← Chapters

လေးဘက်လေးတန်မှ ဝင်တိုက်ခြင်း

Vol. 128 Ch. 1788

လေးဘက်လေးတန်မှ ဝင်တိုက်ခြင်း

Vol. 128 Ch. 1788

တပ်သားတစ်သိန်းနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်။ ကျန်းရီအတွက် ထိုမျှလောက်မှာ လုံးဝ ပြဿနာမရှိပေ။ သူတို့က သူ့ကို ကြာရှည် ထိန်းထားနိုင်မည် မဟုတ်ပါ။

ကျန်းရီသည် တိုက်ခိုက်မှု ပထမလှိုင်းကို ခုခံ၍ တပ်ထဲ ပျံဝင်သွား၏။ အရပ်မျက်နှာအနှံ့မှ ဝင်လာသော တိုက်ခိုက်မှုများကို သူ လျစ်လျူရှုထားသည်။ သူ့ရုပ်ခန္ဓာမှာ အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ထိုအဆင့်နိမ့်တပ်သားများက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။ အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သူ့ကို မထိခိုက်စေနိုင်ပေ။

ကျန်းရီ မီးတောက်များကို စတင် ထုတ်လွှတ်လိုက်၏။

မီးတောက်များမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် အသုံးအဝင်ဆုံးဖြစ်သည်။ ထိုမီးတောက်များ၏ အပူချိန်က အလွန်မြင့်သည်။ စစ်ချပ်ဝတ်ကောင်းကောင်း မရှိလျှင် မိစ္ဆာတပ်သည် အပူချိန်ကို လုံးဝခံနိုင်မည် မဟုတ်ချေ။

မီးတောက်များ ထွက်ပေါ်လာသည်နှင့် မိစ္ဆာတပ်သားများ မီးလောင်ကျွမ်းကာ အောက်သို့ ပြုတ်ကျသွားကြ၏။ ကျန်းရီသည် ရှုပ်ထွေးသော နည်းလမ်းများကို သုံးရန် မလိုပါ။ သူ တပ်သားများအလယ်သို့ ပျံဝင်၍ ငါးရောင်ခြယ်မီးတောက်များ ထုတ်လွှတ်လိုက်ရုံသာ။ ငါးရောင်ခြယ်မီးတောက်များက အုပ်ချုပ်သူအဆင့် သိုင်းသမားများကို မသတ်နိုင်ချေ။ သို့သော် သာမန် နတ်ဘုရားဧကရာဇ်များနှင့် နတ်ဘုရားဘုရင်များကိုမူ အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။

“ပြေးကြ...”

ကော့ကျန်းမှာ အရူးမဟုတ်ပေ။ ကျန်းရီက အကြိမ်အနည်းငယ် မီးတောက်ထုတ်ပြီးနောက် တပ်သား နှစ်သောင်းကျော် သုံးသောင်းနီးပါး သေသွားပြီဖြစ်သည်။ သူတို့ ကျန်းရီကို မတားဆီးနိုင်ပါ။ အစောကပင် ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို ဝက်သတ်သလို အလွယ်တကူ သတ်ပစ်ခဲ့သည် မဟုတ်ပါလား။ ကော့ကျန်း ထွက်မပြေးသေးလျှင် သေရပေလိမ့်မည်။

ကော့ချန်ဘုရင်က ကော့ကျန်းအား နောက်တွင်ချန်နေခဲ့ပြီး ကျန်းရီကို အချိန်ဆွဲထားရန် အမိန့်ပေးခဲ့၏။ သို့သော် ယခုတွင် သူ ကျန်းရီကို မတားနိုင်ပေ။ ထို့ကြောင့် သူ ချန်နေနေ၊ မနေနေ ကွာခြားမှု မရှိတော့ပေ။ သို့ဖြစ်ရာ သူ ထွက်ပြေးလိုပေသည်။

ဝှစ်...ဝှစ်...

အင်အားတစ်သိန်းတပ်ဖွဲ့သည်လည်း မတုံးအပါ။ တပ်သားများသည် အရပ်မျက်နှာအနှံ့သို့ စတင်ထွက်ပြေးကြသည်။ ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ ထိုမိစ္ဆာများကို မည်သို့ လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။ သူက ကိုယ်တိုင် ဝင်ပါပြီး မီးတောက်များကို သုံးလိုက်ပြီဖြစ်၍ ထိုမိစ္ဆာများကို တစ်ကောင်မှ အလွှတ်ပေး၍ မရတော့ပေ။ မဟုတ်၍ သတင်းပေါက်ကြားသွားလျှင် မိစ္ဆာအရှင်များက သူ့ဇာစ်မြစ်ကို ခန့်မှန်းမိသွားနိုင်လောက်ပေသည်။

တန်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကို ထုတ်၍ တီးခတ်လိုက်၏။ ထွက်ပြေးနေကြသော တပ်သားများ ဆက်မပြေးနိုင်ကြတော့ပေ။ တစ်ချိန်တည်းမှာပင် ကျန်းရီက အလောင်းကြီးကို ထုတ်ကာ ထိုတပ်သားများကို လိုက်သတ်စေလိုက်သည်။

ဆယ့်ငါးမိနစ်အတွင်းမှာပင် အင်အားတစ်သိန်းတပ်ဖွဲ့ ရှင်းပစ်ခံလိုက်ရ၏။ ကျန်းရီသည် သွေးကြောမှတ်များကို နှိုးရန် မိုးမြေစွမ်းအားကို ဆက်သုံးလိုက်သည်။ ထို့နောက် အမြန်ဆုံး အရှိန်နှင့် စစ်တပ်နောက်သို့ လိုက်သွားလေသည်။

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် အလွန်လျင်မြန်ကြ၏။ သို့သော် စစ်တပ်မှာ မမြန်ပေ။ ကျန်းရီ၏ အမြန်နှုန်းနှင့် ယှဉ်လျှင် စစ်တပ်မှာ ယုန်တစ်ကောင် ပြေးနေသကဲ့သို့ပင်။ ထို့ကြောင့် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အရှိန်မတင်နိုင် ဖြစ်နေကြပေသည်။

ဆယ့်ငါးမိနစ် မပြည့်ခင်မှာပင် ကျန်းရီ စစ်တပ်ကို လိုက်မီသွား၏။ သူသည် အလင်းတန်းတစ်တန်းအလား လေကိုခွင်းသွားသည်။ သူ၏ ကျယ်လောင်သော အသံလည်း ထပ်မံထွက်ပေါ်လာသည်။

“ကော့ချန်ဘုရင်... ခင်ဗျား ကျွန်တော်နဲ့ တိုက်ဝံ့လား”

ကျန်းရီ၏အသံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တပ်ထပ်သွား၏။ သန်းချီသော တပ်သားများ တုန်ယင်သွားကြပြီး ကျန်းရီကို လှည့်ကြည့်လိုက်ကြသည်။ အပေါ်ယံတွင် ကျန်းရီက ခံ့ညားထူးခြားသူတစ်ယောက်နှင့် တူသည်။ သို့သော် ထိုတပ်သားအားလုံး၏ ရင်ထဲတွင် ကျန်းရီမှာ သူတို့၏အသက်ကို နှုတ်လိုသည့် ရက်စက်သော ကြောက်မက်ဖွယ်နတ်ဆိုးတစ်ပါးပင်။

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွား၏။ အင်အားတစ်သိန်းရှိသော တပ်ဖွဲ့က အဘယ်သို့ ဤမျှလျင်မြန်စွာ ကျရှုံးသွားရသနည်း။ ကျန်းရီက ဝန်းရံထားသည်ကို ဖောက်ထွက်၍ သူတို့နောက်သို့ လိုက်လာခဲ့ခြင်းလော။

တိုက်ရမည်လော၊ မတိုက်ရမည်လော။

ကော့ချန်ဘုရင် ထပ်မံ၍ တွေဝေသွားသည်။ နောက်ဆုံးတွင် သူ အံကြိတ်လိုက်၏။ သူ မတိုက်ဝံ့ပါပေ။ ထို့ပြင် တစ်ကြိမ် အရှုံးပေးပြီးဖြစ်ရာ ဒုတိယအကြိမ် အရှုံးပေးရန်မှာ မခက်ချေ။ ဆောင်ကြာမြိုင်မှ အမျိုးသမီးများကဲ့သို့ အဝတ်ချွတ်ပြီးမှတော့ အရိုက်ခံရမည်ကို ဂရုစိုက်နေတော့မည် မဟုတ်ချေ။ သူက မျက်နှာပျက်ခဲ့ရပြီးဖြစ်၍ မည်သည်ကိုမှ အရေးစိုက်နေစရာ မလိုတော့ပေ။ သူ့အသက်ကို ကာကွယ်ရန်ကသာ အရေးအကြီးဆုံးဖြစ်သည်။

“‌ကော့ထူ... တပ်သားငါးသိန်းခေါ်သွားပြီး သူ့ကို တားလိုက်။ မင်း သူ့ကို နှစ်နာရီကြာအောင် အချိန်ဆွဲထားရမယ်”

ကော့ချန်ဘုရင်က လျှို့ဝှက် အသံပို့လွှတ်လိုက်သည်။ သူတို့ ကျန်းရီကို နှစ်နာရီ အချိန်ဆွဲထားနိုင်မည်ဆိုလျှင် အဝေးကြီးသို့ ထွက်ပြေးနိုင်ပေလိမ့်မည်။ အဝေးသို့ ရောက်လျှင် သူတို့ တပ်ခွဲကာ ဆက်ပြေးနိုင်သည်။ ထိုအခါ ကျန်းရီက မည်သည့် တပ်ဖွဲ့နောက်သို့ လိုက်မည်နည်း။

ယခု ကော့ချန်ဘုရင်တို့ တပ်မခွဲခြင်းမှာ စစ်တပ်က အလွယ်တကူ ပြိုသွားနိုင်၍ဖြစ်သည်။ ထိုသို့ဖြစ်လာသည်နှင့် ရလဒ်က အလွန်ဆိုးဝါးသွားပေလိမ့်မည်။

ကော့ချန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်က ခေါင်းခါယမ်းလိုက်၏။ သို့သော် သူ အံကြိတ်၍ တပ်သားငါးသိန်းကို ခေါ်ကာ ကျန်းရီထံ ပျံသန်းသွားလိုက်ရပေသည်။ ကော့ချန်ဘုရင်ကမူ စစ်တပ်ကို ဦးဆောင်၍ ဆက်ထွက်ပြေးလေသည်။

“ဟင်းဟင်း...”

ကျန်းရီက ခပ်ရေးရေးပြုံးလိုက်ပြီး တပ်သားငါးသိန်းကြားထဲ ပျံဝင်ကာ ထပ်မံ၍ သတ်ဖြတ်လိုက်၏။ သူ၏ နဝမမြောက် ကြယ်စက်လုံးထဲတွင် မီးတောက်များစွာ ရှိသည်။ သို့သော် အကန့်အသတ်မဲ့တော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ တပ်သားငါးသိန်းကို လောင်မြိုက်စေရန် လုံလောက်ပေသည်။

ဤတစ်ကြိမ်တွင် တပ်သားငါးသိန်းကို သတ်ရန် အချိန်အနည်းငယ် ပိုကြာခဲ့သည်။ အတိအကျဆိုရသော် တစ်နာရီကြာခဲ့သည်။

တပ်သားအရေအတွက်မှာ ငါးသိန်း မဟုတ်ပါလော။ ကျန်းရီတွင်သာ မီးတောက်များ မရှိ၍ တစ်ယောက်စီ လိုက်သတ်နေရမည်ဆိုလျှင် အနိမ့်ဘုံအချိန် သုံးရက်၊ သုံးညလောက် ကြာပေလိမ့်မည်။ ထို့ပြင် တပ်ဖွဲ့က ထွက်ပြေးသောအခါ ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း ထုတ်သုံးခဲ့ရသည်။ ပြီးမှ မီးတောက်များကို ပြန်ထုတ်ရသည်။ ထိုသို့ တစ်လှည့်စီ လုပ်၍ တပ်သားများကို ရှင်းပစ်ခဲ့ရခြင်းဖြစ်သည်။ ထိုအခြေအနေမှာ မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် ကြုံခဲ့ရသော အခြေအနေကဲ့သို့ပင်။

ကျန်းရီသည် တပ်သားတစ်ယောက်မှ ရှင်မကျန်ကြောင်း အတည်ပြုပြီးမှ အနောက်ဘက်သို့ ပျံသန်းသွားလိုက်၏။ ကော့ချန်မြို့က အနောက်တောင်ဘက်တွင်ရှိသည်။ သို့သော် ကျန်းရီက အနောက်ဘက်သို့သာ တန်းတန်းမတ်မတ် ပျံသန်းနေသည်။ ကော့ချန်ဘုရင်၏ တွေးခေါ်ပုံအရ သူ အနောက်ဘက်သို့ ပျံသန်းလိမ့်မည် ဖြစ်ကြောင်း ကျန်းရီ သေချာနေပေသည်။

ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့၏။ တစ်နာရီကြာပြီးနောက် သူ စစ်တပ်ကို ပြန်မီလာသည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် ကော့ချန်ဘုရင်ကို တိုက်ရန် စိန်မခေါ်တော့ဘဲ အခြားတစ်မျိုး ပြောင်းအော်လိုက်သည်။

“ကော့ချန်ဘုရင်... ခင်ဗျား ဒီဘက်ကို ပြေးလာမယ်ဆိုတာကို ကျွန်တော် ခန့်မှန်းမိသားပဲ။ ဟားဟား... ခင်ဗျား လောကအဆုံးအထိ ထွက်ပြေးမယ်ဆိုရင်တောင် ကျွန်တော့်လက်က မလွတ်ပါဘူး”

စစ်တပ်တစ်ခုလုံး ဝေါခနဲ ဆူသွား၏။ ကျန်းရီက အဘယ်သို့ သူတို့ ထွက်ပြေးမည့်ဘက်ကို ခန့်မှန်းနိုင်ရသနည်း။ သူတို့ချန်ခဲ့သော တပ်သားငါးသိန်းစလုံးလည်း အသတ်ခံလိုက်ရပြီလော။

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့လည်း တုန်လှုပ်သွားကြသည်။ ကျန်းရီက သူတို့နောက်သို့ အလွန်လျင်မြန်စွာ လိုက်လာနေသည်။ ဤအတိုင်းဆက်သွားမည်ဆိုလျှင် ကော့ချန်မြို့ကို မရောက်ခင်မှာပင် စစ်တပ်တစ်ခုလုံး ရှင်းပစ်ခံလိုက်ရနိုင်ပေသည်။

“တပ်ခွဲပြီး ပြေးမယ်”

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး တပ်ခွဲရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့သုံးယောက်သည် တပ်ဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ကာ အရပ်မျက်နှာတစ်ဘက်စီသို့ ခွဲပြေးကြရမည်။ ကျန်းရီက သူတို့သုံးဖွဲ့ထဲမှ တစ်ဖွဲ့နောက်သို့သာ လိုက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် တပ်ဖွဲ့တစ်ဖွဲ့က ရှင်းပစ်ခံရလျှင်ပင် ကျန်နှစ်ဖွဲ့က ရှင်သန်နိုင်မည်ဖြစ်သည်။

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။ သူတို့သည် ကော့ချန်မြို့ဆီ မည်သို့ထွက်ပြေးရမည်ကိုသာ တွေးနေကြသည်။ သူတို့ရင်ထဲတွင် ကျန်းရီမှာ နတ်ဆိုးတစ်ပါးပင်။ ဖုန့်နီကသာ ကျန်းရီကို ယှဉ်နိုင်ပေသည်။

သူတို့သုံးယောက် သူတို့၏တပ်သားများထံ အသံပို့လွှတ်၍ မတူညီသော ဦးတည်ရာတစ်ဘက်စီသို့ ထွက်ပြေးကြ၏။ သို့သော် သူတို့ စတင် ထွက်ပြေးချိန်တွင် အောက်ဘက်မှ စစ်သူကြီးများနှင့် တပ်သားများ ရုတ်ခြည်း တုန်လှုပ်သွားကြသည်။ သူတို့က ရုတ်တရက်ကြီး အသံပို့လွှတ်၍ ထွက်ပြေးကြခြင်းဖြစ်ရာ စစ်သူကြီးများနှင့် တပ်သားများ တုန်လှုပ်သွားခြင်းမှာ ပုံမှန်ပင်။ တပ်မှာလည်း အတန်ငယ် ဖရိုဖရဲ ဖြစ်သွားပေသည်။

တပ်သားအချို့က တစ်ဘက်သို့ ထွက်ပြေးပြီး အချို့မှာ အခြားတစ်ဘက်သို့ ထွက်ပြေးကြသည်။ တပ်ဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရောယှက်သွားကြပြီး ပို၍ ပို၍ ဖရိုဖရဲ ဖြစ်လာသည်။

စစ်တပ်ဖရိုဖရဲဖြစ်လျှင် ပြိုမည်ကို စိုးရိမ်ရ၏။ ဖရိုဖရဲ ဖြစ်မနေလျှင် အနည်းဆုံးတော့ အမိန့်ပေး၍ ရနိုင်သေးသည်။ ရာထူးအဆင့်အလိုက် ထိန်းချုပ်သွား၍ရသည်။ ယခုတွင်မူ စစ်တပ်က ဖရိုဖရဲဖြစ်နေရာ သူတို့ မည်သို့ အမိန့်ပေးနိုင်တော့မည်နည်း။

“တိုက်ကြ...”

ထိုအခိုက်တွင် ကျန်းရီ၏ အော်သံက ကီလိုမီတာသိန်းချီပတ်လည်တွင် ပဲ့တင်ထပ်သွား၏။ မကြာခင်မှာပင် ကောင်းကင်ဘယ်ဘက်ခြမ်းမှနေ၍ ရယ်သံတစ်သံ ထွက်ပေါ်လာ၏။

“ဟားဟားဟား... ကော့ချန်ဘုရင်.. ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာပြီ။ ခင်ဗျားက ထွက်ပြေးချင်နေသေးတာလား”

“ဟားဟားဟား”

ကောင်းကင်ညာဘက်ခြမ်းမှလည်း ရယ်သံကြီး ထွက်ပေါ်လာ၏။

“ကန်းဟန့်ဘုရင်က ဒီမှာ ရောက်နေပြီ။ ခင်ဗျားတို့ အညံ့ခံရင် အသက်ချမ်းသာရမယ်။ မဟုတ်ရင်တော့ ဒီနေ့ ခင်ဗျားတို့အကုန်လုံး သေရလိမ့်မယ်”

“ကောင်းကင်ဂဠုန်ဘုရင်လည်း ရောက်နေပြီ”

အရှေ့မှနေ၍ ကောင်းကင်ကိုပင် တုန်ခါသွားစေသော အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် တပ်ကြီးတစ်တပ်က အ‌ရှေ့မိုးကုပ်စက်ဝိုင်းမှနေ၍ ‌အော်ဟစ် ပျံသန်းလာလေသည်။ သူတို့ ကီလိုမီတာငါးရာအကွာတွင် ရှိနေသေးဆဲမှာပင် သူတို့၏ အားကောင်းသော သတ်ဖြတ်အရှိန်အဝါများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။

“အဲ့ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကော့ချန်ဘုရင် ရပ်တန့်လိုက်၏။ သူ့မျက်ဝန်းထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က အဘယ်သို့ ဤနေရာတွင် စောင့်ဆိုင်းနေကြသနည်း။ သူတို့က သူတို့ ဤနေရာသို့ ပြေးလာမည်ကို ခန့်မှန်းထားနိုင်သည်လော။

ကော့ချန်ဘုရင်သည် ကောင်းကင်စိတ်အာရုံထုတ်၍ အာရုံခံလိုက်ပြီးနောက် ပို၍ပင် အံ့အားသင့်သွား၏။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်သည် တပ်သားနှစ်သိန်းစီကို ဦးဆောင်လာကြ၏။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအားလုံး ဤနေရာတွင် ရှိနေကြပေသည်။ ထိုကဲ့သို့ ကြီးမားသော စစ်တပ်ကြီးက သူတို့၏ ထောက်လှမ်းရေးများ သတိမထားမိစေဘဲ မည်သို့ ပုန်းအောင်းနေခဲ့ပါသနည်း။

“ပြေးကြ...”

ယခုအခိုက်က တွေးတောနေရမည့်အချိန် မဟုတ်ပေ။ ကော့ချန်ဘုရင်သည် သူ့စစ်တပ်ကို ဝေ့ဝဲကြည့်ပြီးနောက် တပ်သားအားလုံး စိတ်အားလျော့နေသည်ကို တွေ့ရသည်။ သူတို့၏ စိတ်ဓာတ်က အောက်ဆုံးကို ရောက်နေပေပြီ။ တပ်က ဖရိုဖရဲလည်း ဖြစ်နေရာ မတိုက်ခိုက်နိုင်တော့ချေ။

ကော့ချန်ဘုရင်၏ မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လက်သွား၏။ ထို့နောက် သူသည် စစ်တပ်ကို လျစ်လျူရှုကာ အဝေးသို့ တစ်ယောက်တည်း ထွက်ပြေးလေတော့သည်။

***

All Chapters