နောက်ထပ် ကံကောင်းခြင်းကတ်
Vol. 45 Ch. 671
ဂိုဒေါင် တံခါး ဖွင့်လိုက်သည့် အခိုက်အတန့်တွင်ပဲ တိုက်ရိုက်ထုတ်လွင့်ခန်း တစ်ခုလုံး ငြိမ်သက်သွားခဲ့တော့၏။
စောနက စက်သေနတ် ကျည်ဆံပစ်သကဲ့သို့ တက်နေသည့် ကွန်းမန့်များမှာ ယခုတော့ လူမရှိသည့်အလား ကင်းမဲ့နေလေသည်။
လူတိုင်း၏ အကြည့်မှာ အနက်ရောင် စူပါကားထံတွင် တွယ်ကပ်ထားကြ၏။
ကြည့်ရှုသူ အများစုမှာ ကားဝါသနာအိုးများ ဖြစ်ကြသောကြောင့် တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိလေသည်။
သံသယရှိနေစရာ မလိုပဲ ယင်းက ကမ္ဘာ့ အကန့်အသတ်နှင့် ထုတ်ထားသည့် 126 မီလီယမ် တန်ကြေးရှိသည့် La Voiture Noire ပင်။
တိတ်ဆိတ်မှုက တစ်မိနစ်ကြာအောင် ကြီးစိုးသွားခဲ့၏။
ထို့နောက် နျူးကလိယ ပေါက်ကွဲသကဲ့သို့ ကွန်းမန့်ဗုံးများ ပေါက်ကွဲထွက်လာတော့သည်။
ကွန်းမန့်များ တရစပ် တက်နေသည့် နှုန်းမှာ မြန်ဆန်လွန်း၍ ဖတ်မရအောင်ကိုပင် ဖြစ်လာခဲ့တော့၏။
“ တကယ်ကြီး La Voiture Noire ဟ… ကားတို့ရဲ့ နတ်ဘုရား… 126 မီလီယမ် တန်ကြေးရှိတယ်…. “
“ အိုးမိုင်ဂေါ့ဒ်… ငါ့အိပ်မက်လေးကို မြင်တွေ့ခွင့်လိုက်ရပြီ….”
“ အဝေးက ငေးကြည့်နေရုံပါပဲ ကောင်မလေးရယ်….”
“ မျက်နှာဖုံး အစ်ကိုကြီးက သောက်ရမ်း လန်းတယ်… သူ့မှာ တကယ်ကြီး အဲ့ကား ရှိတာပဲဟ….”
“ ဟားဟား… စောနက ထရိုးနေတဲ့ကောင်တွေ… မင်းတို့ မျက်နှာ စပ်သွားသလား…. ဒါက မျက်နှာဖုံး အစ်ကိုကြီးကို အထင်သေးတဲ့ အကျိုးဆက်ပဲ…”
“ ငါတော့ စောက်ရမ်းတွေ လေးစားမိသွားပြီ… ဒီလို တိုင်ကွန်းမျိုးက ငါ စော်ကားဖို့ မတတ်နိုင်ဘူး…”
“ ဖော်လိုလိုက်ပြီနော် အစ်ကိုကြီး…”
“ အစ်ကိုကြီး … အဲ့မှာပဲ ရပ်ကြည့်မနေနဲ့လေ…. အနီးကပ်လေး ပြပါဦး….”
လင်းရီ စကားပြောတော့မည့် အချိန်တွင် ကျန်းရှောင်ယွီ ဟန့်တားလိုက်ပြီး ကင်မရာကို ကြည့်၍ “ စထွင်းက ခု ခုနစ်သိန်းခွဲရှိနေပြီ… လူတိုင်းပဲ ကူရှဲပေးကြဦး… တစ်သန်းပြည့်တဲ့ အချိန်ကျရင် တို့ရဲ့ မျက်နှာဖုံး အစ်ကိုကြီးနဲ့ La Voiture Norie ကို အနီးကပ်ကြည့်ကြမယ်….”
ကျန်းရှောင်ယွီမှာ တိုက်ရိုက်ထုတ်လွင့်ရာ၌ အတော်လေး ကျွမ်းကျင်သည်ဟု ဆို၍ ရ၏။
အကယ်၍ လင်းရီအလိုသာဆိုပါက သူ ချက်ချင်း ကားကို အနီးကပ်ပြလိုက်ပေမည်။
ထိုသို့ ပြလိုက်သည်နှင့် Live stream မှာလည်း အဆုံးသတ်ပြီဖြစ်၏။
သူ၏ ရေပန်းစားမှုကိုလည်း တိုးမြင့်နိုင်လိမ့်မည် မဟုတ်ချေ။
ဤနေရာတွင် အတွေ့အကြုံချင်း ကွာခြားမှုက စကားပြောသွားလေသည်။
ဆက်တိုက်စုပြုံရောက်ရှိလာသည့် ကြည့်ရှုသူများကြောင့် လင်းရီ၏ ရေပန်းစားမှူမှာ ရှစ်သိန်းပမာဏအထိသို့ ထိုးတက်သွားခဲ့သည်။
ထိုအချိန်အတွင်း ကျန်းရှောင်ယွီလည်း ငြိမ်ငြိမ်ထိုင်မနေပဲ ကြည့်ရှုသူများအား ကျိုကျုံးဗီလာအနှံ့ လိုက်ပြနေလေသည်။
“ မျက်နှာဖုံး အစ်ကိုကြီးက ဘာများ လုပ်ပါလိမ့်… သူ တကယ်ကြီး ဒီလောက် ချမ်းသာတဲ့ သူနဲ့ ရင်းနှီးနေတယ်ပေါ့… ငါတော့ လေးစားသွားပြီ….”
“ မျက်နှာဖုံး အစ်ကိုကြီး ကိုယ်တိုင်ပြောတာ ကျိုကျုံးဗီလာနဲ့ La Voiture Noire က သူ့အပိုင်တဲ့… နင်တို့ ယုံကြလား…” ကျန်းရှောင်ယွီ မေးမြန်းလိုက်၏။
“ငါတော့ မထင်... သေချာစဉ်းစားကြည့်ကြည့်ကွာ… ကျိုကျုံးဗီလာမှာ အိမ်တစ်လုံးနဲ့ La Voiture Noire ဝယ်နိုင်တဲ့သူက အနည်းဆုံး ချင်းဟန်လို ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူ ဖြစ်ရမှာ… အဲ့လို အဆင့်ရောက်နေမှတော့ Live stream တွေလွင့်ပြီး အလုပ်ရှုပ်ခံနေမယ် ထင်လား….”
“ အမှန်ပဲ… တကယ်လို့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကသာ တိုက်ရိုက်ထုတ်လွင့်ချင်တယ်ဆိုရင် သူ့ကို ဖော်လံဖားချင်နေတဲ့သူတွေမှ တစ်ပုံကြီး… ဘာကိစ္စ ရှောင်းယွီလိုလူမျိုးကို သူနဲ့အတူ တိုက်ရိုက်ထုတ်လွင့်ပေးဖို့ တောင်းဆိုမှာလဲ…ဟုတ်တယ်မလား....”
“ သပပဲ… နင်တို့ စကားလုံးတွေက အရမ်းနာကျင်ဖို့ ကောင်းတယ်…”
ရယ်မောဆဲဆိုပြီးနောက် ကျန်းရှောင်ယွီလည်း သူမ ကြည့်ရှုသူများ ပြောသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားနေရ၏။
ဟွာရှ၌ Live stream ကြည့်ရသည်ကို နှစ်သက်သည့် ချမ်းသာသည့် သခင်လေး တော်တော်များရှိပြီး အကယ်၍ လှပသည့် မိန်းကလေး တစ်ဦးကို တွေ့ပါက ပိုက်ဆံပေးပြီး အပြင်ခေါ်ကာ ပျော်ပါးတတ်ကြလေသည်။
သို့သော်လည်း ထို့သို့သောသူများက တိုက်ရိုက်ထုတ်လွင့်သည်ကိုတော့ မမြင်ဖူးသေးချေ။
ထို့ကြောင့် သူမကြည့်ရှုသူများ ပြောသည်က ဖြစ်နိုင်ချေများ၏။ ဤသည်က သူ့သူငယ်ချင်းအိမ် ဖြစ်ရပေမည်။ သို့ကြောင့်သာ အတားအဆီးမရှိ ဝင်ထွက်ခွင့် ရနေခြင်းပင်။
“ ဒီအိမ်နဲ့ La Voiture Noire က မျက်နှာဖုံး အစ်ကိုကြီး အပိုင် ဟုတ်မဟုတ် ခေါင်းထဲထည့်မနေကြနဲ့… ကျိုကျုံးဗီလာထဲ ဝင်နိုင်ပြီးတော့ နင်တို့ကို La Voiture Noire ပြနိုင်တာနဲ့တင် အထင်ကြီးဖို့ ကောင်းနေပြီ…”
“ ငါလည်း သဘောတူတယ်… မျက်နှာဖုံး အစ်ကိုကြီးက အံ့အားသင့်ဖို့ ကောင်းနေတုန်းပဲ… ငါတော့ သူ့ကို ဖောလိုးထားပြီးပြီ… နောက်ကျရင် သူဘာပဲ စထွင်းနေပါစေ… မလွတ်တမ်း အားပေးပြီ….”
“ ငါ ခဏနေကျရင် ဖန်ဂရုဖွင့်လိုက်မယ်… နင်တို့ စိတ်ဝင်စားရင် join ထားကြပေါ့… တကယ်လို့ နင်တို့ တောင်းဆိုစရာရှိရင်လည်း အဲ့ဒီဂရုထဲမှာ လွတ်လွတ်လပ်လပ် တောင်းဆိုလို့ရတယ်နော်… မျက်နှာဖုံး အစ်ကိုကြီးရဲ့ အစွမ်းအစတွေနဲ့ဆိုရင် သေချာပေါက် နင်တို့ကို ပိုစိတ်လှုပ်ရှားပြီး ပျော်ဖို့ကောင်းတဲ့အရာတွေ ပြပေးနိုင်မှာ….”
“ ပြဿနာမရှိဘူး… ငါ့ကို ထည့်တွက်လိုက်… သေချာပေါက် Join ထားမယ်…”
ကျန်းရှောင်ယွီမှ ကြည့်ရှုသူများနှင့် စကားပြောနေစဉ် စနစ်၏ အသိပေးသံက လင်းရီ၏ စိတ်ထဲတွင် မြည်ဟီးလာလေသည်။
[ မစ်ရှင် ပြီးမြောက်ပါပြီ ]
[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
[အလုပ်ပြီးမြောက်နှုန်း : 30 % ]
[ဆုလဒ် : ကံကောင်းကတ် ( အသုံးပြုနိုင်သည့် အချိန် - ၂၀ မိနစ်) ]
“ နောက်ထပ် ကံကောင်းခြင်းကတ်လား…”
လင်းရီ အဆိုပါ ကံကောင်းခြင်းကတ်များကို အင်မတန် ကြိုက်နှစ်သက်၏။ ယခုတစ်ကြိမ်တွင်တော့ အသုံးပြုနိုင်ချိန်မှာ မိနစ်နှစ်ဆယ်ပင်။
ယခင် တစ်ခေါက် ရရှိသည့် ကံကောင်းခြင်းကတ်နှင့်ဆိုပါက သူ့တွင် စုစုပေါင်း နှစ်ကတ်ရှိနေပြီး အသုံးပြုနိုင်ချိန်ကတော့ နာရီဝက်ပင်။
မဆိုးပါဘူး… အရေးပါတဲ့ အခိုက်အတန့်တွေမှာ သူ့အသက်ကို ကယ်တင်ဖို့ အသုံးပြုလို့ရတယ်လေ…
ရန်ကွမ်းရှကို ခွဲစိတ်ပေးနေရတဲ့ အချိန်လိုမျိုးပေါ့….
“ အစ်ကို…”
ကျန်းရှောင်ယွီ သူ့ထံ ရောက်လာပြီး “ ခု Live stream ထဲက ရေပန်းစားမှု တစ်သန်းကျော်သွားပြီ… နောက်တစ်ဆင့်ကို တက်ကြစို့လေ…”
“ အိုကေလေ… သွားကြစို့…”
လင်းရီ ကျန်းရှောင်ယွီကို ဂိုဒေါင်ထဲ ခေါ်လာခဲ့လိုက်၏။
La Voiture Noire ကို အနီးကပ်မှ ကြည့်ရှုနိုင်လိုက်ခြင်းက လူတိုင်းကို စခရင်မှ တစ်ဆင့် သွားရည်ကျနေစေတော့၏။
“ ဒီရဲ့ ရှေ့နှုတ်ခမ်းလေး(စမ်းဘား)… ဒီရဲ့လိုင်းတွေ … ကြိုက်တယ်ကွာ….”
“ ဒီကား တာယာ တစ်လုံးက ငါ့ရပ်ကွက်ထဲမှာ အိမ်တစ်လုံး ဝယ်ဖို့ လောက်တယ် …”
“ ဒါကြီးကတော့ လူမဆန်လွန်းသွားပြီ… ရူးလောက်စရာပဲ…”
“ အစ်ကိုကြီး.. မင်း အစမ်းမောင်းပြလို့ရလား….”
လင်းရီ ပခုံးတွန့်လိုက်ပြီး “ လိုင်စင်ပြား မရသေးတော့ မောင်းလို့ မရသေးဘူး… နောက် သုံးလေးရက်နေရင်တော့ မောင်းလို့ ရပြီ…”
ကျိုးဟိုင်၌ လင်းရီ၏ အဆင့်အတန်းဖြင့် ဆိုပါက သူသာ ကားမောင်းချင်လျှင် လိုင်စင်နံပါတ်ပြားပင် မလိုအပ်ချေ။ အကြောင်းရင်းကတော့ သူကားကို ထုတ်မမောင်းချင်သေးသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်က ကားအသစ်ဖြစ်ပြီး ကျီချင်းရန်ကို ဦးစွာ ထိုင်စေချင်လေသည်။
မည်သူကမျှ လင်းရီ၏ စကားလုံးများကို ချဲ့ကား တွေးမနေချေ။
ယခုလို စူပါကားကို မြင်ခွင့်ရသည်ကပင် အတော်လေး ရှားပါးနေပြီး ဖြစ်၏။
စမ်းမောင်းသည်ကတော့ သူတို့ အခွင့်ကြုံပါက ကြည့်ရှုနိုင်ပြီး အတင်းအကြပ်တောင်းဆို၍ ရသည့် အရာ မဟုတ်ချေ။
Live stream ပြီးနောက် ကျန်းရှောင်ယွီ ပစ္စည်းကိရိယာများကို သိမ်းလိုက်ပြီး လင်းရီကို ပြုံးပြကာ “ အစ်ကိုရီ… ဒီနေ့ Live stream က တော်တော်လေးကို အောင်မြင်တယ်နော်… ရှင့်ရဲ့ ပွဲဦးထွက် ထုတ်လွင့်တာက ကြည့်ရှုသူ တစ်သန်းတောင် ကျော်တယ်ဆိုတော့ နောင်ကျ ကိုယ့်ဘာကို ထုတ်လွင့်ရင် ကြည့်ရှုသူ မရှိမှာ စိတ်ပူစရာ မလိုတော့ဘူး…”
“ အင်း… ကူညီပေးလို့ ကျေးဇူးပဲ…”
“ မဟုတ်တာ အစ်ကိုရီကလည်း…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ရှင်က ကျွန်မကို စူပါဒုံးပျံတွေ အစင်းငါးရာတောင် လက်ဆောင်ပေးထားတာလေ… ဒီတော့ ကူညီပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား…”
“ အဲ့ ဒုံးပျံတွေကို မေ့ထားလိုက်…”
ကျန်းရှောင်ယွီ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး “ အစ်ကိုရီ… ပြန်ကြစို့လေ… ဒီလို အဆင့်မြင့်တဲ့ အိမ်ယာမှ နောက်ကျအောင်နေတာက မကောင်းဘူး…”
“ ဘာမကောင်းစရာရှိလို့ … ဒါငါ့အိမ်ကိုပဲ…”
“ အာ….”
ကျန်းရှောင်ယွီ၏ အမူအရာမှာ အလွန်အမင်း ချဲ့ကားသွားခဲ့ပြီး “ ဒါဆို ဒါက တကယ်ကြီး ရှင့်အိမ်ပေါ့နော်…”
“ မဟုတ်ရင် အဝင်ဝက လုံခြုံရေး အစောင့်တွေ ပေးဝင်မယ်လို့ ထင်လား…”
“ ဒါ...ဒါဆို အဲ့ဒီ La Voiture Noire ကလည်း ရှင့်ကားပေါ့….”
“ ယွမ် ၁၀၀ မီလီယမ်ကျော်လေးတည်း ပေးရတဲ့ ကားလေးပါကွာ…. အဲ့လောက်ထိလည်း ရှော့ခ်ရနေစရာ မလိုပါဘူးဟ…”
ကျန်းရှောင်ယွီ သွေးအန်လုနီးနီး ဖြစ်သွားခဲ့၏။
“ကျွန်မတို့လို သူဆင်းရဲတွေရဲ့ ခံစားချက်ကိုလည်း ငဲ့ညှာပေးပါဦး သူဌေးရယ်… တကယ်လို့ ကျွန်မမှာသာ ယွမ် တစ်ရာမီလီယမ်ကျော်ရှိလို့ကတော့ စထွင်မာ လုပ်မနေတော့ဘူး…”
“ ဒါပေမယ့် ကျွန်မ သိချင်နေတာ… ရှင်က ရုပ်လည်း အရမ်းချော… ပိုက်ဆံလည်း ရှိနေတာကို ဘာလို့ စထွင်မာလုပ်ချင်နေတာ…”
ကျန်းရှောင်ယွီ ယခင်ကတည်းက အဆိုပါ မေးခွန်းကို မေးမြန်းချင်နေခဲ့၏။ သို့သော်လည်း လင်းရီမှာ ယခုလောက်အထိ ချမ်းသာနေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
သူက ဒီလောက်ထိ ကျိကျိတက် ချမ်းသာနေတာကို စထွင်မာ လုပ်ချင်နေသေးတယ်… ပြီးတော့ သူလုပ်နေတာကလည်း လေးလေးနက်နက်နဲ့….
အဲ့ဒါက အရမ်း ထူးဆန်းလွန်းတယ်….
“ ဆန်းလို့လားဟ…”
“ သေချာပေါက် ဆန်းတာပေါ့…. လုံးဝကို ပဟေဠိ ဖြစ်စရာပဲ… ရှင့်လိုမျိုး ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ စထွင်မာ လုပ်တယ်ဆိုတာ တစ်ခါမှကို မမြင်ဖူးတာ….”
“ အကြောင်းပြချက်ကတော့ သူတို့ ဒီလိုမလုပ်ဘူးဆိုတာက ရှင်းပါတယ်…. ငါ့အဆင့်ကို မရောက်သေးလို့ပေါ့….” လင်းရီ ပြောလိုက်ပြီး “ လင်းရီ ပြောလိုက်ပြီး “ တစ်မျိုး ပြောရရင် ငါ့လောက် မချမ်းသာသေးလို့ပေါ့ကွာ…”