ခင်ဗျား တိုက်ဝံ့လား
Vol. 128 Ch. 1787
ကျန်းရီသည် ရေပန်းစားနေသော အရှင်ကျိုးနှင့် တစ်ပုံစံတည်း မတူပါ။ သူသည် တစ်ကြိမ်ထွက်ပေါ်လာတိုင်း ဝိညာဉ်တံလျှပ်အတတ်ကို သုံး၍ ရုပ်ပြောင်းထားတတ်ပေသည်။
သို့သော် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် ကျန်းရီကို တွေ့လိုက်သည်နှင့် တောင်ထိပ်ပေါ်မှ ထိုသူက အရှင်ကျိုးဖြစ်ကြောင်း ချက်ချင်း သိသွားကြသည်။ ကောင်းကင်မိစ္ဆာဘုံထဲတွင် ထိုကဲ့သို့ ခံ့ညားသူများ များစွာ မရှိချေ။ ကျန်သော ထိပ်သီးအားလုံးမှာလည်း ကျော်ကြားသူများ ဖြစ်ကြရာ သူတို့ ထိုသူများကို မမှတ်မိဘဲ နေမည် မဟုတ်ပေ။
ကျန်းရီကို တွေ့သောအခါ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ ရင်ခုန်မြန်သွားကြ၏။ ထို့ပြင် မကောင်းသော နမိတ်တစ်ခုကိုလည်း ခံစားလိုက်ကြရသည်။ ကျန်းရီက တစ်ယောက်တည်းဖြစ်ပြီး ပြီးခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့သော်လည်း သူတို့သည် စိတ်ထဲတွင် ကြောက်ရွံ့နေမိပေသေးသည်။
အရှင်ကျိုး၏ ဂုဏ်သတင်းမှာ အလွန်ကျော်ကြားရာ သူတို့ ဖိအားကို ခံစားရသည်မှာ မထူးဆန်းပါပေ။ ဖုန့်နီကလည်း အလွန်ကျော်ကြားသူဖြစ်၍ သူမ ရောက်လာသည်နှင့် အရှေ့ဒေသရှိ မျိုးနွယ်များကို ချက်ချင်း စုစည်းနိုင်ခဲ့သည် မဟုတ်ပါလား။ ယင်းမှာ ကျော်ကြားသူများ၏ အားသာချက်ပင်။ အခြားသူများသည် ကျော်ကြားသူများနှင့် ရင်ဆိုင်ရသောအခါ အားငယ်မှုကို ခံစားရပြီး ရှိန်နေတတ်ပေသည်။
“ပြန်ဆုတ်ကြ...”
ကော့ချန်ဘုရင်က ချက်ချင်း လက်ဝှေ့ယမ်းကာ အော်ပြောလိုက်၏။ သူ ကြမ်းကြုတ်နဂါးဘုရင်၏ အင်အားနှစ်သန်းတပ်ဖွဲ့ကို ရှင်းပစ်ရန် လက်လျှော့လိုက်ပေပြီ။ ဘေးကင်းရေးမှာ ပထမဖြစ်ရာ အရင်ဆုံး သူတို့ ပြန်ဆုတ်ရပေမည်။ အရှေ့ဒေသမှ ထောင်ချီသော မျိုးနွယ်များက သူတို့ကို လှောင်ပြောင်မည်ဆိုလျှင်လည်း အရေးမကြီးပေ။ ကော့ချန်ဘုင်သည် ကျန်းရီကို ကြည့်ရင်း စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှနေ၍ အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုကို ခံစားနေရသည်။ သူ ထောင်ချောက်တစ်ခုထဲ တိုးဝင်မိပြီဟူ၍လည်း စိတ်ထဲက အလိုလို သိနေလေသည်။
ဝှစ်...
ကော့ချန်ဘုရင်၏ တပ်ဖွဲ့က စည်းစနစ်တကျနှင့် နောက်ပြန်ဆုတ်၏။ တမန်တော်နှစ်ယောက်သည်လည်း ခေတ္တမျှ ချီတုံချတုံ ဖြစ်နေကြပြီးနောက် ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
“ရောက်လာပြီးမှတော့ ဘာလို့ လက်ဖက်ရည်တစ်ခွက်တောင် မသောက်ဘဲ ထွက်သွားရတာလဲ”
ကျန်းရီသည် ဗျပ်စောင်းတီးခတ်နေခြင်းကို ရပ်တန့်လိုက်၏။ သူက ကောင်းကင်စွမ်းအားကို အသုံးပြု၍ အသံကိုမြှင့်ပြောလိုက်ခြင်းဖြစ်ရာ မိုင်တစ်ရာပတ်လည်အတွင်း ပဲ့တင်ထပ်သွားသည်။
“ကော့ချန်ဘုရင်... ကျွန်တော် ခင်ဗျားကို ဒီမှာစောင့်နေတာ ကြာပြီ။ ကျွန်တော် ခင်ဗျားသတ်ရအောင် သိန်းချီတဲ့ တပ်သားတွေ လွှတ်ပေးခဲ့တယ်။ အဲ့ဒါကို ခင်ဗျားက ခင်ဗျားသဘောအတိုင်း ထွက်သွားနိုင်မယ် ထင်နေသေးတာလား”
ဝှစ်...
ကျန်းရီသည် ဗျပ်စောင်းကို သိမ်း၍ တောင်ထိပ်ကို ကန်အားပြုကာ အလင်းတန်းတစ်တန်းအလား ပျံသန်းလာသည်။ သူသည် အင်အားသန်းချီသော စစ်တပ်ကို ပုရွက်ဆိတ်များအား ကြည့်နေသည့်အလား အေးအေးလူလူ ကြည့်လိုက်၏။
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ တုန်လှုပ်သွားကြသည်။ စစ်တပ်လည်း ဆူညံပွက်သွားသည်။ သူတို့ ထောင်ချောက်တစ်ခုထဲ ကျသွားပေပြီ။
“ဟွန်း...”
သို့သော် ကော့ချန်ဘုရင်နှင့် အခြားစွမ်းအားကြီး သိုင်းသမားများစွာသည် လျင်မြန်စွာပင် ဒေါသအရိပ်အယောင်တစ်ခု ပြလိုက်ကြ၏။ ကျန်းရီက အင်အားခြောက်သန်းရှိသည့် စစ်တပ်နောက်သို့ တစ်ယောက်တည်း လိုက်လာဝံ့သည်လော။ ထိုစစ်တပ်ထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား သုံးယောက်ပါသည်။ ကျန်းရီမှာ သူ့ကိုယ်သူ အထင်ကြီးလွန်းပေသည်။
“အဲ့မျိုးမစစ်ကို သတ်ကြ”
ကျန်းရီ၏ အမြန်နှုန်းက မဆိုပါ။ ထို့ကြောင့် စစ်တပ်သည် သူ့လက်မှ လွတ်အောင် ပြေးနိုင်မည် မဟုတ်ချေ။ ကော့ချန်ဘုရင်က ဒေါသတကြီးအော်၍ အမိန့်ပေးလိုက်သောအခါ ဆယ်ချီသော အုပ်ချုပ်သူအဆင့် သိုင်းသမားများက ကျန်းရီထံ ရုတ်ခြည်း ပျံသန်းသွားကြပေသည်။
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ကတော့ မလှုပ်ရှားကြသေးပေ။ သူတို့သည် ကျန်းရီနှင့် တိုက်ခိုက်ရမည် သို့မဟုတ် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ ရုတ်တရက် ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြပေသည်။ ကျန်းရီထံတွင် ထူးခြားသော အတတ်များ ရှိမည်ကိုလည်း သူတို့ လန့်နေကြသည်။ တိုတိုပြောရလျှင် သူတို့ မဆင်မခြင်လုပ်ကာ မစွန့်စားဝံ့ကြပေ။
“ဟင်းဟင်း...”
ကျန်းရီသည် သူ့ထံ ပျံသန်းလာကြသော ဆယ်ချီသည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို ကြည့်၍ စိုးရိမ်မသွားသည့်အပြင် ပြုံးပင်ပြုံးကာ အရှေ့သို့ ဆက်ပျံသန်းသွားသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများက အဝေးမှာကတည်းက ကျန်းရီထံ အလင်းတန်းများ ပစ်လွှတ်လိုက်ကြ၏။ ကျန်းရီက ထိုအလင်းတန်းများကို ရှောင်ပင်ရှောင်မည် မဟုတ်ဟု မည်သူက ထင်ထားမည်နည်း။ ကျန်းရီသည် သူ့အား အလင်းတန်းများ ထိမှန်ခွင့် ပြုလိုက်ပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အလင်းတန်းများက ကျန်းရီ၏ ခန္ဓာကိုယ်ကို တဝုန်းဝုန်း ထိမှန်သွားကြ၏။ သို့သော် ကျန်းရီက အနောက်သို့ မီတာရာကျော် ရွေ့သွားသည်မှလွဲ၍ မည်သို့မှ မထိခိုက်သွားချေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာရာ သူ့ပုံစံက ပို၍ပင် ချောမောခံ့ညားသွားသည်။ သူက သေမျိုးလောကကို ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
“ခင်ဗျားတို့ တိုက်လို့ပြီးပြီလား။ အခု ကျွန်တော့်အလှည့်ပဲ”
ကျန်းရီ ပြုံးလိုက်၏။ သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်သွားပြီး သူ့အမြန်နှုန်းက ရုတ်တရက် ဆယ်ဆပိုမြန်သွားသည်။ အစတွင် ကျန်းရီနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ကီလိုမီတာသုံးဆယ် ကွာဝေးနေသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီ သူတို့ အနီးသို့ ရောက်သွား၏။ သူသည် မည်သည့်ဆန်းကြယ်စွမ်းရည်ကိုမှ မသုံးဘဲ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ ဦးခေါင်းကို လက်သီးနှင့်သာ ထိုးလိုက်သည်။
ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားထံတွင် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် စစ်ချပ်ဝတ်သာရှိ၏။ ကျန်းရီကမူ သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်လုံးကို နှိုး၍ ထိုးလိုက်ခြင်းပင်။ လက်ရှိ သူ၏ရုပ်ခန္ဓာမှာ တောက်နူ၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ တောက်နူမှာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပြီးလျှင် စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီ၏ ရုပ်ခန္ဓာက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
ကျန်းရီ၏ တိုက်ခိုက်စွမ်းအားမှာ တောက်နူ၏ တိုက်ခိုက်စွမ်းအားကို မမှီသေးသော်လည်း သိပ်တော့မကွာပေ။ တစ်ဘက်က ဧကရာဇ်တစ်ပိုင်းအဆင့်ဆိုလျှင် ယှဉ်နိုင်ရန် အတန်ငယ် ခက်ပေလိမ့်မည်။ သို့သော် ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုတော့ အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သူ၏ပုံမှန်လက်သီးချက်တစ်ချက်က အာကာပြင်ကိုပင် တုန်ခါစုတ်ပြဲသွားစေနိုင်သည်။ သို့ဆိုလျှင် ယခု သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်လုံးကို နှိုး၍ ထိုးလိုက်သော လက်သီးချက်က မည်မျှစွမ်းအားကြီးမည်နည်း။
ဝုန်း...
ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမား၏ ဦးခေါင်းက ပေါက်ကွဲထွက်သွား၏။ ဦးခေါင်းမဲ့သွားသော အလောင်းမှာလည်း ဂုန်နီအိတ်တစ်အိတ်အလား အောက်ဘက်သို့ ပြုတ်ကျသွားသည်။
ကျန်းရီမှာ နဂါးတစ်ကောင်ကဲ့သို့ လှစ်ခနဲ လှစ်ခနဲ ပျံသန်းနေသည်။ သူက အလွန်လျင်မြန်ရာ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ပြန်ပင်မတုံ့ပြန်နိုင်ကြချေ။ သူတို့သည် ကျန်းရီ၏ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ကျန်းရီ၏ လက်သီးက သူတို့မျက်နှာရှေ့ ရောက်နေပြီဖြစ်သည်.
ဝုန်း...ဝုန်း...ဝုန်း...
သန်းချီသော ကောင်းကင်စိတ်အာရုံးများက ကျန်းရီအပေါ် ကျရောက်လာ၏. မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီက ဆယ်ချီသော အုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်ပစ်လိုက်သည်။ သူ တစ်ချက်ထိုးလိုက်တိုင်း အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယေက်၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားသည်။ အလောင်းမှာလည်း လွင့်ထွက်သွားသည်။ သူက အလွန်ကြမ်းရာ အားလုံးကို ရင်တုန်စေပေသည်.
ဝုန်း...
နောက်ဆုံးကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က ထွက်ပြေးရန် ကြိုးစားခဲ့ကြ၏။ သို့သော် ကျန်းရီက သူတို့နောက်ကို အလွယ်လေး လိုက်ကာ ထိုးသတ်ပစ်လိုက်ပေသည်။ ပြီးမှ ကျန်းရီသည် လေထဲတွင် ရပ်၍ ကော့ချန်ဘုရင်အား လှမ်းကြည့်ကာ ပြောလိုက်သည်။
“ကော့ချန်ဘုရင်... ခင်ဗျား ကျွန်တော့်ကို တိုက်ဝံ့လား”
ကျန်းရီက ကောင်းကင်စွမ်းအားကိုသုံး၍ အသံမြှင့်ကာ ပြော၏။ သူ့အသံမှာ အထူးကျယ်လောင်၊ ကြည်လင်နေသည်။ ထိုအသံက သတ္တုကိုပင် ဖြတ်နိုင်ကာ ကျောက်တုံးကို အက်သွားစေနိုင်သည်။ သူ့အသံ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသောအခါ မိစ္ဆာများစွာ တုန်ယင်သွားလေသည်။
ကျန်းရီက စိန်ခေါ်လိုက်ပြီဖြစ်သည်။
ကော့ချန်ဘုရင်မှာ စစ်တပ်နှင့် ရောက်လာခဲ့သူပင်။ ယခုတွင် မိစ္ဆာများစွာက သူ့အား ကြည့်နေကြသည်။ ထို့ကြောင့် သူ မျက်နှာညှိုမည်းလာပြီး ဆုံးဖြတ်ရခက်နေပေသည်။
ကျန်းရီက သူ့ကို စိန်ခေါ်နေသည်။ သူ ထိုစိန်ခေါ်မှုကို လက်မခံလျှင် ဂုဏ်သတင်း ကျဆင်းရပေလိမ့်မည်။ ကောင်းကင်မိစ္ဆာဘုံထဲရှိ မျိုးနွယ်အားလုံး၏ ဟားစရာလည်း ဖြစ်လာပေမည်။ ကြမ်းကြုတ်နဂါးဘုရင်ဟောင်းက သေသွားပြီဖြစ်၍ လက်ရှိတွင် သူက အရှေ့ဒေသ၏ စွမ်းအားအကြီးဆုံး သိုင်းသမားဟု သတ်မှတ်ခံထားရသည်။ သူသည်ပင် ကျန်းရီ၏ စိန်ခေါ်မှုကို ကြောက်နေလျှင် အရှေ့ဒေသက ဦးမော့နိုင်ပါဦးမည်လော။
သို့သော် ပြဿနာမှာ ကော့ချန်ဘုရင်က အမှန်ပင် ကြောက်နေခြင်းဖြစ်သည်။ ကျန်းရီက သူတို့စစ်တပ်နောက်သို့ တစ်ကိုယ်တော် လိုက်လာခဲ့သည်။ ကြမ်းကြုတ်နဂါးဘုရင်၏ အင်အားနှစ်သန်းတပ်ဖွဲ့က နောက်မှ လိုက်မလာသလို ကောင်းကင်ဂဠုန်ဘုရင်နှင့် ကန်းဟန့်ဘုရင်တို့လည်း ထွက်ပေါ်မလာပေ။ ထို့ကြောင့် သူ ရင်ခုန်မြန်နေရသည်။ သူက ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကို ကြောက်နေခြင်း မဟုတ်ပါ။ သူ ကျန်းရီနှင့် တိုက်ခိုက်နေစဉ်တွင် ကြမ်းကြုတ်နဂါးဘုရင်တို့က အလစ်ဝင်တိုက်မည်ကို စိုးရိမ်နေခြင်းသာ။ သို့ဖြစ်လာလျှင် သူ ကွေ့လုဘုရင်ကဲ့သို့ အဆုံးသတ်ရပေလိမ့်မည်။
“ကော့ကျန်း... တပ်သားတစ်သိန်းကို ခေါ်ပြီး သူ့ကို သွားတားလိုက်”
ကော့ချန်ဘုရင်သည် နောက်ဆုံးတွင် စိတ်ဆုံးဖြတ်လိုက်၏။ သူက ထွက်ပြေးနေပြီး မဟုတ်ပါလော။ သို့ဖြစ်ရာ သန်းခေါင်ထက်တော့ ဉာဉ့်မနက်နိုင်တော့ပေ။ ဂုဏ်သိက္ခာကို ဆုံးရှုံးရခြင်းမှာ ဆိုးသော်လည်း အသက်ဆုံးရှုံးလိုက်ရလျှင်မူ အရာအားလုံးကို ရှုံးရမည်ဖြစ်သည်။
ကော့ချန်ဘုရင်သည် ကျန်းရီနှင့် တိုက်ခိုက်မနေဝံ့ပေ။ ထို့ကြောင့် သူ ပြန်ဆုတ်ရန်သာ ဆုံးဖြတ်ထားသည်။ ဤတစ်ခေါက်စစ်ဆင်ရေးတွင် သူတို့ တပ်သားတစ်သန်းနီးပါးကို သတ်နိုင်ခဲ့ပြီဖြစ်ရာ အောင်အောင်မြင်မြင် ပြန်ဆုတ်နိုင်လျှင် စစ်ဆင်ရေး အောင်မြင်သည်ဟု ဆိုနိုင်ပေလိမ့်မည်။
ကော့ချန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက် မျက်နှာပျက်သွား၏။ ကော့ချန်ဘုရင်က သူ့အား တပ်သားတစ်သိန်းနှင့် ကျန်းရီကို တားထားရန် တာဝန်ပေးလိုက်ပေပြီ။ ယင်းမှာ သူ့အား သေတွင်းသို့ ပို့ခြင်းပင်။ တပ်သားတစ်သိန်းလောက်က ကျန်းရီကို မည်မျှကြာကြာ တားနိုင်ပါမည်နည်း။ သို့သော် ကော့ချန်ဘုရင်က အမိန့်ပေးလိုက်ပြီဖြစ်ရာ သူ မည်သို့တတ်နိုင်ပါဦးမည်နည်း။ သူသည် တပ်သားတစ်သိန်းကို ခေါ်၍ ကျန်းရီထံသို့သာ ပျံသန်းသွားလိုက်ရလေသည်။
“အားလုံးပဲ အရှိန်တင်ပြီး ပြန်ဆုတ်ကြ...”
ကော့ချန်ဘုရင် အော်ပြောလိုက်၏။ သန်းချီသော တပ်သားများ စိတ်ဓာတ်ကျသွားသည်။ သူတို့၏ ခေါင်းဆောင်ပင် ကြောက်ရွံ့နေရာ သူတို့က မည်သို့မကြောက်ဘဲ နေနိုင်မည်နည်း။ စစ်သူကြီးမှာ တပ်သားများ၏ စိတ်ဝိညာဉ်ပင်။ စစ်သူကြီးက သူရဲဘောကြောင်နေလျှင် တပ်သားများမှ မည်သို့ ရဲရင့်နိုင်ပါမည်နည်း။
“သွားကြ...”
ကော့ချန်ဘုရင်က အသက်ကို မရင်းဝံ့သလို တမန်တော်နှစ်ယောက်မှာလည်း အသက်မရင်းဝံ့ပါ။ သူတို့က အရှေ့ဒေသမှလည်း မဟုတ်ပေ။ ထို့ကြောင့် အရှေ့ဒေသမှ မျိုးနွယ်များ၏ သေရေးရှင်ရေးက သူတို့နှင့် မဆက်ဆိုင်ချေ။ သူတို့အတွက် သူတို့၏ အသက်ကသာ အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူတို့ စစ်တပ်ကို ဦးဆောင်၍ ချက်ချင်း ထွက်ပြေးလိုက်ကြလေသည်။
“ဟင်းဟင်း...”
ကျန်းရီ ရယ်လိုက်၏။ ကော့ချန်ဘုရင်က အသက်ကို ရင်းဝံ့လိမ့်မည်မဟုတ်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။ သူ လိုချင်သည်မှာလည်း စစ်တပ် ထွက်ပြေးစေရန် ဖြစ်သည်။ သူ့ထံ ပျံသန်းလာနေသည့် တပ်သားတစ်သိန်းမှာမူ သူ့အတွက် စာပင်မဖွဲ့လောက်ပေ။
ကော့ချန်ဘုရင်က ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီဖြစ်၍ ဤတိုက်ပွဲ၏ ရလဒ်မှာ ထင်ရှားနေပြီဖြစ်သည်။
“သတ်...”
ကျန်းရီ အော်ပြောလိုက်ပြီး တပ်သားတစ်သိန်းဆီသို့ ထက်ရှသော ဓားတစ်ချောင်းအလား ပျံသန်းသွားလိုက်သည်။ သူ တိုက်ပွဲအစစ်အမှန်ကို မတိုက်ခဲ့ရသည်မှာ အတော်ကြာခဲ့ပေပြီ။ ထို့ကြောင့် သူ့သွေးများ ဆူပွက်နေသည်။ သူ ခံစားချက်များကို မျိုသိပ်ထားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ယခု ထိုတပ်သားတစ်သိန်းကို သတ်၍ သူ့စိတ်ကို ဖြေရပေမည်။
***