သနားဖို့ကောင်းလိုက်တာ… သူက mask မချွတ်ရဲလောက်အောင်ကို ရုပ်ဆိုးနေရှာတာပဲ
Vol. 45 Ch. 665
လင်းရီ ထိုစကား ပြောပြီးပြီးချင်းပဲ ဆိုင်ထဲရှိ လူတိုင်း တဒင်္ဂမျှ ကြောင်အမ်းသွားခဲ့ကြ၏။ သူတို့၏ အကြည့်များက လင်းရီထံ ရောက်ရှိနေပြီး ယခုတစ်ကြိမ်တွင်တော့ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူတကယ်ကြီး တတ်ကော တတ်နိုင်လို့လား….
“ ဆာ… နေကာမျက်မှန်နဲ့ ဘေ့စ်ဘောဦးထုပ် နှစ်ခုပေါင်းဆို ယွမ် ၂၆၂,၀၀၀ ကျပါတယ်ရှင့်…”
လင်းရီ သူ၏ ဘဏ်ကတ်ကို ထုတ်ယူလိုက်ပြီး “ ကတ်ဖြတ်လိုက်…. လျှို့ဝှက်နံပါတ်က 111111 “
“ ဟုတ် ဟုတ်…”
လင်းရီ၏ ဘဏ်ကတ်ကို လက်ထဲတွင်ကိုင်ထားရင်း ချိန်ယောင် အာလူးပူပူကြီး တစ်လုံး ကိုင်ထားနေရသကဲ့သို့ ခံစားနေရသည်။
ယွမ်နှစ်သိန်းကျော်တဲ့ ပစ္စည်းတွေကို ဒီလိုမျိုး ဝယ်ဖို့ဆို သူ ဘယ်လောက်တောင် ချမ်းသာထားဖို့ လိုလိုက်မလဲ…
ကတ်ဖြတ်ပြီးနောက် ဆိုင်ထဲရှိ လူတိုင်း၏ လင်းရီအပေါ် အကြည့်တို့မှာ တစ်ဆစ်ချိုး ပြောင်းလဲသွားကြတော့သည်။
မည်သူကမျှ mask ဝတ်ထားသည့်သူမှာ တိုင်ကွန်းဖြစ်နေလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။
ကျိုးဟိုင်က တကယ့်ကို ဝပ်နေတဲ့ ကျားနဲ့ ပုန်းအောင်းနေတဲ့ နဂါးတွေ ပြည့်နှက်နေတဲ့ နေရာပါလား… တွေ့ရာလူကို အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်ပြီး အထင်သေးလို့ မရဘူး…
ကတ်ဖြတ်ပြီးနောက် ချိန်ယောင် လင်းရီ၏ ဘဏ်ကတ်ကို ပြန်ကမ်းပေးလိုက်ပြီး ယခုလို အကြံပြုလိုက်၏။
“ ဆာ.. စမ်း မဝတ်ကြည့်တော့ဘူးလားရှင့်.. တကယ်လို့ ဆာနဲ့ မလိုက်ဘူးဆိုရင် ပြန်လဲဖို့ အချိန်မှီသေးတယ်နော်…”
ချိန်ယောင်၏ နှလုံးသားမှာ ကြင်နာသည်။ သူမ ယခုလို အကြံပြုလိုက်ရသည့် အကြောင်းပြချက်ကတော့ ရိုးရှင်း၏။
အကယ်၍ သင်သာ ဤမျှ ဈေးကြီးသည့် ပစ္စည်းများကို ဝယ်ယူပြီးပါက သေချာပေါက် စမ်းဝတ်ကြည့်ရမည်။ ဆိုင်ထဲမှ ထွက်ခွာပြီးနောက် စိတ်တိုင်းမကျပါက ပြန်လဲလှယ်လို့ ရလိမ့်မည် မဟုတ်တော့ချေ။ ထိုသို့ ဖြစ်လာပြီဆိုပါက ပိုက်ဆံဖြုန်းတီးရာကျပြီး နှမြောဖို့ ကောင်းလွန်းလှ၏။
သူမ ထိုစကား ပြောပြောပြီးချင်းပဲ အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှာ မျက်စိပျက် မျက်နှာပျက်နှင့် ချိန်ယောင်ရှေ့ရောက်လာပြီး ဘေးသို့ ဆွဲခေါ်သွားတော့သည်။
“ ရှောင်ချိန် နင်ဘာတွေ လျှောက်ပြောနေတာ…”
ချိန်ယောင် အနည်းငယ် မှားယွင်းသလို ခံစားလိုက်ရပြီး “ ညီမ ဘာပြောမိလို့လဲ… ဒီတိုင်း ဧည့်သည်ကို စမ်းဝတ်ကြည့်စေချင်လို့လေ… အဲ့တာက ဆိုင်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ဘူးမလား…”
“ ဆိုင်ရဲ့ စည်းမျဉ်းနဲ့ မဆိုင်ဘူး… ငါဆိုလိုတာက နင် လူကဲမခတ်တတ်ဘူးလား…”
“ အမ်…. ညီမက ဘာမှားနေလို့…”
“ နင် အဲ့လူ mask ကြီး ဝတ်ထားတာ မမြင်ဘူးလား… ပြီးတော့ နေကာမျက်မှန်နဲ့ ဘေ့စ်ဘောဦးထုပ်တောင် ဝယ်လိုက်သေးတယ်.... သေချာပေါက် သူ့မျက်နှာကို ဖုန်းကွယ်ထားချင်နေလို့ ဆိုတာ ရှင်းနေတာပဲလေ… အဲ့တာတောင်မှ နင်က ဘာလို့လဲဆိုတာ သဘောမပေါက်သေးဘူးပေါ့…”
ချိန်ယောင် တခဏမျှ စဉ်းစားဟန်ပြုလိုက်ပြီး သဘောပေါက်သွားသည့် အမူအရာ ဖြစ်ပေါ်လာခဲ့၏။
“ သူ့ မျက်နှာ ထိခိုက်နေလို့လား မသိဘူးနော်…”
“ သေချာတာပေါ့ဟဲ့…” စတိုးဆိုင် မန်နေဂျာမှ လေသံ တိုးတိုးဖြင့် ပြောလိုက်ပြီး “သူ့မျက်နှာမှာ လူတွေ့ခံလို့မရတဲ့ ရောဂါတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်… မဟုတ်ရင် ဒီလိုကြီး ဝတ်စားထားမှာ မဟုတ်ဘူး…”
“ အိုက်ယိုး… အရမ်းဆိုးတာပဲနော်…”
“ ဘုရားက မျှတပြီးသားပဲ….သူ့ကို တံခါးမကြီး ဖွင့်ထားပေးတယ်.. ဒါပေမယ့် ပြတင်းပေါက်တွေတော့ ဥဿုန် ပိတ်ထားပြီးသားပဲ… “ စတိုးဆိုင်မန်နေဂျာမှ ပြောလိုက်ပြီး “ တကယ်လို့ သူသာ ဒီလောက်ချမ်းသာပြီး ရုပ်လည်း ချောနေမယ်ဆိုရင် တခြားအမျိုးသားတွေက ဘယ်လို အသက်ရှင်ရတော့မှာ…..”
“ အမှန်ပဲ… အစ်မလျှို… စိတ်မရှိပါနဲ့နော်.. ညီမ စကားပြောမှားသွားတယ်….”
“ အဆင်ပြေပါတယ်… နောက်ကျရင်တော့ ဒီလိုအမှားမျိုး မလုပ်မိစေနဲ့ ကြားလား…”
သို့နှင့် အမျိုးသမီး စတိုးဆိုင်မန်နေဂျာမှာ လင်းရီရှေ့ ရောက်လာပြီး ၁၅ ဒီဂရီခန့် ဦးညွှတ်လိုက်၏။
“ လူကြီးမင်း… ကျွန်မ တကယ့်ကို အနူးညွှတ်တောင်းပန်ပါတယ်… ခုနက ညီမလေးက ဆိုင်ရဲ့ ဝန်ထမ်းအသစ်လေးလေ… ငယ်သေးတော့ စကားပြောမတတ်လို့ စော်ကားမိသလို ဖြစ်သွားခဲ့တာ… ဒါကြောင့်မို့ လူကြီးမင်းကပဲ သဘောထားကြီးပြီး ခွင့်လွှတ်ပေးလိုက်ပါနော်…”
“ စော်ကားတယ်… ငါ့ကိုလား…” လင်းရီ ပြောလိုက်ပြီး “ အထင်လွဲနေပြီ…. အဲ့ မိန်းကလေး ဝန်ဆောင်မှုပေးတာ မဆိုးပါဘူး… ဘယ်နားက စော်ကားသလို ဖြစ်ရမှာ…”
ထိုအခါမှလည်း အမျိုးသမီး စတိုးဆိုင် မန်နေဂျာနှင့် ချိန်ယောင်းမှာ သက်ပြင်းမောကြီး ချနိုင်သွားတော့သည်။
တိုင်ကွန်းမှ သူမတို့ကို ဒေါသမထွက်သ၍ အဆင်ပြေလေသည်။
ယခုဆို အနာဂတ်တွင် သူမတို့ဆိုင်ထံသို့ ပြန်လာဖို့ရာ သေချာသွားတော့၏။ ဖောက်သည်ကြီး တစ်ဦးကို ထိန်းထားနိုင်လိုက်သည်ဟုလည်း ဆိုနိုင်ပေသည်။
“ အစ်ကိုလင်း… ကျွန်မအထင်တော့ ရှင် စမ်းဝတ်ကြည့်သင့်တယ် ထင်တာပဲ… ဘာပဲဆိုဆို ဒီပစ္စည်းတွေက ဈေးအတော်လေး ကြီးတယ်လေ… ရှင့်ပိုက်ဆံကလည်း လေထဲက ထွက်လာတာမှ မဟုတ်တာ…” ကျန်းရှောင်ယွီ အကြံပြုလိုက်သည်။
စတိုးဆိုင် မန်နေဂျာမှ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
တိုင်ကွန်းရဲ့ အဖော်က ဘာတွေမှားနေတာ… သူ့ဘေးမှာနေပြီးတော့ သူ့အခြေအနေကိုတောင် နားမလည်ဘူးလား….
လူငယ်ဖြစ်ပြီး အလိုက်လေးကို မသိဘူး….
ဆိုင်ထဲမှာ လူတွေ ဒီလောက်များနေတာကို တမင်သပ်သပ် အရှက်ခွဲနေတာများလား မသိဘူး…
“ အင်း မင်းပြောတာမှန်တယ်…. ငါ စမ်းကြည့်သင့်တယ်…”
လင်းရီ မှန်ရှေ့ သွားလိုက်၏။
ထို့နောက်….
Mask ကို ဖယ်ရှားလိုက်သောအခါ
ချက်ချင်းပဲ ပရာဒါဆိုင်ထဲရှိ အမျိုးသမီး အရောင်းသမလေးများအားလုံး ကြည့်လာခဲ့ကြပြီး စုတ်သပ်မိသွားကြ၏။
ဘယ်လိုတောင် နတ်ဘုရားဆန်တဲ့ ပုံရိပ်လဲ…
ပြီးတော့ အရမ်းလည်း ချောတယ်…
ဒီလောက်ချောနေတာတောင်မှ ဘာလို့ mask ကြီး တပ်ထားတာတုန်း….
အဲ့ mask က ရှင့်ရဲ့ အဖိုးထိုက်တဲ့ မျက်နှာလေးကို ဖုံးကွယ်ထားပေးဖို့ မထိုက်တန်ဘူး….
အဲ့ဒီအစား ကျွန်မရဲ့ Victoria’s Secret ကို ရှင့်မျက်နှာပေါ် တင်ထားပေးပါရစေ…
( ဆက်ဆီအတွင်းခံကြီးပါ ( ꈍᴗꈍ ) )
လင်းရီ အခြားသူများကို လျစ်လျူရှုလိုက်ပြီး နေကာမျက်မှန်နှင့် လျှာထုပ်ဦးထုပ်ကို စမ်းဝတ်ကြည့်လိုက်သည်။
“ ကြည့်ကောင်းသားပဲ… တော်တော်လေးလန်းတယ်… မင်းတို့ကော ဘယ်လိုထင်လဲ…”
ကျန်းရှောင်ယွီနှင့် အမျိုးသမီး အရောင်းသမလေးများမှာ လင်းရီ၏ ချောမောခန့်ညားမှုကြောင့် ငိုလုငိုခင် ဖြစ်သွားခဲ့ကြသည်။
အဲ့ပစ္စည်းတွေက ဘယ်လိုလုပ်ပြီး လန်းနိုင်မှာလဲ… ရှင်ကမှ လန်းတာ….
“ အဆင်ပြေတယ်… မလဲတော့ဘူး…”
“ ဟုတ်ကဲ့ ဟုတ်ကဲ့… အဲ့တာဆို ကျွန်မတို့ ထုပ်ပိုးပေးလိုက်ပါ့မယ်…”
လင်းရီ မူလကတော့ ဝတ်ပြီး ထွက်သွားချင်သော်လည်း သူ့စိတ်ထဲ မသိုးမသန့်ဖြစ်သလို ခံစားနေရသည်။
မည်သည့် သာမန်လူကမျှ ယခုလို မျက်နှာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပြီး ဈေးဝယ်ထွက်လိမ့်မည် မဟုတ်ချေ။
အချို့လူများ မြင်ပါက သူ့ကို ရာဇဝတ်ကောင် အဖြစ် တိုင်တန်းသည်များတောင် ဖြစ်ပွားသွားနိုင်သည်။
ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက နောက်တစ်နေ့တွင်
“ ကမ္ဘာ့ အချောမောဆုံး သံသယ တရားခံ “ ဆိုပြီး
သတင်းစာခေါင်းကြီးပိုင်းတွင် ပါလာနိုင်သည်။
ပစ္စည်းများကို ယူပြီးနောက် လင်းရီ ကျန်းရှောင်ယွီနှင့်အတူ ထွက်လာခဲ့လိုက်သည်။
ချိန်ယောင် အမျိုးသမီး စတိုးဆိုင်မန်နေဂျာအား ကြည့်လိုက်ပြီး “ အစ်မလျှို…. အစ်မ ခုနကပြောတာ ဘုရားက သူ့ကို တံခါးမကြီး ဖွင့်ထားပေးပြီး ပြတင်းပေါက်တော့ သေချာပေါက် ပိတ်ထားပေးမယ်လို့ ပြောထားတယ်မလား… ကျွန်မလည်း အဲ့လို ခံစားမိတယ်… ဒါပေမယ့် ဘုရားက သူ့ကို ပြတင်းပေါက် မဖွင့်ထားပေးဘူး… ကောင်းကင်ကြီးကို ဖွင့်ထားပေးတာ….”
ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သောအခါ ဆယ့်တစ်နာရီ ကျော်နေပြီးဖြစ်ကြောင်း သတိပြုမိလိုက်၏။
“ မင်းရဲ့ Live stream က ဘယ်အချိန်လဲ…”
“ မွန်းလွဲ ညနေ တစ်နာရီ….”
“ ဒါဆို မသွားခင် တစ်ခုခု သွားစားကြစို့…”
“ ကောင်းပြီလေ… အစ်ကိုလင်း ပြောတဲ့အတိုင်းပဲပေါ့…”
ကျန်းရှောင်ယွီမှာ လင်းရီကို ဦးဆောင်နေသော်လည်း အပြင်လူနေရာမှ ကြည့်မည်ဆိုလျှင်တော့ လင်းရီမှာ သူမ၏ ဘော့စ်ပင်။
နှစ်ယောက်သား ဝမ်သပလာဇာ ထိပ်ဆုံးထိပ်သို့ရောက်လာပြီး နေ့လည်စား သုံးဆောင်လိုက်ကြ၏။
ထို့နောက် ကားပါကင်သို့ ထွက်လာခဲ့လေသည်။
ထိုအချိန်အတောအတွင်း ကျန်းရှောင်ယွီမှာ တခဏမျှ တိုက်ရိုက်ထုတ်လွင့်ပြီး ယနေ့ အခြား စထွင်မာ တစ်ဦးနှင့် အတူ ထုတ်လွင့်မည်ဖြစ်ကြောင်း ကြိုတင်ပြောပြထား၏။
တစ်ချိန်တည်းတွင် သူမ ထိပ်စည်းခေါင်းစဉ်ကိုလည်း လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ဦးတည် ညွှန်ပြပေးထား၏။
“ သူဌေး… ဒီရဲ့ Bentley က ရှင့်ဟာလား…တော်တော်ဈေးကြီးမယ့်ပုံပဲနော်….”
“ အင်း… လေးမီလီယမ်ကျော်တည်းပါ… ဘာလဲဖြစ်လို့…”
ကျန်းရှောင်ယွီ တိုင်ဖွန်း အတိုက်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
အဲ့တာက လေးမီလီယမ်ကျော်ကြီးများတောင်… 'ကျော်တည်း' မဟုတ်ဘူး ရှင်ရဲ့….
“ လာလေ… ကားထဲဝင်….”
“ အိုကေ အိုကေ….”
ကားထဲသို့ ဝင်ပြီးနောက် ကျန်းရှောင်ယွီ အတွင်းပိုင်း အပြင်အဆင်များကို တစ်ချက်ကြည့်လိုက်၏။
သူမ ဘန်ထလေ မည်မျှကောင်းကြောင်း သူများတွေ ပြောတာကို ကြားဖူးသော်လည်း ယခုလို သူမကိုယ်တိုင် ထိုင်နေရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
ထိုင်ခုံက သားရေအစစ်တွေနဲ့… ထိုင်ရသာ အရမ်းသက်တောင့်သက်သာ ရှိတာပဲ…
“ အစ်ကိုရီ… ရှင် Civic တွေအကြောင်း နားလည်လား…”
“ အင်း… နည်းနည်းပါးပါးတော့ နားလည်ပါတယ်…”
လင်းရီ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ ကျောင်းတုန်းကလည်း ကားဝါသနာအိုး တစ်ယောက် ဖြစ်ခဲ့သည့် အပြင် ယခု ပညာရှိ ဉာဏ်ပညာကြောင့် ကားများအပေါ် နားလည်မှုမှာ ပို၍ တိုးမြင့်လာလေသည်။
“ အဲ့တာဆို ပြဿနာ မရှိတော့ဘူး…ခနနေ တိုက်ရိုက်ထုတ်လွင့်တဲ့ အချိန်ကျရင် ရှင်ပဲ ဦးဆောင်လိုက်တော့ … ကျွန်မက ဘေးကနေ ကူညီပေးမယ်….”
“ ရတယ်လေ…”
“ ဒါဆို ခုပဲ တိုက်ရိုက်ထုတ်လွင့်လိုက်တော့မယ်… ပြင်ဆင်ဦးမလား….”
“ ခုလား….”
“ အွန်း… လူစုတဲ့ သဘောပေါ့…. ဘာပဲ ဆိုဆို ကြည့်ရှုသူတွေက ခု လိုက်လွင့် ခု အကုန်လုံး ရောက်ချလာမှာမှ မဟုတ်တာ…”
“ အိုကေ.. အဲ့တာဆို ခဏလေးစောင့်…”
လင်းရီ mask အုပ်ပြီး ဝယ်လာသည့် နေကာမျက်မှန် နှင့် ဦးထုပ်တို့ကို ဆောင်းလိုက်၏။ သူ၏ သွင်ပြင်မှာ ရှေ့တန်းထွက်တော့မည့်နှယ် ပစ္စည်းကိရိယာ အစုံအလင်နှင့်ပင်။
လင်းရီ အဆင်သင့် ဖြစ်သည်ကို မြင်တော့ ကျန်းရှောင်ယွီ စတင်တိုက်ရိုက်ထုတ်လွင့်တော့၏။
မိနစ်အနည်းငယ်အတွင်း လူအယောက်နှစ်ဆယ်ကျော် ဝင်လာလေသည်။
“ ဟယ်လို… ဟယ်လို…. ငါ ဒီနေ့ Civic ကားစမ်းသပ်မောင်းနှင်တာကို တိုက်ရိုက်ထုတ်လွင့်မှာ… တိုက်ရိုက်ထုတ်လွင့်နေရင်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဥ်တွေလည်း ရှိတာမို့လို့ အဆုံးထိကြည့်သွားကြနော်.. ပြီးတော့ တစ်ဝက်တစ်ပျက်နဲ့လည်း ထွက်မသွားကြနဲ့ဦး….”
“ ရှောင်းယွီ .... ဒီနေ့က ဘာလားပဲ… ဘာလို့ သူများအခန်းထဲမှာ တိုက်ရိုက်ထုတ်လွင့်နေတာ… ဒီရဲ့ mask တပ်ထားတဲ့ တစ်ယောက်က မင်းရဲ့ အိုးဖလိန်း (ရည်းစားဟောင်း)လေးလား… မနေ့က တိုင်ကွန်းကိုကျ စွန့်ပစ်လိုက်ပြီပေါ့…”