့်နီက ဂုဏ်မောက်သော ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၍ပင်။ နောင်တွင် သူ ထိုအားနည်းချက်ကို အသုံးချ၍ အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။

ထို့ပြင် ဖုန့်နီက အဆုံးအဖြတ်တိုက်ပွဲကို မတိုက်လိုသေးဘဲ အချိန်ဆွဲ၍ ကစားလိုနေသည်။ ထို့ကြောင့် ကျန်းရီအတွက် အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် အချိန်တစ်ခု ရပေသည်။ အကယ်၍ ဖုန့်နီကသာ အရှေ့ဒေသ မဟာမိတ်စစ်တပ်တစ်တပ်လုံးနှင့် တိုက်ခိုက်မည်ဆိုလျှင် ကျန်းရီသည် သူတို့ဘက်က သေချာပေါက် ရှင်းပစ်ခံလိုက်ရမည်ဖြစ်ကြောင်း သိသည်။ ကြည့်ရမည်ဆို၍ သူတို့က ရန်သူမည်မျှကို သေရွာသို့ အပါခေါ်သွားနိုင်မည်ဆိုသည်သာ ရှိသည်။

“ကျွန်တော်တို့က ရန်သူရဲ့ တည်နေရာတွေကို မသိနိုင်ဘူးလား”

ကျန်းရီသည် စစ်ရထားလုံးထဲတွင် ထိုင်ရင်း သဲစားပွဲပေါ်ရှိ မြောက်ဘက်မှ သောင်းချီသော တောင်တန်းနယ်မြေများကို ကြည့်လိုက်သည်။ ကောင်းကင်ဂဠုန်ဘုရင်က ခါးသီးစွာ ပြန်ဖြေသည်။

“ရန်သူက တပ်ဖွဲ့သုံးဖွဲ့ ခွဲလာတာပါ။ အဲ့တပ်ဖွဲ့သုံးဖွဲ့ကလည်း အဖွဲ့ငယ်လေး သုံးရာ ပြန်ခွဲပါတယ်။ ထောက်လှမ်းရေးတွေက မစွန့်စားရဲဘူး ဖြစ်နေပါတယ်။ သူတို့ အသက်ကိုရင်းပြီး စွန့်စားလိုက်ရင်တောင် တပ်ဖွဲ့ငယ်လေးတွေက နေရာအနှံ့မှာ ရှိနေတော့ ရန်သူရဲ့ ပင်မအင်အားက ဘယ်မှာ ရှိနေတယ်ဆိုတာနဲ့ သူတို့ ဘယ်ကိုသွားနေတယ်ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး”

“အင်း...”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်၏။

“ထောက်လှမ်းရေးတွေကို မစွန့်စားဖို့ ပြောလိုက်ပါ။ ကီလိုမီတာငါးသန်းပတ်လည်အတွင်းကိုပဲ ထောက်လှမ်းရေးတွေ ထပ်စေလွှတ်လိုက်ပါ။ ဒီတစ်‌‌ခေါက် ရန်သူဘက်က တပ်သားတွေ အများကြီး မပါလောက်ဘူး။ အလွန်ဆုံးမှာ ငါးသန်းကျော် ခြောက်သန်းလောက်ပဲ ပါလိမ့်မယ်။ တစ်တပ်လုံးကို အမိန့်ပေးလိုက်ပါ။ ရန်သူတိုက်တာ ခံရရင် စိတ်မလှုပ်ရှားကြပါနဲ့လို့။ ကိုယ်‌လေ့ကျင့်ထားသလိုပဲ တိုက်ကြပါ... စစ်တပ်ဖွဲ့စည်းပုံ ပျက်သွားလို့ မဖြစ်ဘူး။ တကယ်လို့ ရန်သူက ခံစစ်ကို ထိုးဖောက်နိုင်ပြီး အဆင့်နိမ့် မိစ္ဆာတွေကို သတ်မယ်ဆိုရင်လည်း သူတို့ကို လျစ်လျူရှုထားလိုက်ပါ။ သူတို့ကို အဝင်ခံလိုက်ပါ”

“သူတို့ကို အဝင်ခံရမှာလား”

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် လီရှန်းအာတို့ မျက်နှာပျက်သွားကြ၏။ ယခုတွင် တပ်သားများက သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများကို ဝန်းရံကာကွယ်ပေးနေကြသည်။ အကယ်၍ ရန်သူတပ်ကသာ ဝန်းရံထားမှုကို ဖောက်၍ အထဲဝင်သွားနိုင်လျှင် ထိုအဆင့်နိမ့်မိစ္ဆာများ တစ်ကောင်ပြီးတစ်ကောင် အသတ်ခံရပေလိမ့်မည်။ သို့သော် ကျန်းရီက ရန်သူတပ်က ဖောက်ဝင်သွားလျှင်လည်း အရေးမစိုက်ရန် ပြောနေသည်လော။

“မစိုးရိမ်ကြပါနဲ့”

ကျန်းရီက ယုံကြည်မှုရှိရှိ‌ ပြောလိုက်သည်။

“ဒီတစ်ခေါက် ကျွန်တော် ဖုန့်နီရဲ့ ဗျူဟာကို ခန့်မှန်းပြီးပါပြီ။ သူတို့ရဲ့ ပစ်မှတ်က အဆင့်နိမ့်မိစ္ဆာတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့စစ်တပ်ကို အားလျော့သွားအောင် လုပ်ဖို့ပဲ။ ကျွန်တော်တို့ မတုန်လှုပ်ရင် သူတို့က အသားစီးမယူနိုင်ဘဲ ပြန်ဆုတ်သွားလိမ့်မယ်။ ကျွန်တော့်ကိုသာ စီစဉ်ဖို့ အချိန်ပေးရင် သူတို့ တပ်ဖွဲ့တွေ ဘယ်လောက်ပဲ စေလွှတ်စေလွှတ် ကျွန်တော် သူတို့အကုန်လုံးကို သတ်ပစ်နိုင်ပါတယ်”

“နားလည်ပါပြီ”

ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများမှာ အရူးများ မဟုတ်ပေ။ သူတို့သည် ကျန်းရီ၏ ဆိုလိုရင်းကို နားလည်ပေသည်။ ထို့ကြောင့် သူတို့ စီစဉ်စရာရှိသည်များကို စီစဉ်ရန် ချက်ချင်း ထွက်သွားလိုက်ကြသည်။ လီရှန်းအာ တစ်ယောက်သာ ကျန်းရီကို အဖော်ပြု၍ ကျန်ခဲ့သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့ ထွက်သွားပြီးနောက် လီရှန်းအာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သခင်.. ရန်သူရဲ့ တပ်တွေကို တားနိုင်လိမ့်မယ်လို့ သခင် ယုံကြည်မှု ရှိပါသလား”

“မရှိဘူး”

ကျန်းရီက ခေါင်းခါကာ ပြောသည်။

“ငါတို့ မျိုးနွယ်တိုင်းက သာမန်မျိုးနွယ်ဝင်တွေကို ကာကွယ်ပေးရမယ်။ ရန်သူကို အများကြီး သတ်ခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် စစ်တပ်ရဲ့ စိတ်ဓာတ်က ပျက်ပြားသွားလိမ့်မယ်။ ငါတို့မှာ တပ်သားအလုံအလောက်မရှိဘူး။ ပြီးတော့ ဒီတစ်ခေါက် ရန်သူဘက်မှ တပ်သားတွေက ထိပ်သီးတွေ ဖြစ်လိမ့်မယ်။ သူတို့ အမှားမလုပ်ဘဲ ဖုန့်နီရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်မယ်ဆိုရင် ငါတို့မှာ နိုင်ဖို့အခွင့်အရေး မရှိဘူး”

လီရှန်းအာ အတန်ငယ် စိတ်လှုပ်ရှားသွားသည်။

“အဲ့ဒါဆို... ဘယ်လိုလုပ်ရမလဲ။ ဒီပုံအတိုင်းဆို ကျွန်မတို့ ငှက်ပြာနယ်မြေကို ရောက်တဲ့အခါကျရင် တပ်သားတစ်ဝက်တောင် ကျန်ပါ့မလား။ အဲ့အင်အားနဲ့ ရန်သူကို ဘယ်လိုတိုက်မှာလဲ”

“စိတ်မလှုပ်ရှားပါနဲ့”

ကျန်းရီက သူ့နားထင်ကိုပွတ်၍ အတန်ငယ် သက်ပြင်းချလိုက်၏။

“နည်းလမ်းဆိုတာ အမြဲ ရှိပါတယ်။ ငါ စဉ်းစားပါရစေဦး”

“သခင်... ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားမပေးပါနဲ့”

လီရှန်းအာသည် ကျန်းရီ၏ နွမ်းနယ်နေသော မျက်နှာကိုကြည့်၍ နှုတ်ခမ်းကိုက်ကာ ပြောလိုက်၏။

“သခင်လည်း အကောင်းဆုံး ကြိုးစားပြီးပါပြီ။ ကျွန်မတို့မျိုးနွယ် ရှင်းပစ်ခံရရင်တောင် ကျွန်မတို့ သခင့်ကို ကျေးဇူးတင်နေဦးမှာပါ”

“ဟင်းဟင်း...”

ကျန်းရီ ခါးသက်သက် ရယ်လိုက်ပြီး လီရှန်းအာ၏ ပိတုံးရောင်ဆံနွယ်လေးများကို ပွတ်သပ်လိုက်၏။ ပြီးနောက် သူ မည်သို့မှ မပြောဘဲ မျက်လုံးမှိတ်၍ အနားယူလိုက်လေသည်။

***

သုံးရက်ကြာပြီးနောက် ရန်သူမှာ လက်သည်းတထုတ်ထုတ် အစွယ်တဖွေးဖွေးနှင့် ရောက်လာလေ၏။

တပ်ဖွဲ့နှစ်ဖွဲ့က ဘေးဘယ်ညာမှနေ၍ တစ်ချိန်တည်း ဝင်တိုက်သည်။ ရန်သူတပ်များက အရှိန်အဟုန်အပြည့်နှင့် ချီလာခြင်းဖြစ်ရာ ထောက်လှမ်းရေးများမှာ သတင်းပြန်ပို့ရန် အချိန်မရခဲ့ပေ။ ရန်သူသည် ဝန်းရံခံစစ်ကို အလွယ်တကူ ဖောက်၍ ဝန်းရံမှုအလယ်သို့ ဝင်ကာ အဆင့်နိမ့်မိစ္ဆာများကို မညှာမတာ သတ်ဖြတ်လိုက်ကြသည်။

အရာအားလုံးက ကျန်းရီ မှန်းထားသကဲ့သို့ပင်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ ပြန်တိုက်ကြသောအခါ ရန်သူတပ်များသည် ဆက်မသတ်ဖြတ်တော့ဘဲ အဝေးသို့ ပြန်ဆုတ်ပြေးကြလေသည်။

ကျန်းရီသည် ရန်သူများနောက်သို့ မလိုက်ရန် အမိန့်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် ခေါင်းမော့အော်ဟစ်၍သာ ဒေါသကို ဖြေရပေသည်။

သို့သော် ထောက်လှမ်းရေးများက အနီးတွင် တပ်ဖွဲ့တစ်ဖွဲ့ ရှိနေသေးပြီး ထိုတပ်ဖွဲ့က အချိန်မရွေး ဝင်ကူနိုင်ကြောင်း သတင်းပို့လိုက်သောအခါ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်တို့ ရင်မလိုက်ရသည်။ အကယ်၍ သူတို့သာ ရန်သူများ‌နောက်သို့ လိုက်သွားလျှင် ထိုတပ်ဖွဲ့၏ အလစ်ဝင်တိုက်မှုကို ခံလိုက်ရပြီး များစွာဆုံးရှုံးသွားရနိုင်ပေသည်။

စစ်တပ်တစ်တပ်လုံးက ကျန်းရီ၏ အမိန့်ကို နာခံခဲ့၍သာ တော်သေး၏။ ရန်သူတပ်ဖွဲ့နှစ်ဖွဲ့ ထိုးဖောက်လာချိန်တွင် စစ်တပ်ဖွဲ့စည်းပုံမှာ ဖရိုဖရဲ ဖြစ်မသွားခဲ့ပေ။ ထို့ကြောင့် ရန်သူက တပ်သားများစွာကို မသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် တပ်သားတစ်ဝက်လောက် ကျဆုံးရပေလိမ့်မည်။

“အရှင်ကျိုး... ဒီတစ်ခေါက် တပ်သားသုံးသိန်းနှစ်သောင်း ကျသွားပါတယ်။ ပြီး‌တော့ အဆင့်နိမ့်မိစ္ဆာတစ်သန်းလောက်လည်း အသတ်ခံလိုက်ရပါတယ်”

ကြမ်းကြုတ်နဂါးဘုရင်က ကျဆုံးသူ အရေအတွက်ကို တင်ပြလိုက်၏။ ကျန်းရီ မည်သို့မှ ပြန်မပြောဘဲ လက်ဝှေ့ယမ်း၍သာ ကြမ်းကြုတ်နဂါးဘုရင်ကို ထွက်သွားစေလိုက်သည်။

တပ်သားသုံးသိန်းမှာ မများပေ။ သို့သော် တစ်ချီတိုက်သည်နှင့်ပင် တပ်သားသုံးသိန်း ဆုံးရှုံးရလျှင် ဆယ်ချီတိုက်ပါက သုံးသန်းဆုံးရှုံးရပေလိမ့်မည်။ သို့ဖြစ်လာလျှင် သူတို့ ငှက်ပြာနယ်မြေသို့ ရောက်ချိန်တွင် တပ်သားမည်မျှသာ ကျန်မည်နည်း။ ထိုအခါ သူတို့ ဆက်တိုက်ရန်ပင် လိုတော့မည် မဟုတ်ချေ။ ကိုယ့်လည်ပင်းကိုယ် ဆေးကာ အသတ်ခံရမည့်အချိန်ကို စောင့်နေရန်သာ ရှိပေလိမ့်မည်။

ဤနေရာတွင် အဆင့်နိမ့်မိစ္ဆာ သန်းရာကျော် ရှိနေပြီး ရန်သူဘက်က တပ်ဖွဲ့သုံးဖွဲ့ ရှိသည်။ သူတို့ တပ်ဖွဲ့တစ်ဖွဲ့ကို လိုက်သတ်လျှင် ကျန်နှစ်ဖွဲ့က ချက်ချင်း အကူအညီပေးနိုင်သည်။ ထို့ပြင် ရန်သူက အဆင့်နိမ့်မိစ္ဆာများကို တစ်ပြိုင်တည်း တိုက်ခိုက်၍ သူတို့ကို အာရုံမစိုက်နိုင်တော့အောင် လုပ်နိုင်သည်။

ရန်သူ၏ ဗျူဟာမှာ အလွန်ရိုးရှင်းသည်။ သူတို့သည် ပျောက်ကျားတိုက်ခိုက်ကာ တိုက်ပြီးသည်နှင့် ထွက်ပြေးမည်ဖြစ်သည်။ သူတို့ ထွက်ပြေးလျှင်လည်း ကျန်းရီတို့က နောက်မှ လိုက်မတိုက်နိုင်ပေ။ သူတို့တပ်ဖွဲ့သုံးဖွဲ့က အချင်းချင်း ကူညီပေးနိုင်ကြသည် မဟုတ်ပါလား။ သူတို့မှာ ဆာလောင်နေသော ဝံပုလွေသုံးကောင်းကဲ့သို့ပင်။ မိမိက အရှေ့သို့ လျှောက်လျှင် သူတို့က အနောက်မှလိုက်ကာ ကိုက်ပေလိမ့်မည်။ မိမိက နောက်လှည့်၍ တိုက်လျှင် သူတို့က ထွက်ပြေးပေလိမ့်မည်။

‘ငါ နည်းလမ်းတစ်ခု စဉ်းစားမှရမယ်။ မဟုတ်ရင် နောက်ထပ် အကြိမ်နည်းနည်း ထပ်အတိုက်ခံရပြီးတာနဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်က ပျက်ပြားသွားတော့မယ်’

ကျန်းရီ အသည်းအသန် တွေးတောနေသည်။ သူ ဖုန့်နီ၏ အရည်အချင်းကို အပြည့်အဝ အသိအမှတ်ပြုလိုက်ရပေပြီ။ သူမက အမှန်တကယ် တော်သော ဗျူဟာပညာရှင်တစ်ယောက်ပင်။ သူမ မရှိဘဲ ကော့ချန်ဘုရင်တစ်ပါးတည်းသာဆိုလျှင် ဤစစ်ပွဲက ဤမျှခက်နေမည် မဟုတ်ချေ။

‘ကော့ချန်ဘုရင်...’

ကော့ချန်ဘုရင်အကြောင်းကို တွေးမိသောအခါ ကျန်းရီ၏ မျက်ဝန်းများ လင်းလက်လာ၏။ ဖုန့်နီက အလွန်ဉာဏ်ထက်သော်လည်း ကော့ချန်ဘုရင်မှာ သာမန်သာ။ အကယ်၍ ရန်သူတပ်ဖွဲ့သုံးဖွဲ့က ဖုန့်နီ၏ ဗျူဟာအတိုင်း တသွေမတိမ်း ဆောင်ရွက်မည်ဆိုလျှင် ကျန်းရီ အခက်တွေ့ရပေလိမ့်မည်။ သို့သော် ဖုန့်နီက တပ်ဖွဲ့များနှင့်အတူ မပါလာလောက်ပေ။

သို့ဖြစ်ရာ ကျန်းရီသာ ထိုတပ်ဖွဲ့သုံးဖွဲ့၏ ခေါင်းဆောင်များကို ဖုန့်နီ၏ ဗျူဟာအတိုင်း လိုက်မလုပ်အောင် လုပ်နိုင်လိုက်လျှင် သူတို့တပ်သားခြောက်သန်းထဲမှ တစ်ဝက်ကျော်လောက်ကိုပင် ပြန်သတ်ပစ်နိုင်လောက်ပေသည်။

***

All Chapters