← Chapters

ရှုံးတဲ့သူက ပလတ်ဖောင်းကနေ ထွက်သွားရမယ်

Vol. 45 Ch. 677

ရှုံးတဲ့သူက ပလတ်ဖောင်းကနေ ထွက်သွားရမယ်

Vol. 45 Ch. 677

“ ကဲ.. ခုကော ဘယ်သူက ပထမလဲ…”

မာဝေ့ရန် ခြေတင်ချိတ်လိုက်ပြီး “ အမှိုက် Outdoor streamer ကများ ငါနဲ့ ယှဉ်ပြိုင်ချင်နေတယ်ပေါ့လေ… ကိုယ့်နေရာကိုယ်သိတဲ့သူက ဒီလိုတွေ မလုပ်ဘူး…”

“ အဲ့အခန်းထဲမှာ ရွာဆော်လုပ်နေတဲ့သူကို ငါသိတယ်…” ဟန်ရွှမ်း ပြောလိုက်ပြီး “သူက ခု စာရင်းတတိယနေရာမှာ ရောက်နေတဲ့ Dou yu ရဲ့ နာမည်ကြီး စထွင်မာ တစ်ယောက်ပဲ.. မနေ့က ပွဲမှာတုန်းက တိုင်ကွန်းတစ်ယောက် သူ့ကို လက်ဆောင်တွေပေးပြီးတော့ ပထမ နေရာ တွန်းတင်ပေးထားတာလေ.. ငါကတော့ နံပါတ် ခြောက်နေရာထိ ဆင်းပေးလိုက်ရတယ်….”

“ ငါလည်း အဲ့စထွင်မာကို သိတယ်… အရင်တုန်းက ငါ သူ့ကို စည်းရုံးကြည့်တုန်းက သဘောမတူဘူး… ခုကြည့်ရသလောက်တော့ စထွင်မာ အသစ်လေးတွေကို ထောက်ပံ့ပြီးတော့ အဖွဲ့အစည်းအသစ် တည်ထောင်ချင်နေတယ်နဲ့တူတယ်….” မာဝေ့အန်း ပြောလိုက်သည်။

“ ငါ့အထင်တော့ အဲ့ကောင်မက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ..” ဟန်ရွှမ်း အထင်သေးစွာ ပြောလိုက်ရင်း “ ဦးနှောက် မရှိတဲ့ တိုင်ကွန်းက လက်ဆောင်ပေးလိုက်တာနဲ့ပဲ ဘဝင်တွေ မြင့်ပြီး သူ့ကိုယ်ပိုင် အဖွဲ့အစည်း တည်ထောင်ချင်နေတယ်ပေါ့…. အကုန်လုံး ဆုံးရှုံးသွားတဲ့အခါကျမှ ဒီရဲ့ အင်တာနက်နယ်ပယ်မှာ ရပ်တည်ရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ နားလည်သွားလိမ့်မယ်….”

“ လုပ်စမ်းပါစေ… အကုန်လုံးက အမြောက်စာတွေချည်းပဲကို… ငါတို့ကို ဘာမှ မခြိမ်းခြောက်လာနိုင်ဘူး…” မာဝေ့အန်း ပြောပြီးနောက် စီးကရက်ကို မီးညှိကာ “ မုန့်ကြီး… မင်း စားဖို့ မထွက်ခင် နောက်ထပ် ဆယ်မိနစ်လောက် ဆက်စထွင်းလိုက်ဦး… သူတို့ကို သွေးကြွနေအောင် လုပ်ဖို့လည်း မမေ့နဲ့… မနက်ဖြန်ကျရင် လက်နက်တွေကို +19 လောက်ထိ မြင့်ပြပြီးတော့ ပွဲဆူအောင် လုပ်ပစ်လိုက်…”

“ အိုကေ…”

“ ခနလေး…!”

လျိုစီးယွမ်၏ ထိတ်လန့်တကြား အော်ဟစ်သံက လူတိုင်းကို ရှော့ခ်ရသွားစေသည်။

“ သပမို့လို့ အော်နေတာလားဟဲ့… ဒီမှာ နှလုံးရောဂါ ရတော့မယ်…” ဟန်ရွှမ်း ရင်ဘတ်ဖိရင်း မျက်လုံးလှန်လိုက်၏။

“ ဟိုမိန်းမက မျက်နှာဖုံးအစ်ကိုကြီးကို နောက်ထပ် ဒုံးပျံအစင်းငါးဆယ် ပို့လိုက်ပြီ…”

“ ငါးဆယ်….”

ဤတစ်ကြိမ်တွင်တော့ မာဝေ့အန်း တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ချေ။

ယင်းပမာဏက အသေးအမွှားလေး မဟုတ်ပေ။

“ မစိုးရိမ်နဲ့.. ယွမ် တစ်သိန်းလေးတည်းမလား… ငါလည်း ပို့လိုက်မယ်…”

မာဝေ့အန်း၏ ကြွယ်ဝမှုနှင့် ဆိုပါက ယွမ်တစ်သိန်းမှာ ဘာမျှ မပြောပလောက်ပေ။

သို့သော်လည်း ယခု အခြေအနေတွင်တော့ မုန့်ကျင်းရန်ထံတွင် ပိုက်ဆံအမြောက်အများ ရင်းနှီးမြုပ်နှံလိုက်သည်က သူ့အတွက် အကျိုးအမြတ်မရှိချေ။

သို့သော်ငြား အခြေအနေကို သုံးသပ်ကြည့်ရသလောက်တော့ သူ၏ ကြွယ်ဝမှုကို အသုံးမချပါက နိုင်ရန် အခွင့်အလမ်း မမြင်ချေ။

ထို့ကြောင့် သူ လောင်းကြေးထပ်ရန်သာ တတ်နိုင်တော့၏။

မာဝေ့အန်း ဖုန်းထုတ်လိုက်ပြီး နောက်ထပ် ဒုံးပျံအစင်းနှစ်ဆယ် ထပ်ပို့လိုက်၏။

“ ခု အခြေအနေ ဘယ်လို ရှိလဲ….”

“ နည်းနည်းလေးပဲ လိုတော့တာ…. နောက် ဆယ်ခုလောက်ဆို လုံလောက်ပြီ…”

မာဝေ့အန်း ခေါင်းညိမ့်လိုက်ပြီး နောက်ထပ် ဒုံးပျံဆယ်စင်းပို့ကာ မုန့်ကျင်းရန်အား ပထမ နေရာသို့ ပြန်ရောက်သွားစေလိုက်သည်။

ထိုအချိန်တွင် Dou Yu ရှိ ကြည့်ရှုသူအများအပြားမှာ ထိပ်တန်း စထွင်မာ နှစ်ယောက်မှ လူသစ်ဘုရင်ဘွဲ့အတွက် ယှဉ်ပြိုင်နေကြကြောင်း သတိထားမိသွားကြ၏။။

သူတို့အားလုံး အပြေးအလွှား ရောက်ရှိလာကြပြီး အဆုံးတွင် ဘယ်သူအနိုင်ရသွားမလဲဆိုတာကို စိတ်ဝင်တစားနှင့် လာရောက်ကြည့်ရှုကြတော့၏။

လင်းရီ ဘက်ခြမ်း၌ ကျန်းရှောင်ယွီမှ အဆင့်ပြောင်းလဲမှုကို ချက်ချင်း လက်ငင်း သတိပြုမိသွားကာ လင်းရီထံ စာပို့လိုက်လေသည်။

“ အစ်ကိုရီ .. ရှင့်ကို ပံ့ပိုးပေးနေတဲ့ သူဌေးမကြီးနဲ့ ဆက်သွယ်ပြီးတော့ နောက်ထပ် ဒုံးပျံတွေ ပို့ပေးဖို့ တောင်းဆိုကြည့်ပါလား…”

“ တကယ်လို့ အဆင်မပြေရင် အစ်ကိုရီရဲ့ ဓာတ်ပုံကို ပြပြီးတော့ မြှူဆွယ်ကြည့်လိုက်လေ… ဘာပဲဖြစ်ဖြစ် ရှုံးသွားရင် ရှက်ဖို့ကောင်းလွန်းတယ်….”

ထိုစာကို မြင်တော့ လင်းရီ ပြုံးလိုက်၏။ သို့သော် သူ ဘာမှ ပြန်မရေးလိုက်ပေ။

ကျီချင်းရန်မှာ ယခု အချိန်၌ သူမ၏ လက်ချောင်းများတွင် မော်တာစက်တပ်ထားသကဲ့သို့ ကိစ္စနှစ်ခုကို လှုပ်ရှားနေလေသည်။

ပထမ ငွေဖြည့်ပြီးနောက် ဒုံးပျံများကို ပို့ပေး၏။

ထိုသို့ အတော်ကြာအောင် ပြုလုပ်ပြီးနောက် ကျီချင်းရန် သူမဖုန်းကို ထုတ်ကာ ဟော်ယွမ်ယွမ်ထံ ဖုန်းဆက်လိုက်တော့သည်။

“ ယွမ်ယွမ်.. နင် လင်းရီရဲ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲ သွားပြီးတော့ ယွမ်တစ်သန်းဖိုး လက်ဆောင်ပို့ပေးလိုက်… ငါတို့ သူများတွေ ကျောပြနေတာ ငြိမ်ခံနေလို့ မဖြစ်ဘူး….”

“ အွန်း… နင် ကုမ္ပဏီရန်ပုံငွေတွေ သုံးလို့ရတယ်….”

လင်းရီ “ ……. “

………………………….

“ စီးယွမ်.. ခု အဲ့ကောင် အခြေအနေ ဘယ်လိုရှိလဲ…” မာဝေ့အန်း ခြေတင်ချိတ်ရင်း ပြောလိုက်ပြီး “ ခဏနေကျရင် အဲ့ကောင်နဲ့ စကားပြောကြည့်ရအောင်… ဒီ အရှုံးသမားရဲ့ သောက်ခွက်က ဘယ်လိုပုံစံရှိလဲဆိုတာ ငါကြည့်စမ်းမယ်…”

“ ရှီးလိုပဲဟေ့… ငါ့ အိုင်ပတ် ထစ်သွားပြီ..”

“ ဟမ်… မင်းအိုင်ပတ်က အသစ်ကြီးလေ…. ဘာလို့ ထစ်သွားတာ….”

“ အဲ့ ကောင်မ နှစ်ယောက်လုံး ရူးသွားကြပြီ… တစ်ယောက်ကို ဒုံးပျံ အစင်း ငါးရာဆီ ပို့နေကြတာ… စုစုပေါင်း ယွမ် နှစ်သန်းပမာဏရှိတယ်….”

“ သောက်ကျိုးနည်းကြီး…”

ထိုပမာဏကို ကြားတော့ မာဝေ့အန်း သွေးအန်လုနီးနီး ဖြစ်သွားခဲ့၏။

“ နှစ်မီလီယမ်….”

“ မယုံဘူးဆိုလည်း နင်ကိုယ်တိုင် ကြည့်ကြည့်လိုက်… စူပါ ဒုံးပျံတွေက အစင်းတစ်ထောင်တောင်… ခု Dou yu ကြည့်နေကြတဲ့သူတိုင်းက ဒီရဲ့ အမျိုးသမီး နှစ်ယောက် ဘယ်သူတွေလဲဆိုတာ သိချင်လို့ သူ့ရဲ့ အခန်းထဲ ရောက်နေကြပြီ… …”

ကွန်ပျူတာရှေ့တွင် ထိုင်နေသည့် မုန့်ကျင်းရန်လည်း အံ့အားသင့်သွားခဲ့လေသည်။

တစ်ဖက်သူ၏ လက်နက်အင်အားမှာ ထိုမျှ ကြီးမားနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

သူတို့က တကယ်ကြီး မျက်နှာဖုံးအုပ်ထားတဲ့ သူကို ဒုံးပျံတစ်ထောင် ပေးလိုက်တယ်လား…. အဲ့တာ သာမန်လူတစ်ယောက် လုပ်မယ့် လုပ်ရပ်လား…

တကယ်လို့ ငကြောင်တွေဆိုရင်တောင်မှ လစ်မစ်လေးတော့ ရှိသင့်တယ်လေ….

“ အစ်ကိုမာ.. ကျုပ်တို့ခု ဘယ်လိုလုပ်ကြမလဲ..” မုန့်ကျင်းရန် မေးမြန်းလိုက်၏။

သူက စတူဒီယိုနှင့် စာချုပ်ချုပ်ထားသည့် စထွင်မာမျှသာ ဖြစ်သော်လည်း အကယ်၍ လူသစ်ဘုရင်ဘွဲ့ကို မရရှိလိုက်ပါက သူ၏ အနာဂတ် အခွင့်အလမ်းများမှာလည်း ပိတ်ဆို့သွားနိုင်လေသည်။

ထို့ကြောင့် သူ ဖြေရှင်းချက်တစ်ခု စဉ်းစားရမည် ဖြစ်၏။

“ မပူနဲ့.. ငါတစ်ခု စဉ်းစားစမ်းပါဦးမယ်…”

မာဝေ့အန်း မျက်မှောင်ကြီးကြုတ် စဉ်းစားလိုက်၏။ တစ်ဖက်သူ၏ ရေပန်းစားမှုမှာ မုန့်ကျင်းရန်ကို အပြတ်သတ် သာလွန်သွားခဲ့ချေပြီ။ အကယ်၍ သူ နှစ်မီလီယမ်ဖိုး လက်ဆောင်ပေးလျှင်တောင်မှ ပထမ နေရာ ရနိုင်လိမ့်မည် မဟုတ်တော့ချေ။

ထို့ကြောင့် ယခု ပြဿနာကို ပိုက်ဆံသုံးပြီး ဖြေရှင်းဖို့ရာက သဘာဝ မကျသောကြောင့် အခြား ဖြေရှင်းသည့် နည်းလမ်းကို ရှာဖွေရပေမည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မာဝေ့အန်း မုန့်ကျင်းရန်ကို ကြည့်ကာ “ သူ့ကို ဆက်သွယ်ပြီးတော့ ငါတို့ရဲ့ အခြေအနေကို ပြောပြလိုက်… ပြီးရင် ဖိအားတစ်ချို့ပေးပြီးတော့ နောက်ဆုတ်သွားအောင် လုပ်လိုက်…”

“ နားလည်ပါပြီ… ခုပဲ ဆက်သွယ်လိုက်ပါ့မယ်…”

မာဝေ့ရန်၏ ညွှန်ကြားမှုများအတိုင်း မုန့်ကျင်းရန် လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ဝင်၍ အပေါ်တက်ရန် တောင်းဆိုလိုက်သည်။

လင်းရီလည်း ချက်ချင်းလက်ငင်း သဘောတူလိုက်လေသည်။

“ ညီကို .. ကြည့်ရသလောက်တော့ မင်းက ငါနဲ့ လူသစ်ဘုရင်ဘွဲ့ကို ပြိုင်လုချင်နေသလိုပဲ…. ဟုတ်တယ်မလား…”

“ ငါက စိတ်ကို မဝင်စားတာ.. ဒါပေမယ့် ငါ့ရဲ့ ပရိသတ်ကြီးက စိတ်အားထက်သန်နေတာလေ… အဲ့တော့လည်း ဘယ်တတ်နိုင်မှာ..”

မုန့်ကျင်းရန်မှ လင်းရီထံ စကားလာပြောသည်ကို မြင်တော့ လင်းရီ၏ ဖန်များမှ လှောင်ပြောင်လိုက်ကြသည်။

“ ဒီကောင်က မျက်နှာဖုံးအစ်ကိုကြီးရဲ့ ပြိုင်ဘက်မဟုတ်မှန်းမသိတော့ ကလိမ်ကကျစ် နည်းလမ်းတွေ ထုတ်သုံးနေပြီ…”

“ လူတိုင်းပဲ.. ငါတို့ သူ့ကို ပထမ ယူခွင့်ပြုလိုက်လို့ မဖြစ်တော့ဘူး… လူသစ်ဘုရင်ဘွဲ့က မျက်နှာဖုံး အစ်ကိုကြီးအတွက်ပဲ ဖြစ်စေရမယ်…”

“ အစ်ကိုကြီး… ကြိုးစားထား… ရှင့်အတွက် ဒုံးပျံတွေ ဝယ်ပေးဖို့ ကျွန်မ ကုမ္ပဏီ ရန်ပုံငွေတွေကိုတောင် အလွဲသုံးစားလုပ်ထားတာနော်… အဲ့တာ ကျွန်မ ရှင့်ကို ယုံကြည်လို့ပဲ သိလား…”

အဆိုပါ ကွန်းမန့်ကို မြင်တော့ လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းမှာ တစ်ဖန် ပေါက်ကွဲထွက်လာလေသည်။

“ သူမက ဒုတိယနေရာက သူဌေးမကြီးဟ…. နာမည်နဲ့လည်း လိုက်ပါပေတယ်…. အဆင်တွေ အမ်းဖို့ဆို ကုမ္ပဏီ ရန်ပုံငွေတွေတောင် မချန်ဘူး….လေးစားဖွယ်ပဲ ”

“ ငါတော့ ဒူးထောက်ပြီး ကိုးကွယ်မိတော့မယ်…. ဟျောင့်တွေ ဘယ်ကောင် ငါနဲ့ အတူ ကိုးကွယ်ချင်ကြလဲ…”

“ ငါရှေ့ဆုံးကနေ ဦးချမယ်.. သူဌေးမလေး… ကျေးဇူးပြုပြီး ကျုပ်ကို ကောင်းချီးအနည်းငယ်လောက် ချီးမြင့်ပေးပါ….”

ထိုအခိုက်အတန့်တွင်တော့ ဟန်ရွှမ်းလည်း သူမဖုန်းကို ကိုင်ရင်း လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုနေလေသည်။

သူမ စိတ်ထဲ၌ အနှီ ဒုတိယနေရာရှိ အမျိုးသမီးမှာ အနည်းငယ် ရူးနှမ်းနေသည်ဟု ခံစားနေရ၏။

သူမက စထွင်မာကို ဒုံးပျံတွေ ဝယ်ပေးဖို့ ကုမ္ပဏီရန်ပုံငွေတွေတောင် အလွဲသုံးစားလုပ်ပစ်လိုက်တယ်….

မျက်နှာတောင် မမြင်ရတဲ့ သူတစ်ယောက်အတွက်နဲ့ အဲ့လောက်ထိ လုပ်ပေးနေတယ်ဆိုတော့…… အဲ့ကောင်မက ရူးနေတာ မဟုတ်လား….

ဟော်ရွှမ်း ထိုကဲ့သို့သော တိုင်ကွန်းမျိုးကို ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးချေ။

မုန့်ကျင်းရန်မှာ လင်းရီ၏ အနေအထားကို နားမလည်ပဲ မောက်မာသည့် မျက်နှာထားနှင့် “ ငါမင်းကို အနောက် ခြေတစ်လှမ်းဆုတ်ဖို့ အခွင့်အရေး ပေးလိုက်မယ်.. မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး…”

“ ဘာမဟုတ်တဲ့ ဂိမ်းစထွင်မာလေးကများ လာပြီး မောက်မာပြနေရုံ မကသေးဘူး.. ခြိမ်းတောင် ခြိမ်းခြောက်လိုက်သေးတယ်လား….”

“ ဘာမဟုတ်တဲ့ ဂိမ်းစထွင်မာ..” မုန့်ကျင်းရန် နှာခေါင်းရှုံ့လိုက်ပြီး “ ငါ့ကို ဒီနေရာမှာ နယူဘီလေးဆိုတိုင်း အထင်မသေးနဲ့.. DNFထဲမှာ ပစ္စည်းကိရိယာတွေ အရဆိုရင် ငါ့ရဲ့ အဆင့်က ထိပ်တန်း ငါးနေရာမှာ ရှိတယ်.. PvP( 1vs1) စကေးမှာဆိုရင်လည်း ပြည်တွင်း ဆာဗာမှာ ပြိုင်ဘက်ကင်း… မသိရင် လျှောက်မပြောနဲ့… သိတဲ့သူတွေကြားသွားရင် မင်းကို လှောင်ရယ်ကြလိမ့်မယ်….”

“ တကယ်လို့ ငါက နောက်မဆုတ်ပေးဘူးဆိုရင်ကော…”

“ နောက်မဆုတ်ဘူးလား…” မုန့်ကျင်းရန် မျက်လုံးအရောင်တောက်လာခဲ့ပြီး ဤသည်က ရွှေအခွင့်အရေးကြီးပင်။ သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရင်း လင်းရီကို စိုက်ကြည့်ကာ “ မင်း နောက်မဆုတ်ချင်ဘူးဆိုလည်း ရတယ်.. တကယ်လို့ မင်းငါ့ကို PvP မှာ နိုင်အောင် ချနိုင်ရင် ငါမင်းနဲ့ လူသစ်ဘုရင်ဘွဲ့ကို ပြိုင်မလုတော့ဘူး…တကယ်လို့ မင်းရှုံးရင်တော့ ဒီရဲ့ ပလတ်ဖောင်းကနေ ထွက်သွားပေးရမယ်… ဘယ်လိုလဲ.. မင်းလက်ခံရဲလား…”

All Chapters