လေကြီး မိုးကြီး
Vol. 45 Ch. 667
“ဟမ်…”
လင်းရီ၏ စကားလုံးများက ကျန်းရီလေ့နှင့် စွန်းချန်ကို ဆွံ့အသွားစေသည်။
သူတို့၏ ပန်းတိုင်မှာ ငါးစီးမျှ ရောင်းနိုင်ဖို့ပင်။
သို့သော်လည်း လင်းရီက ဆယ်စီးရောင်းထွက်မည်ဟု အာမခံပေးလိုက်သည်ကတော့ အနည်းငယ် ချဲ့ကားလွန်းရာ ကျလေသည်။
“ အစ်ကိုကြီး… နောက်ဆုံးထွက် Civic မော်ဒယ်လ်က အနည်းဆုံး ယွမ် ၁၁၀,၀၀၀ ကျတယ်နော်… အဲ့တာတောင်မှ ဆယ်စီးရောင်းမထွက်ရင် ကိုယ်တိုင်ဝယ်ပေးမယ်ဆိုတော့ ရှင့်ဟာက သေချာရဲ့လား…”
“ ကျုပ်က မပိုင်ရင် ခြင်တောင်မရိုက်ဘူး..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ရောင်းမထွက်ခဲ့ရင် ကျန်တာ ကျုပ်ဝယ်မယ်…”
လင်းရီ Civic အကြောင်း ကောင်းစွာသိသည်။ မော်ဒယ်လ်အမြင့်ဆုံးမှာ ယွမ်နှစ်သိန်း မျှသာ ရှိ၏။
ထို့ကြောင့် အကယ်၍ သူ တစ်စီးမျှ ရောင်းမထွက်ခဲ့လျှင်တောင် ယွမ်နှစ်သန်းနှင့် ဆယ်စီး ဝယ်နိုင်နေပြီး ဖြစ်၏။
သို့သော်လည်း သူ့ဘက်ကတော့ ရောင်းထွက်နိုင်စေရန် အကောင်းဆုံး ကြိုးစားရမည်။မည်သို့ပင်ဆိုစေ ပထမဆုံး အကြိမ် တိုက်ရိုက်ထုတ်လွင်သည်ဖြစ်ရာ ကျရှုံးလို့ မဖြစ်ချေ။
“ ကောင်းပြီလေ… အဲ့တာဆိုလည်း မျက်နှာဖုံး အစ်ကိုကြီး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…”
စွန်းချန် ရင်ဘက်ရှေ့လက်ကို ပိုက်လျက် မျက်နှာဖုံးနှင့် ဆန်းကြယ်နေသည့် လင်းရီကို အထင်သေးစွာကြည့်၍ ပြောလိုက်သည်။
ဒီကားတွေကို ဈေးထဲက ဂေါ်ဖီထုပ်တွေလို့များ အောက်မေ့နေတာလား…
နင်က ဆယ်စီးတောင် ရောင်းပြဦးမယ်… ဟာသပဲ.. ဘယ်လိုမှ မဖြစ်နိုင်ဘူး….
နင် ဆယ်စီး ရောင်းမထွက်တဲ့ အချိန်ကျ ဘယ်လိုလေသံ ထွက်လာမလဲဆိုတာ ငါ ကြည့်ပါဦးမယ်…
ကျန်းရှောင်ယွီကတော့ ဘေးတွင် ရပ်နေရင်း သူမ သူဌေးမှာ ဂျီးနီးယပ်စ် စထွင်မာ ဖြစ်သည်ဟု ခံစားနေရ၏။
နယ်ပယ်ထဲသို့ ဝင်လာသည်မှာ တစ်ရက်မျှသာ ရှိသေးသော်လည်း ပွဲဘယ်လို ဖန်တီးရမလဲဆိုတာကို သင်ယူတတ်မြောက်နေလေပြီ။
ယခုဆို ကြည့်ရှုသူများ၏ သိလိုစိတ်ပြင်းပြမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေကာ ရေပန်းစားမှုမှာလည်း အမှတ် တစ်သောင်းသို့ ရောက်ရှိနေပြီး ဖြစ်၏။
မကြာမီ ယခု ပမာဏထက်ပင် ပိုများလာနိုင်သည်။
ယင်းက အံ့အားသင့်စရာကြီးပင်။
"မျက်နှာဖုံး အစ်ကိုကြီးက သောက်ရမ်းလန်းတယ်...ငါ Civicတော့ မ၀ယ်နိုင်ဘူး... ဒါပေမယ့် ပွဲက ရင်ဖိုစရာ ကောင်းမယ်လို့တော့ မသိစိတ်က ပြောပြနေတယ်..."
"အဲ့ကောင် ကြွားတာက တစ်ဖက်ကမ်းကိုတောင် ရောက်နှင့်နေပြီ... တကယ်လို့ သူသာ ဆယ်စီး မရောင်းနိုင်လို့ကတော့ ကျန်တာကို အိတ်ကပ်စိုက်ရတော့မှာ..."
"Civic က ဈေးသိပ်ကြီးတဲ့ထဲ မပါဘူးဆိုပေမယ့် ကား၀ယ်တဲ့ ကိစ္စက ကိစ္စကြီးပဲ... ခု ကြည့်နေကြသူတိုင်းလည်း အဲ့တာကို နားလည်တယ်... ငါတော့ မျက်နှာဖုံး အစ်ကိုကြီး အောင်မြင်နိုင်ချေ ရှိမယ်မထင်.... "
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှ် ရေပန်းစားမှုမှာ တစ်စထက် တစ်စ ပေါများလာသည်ကို မြင်တော့ ကျန်းရှောင်ယွီ လင်းရီကို စရန် အချက်ပြလိုက်သည်။
လင်းရီ ကားရှေ့သို့ လျှောက်သွားလိုက်ပြီး ကင်မရာသို့ စကားပြောကာ "ကဲ ခု ကျွန်တော်တို့ ရှေ့မှာ ရောက်ရှိနေတဲ့ Civic ကတော့ 1.5 T အင်ဂျင်နဲ့ မြင်းကောင်ရေအား 177 ရှိတဲ့ ထိပ်တန်း လက်ထိုးဂီယာကား တစ်စီး... ဒီကောင့်ရဲ့ စွမ်းဆောင်ရေပိုင်း အရဆိုရင် ယွမ် နှစ်သိန်းခွဲအောက် ကားတွေမှာ ဒီကောင်က အကောင်းဆုံးပဲဆိုတာ ကျုပ် အာမခံရဲတယ်..."
"ဒုတိယအနေနဲ့ အထင်ကြီးစရာ အကောင်းဆုံးကတော့ Civic ထဲ အသုံးပြုထားတဲ့ နည်းပညာ .. ပြောင်းလဲနှုန်းပဲ..."(လောင်စာကနေ စက်စွမ်းအင်ကို ပြောင်းတာ )
"1.5 T အင်ဂျင်တည်းဆိုပေမယ့် 0-100 ကီလိုမီတာ အရှိန်နှုန်းက Volkswagen class Aနဲ့ B မော်ဒယ်လ်အားလုံးထက်ကိုတောင်မှ ကျော်လွန်တယ်... အပူပြောင်းလဲနှုန်းဆိုရင်လည်း 37.5 ရာခိုင်နှုန်း ရှိပြီးတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွက်မယ်ဆိုရင်တောင် အကောင်းဆုံးလို့ ပြောလို့ရတယ်..."
( class A ကျ ကားသေး - ဆီစားသက်သာတယ်…
Class B ကျ A ထက် နည်းနည်းကြီးတယ်… မိသားစုစီးကား )
လင်းရီ၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက် ကျန်းရီလေ့နှင့် စွန်းချန်တို့ အလွန်အမင်း အံ့အားသင့်သွားကြသည်။
သူက ကားရောင်းတဲ့ သူလား.. ဒါမှမဟုတ် ငါတို့ကပဲ ကားရောင်းတဲ့သူတွေလား...
ဘာလို့ ငါတို့တောင် မသိတဲ့ ပရော်ဖက်ရှင်နယ် အချင်အလက်တွေကို သူက သိနေရတာ....
"နောက်တစ်ချက်က ဆီစားနှုန်းပဲ... မြို့ထဲမှာဆို ၆ လီတာတည်းနဲ့ တစ်ရာကီလိုမီတာ မောင်းလို့ရတယ်... အမြန်လမ်းမှာဆိုရင်တော့ ၄လီတာဆို လုံလောက်ပြီ... ဒါက အလုပ်သမား လူတန်းစားတွေအတွက်တော့ အရမ်းကို တွက်ချေကိုက်တယ် ပြောလို့ရတယ်...
"အင်ဂျင်ပါဝါနဲ့ ဆီသုံးစွဲမှုတွေ အပြင်ကို Civic မှာတခြားသော အားသာချက်တွေ အများကြီး ရှိနေသေးတယ်….ဥပမာ …........"
လင်းရီ အားသာချက်များကို နှစ်မိနစ် သုံးမိနစ်အတွင်း အစဉ်အတိုင်း ရွတ်ပြသွားခဲ့၏။
ကျန်းရီလေ့မှာတော့ အင်မတန် အထင်ကြီးနေပြီး လင်းရီကို ပရော်ဖက်ရှင်နယ် တစ်ယောက်ဟုတောင် မှတ်ယူနေလေပြီ။
"စွန်းချန်... မင်း သူများကို ကြည့်လိုက်စမ်း.. သူဆို စထွင်မာနော်... ဒါပေမယ့် ကားအကြောင်း မင့်ထက်တောင် ပိုပြီး သိနေသေးတယ်... မင်းကော အဲ့လိုမျိုး လုပ်နိုင်လား... "
"မန်နေဂျာကျန်း .... ရှင် ကျွန်မကို ရယ်အောင် လာလုပ်နေတာလား... သုံးနှစ် ဆက်တိုက် ကားရောင်းလာခဲ့တာနော်.. အဲ့လောက်လေးကတော့ ကျွန်မလည်း မျက်စိမှိတ်ပြီး ရွတ်ပြလို့ရတယ်..."
"ဒါပေမယ့် သူလည်း ဆိုးတော့ မဆိုးပါဘူးဟ.. ဆိုင်က တခြား အရောင်းသမတွေထက်တောင် ကားအကြောင်း ပိုသိနေသေးတယ်..."
"အဲ့တော့ ဘာဖြစ်... ကျွန်မကတော့ သူ ဆယ်စီး ရောင်းနိုင်မယ်ဆိုတာ မယုံပေါင်...."စွန်းချန်ပြောလိုက်ပြီး "ကျွန်မ အရင် ခြောက်လတုန်းက ဘာလို့ လတိုင်း အရောင်းချန်ပီယံ ဖြစ်လဲဆိုတာ သိလား..."
" ဘာလို့လဲ.. လျှို့ဝှက်ချက်တွေ ဘာတွေများ ရှိနေလို့လား...."
"ပြောပြမယ်.. သူ ခုလို ရောင်းနေတဲ့ ပုံစံနဲ့ဆို တစ်စီးမှ ရောင်းထွက်ဖို့ လမ်းမမြင်ဘူး...."စွန်းချန်ပြောလိုက်ပြီး "ကမ္ဘာပေါ်မှာ လုံး၀ ပြီးပြည့်စုံတဲ့ ကားဆိုတာ မရှိဘူး... သူက Civic ရဲ့ ကောင်းကြောင်းတွေ ချည်း တရစပ် ရွတ်ပြသွားခဲ့တာ... ကြည့်ရှုနေတဲ့ သူတွေက အရူးလား... သေချာပေါက် လိမ်နေတယ် ထင်မှာပဲ... ဒါကြောင့်မို့ ကျွန်မ ကား မိတ်ဆက်ပေးရင် ကောင်းချက်တွေ ပြောပြပြီးရင် မကောင်းတဲ့ အချက်လေးတွေလည်း ကြား ညှပ်ညှပ်ပြီး ပြောသွားတာ... အဲ့တာမှ ပိုပြီး စစ်မှန်တဲ့ ပုံစံ ပေါက်တာ... ပြီးတော့ ကတ်စတန်မာ စိတ်ပြောင်းတဲ့ နှုန်းလည်း မြန်တာ... သူ့လိုမျိုး ပုံစံနဲ့ ချဉ်းကပ်လို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...."
ကျန်းရီလေ့ တိတ်တဆိတ် ခေါင်းညိမ့်လိုက်၏။
စွန်းချန်၏ စကားလုံးများက အဓိပ္ပာယ်ရှိသည်။
ယင်းကလည်း ဝါရင့် အရောင်းသမားနှင့် newbie ကြားရှိ ကွာဟမှုပင်။
ကျန်းရီလေ့ ကျန်းရှောင်ယွီဘက်ခြမ်းသို့ လျှောက်လာပြီး “ အခြေအနေ ဘယ်လိုရှိလဲ…”
“ လိုက်စထွင်းကတော့ အတော်လေး ပေါ်ပြူလာဖြစ်နေပြီ… ပြီးတော့ ကွန်းမန့်တွေကလည်း တက်နေတာ တရစပ်ပဲ…”
ကျန်းရီလေ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို ကြည့်လိုက်တော့ စွန်းချန်ပြောသည့် အတိုင်း ကြည့်ရှုသူများမှ အငြင်းပွားနေကြလေသည်။
“ မျက်နှာဖုံးအစ်ကိုကြီးက သောက်ရမ်း အကြွားသန်တာပဲ… သူတကယ်ကြီး စွမ်းဆောင်ရည်ခြင်းယှဉ်ရင် ယွမ် ၂၅၀,၀၀၀ အောက်က ကားတွေ အားလုံးထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောလိုက်တယ်လား…”
“ ဟုတ်တယ် ဟုတ်တယ်.. ပြီးတော့ ပြောင်းလဲနှုန်းတောင် ကိန်းဂဏန်းနဲ့ ပြောပြသွားလိုက်သေး… ငါတို့ကို ဘာမှ မသိတဲ့ ကောင်တွေဆိုပြီး လျှောက်ရွတ်ပြနေလားမသိ… သေချာပေါက် ဂဏန်း အမှားကြီးတွေပဲ ဖြစ်မှာ… ငါတို့ ဝယ်ပြီးလို့ စမ်းမောင်းကြည့်တဲ့ အချိန်ကျရင် သေချာပေါက် သူပြောသလိုမျိုး ကောင်းမှာ မဟုတ်ဘူး…”
“ ငါ့အစ်ကိုကြီးကတော့ သူများဆီက ပိုက်ဆံတွေ အများကြီး စားထားပြီနဲ့တူတယ်… ကြော်ငြာ နေတာကြီးက လုံးဝကို တစ်ဖက်သတ် ဆန်လွန်းတယ်…”
စွန်းချန် အထင်သေးစွာဖြင့် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့၏။
4S စတိုးဆိုင်၏ အရောင်း ချန်ပီယံတစ်ဦးအနေဖြင့်တောင် လင်းရီပြောသွားသည်က အနည်းငယ် မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားနေရလေသည်။
အရှိန်နှုန်းချင်းယှဉ်မည်ဆိုပါက Volswagen class A နှင့် class B ကားများကို ချေမှုန်းနိုင်သည်ဟုတောင် ပြောသွားခဲ့သည်။
ယင်းက ရယ်ရွှင်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကြည့်ရှုသူများ ငြင်းခုန်နေကြသည်ကလည်း ငြင်းခုန်ချင်စရာပင်။
လင်းရီ ကျန်းရှောင်ယွီထံ ရောက်လာပြီး မေးလိုက်၏။
“ အခြေအနေ ဘယ်လိုရှိလဲ…. ကားဝယ်ချင်တဲ့ သူတွေ မရှိသေးဘူးလား…”
ကျန်းရှောင်ယွီ ပခုံးတွန့်လိုက်ပြီး “ အကုန်လုံးက ဂျင်းထည့်နေတယ်ပဲ ထင်နေကြတာ…. Civic က နင်ပြောသလောက်လည်း ကောင်းမယ် မထင်ဘူးတဲ့…”
အမှန်တွင်တော့ ကြည့်ရှုသူများသာမက သူမပင် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေသည်။
ယွမ်တစ်သိန်းကျော်လောက်ပဲ ပေးရတဲ့ ကားက အဲ့လောက် ကောင်းနိုင်မှာလားတဲ့…
တကယ်လို့ စွမ်းဆောင်ရည်ကသာ တကယ်ကြီး အဲ့လောက်ထိ ကောင်းနေမယ်ဆိုရင် ဘာလို့ ကျန်တဲ့ကားတွေ ဝယ်နေတော့မှာ…
ကျန်းရှောင်ယွီ အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့၏။
အစ်ကိုရီ ပထမဆုံး Live stream လုပ်တာက ဒီလိုပဲ ကျရှုံးသွားပြီလား…
“ သူတို့က စွမ်းဆောင်ရည်ကို သံသယရှိနေကြတာလား… လွယ်ပါတယ်…. အပြင်ထွက်ပြီး စမ်းမောင်းပြလိုက်မယ်လေ… သူတို့ကို ကိုယ်တိုင် ခံစားကြည့်ခိုင်းလိုက်တာပေါ့….”
“ မင်းက စမ်းမောင်းကြည့်ချင်သေးတာလား..” ကျန်းရီလေ့ အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်၏။
“ မြည်းဖြစ်ဖြစ် မြင်းဖြစ်ဖြစ်.. စမ်းစီးကြည့်ရမယ်မဟုတ်ဘူးလား… မဟုတ်ရင် ကျုပ် လေကုန်ခံပြီး ဘယ်လောက်ပြောပြော လေကြီးတယ်ပဲ ထင်နေကြမှာ…. အဲ့တာက ပျင်းဖို့ကောင်းတယ်….” လင်းရီ ပြောလိုက်ပြီး
“ စမ်းမောင်းကြည့်လို့ရတဲ့ ဝန်ဆောင်မှု ရှိတယ်မလား…”
“ ရှိတော့ရှိတယ် ဒါပေမယ့်…….”
ကျန်းရီလေ့ ဘေးကျပ်နံကျပ် ဖြစ်နေပြီး သူ၏ အတွေးများကို ထုတ်မပြောနိုင် ဖြစ်နေသည်။
‘ မင်းခုနလေးတင် ပြောသွားတဲ့ အချက်အလက်တွေက ဓာတ်ခွဲခန်းမှာ သေချာစမ်းသပ်စစ်ဆေးမှ ရနိုင်တဲ့ဟာတွေဟ… တကယ်လို့ အပြင်မှာ စမ်းမောင်းကြည့်မယ်ဆိုရင် အဲ့လို စွမ်းဆောင်ရည်မျိုးရအောင် ဘယ်လုပ်နိုင်မှာ…
ဒီလောက်ထိ ကြွားဝါထားပြီးတော့မှ တကယ်ကြီး လက်တွေ့မပြနိုင်ရင် လစ်ပြီပေါ့ကွ…. သွားပြီ..… ဒီနေ့ Live stream က လုံးဝ ကျရှုံးသွားပြီ….
ရောင်းအား မတိုးလာရုံတင် မကသေးဘူး.. ကားရဲ့ စွမ်းဆောင်ရည် အပေါ်မှာပါ မေးခွန်းထုတ်စရာ ဖြစ်သွားပြီ…
ဒါက အနာဂတ် ကားရောင်းဝယ်ရေးကိုပါ ထိခိုက်လာနိုင်တယ်….
သို့သော်လည်း ယခု အခြေအနေထိ ရောက်နေပြီးတော့မှ အစမ်းမောင်းခွင့်မပြုနိုင်ဘူးဆိုပါက လိမ်ညာနေကြောင်း ဝန်ခံရာ ရောက်သွားနိုင်လေသည်။
ထိုသို့ ဖြစ်ပွားလာမည်ဆိုပါက ကြည့်ရှုသူများမှာ ဝယ်ယူရန် အပထား၊ Live stream ပင် ဆက်ကြည့်လိမ့်မည် မဟုတ်တော့ချေ။
သူ အခု ဘယ်လိုလုပ်သင့်လဲ…
ထိုအခိုက်အတန့်တွင် စွန်းချန် ရောက်လာပြီး ကျန်ရီလေ့ဘေးတွင် ရပ်ကာ တီးတိုးပြောလိုက်၏။
“ မန်နေဂျာကျန်း.. ကျွန်မတို့ သူ့ကို စမ်းမောင်းခွင့်ပြုလိုက်လို့ မဖြစ်ဘူးနော်… မဟုတ်ရင် ဖော်ထုတ်ခံလိုက်ရလိမ့်မယ်….”
“ ငါလည်း ဘယ်လိုငြင်းရမလဲ စဉ်းစားနေတာ…” ကျန်းရီလေ့ ပြောလိုက်ပြီး “ တကယ်လို့ ဒီလိုဖြစ်မယ်မှန်း သိရင် စထွင်မာ မငှားပါဘူးကွာ…”
နှစ်ယောက်သား တီးတိုး တီးတိုး ဆွေးနွေးနေကြစဉ် လင်းရီ စကားဖြတ်ပြောလိုက်၏။
“ စမ်းမောင်းကြည့်လို့ရတဲ့ ဝန်ဆောင်မှု ရှိမှတော့ မောင်းတာပေါ့… ကားသော့က ဘယ်နားမှာ… viewer တွေက စောင့်နေကြတာနော်… သူတို့ကို စိတ်မရှည်အောင် မလုပ်နဲ့…”