ဖုန့်နီကို အရှင်ဖမ်းမည်
Vol. 128 Ch. 1789
စစ်ပွဲတစ်ပွဲတွင် အရေးအကြီးဆုံးမှာ စားနပ်ရိက္ခာနှင့် နောက်တန်းဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းအဆင့် မြင့်သူများ၏ စစ်တပ်တွင် စားနပ်ရိက္ခာများမှာ အရေးမပါပေ။ နတ်ဘုရားဘုရင် သို့မဟုတ် နတ်ဘုရားဧကရာဇ်များက အဆင့်အနိမ့်ဆုံး တပ်သားများဖြစ်သည့် စစ်တပ်တွင် မည်သူမှ ငတ်သေမည် မဟုတ်ပါ။ သူတို့က မစားမသောက်ဘဲနှင့် လအနည်းငယ်ကြာအောင် နေနိုင်ကြသည် မဟုတ်ပါလား။
စစ်ပွဲတွင် ဒုတိယအရေးကြီးသည်မှာ စစ်အင်အားဖြစ်သည်။ အကယ်၍ တစ်ဘက်၏ စစ်အင်အားက ကျန်တစ်ဘက်ထက် ဆယ်ဆ၊ အဆတစ်ရာ ပိုများနေလျှင် တိုက်ခိုက်နေရန်ပင် လိုတော့မည် မဟုတ်ချေ။ သူတို့ ကျန်တစ်ဘက်ကို အလွယ်တကူ ဖိချေ၍ အနိုင်ယူလိုက်ရုံသာ။
နှစ်ဘက်စလုံး၏ စစ်အင်အားက သိပ်မကွာသည့် အခြေအနေတွင်မူ စစ်ဗျူဟာများမှာ ပို၍ အရေးကြီးပေသည်။ စစ်တိုက်ခြင်း အနုပညာမှာ လှည့်ဖြားခြင်း အနုပညာပင်။ ထိုလှည့်ဖြားခြင်း အနုပညာမှာ ဗျူဟာကို ရည်ညွှန်းခြင်းဖြစ်သည်။
ဤတစ်ခေါက် ကျန်းရီ၏ဗျူဟာမှာ ပြီးပြည့်စုံခဲ့သည်။ ရှေးဦးစွာ သူသည် အားနည်းချင်ယောင်ဆောင်၍ ရန်သူကို ဂုဏ်မောက်စေခဲ့သည်။ ထို့နောက် ရန်သူ့ရင်ထဲမှ လောဘကို လှုံ့ဆောင်ကာ သူတို့၏ ဗျူဟာကို ပြောင်းစေခဲ့သည်။ သူတို့က ဖုန့်နီ၏ ဗျူဟာအတိုင်း လိုက်မလုပ်ကြတော့ပေ။ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ စစ်တပ်ကို ဦးဆောင်၍ ကြမ်းကြုတ်နဂါးဘုရင်နောက်သို့ လိုက်လာကတည်းက ဤတိုက်ပွဲရလဒ်မှာ အဖြေထွက်သွားပြီဖြစ်သည်။
ကော့ချန်ဘုရင်တို့ ရောက်လာသောအခါ ကျန်းရီက သန်းချီသော တပ်သားများကို တစ်ကိုယ်တော် ခြောက်လှန့်ခဲ့သည်။ သို့ဖြင့် ကော့ချန်ဘုရင်တို့က သူတို့ ထောင်ချောက်ထဲ ကျသွားပြီဟု တွေးကာ ထွက်ပြေးခဲ့ကြသည်။
ဤတစ်ခေါက်တွင် ကော့ချန်ဘုရင်တို့သည် ကျန်းရီတို့ဘက်မှ တပ်သားတစ်သန်းနီးပါးကို သတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့၏ စစ်ဆင်ရေးက အောင်မြင်သည်ဟု ဆိုနိုင်သည်။ ယင်းကို ကျန်းရီ၏ ဂုဏ်သတင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ ပြန်ဆုတ်ကြခြင်းမှာ ပုံမှန်သာဖြစ်သည်။
သို့သော်...
အမှန်တွင် ကျန်းရီက ဤနေရာ၌ အလစ်ဝင်တိုက်ရန် မစီစဉ်ထားပါ။ ကြမ်းကြုတ်နဂါးဘုရင်က ကျန်းရီ၏ ဆောင်းဥတုပုလဲကို ယူ၍ သန်းချီသော တပ်သားများကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရန်သူဘက်မှ ထောက်လှမ်းရေးများက သူတို့ကို သတိမပြုမိခဲ့ခြင်းပင်။
ကြမ်းကြုတ်နဂါးဘုရင်၏ အစွမ်းအရ သာမန်ထောက်လှမ်းရေးများက သူ့ကို မည်သို့ သတိပြုမိပါမည်နည်း။
ဆောင်ဥတုပုလဲထဲတွင် သန်းချီသော တပ်သားများကို အလွယ်တကူ ထည့်ထားနိုင်သည်။ ကြမ်းကြုတ်နဂါးဘုရင်သည် ကျန်းရီက ဆောင်းဥတုပုလဲအား အသုံးပြုပုံကို တွေ့ထားပြီးဖြစ်၍ ၎င်းကို သုံးတတ်နေပြီဖြစ်သည်။
စစချင်းတွင် ဝင်မတိုက်ခဲ့ခြင်းမှာမူ ကော့ချန်ဘုရင်တို့၏ စစ်တပ်က အလွန်စိတ်အားတက်ကြွနေခဲ့၍ဖြစ်သည်။ ယခုတွင်မူ ကျန်းရီ၏ လိုက်သတ်မှုကြောင့် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့က တပ်ခွဲရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်၍ စစ်တပ်မှာ ဖရိုဖရဲဖြစ်နေပေပြီ။ တပ်သာများ၏ စိတ်ဓာတ်ကလည်း အောက်ဆုံးအထိ ကျဆင်းနေသည်။ ဤအခိုက်သည် တိုက်ပွဲစရန် အကောင်းဆုံး အခိုက်ပင်။
စစ်တပ်တစ်တပ်အတွက် စိတ်ဓာတ်အင်အားက အလွန်အရေးကြီး၏။ စိတ်ဓာတ်က အထွတ်အထိပ်တွင် ရှိနေလျှင် စစ်တပ်သည် မိမိတို့အင်အား၏ တစ်ရာရာခိုင်နှုန်းကို ထုတ်သုံးနိုင်မည်ဖြစ်သည်။ စိတ်ဓာတ်ကျနေလျှင်ပင်မူ ဆယ်ရာခိုင်နှုန်းပင် ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။
ကြမ်းကြုတ်နဂါးဘုရင်တို့ အစကတည်းက တိုက်ခဲ့လျှင်လည်း နိုင်တော့ နိုင်နိုင်ခြေရှိပါ၏။ သို့သော် အဆုံးအရှုံးများပေလိမ့်မည်။ အရှင်မချင်းလင်း၏ လက်အောက်ခံဟောင်းများက မည်မျှသာ ကျန်တော့သနည်း။ ထိုသူများကို ထပ်အဆုံးရှုံးခံ၍ မဖြစ်ပေ။ မဟုတ်လျှင် ဤစစ်ပွဲကို တိုက်ရန်ပင် လိုတော့မည် မဟုတ်ချေ။
မိမိတို့ဘက်ကို များစွာမဆုံးရှုံးစေဘဲ တပ်သားခြောက်သန်းအား ရှင်းပစ်နိုင်ခြင်းမှာ ပြီးပြည့်စုံသော ဗျူဟာကြောင့်ဖြစ်သည်။ ယခု ကော့ချန်ဘုရင်က ထွက်ပြေးသွားပြီဖြစ်ရာ အခြေအနေမှာ ပို၍ပင် ပြီးပြည့်စုံသွားသည်။
တမန်တော်နှစ်ယောက်သည် ကော့ချန်ဘုရင်က ထွက်ပြေးသွားသည်ကို မြင်လိုက်သောအခါ အလွန်ဒေါသထွက်သွားကြ၏။ သူက သူ့အရှေ့ဒေသ၏ စစ်တပ်ကိုပင် အရေးမစိုက်သည်လော။ သို့ဖြစ်ရာ သူတို့က အဘယ်ကြောင့် အရေးစိုက်ရမည်နည်း။ အရှေ့ဒေသရှိ မျိုးနွယ်အားလုံး ရှင်းပစ်ခံလိုက်ရလျှင်လည်း သူတို့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။ ထို့ကြောင့် တမန်တော်နှစ်ယောက်လည်း ထွက်ပြေးလိုက်ကြသည်။
ခေါင်းဆောင်သုံးယောက်လုံး ထွက်ပြေးသွားပြီဖြစ်ရာ ရလဒ်မှာ မည်သို့ဖြစ်လာမည်နည်း။
ခေါင်းဆောင်ထွက်ပြေးလျှင် တပ်ပျက်မည်သာ။ ကော့ချန်ဘုရင်တို့ ထွက်ပြေးပြီးနောက် စစ်သူကြီးများ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြ၏။ တပ်သားအားလုံး မည်သို့လုပ်ရမည်မသိ ဖြစ်ကုန်ကြသည်။ အဘယ်ကြောင့် သူတို့၏ ခေါင်းဆောင်များက ထိုသို့ ဖြစ်နေရသနည်း။
အစတွင် သူသေကိုယ်သော တိုက်ခိုက်လိုခဲ့သော တပ်သားအချို့ ရှိခဲ့၏။ သို့သော် ခေါင်းဆောင်များက ထွက်ပြေးသောအခါ သူတို့လည်း အရူးများမဟုတ်၍ ထွက်ပြေးကြလေသည်။ သန်းချီသော တပ်သားများ စတင် ထွက်ပြေးသောအခါ ပတ်ဝန်းကျင်ရှိ တောင်များ၊ မြေပြန့်များပေါ်တွင် တပ်သားများ ဖွေးဖွေးလှုပ်သွားပေသည်။
တပ်သားများစွာသည် ကျန်းရီဘက်သို့ ထွက်ပြေးမိကြ၏။ သို့သော် သူတို့ ကျန်းရီကို မြင်သောအခါ ချက်ချင်း အခြားတစ်ဘက်သို့ ကွေ့သွားကြသည်။ မည်သည့်တပ်သားကမှ ကျန်းရီကို မတိုက်ခိုက်ဝံ့ပေ။ ကျန်းရီကို မြင်လိုက်သူတိုင်း၏ မျက်ဝန်းများထဲတွင် အကြောက်တရားများ ထွက်ပေါ်လာသည်သာ။ သူတို့သည် နတ်ဆိုးတစ်ပါးကို ကြည့်နေရသလို ခံစားရပေသည်။
တန်...တောင်...
ကျန်းရီသည် ဗျပ်စောင်းကို ထုတ်၍ စတင်တီးခတ်လိုက်၏။ တိုက်ပွဲမှာ အလွန်ချောမွေ့နေသည်။ သူ ထိုအခွင့်အရေးကို မဖမ်းဆုပ်သေးလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ကျန်းရီက ဗျပ်စောင်းတီးလိုက်သည်နှင့် အနီးရှိ သန်းချီသော တပ်သားများ ထွက်မပြေးနိုင်တော့ပေ။ အဝေးမှ တပ်သားများလည်း နှေးသွားကြသည်။ ကောင်းကင်၏ ကျန်သုံးဘက်တွင်လည်း တပ်ဖွဲ့သုံးဖွဲ့က တိမ်စိုင်များအလား တလိမ့်လိမ့် ချီလာကြသည်။ မိစ္ဆာတပ်သားများ၏ လက်ထဲမှ ဓားများကလည်း တလက်လက်နှင့် လင်းလက်နေကြသည်။ ၎င်းတို့မှာ အသက်ဇီဝိန်ကို ခြွေတော့မည့် သေမင်း၏ တံစဉ်များကဲ့သို့ပင်။
သတ်ဖြတ်ပွဲကြီး စပေပြီ။
ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့က ကျန်းရီ၏ အမိန့်ကို ရထားပြီးဖြစ်သည်။ ကော့ချန်ဘုရင်တို့ ထွက်ပြေးမည်ဆိုလျှင် သူတို့ လိုက်တိုက်ခွင့် မရှိပေ။ ဤတစ်ခေါက်တွင် ကျန်းရီ၏ ရည်ရွယ်ချက်မှာ သန်းချီသော တပ်သားများကို သတ်ဖြတ်၍ အရှေ့ဒေသ မဟာမိတ်စစ်တပ်ကို အပြင်းအထန် ထိခိုက်သွားစေရန်ဖြစ်သည်။ ဤ သန်းချီသော တပ်သားများမှာ ထိပ်သီးများဖြစ်သည်။ သူတို့ကို ရှင်းပစ်နိုင်ခြင်းက ကော့ချန်ဘုရင်တို့ကို ရှင်းပစ်နိုင်ခြင်းထက် ပို၍ အကျိုးရှိပေလိမ့်မည်။
မျိုးနွယ်ဘုရင်သုံးပါးသည် သူတို့၏တပ်များကို ဦးဆောင်၍ အရှေ့သို့ ချီလာကြ၏။ သူတို့သည် ရန်သူကို မရှိန်ဘဲ ထွက်ပြေးနေသော တပ်သားများကြား ထက်ရှသော ဓားသုံးလက်အလား ထိုးဝင်လိုက်ကြသည်။ ထို့ကြောင့် ရန်သူတပ်သားများမှာ ပို၍ပင် ဖရိုဖရဲဖြစ်ကုန်ကြပေသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့သည် တိုက်ခိုက်၊ ဆုတ်လိုက် ဗျူဟာကို သုံးနေကြလေသည်။
ထိုဗျူဟာမှာ အလွန်အသုံးဝင်၏။ ရန်သူတပ်သားများမှာ သူတို့ကိုယ်သူတို့ လုံးဝမကာကွယ်နိုင်ပေ။ ကြမ်းကြုတ်နဂါးဘုရင်တို့က ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသူများ မဟုတ်ပါလော။ သူတို့နှင့် ယှဉ်သူတိုင်း သေရမည်သာ။
ရန်သူတပ်သားများသည် မိမိကိုယ်ကိုယ်လည်း မကာကွယ်နိုင်၊ ထွက်လည်း မပြေးနိုင်ဖြစ်နေကြပြီး သက်ရှိပစ်မှတ်များအဖြစ် အသုံးချခံနေရရာ အကျအဆုံးအရေအတွက်မှာ စက္ကန့်နှင့်အမျှ တိုးနေပေသည်။
တစ်ချီ၊ နှစ်ချီ... ငါးချီ...
ကျန်းရီက ဗျပ်စောင်းကို တီးနေဆဲပင်။ သို့သော် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုမူ မသုံးတော့ပေ။ မည်သည့်ရန်သူတပ်သားကမှလည်း သူ့အနား မကပ်ဝံ့ချေ။ သူသည် တိုက်ပွဲပြင်ကို အေးစက်စက် ကြည့်လိုက်၏။ မိစ္ဆာများက အချင်းချင်း မညှာမတာ သတ်ဖြတ်နေကြသည်။ သို့သော် သူ့မျက်နှာထား ပြောင်းမသွားပါ။ သူ သနားညှာတာမှုလည်း မပြပါ။ သူ့အနေဖြင့် သေမင်းတစ်ပါးလို အကြင်နာကင်းမဲ့ရပေမည်။
စစ်သူကြီးတစ်ယောက်က စိတ်ပျော့နေ၍ မဖြစ်ပေ။ စစ်ပွဲမှာ ရက်စက်သော သဘာဝရှိသည်။ ကြင်နာမှုသာရှိလျှင် အစကတည်းက စစ်ဖြစ်လိမ့်မည် မဟုတ်ချေ။
စစ်ပွဲ၏ ရည်ရွယ်ချက်မှာ သိမ်းပိုက်ရန် သို့မဟုတ် မိမိကိုယ်ကိုယ် ကာကွယ်ရန်ဖြစ်သည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက သူတို့ကိုယ်သူတို့ ကာကွယ်ရန် စစ်ဆင်နွှဲနေရခြင်းပင်။ သူတို့ မတိုက်ခိုက်လျှင် ရှင်းပစ်ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီ မည်သို့ ညှာတာနိုင်ပါမည်နည်း။
ရန်သူကို ညှာတာခြင်းမှာ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအပေါ် ရက်စက်ခြင်းနှင့် အတူတူပင်။
တိုက်ခိုက်သံများ၊ နာကျင်တကြီး အော်ဟစ်လိုက်သံများက လေထဲတွင် ပြည့်နှက်နေသည်။ သွေးများမှာလည်း နေရာအနှံ့သို့ လွင့်စင်လျက်ရှိသည်။ မြေပြင်ပေါ်တွင် ခြေပြတ်လက်ပြတ်များ ပုံနေသည်။ ဤနေရာသည် ငရဲတစ်ခု ဖြစ်လာပေပြီ။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အသက်များကို တစ်သက်ပြီးတစ်သက် နှုတ်နေသည်။ ရန်သူများမှာ ပြန်မခုခံနိုင်ဘဲ အသနားခံရင်းသာ ထွက်ပြေးနေကြရပေသည်။
သို့သော် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက စစ်သုံ့ပန်းများ ယူမည် မဟုတ်ချေ။ ယင်းမှာ ကျန်းရီ ယခင်ကတည်းက ဆုံးဖြတ်ထားသော ဗျူဟာဖြစ်သည်။ သူတို့ထံတွင် စစ်သုံ့ပန်းများကို စောင့်ကြည့်ရန် တပ်သားအလုံအလောက် မရှိပါ။ ထို့ကြောင့် ရန်သူများကို ညှာတာမနေဘဲ သတ်ပစ်ရပေမည်။
သွေးများမှာ ချောင်းတစ်စင်းအလား စီးဆင်းလာပြီး သွေးညှီနံ့များမှာလည်း ကီလိုမီတာငါးရာပတ်လည်အတွင်း ပျံ့နှံ့သွား၏။ ခြောက်နာရီကြာပြီးနောက် တပ်သား သန်းချီ၍ အသတ်ခံလိုက်သည်။ ကျန်နေသေးသော တပ်သားများမှာလည်း အဝေးသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ကိုမူ အရိပ်အယောင်ပင် မမြင်ရတော့ချေ။
မျိုးနွယ်ဘုရင်သုံးပါးသည် သူတို့၏တပ်ဖွဲ့များကို ဦးဆောင်၍ ထွက်ပြေးသော တပ်သားများနောက်သို့ ကီလိုမီတာတစ်သောင်းခွဲအကွာအထိ လိုက်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များတွင် သွေးလွှမ်းနေသော်လည်း သူတို့၏မျက်နှာများတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ ဤတစ်ခေါက်တွင် သူတို့ဘက်က တပ်သားသုံးသိန်းလောက်သာ ဆုံးရှုံးခဲ့ပြီး ရန်သူဘက်က တပ်သားငါးသန်းလောက် ဆုံးရှုံးခဲ့သည်။ ဤအောင်ပွဲကြီးကြောင့် တပ်သားအားလုံးသည် ကျန်းရီကို ပို၍ပင် အထင်ကြီးလေးစားလာကြပေသည်။
ရန်သူတပ်သားတစ်သန်းလောက် လွတ်မြောက်သွားသော်လည်း ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်တို့ကို ကီလိုမီတာတစ်သောင်းခွဲအကွာအထိသာ လိုက်ရန် အမိန့်ပေးထားသည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့ ရွေးချယ်စရာမရှိဘဲ ပြန်ဆုတ်လာကြရသည်။
ကျန်းရီက တိုက်ပွဲပြင်အနီးရှိ တောင်တစ်လုံပေါ်တွင် ရှိနေသေးသည်။ သူသည် မိုးမြေစွမ်းအားကို အသုံးပြုပြီးသွားပြီဖြစ်၍ အားနည်းနေသည်။ သို့သော် နတ်ဘုရားသစ်ရွက် ရှိနေ၍ လျင်မြန်စွာ ပြန်အားဖြည့်နိုင်ရာ သူ အရမ်းတော့ အားမနည်းနေပေ။
“အရှင်ကျိုးကို နှုတ်ခွန်းဆက်ပါတယ်...”
ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က သူတို့၏တပ်ဖွဲ့များကို ဦးဆောင်၍ တောင်ခြေတွင် စည်းစနစ်တကျ ရပ်တန့်လိုက်ကြ၏။ ထို့နောက် သူတို့သုံးယောက်သည် ရုတ်တရက် ဒူးတစ်ဘက် ထောက်လိုက်ကြသည်။ တပ်သားငါးသန်းကျော်ကလည်း ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။
“အရှင်ကျိုးကို နှုတ်ခွန်းဆက်ပါတယ်’
“ဟင်းဟင်း...”
ကျန်းရီ မျက်လုံးဖွင့်၍ ခပ်ရေးရေး ပြုံးလိုက်၏။ ကြမ်းကြုတ်နဂါးဘုရင်တို့နှင့် တပ်သားများက သူတို့၏ ကျေးဇူးတင်မှုနှင့် လေးစားမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း သူ သိသည်။ သူ တပ်ကို ဝေ့ဝဲကြည့်၍ လေသံအေးအေးနှင့် ပြောလိုက်၏။
“ခင်ဗျားတို့ သတ်ရတာ မဝသေးဘူးလား။ ကောင်းပြီ... ကျွန်တော် ခင်ဗျားတို့ ဆက်သတ်နိုင်အောင် ခေါ်သွားပေးမယ်။ ဒီတစ်ခေါက် ကျွန်တာ်တို့ ကော့ချန်မြို့ထဲ ဖောက်ဝင်ပြီး ဖုန့်နီကို အရှင်ဖမ်းကြမယ်”
ကျန်းရီ၏ စကားက အားလုံးကို ကျောစိမ့်သွားစေပေသည်။