ကျောက်စိမ်းကဲ့သို့ ခံ့ညားသည်
Vol. 128 Ch. 1786
‘ဖုန့်နီက သေချာပေါက် အဲ့တပ်ဖွဲ့သုံးဖွဲ့ထဲမှာ ပါမလာဘူး။ အဲ့ဒါ သေချာပေါက်ပဲ...’
ကျန်းရီ၏ မျက်လုံးများ ပို၍ ပို၍ အရောင်လက်လာ၏။ သူသည် ဖုန့်နီကဲ့သို့ ဉာဏ်ကောင်းသော မိန်းမပျိုနှစ်ယောက်နှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထိုနှစ်ယောက်မှာ ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့ပင်။ သူမတို့နှစ်ယောက်သည် ဖုန့်နီလောက် ဉာဏ်နီဉာဏ်နက်များကြသည်။ သို့သော် သူမတို့ထံ၌ တူညီမှုတစ်ခုရှိ၏။ ယင်းမှာ သေရမည်ကို ကြောက်ခြင်းပင်။
သေရမည်ကို ကြောက်ခြင်းက ဉာဏ်ကောင်းသူအားလုံး၏ ဘုံပြဿနာတစ်ခု ဖြစ်နိုင်ပေသည်။ ဉာဏ်ကောင်းသူများက အင်အားအသုံးပြုရသည်ကို မကြိုက်ကြချေ။ ရွေးချယ်စရာ မရှိတော့မှသာ သုံးကြသည်။ သူတို့သည် ရန်သူများကို သတ်ရန် ဦးနှောက်၊ လှည့်ကွက်များနှင့် ဗျူဟာများကိုသာ သုံးလိုကြပေသည်။
ဉာဏ်ကောင်းသူများသည် ပြဿနာများကို ဖြေရှင်းရန် မိမိ၏အင်အားထက် လှည့်ကွက်အမျိုးမျိုးကိုသာ သုံးကြ၏။ ထို့ပြင် မိုးမြေနှင့် ယှဉ်ရလျှင်ပင် သူတို့သည် သူတို့အတွက်သာ အရင်ဆုံး စဉ်းစားကြမည်ဖြစ်သည်။ ဉာဏ်ကောင်းသူတစ်ယောက်မှာ ပြိုကျမည့် နံရံတစ်ခုပေါ်တွင် မရပ်ပါ။ သူတို့သည် သူတို့ သေလောက်မည်၊ အဖမ်းခံရလောက်မည်ကို သိလျှင် အပြင်၌ သန်းရာချီသော တပ်သားများ ရှိမနေပါက အပြင်ထွက်မည် မဟုတ်ချေ။ သူတို့သည် တိုက်ပွဲစသည်နှင့် သူတို့၏ လုံခြုံရေးကိုသာ သေချာအောင် အရင်လုပ်မည်ဖြစ်သည်။
ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့မှာလည်း အတူတူပင်။ ဖုန့်နီမှာလည်း ထျန်းဖုန့်မျိုးနွယ်၏ မင်းသမီးဖြစ်ရာ အဘယ်ကြောင့် ကိုယ်တိုင် တိုက်ပွဲထွက်ရပါမည်နည်း။
ထို့ပြင် အခြားအချက်တစ်ချက်လည်း ရှိသေးသည်။ ဖုန့်နီက အရှေ့ဒေသကို အရေးမစိုက်လောက်ပေ။ ရှေ့ဒေသမှ မျိုးနွယ်များ၏ သေရေးရှင်ရေးမှာ သူမနှင့် မဆိုင်ချေ။ သူမသည် အပျော်အတွက် ရောက်လာခြင်းဖြစ်ပြီး သူမအရည်အချင်းကို လာပြခြင်းသာ။ သို့ဖြစ်ရာ အဘယ်ကြောင့် သူမက ကိုယ်တိုင်တိုက်ပွဲထွက်ရမည်နည်း။
ရန်သူ၏ အဓိကအင်အားက ကော့ချန်မြို့ထဲတွင် ရှိနေသေးသည်။ ထို့ကြောင့် ဖုန့်နီသည်လည်း ကော့ချန်မြို့ထဲမှာပင် ရှိနေလောက်သည်။ ဤနေရာက ကော့ချန်မြို့နှင့် အလွန်ဝေး၏။ အမြန်ဆုံး ထောက်လှမ်းရေးသည်ပင် သတင်းပြန်ပို့ရန် နေ့တစ်ဝက်လောက် လိုပေလိမ့်မည်။ အသွားအပြန်ဆိုလျှင် တစ်ရက်လိုမည်ဖြစ်သည်။
ကျန်းရီသာ မှန်ကန်သော အစီအစဉ်များဆွဲ၍ တပ်ဖွဲ့သုံးဖွဲ့၏ ခေါင်းဆောင်များကို ဖုန့်နီ၏ ဗျူဟာအတိုင်း လိုက်မလုပ်တော့အောင် လုပ်နိုင်လိုက်မည်ဆိုလျှင် ဖုန့်နီက တစ်ခုခု မှားနေကြောင်း သိသွားချိန်တွင် အလွန်နောက်ကျသွားမည်ဖြစ်သည်။
“ဟုတ်ပြီ...”
ကျန်းရီသည် ဆုံးဖြတ်ပြီးနောက် ဗျူဟာအမျိုးမျိုးကို ချက်ချင်း တွေးတောလိုက်၏။ ဆယ်နာရီကြာပြီးနောက်တွင် သူ ရုတ်တရက် အော်ပြောလိုက်သည်။
“လီရှန်းအာ... ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နဲ့ ကောင်းကင်ဂဠုန်ဘုရင်တို့ကို ချက်ချင်း တက်လာဖို့ ပြောလိုက်”
***
တစ်ရက်ကြာပြီးနောက် တပ်ဖွဲ့သုံးဖွဲ့က ဝံပုလွေသုံးကောင်အလား ထပ်မံရောက်ရှိလာပြန်၏။ ကျန်းရီတို့စစ်တပ်၏ ချီတက်နှုန်းမှာ အလွန်နှေးသဖြင့် တပ်ဖွဲ့သုံးဖွဲ့က သူတို့နောက်ကို အလွယ်တကူ လိုက်လာနိုင်ပေသည်။
ဤတစ်ခေါက်တွင် တပ်ဖွဲ့သုံးဖွဲ့သည် ချက်ချင်း မတိုက်ခိုက်ဘဲ စစ်တပ်ကို ကီလိုမီတာငါးသောင်းအကွာမှနေ၍ ဝန်းရံထား၏။ ထိုအကွာအဝေးတွင် စစ်တပ်၏ လှုပ်ရှားမှုများကို အလွယ်တကူ သိရှိနိုင်ပေသည်။ အကယ်၍ ကျန်းရီက သူတို့ကို တိုက်ရန် တပ်ဖွဲ့များ စေလွှတ်လိုက်လျှင် သူတို့ ချက်ချင်း ထွက်ပြေးနိုင်လေသည်။
ထို့ပြင် သူတို့က တပ်ဖြန့်ထား၍ ကျန်းရီဘက်မှ ထောက်လှမ်းရေးများကမူ မျက်နှာထွက်မပြနိုင်တော့ပေ။ သူတို့ ထွက်လာသည်နှင့် အသတ်ခံလိုက်ရမည် မဟုတ်ပါလား။ ထောက်လှမ်းရေးများက မလှုပ်ရှားနိုင်လျှင် ကျန်းရီတို့ဘက်သည် မျက်လုံးနှင့် နားများ ဆုံးရှုံးသွားရပေမည်။ ထိုအခါ ကျန်းရီတို့ တပ်ဖွဲ့သုံးဖွဲ့ကို လိုက်တိုက်ရဲတော့မည် မဟုတ်ချေ။ အနီးတွင် အလစ်ဝင်တိုက်ရန် စောင့်နေသော တပ်ဖွဲ့များ ရှိနေ၊ မနေကို မည်သူ သိပါမည်နည်း။
တစ်ခဏမျှ ကြာပြီးနောက် တပ်ဖွဲ့နှစ်ဖွဲ့သည် ဆာလောင်နေသော ဝံပုလွေများအလား ရောက်လာကြ၏။ ကျန်သော တပ်တစ်တပ်မှာ အချိန်မရွေး ကူညီပေးနိုင်ရန် အနီးတွင် ဆက်လှည့်ပတ်နေသည်။
အကူအဖြစ် ကျန်ခဲ့သော တပ်ဖွဲ့မှာ ကော့ချန်ဘုရင်၏ တပ်ဖွဲ့ပင်။ ပြီးခဲ့သည့်အခေါက်တွင်လည်း သူတို့တပ်ဖွဲ့က အကူအညီပေးရန်သာ နောက်တွင်ချန်နေခဲ့သည်။ ယင်းမှာ ဖုန့်နီ၏ အမိန့်ပင်။ ကော့ချန်ဘုရင်က ပိုတည်ငြိမ်သဖြင့် အပြင်မှနေ၍ အကူအညီပေးရန်မှာ သူနှင့် ပိုသင့်တော်ပေသည်။
သို့သော် ဤတစ်ခေါက် အခြေအနေက အတန်ငယ် ထူးဆန်းနေသည်။
တမန်တော်နှစ်ယောက်သည် တပ်ဖွဲ့ကိုယ်စီ ဦးဆောင်၍ ကျန်းရီတို့၏ ခံစစ်ကို အလွယ်တကူ ဖောက်ဝင်နိုင်လိုက်၏။ သူတို့သည် အဆင့်နိမ့်မိစ္ဆာ အနည်းငယ်ကို သတ်ပြီးနောက် ယခင်ကအတိုင်း ပြန်ထွက်ပြေးရန် လုပ်လိုက်ကြသည်။ သို့သော် ထိုအခိုက်တွင် အခြေအနေက တစ်မျိုး ပြောင်းသွား၏။ စစ်တပ်ဖွဲ့စည်းပုံက ဖရိုဖရဲဖြစ်သွားပြီး တပ်သားများသည် ပရမ်းပတာနှင့် လှည့်ပတ်ပျံသန်းလိုက်ကြလေသည်။
တမန်တော်နှစ်ယောက်မှာ မရပ်ချေ။ ထိုပရမ်းပတာဖြစ်မှုက သူတို့တပ်ဖွဲ့နှစ်ဖွဲ့ကို တားနိုင်မည် မဟုတ်ပါ။ သို့ဖြင့် တမန်တော်နှစ်ယောက်သည် သူတို့၏ တပ်ဖွဲ့နှစ်ဖွဲ့ကို ဦးဆောင်၍ ရန်သူတပ်သားများကို သတ်ကာ ထွက်ပြေးကြသည်။ သူတို့သည် တပ်သားတစ်သိန်းကျော်ကို အလွယ်တကူ သတ်၍ ထွက်သွားကြ၏။
သို့သော် မျှော်လင့်မထာသည့်အရာတစ်ခု ထပ်မံ ဖြစ်လာပြန်၏။ ကျန်းရီ၏စစ်တပ်မှာ အမုန်းတရားကြောင့် မျက်ကန်းဖြစ်သွားသည့်အလား တပ်ဖွဲ့နှစ်ဖွဲ့နောက်သို့ လိုက်တိုက်ကြ၏။ ထိုအခါ အပြင်မှနေ၍ ဝင်ကူရန် စောင့်နေသော ကော့ချန်ဘုရင်သည် ရပ်ကြည့်မနေနိုင်တော့ပေ။ သူသည် သူ့တပ်ဖွဲ့ကို ဦးဆောင်၍ အလျင်အမြန်သွားကာ နောက်မှလိုက်လာသည့်တပ်ကို တိုက်ခိုက်ခိုက်သည်။ ကြမ်းကြုတ်နဂါးဘုရင်က တပ်ဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်၍ ဝင်ကူတော့မှ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ပါးတို့သည် သူတို့၏တပ်ဖွဲ့များကို ဦးဆောင်ကာ လျင်မြန်စွာ ထွက်ပြေးကြလေသည်။
ပထမတစ်ခေါက်တွင် ကျန်းရီ၏ဘက်က တပ်သားသုံးသိန်းကျော်နှင့် အဆင့်နိမ့်မိစ္ဆာတစ်သန်းကို ဆုံးရှုံးခဲ့ရသည်။ ဤတစ်ခေါက်တွင်မူ အကျအဆုံးက ပို၍ပင် များသည်။ တပ်သားငါးသိန်းကျော် ခြောက်သိန်းနီးပါးနှင့် အဆင့်နိမ့်မိစ္ဆာတစ်သန်းလောက်ကို ဆုံးရှုံးလိုက်ရသည်။
ဤတိုက်ပွဲရလဒ်ကြောင့် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အလွန်စိတ်လှုပ်ရှားလာကြသည်။ သူတို့က နှစ်ကြိမ်သာ တိုက်ရသေးသော်လည်း ရန်သူတပ်သားတစ်သန်းလောက်ကို သတ်လိုက်နိုင်ပြီဖြစ်သည်။ သူတို့ဘက်ကမူ အကျအဆုံး နှစ်သိန်းကျော် သုံးသိန်းလောက်သာ ရှိသေးသည်။ ထိုအတိုင်း အကြိမ်အနည်းငယ် ဆက်တိုက်မည်ဆိုလျှင် သူတို့ ဖုန့်နီ၏ဗျူဟာနှင့် ကော့ချန်မြို့မှ ပင်မစစ်တပ်၏ အကူအညီကိုပင် လိုတော့မည် မဟုတ်ချေ။ သူတို့ တပ်သားခြောက်သန်းနှင့်ပင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအားလုံးကို ရှင်းပစ်နိုင်လောက်ပေသည်။
“တင်ပြပါတယ်...”
တပ်ဖွဲ့သုံးဖွဲ့က တပ်ပြန်စု၍ တစ်နာရီကြာ အနားယူပြီးနောက် အဝေးမှနေ၍ အရေးတကြီး တင်ပြသံတစ်သံ ထွက်ပေါ်လာ၏။ ထောက်လှမ်းရေးမှူးတစ်ယောက်က လျင်မြန်စွာ ပျံသန်းလာပြီး တင်ပြလိုက်သည်။
“အရှင်သုံးပါးကို တင်ပြပါတယ်။ ချင်လင်းရဲ့ လက်အောက်ခံဟောင်းတွေက ထူးထူးဆန်းဆန်းတွေ ပြုမူနေကြပါတယ်။ သူတို့ အရှိန်တင်ပြီး ဦးတည်ချက် ပြောင်းသွားပါတယ်။ အခု ကျတ်တီးမြေဘက်ကို ပြန်ပြေးနေကြပါတယ်။ ကြမ်းကြုတ်နဂါးဘုရင်က တပ်သားနှစ်သန်းကို ဦးဆောင်ပြီး စစ်တပ်အနောက်ပိုင်းကို ကာကွယ်နေပါတယ်”
“အာ...”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအခြေအနေက ဖုန့်နီ မျှော်လင့်ထားခဲ့သော အခြေအနေနှင့် ကွဲပြားနေသည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ဆက်မကစားလိုတော့သည်လော။ သူတို့က ကျတ်တီးမြေဆီသာ ပြန်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်လော။
“မဖြစ်ဘူး။ ကျုပ်တို့ သူတို့ကို ထွက်ပြေးခွင့်ပေးလို့ မဖြစ်ဘူး”
တမန်တော်တစ်ယောက်သည် ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်၏။ ရန်သူဘက်တွင် တပ်သားခြောက်သန်းလောက် ရှိနေသေးသည်။ ထိုအင်အားမှာ မနည်းလှပေ။ သူတို့ကိုသာ ဤအတိုင်း ထွက်သွားခွင့် ပေးလိုက်လျှင် နောင်တွင် စစ်ပွဲကြီးတစ်ပွဲ ထပ်ဖြစ်လာနိုင်ပေသေးသည်။
ထိုတမန်တော်က တပ်ဖွဲ့ကို ဦးဆောင်၍ ကျန်းရီတို့စစ်တပ်နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်ချိန်တွင် ကော့ချန်ဘုရင်က ရုတ်တရက် ပြောလိုက်သည်။
“နေဦး... အဲ့ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်”
“ထောင်ချောက်လား”
ပူနီဧကရာဇ်၏ တမန်တော်နှင့် မီးမြေခွေးဧကရာဇ်၏ တမန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အရှင်ကျိုးမှာ အလွန်ကျော်ကြားသူတစ်ယောက် မဟုတ်ပါလား။ သူက ပြီးခဲ့သော တိုက်ပွဲများတွင် လှည့်ကွက်အမျိုးမျိုးသုံးခဲ့သည်။ အကယ်၍ ယခုတစ်ခေါက်ကလည်း ထောင်ချောက်တစ်ခု ဆိုလျှင် သူတို့ အန္တရာယ်နှင့်ကြုံရပေလိမ့်မည်။
“ဘာထောင်ချောက်လဲ”
သို့သော် ပူနီဧကရာဇ်၏ တမန်တော်က လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“ကျုပ်တို့သတ်ခဲ့တဲ့ တပ်သား တစ်သန်းလောက်က အတုတွေလား။ သူတို့ဘက်မှာ တပ်သားခြောက်သန်းလောက်ပဲ ကျန်တော့တယ်။ ဒါက ထောင်ချောက်ဆိုလည်း ဘာဖြစ်သေးလဲ။ ကျုပ်တို့ဘက်မှာလည်း တပ်သားခြောက်သန်းရှိတာပဲ။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ပြီးတော့ သူတို့က အဆင့်နိမ့်မိစ္ဆာတွေကို ကာကွယ်ပေးနေရလို့ အစွမ်းကုန် မတိုက်နိုင်ဘူးမလား။ သူတို့ ကျုပ်တို့ အလစ်ဝင်တိုက်ဖို့ တပ်သားဘယ်နှစ်ယောက် စေလွှတ်နိုင်မှာ မို့လို့လဲ။ သူတို့က ကျုပ်တို့ကို တပ်သားသုံးသန်းလောက်နဲ့ အလစ်ဝင်တိုက်မှာလား...
“ပြီးတော့... သူတို့ တိုက်ပွဲနှစ်ပွဲတောင် ရှုံးပြီးသွားပါပြီ။ အဲ့အရှင်ကျိုးက ပြောသလောက်လည်း ကြောက်စရာ မကောင်းပါဘူး။ ကြည့်ရတာ သူ့မှာ အာဏာမရှိတော့ဘူးထင်တယ်။ အခု ကြမ်းကြုတ်နဂါးဘုရင်နဲ့ ကန်းဟန့်ဘုရင်တို့က ဦးဆောင်နေတာပဲ။ ကျုပ်တို့ လောဘမကြီးပါဘူး။ ကြမ်းကြုတ်နဂါးဘုရင်ရဲ့ တပ်သားနှစ်သန်းကို ရှင်းပစ်ပြီးရင် ကျန်တဲ့သူတွေကို ထွက်ပြေးခွင့် ပေးလိုက်တာပေါ့”
ပူနီ၏ဧကရာဇ်၏ တမန်တော်၏ စကားများမှာ အကျိုးအကြောင်းဆီလျော်၏။ ကျန်းရီ၏စစ်တပ်က အတော်လေး သေးလာပြီဖြစ်သည်။ ထို့ပြင် သူတို့က အဆင့်နိမ့်မိစ္ဆာများကိုလည်း ကာကွယ်ပေးနေရသေးသည်။ သူတို့ အလစ်ဝင်တိုက်လိုလျှင်ပင် တပ်သားအလုံအလောက်ရှိမည် မဟုတ်ချေ။
“ကောင်းပြီ... ကျုပ်တို့ ကြမ်းကြုတ်နဂါးဘုရင်ရဲ့ တပ်ဖွဲ့ကို ရှင်းပစ်ပြီး ကြမ်းကြုတ်နဂါးဘုရင်ကို သတ်ကြတာပေါ့”
ကော့ချန်ဘုရင်က အံကြိတ်ကာ စိတ်ဆုံးဖြတ်လိုက်၏။ သူ ကောင်းကင်ကပေးသည့် ဤအခွင့်အရေးကို မဖမ်းဆုပ်လျှင် သူ့ကိုယ်သူ စိတ်ပျက်စေပေလိမ့်မည်။
ချက်ချင်းပင် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် တပ်သားအားလုံးကို စုဝေး၍ အလုံးအရင်းနှင့် ကျန်းရီတို့စစ်တပ်နောက်သို့ လိုက်သွားကြသည်။ ကော့ချန်ဘုရင်မှာ ဉာဏ်ကောင်းသည်။ သူသည် တပ်ဖွဲ့ကို သုံးဖွဲ့မထားတော့ဘဲ တစ်ဖွဲ့တည်းအဖြစ် ပေါင်းစည်းလိုက်သည်။ တပ်သားခြောက်သန်းနှင့်ဆိုလျှင် သူတို့ မည်သည်ကိုမှ ကြောက်စရာ မလိုပေ။ ကျန်းရီဘက်က ထောင်ချောက်ဆင်နေခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မှုရန်မလိုပါ။
ဆယ့်လေးနာရီအတွင်းမှာပင် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယေဦက်တို့သည် ကြမ်းကြုတ်နဂါးဘုရင်၏ တပ်ဖွဲ့ကို လိုက်မီသွား၏။ ထောက်လှမ်းများက ကြမ်းကြုတ်နဂါးဘုရင်၏ တပ်ဖွဲ့တွင် အမှန်တကယ် တပ်သားနှစ်သန်းသာရှိကြောင်း အတည်ပြုပြီးနောက် ကော့ချန်ဘုရင်က တက်ရန် အမိန့်ပေးလိုက်သည်။
“သတ်ကြ...”
ကော့ချန်ဘုရင်သည် အလင်းတန်းတစ်တန်းအလား အရှေ့သို့ ပျံသန်းသွား၏။ သူ့အနောက်တွင် ကောင်းကင်လုံးပြည့် တပ်ကြီးပါလာသည်။ သို့သော် ကီလိုမီတာငါးရာ ပျံသန်းပြီးနောက် ကော့ချန်ဘုရင်က ရုတ်တရက် ရပ်တန့်သွား၏။ သူ့မျက်ဝန်းများထဲတွင်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု လက်သွားသည်။
တမန်တော်နှစ်ယောက်သည် ကော့ချန်ဘုရင်၏အကြည့်နောက်ကို လိုက်၍ ဘယ်ဘက်ရှိ တောင်တစ်လုံး၏ထိပ်ကို ကြည့်လိုက်ကြ၏။ ရုတ်ခြည်း သူတို့၏ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။ သူတို့နောက်မှ တပ်တစ်ခုလုံးလည်း ရပ်သွားပြီး ထိုထောင်ထိပ်ကိုသာ စိုက်ကြည့်နေကြလေသည်။
တန်...တောင်...
သာယာသော ဗျပ်စောင်းသံတစ်သံ ထွက်ပေါ်လာ၏။ တောင်ထိပ်ပေါ်တွင် ယောက်ျားတစ်ယောက်က မျက်လုံးမှိတ်၍ ဗျပ်စောင်းတီးနေပေသည်။ သူ၏ဝတ်ရုံက နှင်းကဲ့သို့ ဖြူဆွတ်ပြီး သူ၏ခံ့ညားသောမျက်နှာက တည်ငြိမ်အေးဆေးနေသည်။ သူ့ကျောမှာ ဓားတစ်လက်အလား ဖြောင့်စင်းသည်။ ထို့ကြောင့် မိစ္ဆာများ စကားလုံးခုနစ်လုံးကို တွေးမိလိုက်ကြသည်။
ကျောက်စိမ်းကဲ့သို့ ခံ့ညားသည်။
***