ပရောဂျက် ပိတ်ဆို့ ခံထားရတယ်
Vol. 45 Ch. 673
“ တကယ်နော်…”
“ ဟွန့်… ကျွန်မ… ကျီချင်းရန်က သူ့စကားသူ ပြန်ရုတ်သိမ်းဖူးတာ ရှင်ဘယ်တုန်းက မြင်ဖူးလို့လဲ….”
ကျီချင်းရန်မှာ ကားထဲရောက်နေသော်လည်း သူမ၏ ဂုဏ်ဆာနေသည့် အမူအရာကိုတော့ လင်းရီ မြင်ယောင်နေဆဲပင်။
“ အိုကေ … အဲ့တာဆို အတည်ဖြစ်ပြီ…”
“ နင်ငါ့ကို ရှာတွေ့ မတွေ့ ကြည့်ကြတာပေါ့…” ကျီချင်းရန် ပြောလိုက်ပြီး “ မှတ်မိပါစေနော်… ငါနင့်ကို ပေးထားတဲ့ အချိန်က ဆယ်မိနစ်တည်းရယ်… တကယ်လို့မှ မရှာနိုင်ဘူးဆိုလို့ကတော့ ငါ့ကို အနိုင်ကျင့်ပါတယ်ဆိုပြီးတော့မှ လာမပြောနဲ့….”
“ ဆယ်မိနစ်တောင် မလိုဘူး… ငါးမိနစ်ဆိုရပြီ…”
“ ကျွတ်… အဲ့မှာ ကြွားနေလိုက်..” ကျီချင်းရန် ပြောလိုက်ပြီး “ ငါကတော့ ကိုယ်စားမယ့် နေရာကို စဉ်းစားပြီးသွားပြီ… နင်ဘယ်လို ရှာမလဲဆိုတာ ကြည့်စမ်းပါဦးမယ်..ဟမ့်…”
“ အိုကေပါ…”
မကြာမီ ကျီချင်းရန် ဖုန်းချသွားခဲ့၏။
ထို့နောက် ကားစက်နှိုးသည့် အသံများ ထွက်ပေါ်လာပြီး အဖြူရောင် မာစီးတီး ကားပါကင်မှ ထွက်ခွာသွားခဲ့ကာ လင်းရီ သူမနောက်မှ မသိမသာ လိုက်လာခဲ့လေသည်။
အကယ်၍ မှုခင်း အတွေ့အကြုံ ရှိသူတစ်ဦးဆိုလျှင်တော့ တစ်စုံတစ်ယောက်မှ သူတို့နောက် လိုက်နေကြောင်းကို သေချာပေါက် သတိပြုမိလိမ့်မည် ဖြစ်သော်လည်း ကျီချင်းရန်ကတော့ ခြားနား၏။
ကားမောင်းရင်း သူမအတွေးနှင့် သူမ အလွန်အမင်း စိတ်ကျေနပ်နေလေသည်။
'ချောင်ရန်အုပ်စုကနေ ခု ငါသွားမယ့် စားသောက်ဆိုင်ကို ရောက်ဖို့ဆို ဆယ်မိနစ်ကြာတယ်…'
'လင်းရီ သူ့ဗီလာကနေ ထွက်လာမယ်ဆိုရင် အနည်းဆုံး နာရီဝက်လောက်တော့ ကြာမှာပဲ…'
'သူ ငါဘယ်သွားမလဲ ကြိုသိနေရင်တောင် ဆယ်မိနစ်အတွင်း ရောက်လာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….'
'ဟွန့်… ကောင်စုတ်… နင်ဒီတစ်ခါ ရှုံးဖို့ ပြင်ထားစမ်း…'
'ခုကစပြီး ငါ့ကို ထပ်စနောက်ဖို့ မစဉ်းစားနဲ့တော့…'
ဆယ်မိနစ်ကြာပြီးနောက် ကျီချင်းရန် ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ရှေ့သို့ ထိုးရပ်လိုက်၏။
တိုက်ဆိုင်စွာဖြင့် ဆိုင် အပြင်အဆင်မှာ လင်းရီ ရန်ချိန်၌ စားသောက်ခဲ့ဖူးသည့် ရိဖုန်းခန်းမနှင့် တူညီနေလေသည်။
ဆိုင်ထဲသို့ ဝင်ရောက်ရင်း ကျီချင်းရန် သီးသန့်ခန်းတစ်ခုကို ယူလိုက်သည်။ သို့သော်လည်း အစားအသောက်များ မှာရန် အလောမကြီးသေးချေ။ ထိုအစား လင်းရီထံသို့ ဖုန်းဆက်လိုက်၏။
“ ဟိတ်…. ငါတော့ ရောက်နှင့်နေပြီနော်…နင်ပြောတာ ငါတို့ နှစ်ယောက်ကြားမှာ စိတ်ချင်းစပ်နေတယ်လို့ ပြောထားတယ်မလား..ခဏနေ နင်ရှာမတွေ့ရင် ဘယ်လို ရှင်းပြမလဲ ကြည့်ပါဦးမယ်….”
“ ဘ၀င်မြင့်မနေနဲ့... အချိန်တောင် မစေ့သေးဘူး…”
“ ဟုတ်လား…” ကျီချင်းရန် ဘဝင်ခိုက်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါက အမြဲတမ်း နိမ့်ချနေတတ်တဲ့ သူပါနော်… နင်ကသာ အရမ်း ဘဝင်မြင့်နေတာ… ငါ့ကိုတောင် ဆယ်မိနစ်အတွင်း ရှာပြမယ်လို့ ပြော…… တီ တီ တီ…………”
စကားမဆုံးမီ ဖုန်းကျသွားကြောင်း ကျီချင်းရန် သတိပြုမိလိုက်၏။
“ ဒီကောင် ဘာလို့ ဖုန်းချပစ်လိုက်တာ…”
တိုးတိုးလေး ရေရွတ်လိုက်ရင်း သူမ စိတ်ထဲ မည်သို့မျှ ထားမနေချေ။ ဖုန်းနာရီကို တစ်ချက်ကြည့်လိုက်တော့ ခြောက်မိနစ်ကျော်နေပြီးဖြစ်ကြောင်း သတိပြုမိလိုက်၏။
“ ဟမ့်… ဒီမှာ ရပ်နေပြီးတော့ နင်ငါ့ကို ဘယ်လိုတွေ့အောင် ရှာမလဲဆို ကြည့်စမ်းပါဦးမယ်…” ကျီချင်းရန် သူမ၏ လက်သီးသေးသေးလေးကို ဝင့်ရင်း ပြောလိုက်ပြီး “ ပေါ်မလာလို့ကတော့ အိမ်ရောက်တာနဲ့…..”
ချလပ်...
သူမ၏ အတွေးရေယာဉ်ကြောတွင် မျောပါနေစဉ် သီးသန့်ခန်းတံခါးမှာ ပွင့်ဟလာလေသည်။
သံသယ တရားခံ ပုံစံဖြင့် လူတစ်ဦးမှ သူမရှေ့တွင် ပေါ်လာသည်ကို မြင်တော့ ကျီချင်းရန် ထိတ်လန့်သွားခဲ့၏။
“နင်… နင်ဘယ်သူလဲ…”
လင်းရီ သူမျက်နှာပေါ်ရှိ ပစ္စည်းများကို ဖယ်ရှားပြီးနောက် အတောက်ပဆုံး ပြုံးပြလိုက်၏။
လင်းရီကို မြင်တော့ ကျီချင်းရန်မှာ သူမ၏ လှပသောမျက်ဝန်းလေးများဖြင့် ငေးမောမိသွားတော့၏။ သို့သော်လည်း သူမ၏ အကြည့်များမှာ ထူးဆန်းသည့် သတ္တဝါကို မြင်လိုက်ရသည့် အလား ဖြစ်နေလေသည်။
“ နင်…. နင်ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့သွားတာ…”
“ ငါတို့ နှစ်ယောက်က စိတ်ချင်းဆက်နေပါတယ်ဆိုနေ… မင်းဒီရောက်နေမှန်း သိတာ ထူးဆန်းလို့လား..” လင်းရီ ပြောလိုက်ပြီး “ ငါခုလေးတင် အချိန်ကြည့်လိုက်တာ ခြောက်မိနစ်ပဲ ရှိတယ်… ဆိုတော့ မင်း ရှုံးသွားပြီနော်…”
“ အရေးမပါတာတွေ…”
ထို့နောက် ကျီချင်းရန် တစ်စုံတစ်ခုကို တွေးတောမိလိုက်သည့်အလား မျက်လုံးအရောင် တောက်ပလာလေသည်။
“ နင်ငါ့နောက် လိုက်ချောင်းနေတာမလား…”
“ နိုးနိုး.... ဘာလို့ လိုက်ချောင်းတယ်လို့ ပြောနေတာ…” လင်းရီပြောလိုက်ပြီး “ ယဉ်ယဉ်ကျေးကျေး နောက်ယောင်ခံတယ်လို့ပဲ ပြောရတယ်…”
“ အာ… အဲ့တာကြီးက နားထောင်ရဆိုးလွန်းတယ်… လိုက်ချောင်းနေတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်…”
ကျီချင်းရန် စိတ်မကျေမနပ်ဖြစ်သလို ခံစားနေရရင်း ပါးဖောင်းထားလိုက်၏။
သူမ အနှီလူညစ်ကောင်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပြန်ပြီ။
အနာဂတ်တွင်တော့ သူမ ယခုလို စိန်ခေါ်မှုများကို လက်လွတ်စပယ် သဘောမတူလိုက်သင့်တော့ချေ။
ဘယ်သူသိနိုင်မှာ… သူမ လင်းရီရဲ့ ထောင်ချောက်ထဲ နောက်တစ်ကြိမ် ကျရောက်သွားတာလည်း ဖြစ်နိုင်တာပဲလေ….
“ အဲ့လောက်ထိ အသေးစိတ် ကပ်တွက်မနေနဲ့… တစ်ခုပဲ မှတ်ထားလိုက်… ငါနိုင်တယ်.... မင်းရှုံးတယ်… ဒါပဲ…ပေးထားတဲ့ ကတိကိုသာ မမေ့နဲ့… ဟွင်းဟွင်း….”
ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့ပြီး မီနူးကို လင်းရီထံသို့ အလျင်အမြန် တွန်းပို့လိုက်၏။
“ အဲ့အကြောင်းမပြောနဲ့တော့.. ငါဗိုက်ဆာပြီ… မြန်မြန်မှာလိုက်တော့…”
ကျီချင်းရန်မှာ အရေထူသည့် မိန်းကလေးမဟုတ်သည့် အပြင် ယခုနေရာမှာလည်း အများပြည်သူ သွားလာသည့် နေရာဖြစ်သောကြောင့် လင်းရီ သူမကို ဆက်လက် စနောက်မနေတော့ပဲ ဝိတ်တာခေါ်၍ စတင် အော်ဒါမှာလိုက်သည်။
ကျီချင်းရန် မှတ်မိသလောက်တော့ သူမတို့နှစ်ယောက် အလုပ်များနေသောကြောင့် ယခုလို အပြင်၌ ထမင်းအတူမစားရသည်မှာ ရက် အတော် ကြာနေလေပြီ။
“ နင်ဘာလို့ အဲ့လိုကြီး ဝတ်လာခဲ့တာ…” စားသောက်နေစဉ် ကျီချင်းရန်မှ မေးလိုက်၏။
“ မင်းပဲ အဲ့လို ဝတ်ဖို့ပြောထားတာ မဟုတ်ဘူးလား… Live stream လုပ်နေတုန်းမို့ အဲ့လို ဝတ်ထားတာလေ….”
“ ဟမ်… အဲ့တာဆို နင်ဒီနေ့ စစထွင်းနေပြီပေါ့…”
“ အေး ... စိတ်လှုပ်ရှားစရာ လိုလို့လား..”
“ ဟာ...နင်ကလည်း ...ဘာလို့ ငါ့ကို မပြောတာ … ငါလာပြီး နင့်ကို လက်ဆောင်တွေ ပို့ပေးမှာပေါ့….”
“ ငါကြားတာတော့ စထွင်မာတွေမှာလည်း အဆင့်သတ်မှတ်ချက်ရှိတယ်ဆို… ငါနင့်ကို ထိပ်ဆုံးရောက်အောင် လုပ်ပေးမယ်….”
“မလိုပါဘူး.... ဒီတိုင်း အားရင်သာ တစ်ခေါက်လောက် ဝင်ကြည့်လှည့်… ကိုယ့်အလုပ်တော့ အပျက်မခံနဲ့…”
“ မရဘူး… နင် နောက်တစ်ခေါက် စထွင်းရင် ငါ လက်ဆောင်ပေးမှာပဲ.....”
“ အဲ့လိုဆိုလည်း ဟော့ဒီက ဘောစိမလေးကို ကြိုပြီး ကျေးဇူးတင်ထားလိုက်တော့မယ်…”
“ ဟုတ်တယ် ဟုတ်တယ်… နင် ဒီ သူဌေးမကြီးရဲ့ စကားကို နားထောင်နေသရွေ့ ချမ်းချမ်းသာသာနဲ့ နေစေရမယ်လို့ အာမခံတယ်….”
ကလင် ကလင် ကလင် ….
ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ချီရှန်းကျောက်မှ ဖုန်းခေါ်လာခဲ့ခြင်းပင်။
“ ဘော့စ်… အားလားမသိဘူး… ကျွန်တော် တင်ပြစရာလေး တစ်ချို့ရှိလို့….”
“ အေး… အားတယ် ... ဘာလဲပြော…” လင်းရီ ဖုန်းကို စပီကာ ဖွင့်ပြီး စားပွဲပေါ်တင်လိုက်၏။
ချီရှန်းကျောက်မှာ တည်ငြိမ်ပြီး အလိုက်သိသည့်သူတစ်ယောက်ပင်။ အကယ်၍ အရေးကြီး အကြောင်း ကိစ္စ တစ်ခုခုကြောင့်သာ မဟုတ်ပါက ယခုလို အားလပ်ချိန်တွင် ဖုန်းဆက်လာလိမ့်မည် မဟုတ်ချေ။
ယခု ခေါ်လာပုံကို ထောက်လျှင်တော့ သေချာပေါက် တစ်ခုခု ဖြစ်ပျက်သွားပုံရ၏။ ထိုကိစ္စကလည်း မသေးလောက်ချေ။
“ တလောတုန်းက ဘော့စ် မိုဘိုင်းဖုန်း နယ်ပယ်ထဲ ခြေဆန့်ချင်ပြီး ဖုန်းထုတ်လုပ်တဲ့ စက်ရုံတစ်ချို့ကို ရှာခိုင်းထားတယ်မလား… အဲ့တာနဲ့ ကျွန်တော်လည်း နာမည်ဂုဏ်သတင်းနဲ့ ထုတ်လုပ်ရေး အင်အားတောင့်တင်းတဲ့ စက်ရုံ တစ်ချို့ကို ရှာတွေ့ထားပြီးပြီ…. နောက်ဆက်တွဲ ညှိနှိုင်းဆွေးနွေးတာတွေလည်း အကုန် ချောချောမွေ့မွေ့ပဲ… ဒါပေမယ့် ဒီကနေ့ ခုလေးတင် တစ်ဖက်သူက ကျွန်တော်တို့နဲ့ မပူးပေါင်းနိုင်တော့ဘူးဆိုပြီး ဆက်သွယ်လာတယ်….”
“ ငါတို့နဲ့ မပူးပေါင်းတော့ဘူး..” လင်းရီ တခဏ ရပ်တန့်၍ “ မင်း ဈေးနှုန်းနဲ့ လုပ်ရိုးလုပ်စဉ်တွေကို သေချာကိုင်တွယ်တယ်မလား…”
“ အဲ့ဘက်အပိုင်းတော့ ပြဿနာ မရှိတာ သေချာတယ်ဘော့စ်.… အားလုံးက အဆင်ပြေပြေပဲ… ခုဟာက ကောက်ကာ ငင်ကာကြီး … အကြောင်းပြချက်လည်း ရေရေရာရာ မရှိပဲနဲ့ လက်တွဲဖြုတ်မယ်ဆိုပြီး ပြောလာခဲ့တာ…”
လင်းရီ ခေါင်းမော့၍ ကျီချင်းရန်အား ကြည့်လိုက်၏။ သူမ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
“ တစ်ခုခုတော့ မူမမှန်ဘူး….”
လင်းရီ၏ အကြည့်များက ဖုန်းထံသို့ ပြန်ကျရောက်သွားခဲ့ပြီး “ ဒီကိစ္စမှာ တစ်စုံတစ်ယောက်ရဲ့ စနက်မကင်းဘူးလို့ မင်းပြောချင်နေတာလား….”
ချီရှန်းကျောက်၏ အစွမ်းအစနှင့်ဆိုပါက ယခုလို ကိစ္စမျိုးနှင့်တော့ အကြံဉာဏ်လာတောင်းနေလိမ့်မည် မဟုတ်ချေ။
လင်းရီလည်း အန္တရာယ် အငွေ့အသက်များကို ရရှိနေသည်။
“ ဟုတ်ပါတယ် ဘော့စ်…”
ချီရှန်းကျောက် ပြောလိုက်ပြီး “ ဘော့စ် မှတ်မိသေးလားတော့ မသိဘူး.. ကျွန်တော်တို့ ဟွာယင်း အုပ်စုနဲ့ ငွေကြေးစစ်ပွဲပြီးတော့ ငွေကြေးဝက်ဆိုဒ်မှာ ပို့စ်တစ်ခု တက်လာသေးတယ်လေ….”
“ အဲ့လို တင်ပြီး ခဏကြာတော့ ချက်ချင်းအဖျက်ခံလိုက်ရတဲ့ ပိုစ့်ကိုလား…”
“ ဟုတ်တယ်… အဲ့တစ်ခုပဲ..” ချီရှန်းကျောက် ပြောလိုက်ပြီး “ အဲ့တုန်းကတည်းကရင် ကျွန်တော် တစ်ခုခု မူမမှန်သလို ခံစားနေရတာ…. ဒါကြောင့်မို့ ဒီကိစ္စတွေ လုပ်တုန်းက အရမ်းကို လျှို့ဝှက်ပြီးမှ တစ်ဖက်စီကို ဆွေးနွေးခဲ့တာ…ဒါတောင်မှ မအောင်မြင်ခဲ့ဘူး… ကျွန်တော့်အထင် ဒါ သွေးရိုးသားရိုးတော့ မဖြစ်နိုင်လောက်ဘူး….”
“ ပြီးတော့ ခုတလော ဒါရိုက်တာထျန်ရဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေလည်း အတားအဆီးတွေနဲ့ ကြုံနေရတယ်….. ကျွန်တော်တော့ ဒါတွေက တစ်ခုတည်းကို ညွှန်ပြနေတယ်လို့ ထင်တယ်..”
“ တစ်အုပ်စုတည်းလို့ မင်းက ထင်နေတာလား…”
စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ချီရှန်းကျောက်မှ နေ၍ “ ဒီတိုင်းလေး ခန့်မှန်းကြည့်တာ… ကျွန်တော်လည်း တပ်အပ် မပြောရဲသေးဘူး…”
လင်းရီ ငါးအရိုးကို အပြင်သို့ ထွေးထုတ်ရင်း နှုတ်ခမ်းသပ်ကာ “ ဆက်ပြော…”
“ ဒီကိစ္စတွေ လုပ်နေတာက တစ်အုပ်စုတည်းလို့ ထင်ရပေမယ့် ကျွန်တော်တို့ ကျောက်မိုနဲ့ ကျန်တဲ့သူတွေ ပြန်ပြီး လက်စားချေလာမှာကိုလည်း မေ့ထားလို့ မရသေးဘူး…”