Dou Yu အတွင်း အစည်းအဝေး
Vol. 45 Ch. 678
မုန့်ကျင်းရန်၏ စကားလုံးများက တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများအား သွေးရူးသွေးနှမ်း ဖြစ်သွားစေသည်။
သူတို့အားလုံး မုန့်ကျင်းရန်၏ ဘိုးဘေးအစဉ်အဆက်တို့အား စတင် ကျိန်ဆဲ ကြတော့၏။
“ ဟေ့ကောင် တောဓားပြဗိုလ်… မင်းမှာ သောက်ရှက်လေး ဘာလေး မရှိဘူးလား… မင်းလို DNF ဂိမ်း စထွင်မာက outdoor စထွင်မာနဲ့ ဂိမ်းပြိုင်ဆော့ချင်နေတယ်…. မင်း အဲ့ထက်ပိုပြီး အရှက်မမဲ့တတ်တော့ဘူးလား….”
“ ဒီဘက်ခေတ် လူတွေက ဒီလို ကိစ္စမျိုးတွေ လုပ်ဝံ့လောက်တဲ့အထိကို အရှက်မဲ့လာကြတာပဲဟ… ငါသာ သူ့အဖေဆိုလို့ကတော့ မမွေးခင်ကတည်းကနေ ဖျတ်ချခိုင်းခဲ့ပါတယ်… ရှက်ဖို့ ကောင်းလိုက်တာကွာ….”
သူ၏ စကားလုံးများက အုတ်အုတ်ကျက်ကျက် ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း မုန့်ကျင်းရန် သိသော်လည်း သူ ဂရုမစိုက်ပေ။
လင်းရီ ထောက်ချောက်ထဲ ကျလာသရွေ့တော့ သူ အပြောခံရလည်း ထိုက်တန်ပေသည်။
“ ရတယ်လေ… “ လင်းရီပြောလိုက်ပြီး “ ရှုံးတဲ့ကောင်က ပလတ်ဖောင်းကနေ ထွက်သွားရမယ်.. မင်းဘာထပ် ပြောချင်သေးလဲ….”
မုန့်ကျင်းရန် ခုန်ပေါက်လုနီးပါး ပျော်ရွှင်သွားခဲ့တော့၏။
“ အဲ့တာဆို အတည်ဖြစ်ပြီ… မနက်ဖြန် ညရှစ်နာရီတွေ့မယ်… ဂိမ်းထဲ ၀င်မလာတဲ့ကောင် အရှုံးပဲ….”
“အိုကေ….”
မုန့်ကျင်းရန် လင်းရီ၏ အခန်းထဲမှ ထွက်ခွာသွားခဲ့၏။
ထိုအခိုက်အတန့်တွင်တော့ ကွန်းမန့်ကဏ္ဍရှိ မှတ်ချက်များမှာ မူးနောက်စေလောက်သည်အထိ တက်နေတော့၏။ လင်းရီ စိန်ခေါ်ချက်ကို လက်ခံလိုက်သည်နှင့် ကွန်းမန့်များက တစ်ဖန် ပလူပျံလာလေသည်။
“ မျက်နှာဖုံး အစ်ကိုကြီး… မင်းရူးသွားတာလား… ငါ အဲ့ကောင်ရဲ့ Live stream ကို ကြည့်ဖူးတယ်… သူက DNF ပရော်ဖက်နယ်ရှင်နယ် ကစားသမား၊ ဖလားပွဲတွေမှာလည်း ဝင်ပြိုင်ဖူးတယ်.. ပြီးတော့ သူ့ရဲ့ PvP စကေးတွေကလည်း မဆိုးဘူး.. တကယ်လို့ မင်းသာ သူနဲ့ ပြိုင်မယ်ဆိုရင် သေချာပေါက် ရှုံးမှာပဲ…”
“ မျက်နှာဖုံး အစ်ကိုကြီး… မင်း ဒါကတော့ မောက်မာလွန်းသွားပြီ… မင်းကိုယ်မင်း အနန္တတန်ခိုးရှင်များ မှတ်နေတာလားကွ….”
“ ငါလည်း DNF ဂိမ်း ကစားတဲ့သူပဲ…ချဲ့ကားပြောတာတော့ မဟုတ်ဘူးနော်... သူ့ရဲ့ စကေးတွေက တကယ်ကြီးကို ကောင်းတာ.. နာမည်ကျော် အစ်ကိုကြီး ပေါက် ဆိုရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး… မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး…”
“ အမှန်ပဲ…ငါလည်း ခုလေးတင် သူ့ စထွင်းကို သွားကြည့်ပြီး ပြန်ခဲ့တာ… အဲ့ကောင် သူ့လက်နက်ကို +18 တင်ထားလိုက်ပြီ… ကျန်တဲ့ တခြား လက်နက်တွေဆိုတာကလည်း +15 ထိ ရှိတယ်.. အဲ့လို လက်နက်တွေနဲ့ ဆိုလို့ကတော့ တစ်ချက်ခုတ်တာနဲ့ သွေးဘားတန်း အကုန်ပျောက်ပဲ….”
“ မင်းတို့ကလည်း အထင်သေးမယ်ဆိုတာကြီးပဲ… ငါ ကျောင်းတုန်းက အခန်းဖော်တွေနဲ့ အဲ့ဂိမ်း ကစားဖူးပါတယ်ဟ… ပြီးတော့ ငါ့ရဲ့ PvP(PK) စကေးတွေကလည်း မဆိုးပါဘူး… အိုကေ….” လင်းရီ ပြောလိုက်၏။
“ အစ်ကိုကြီး.. မင်းက မဆိုးဘူးဆိုရင်တောင် ဟိုဘက်က သေချာ ထရိန်းထားတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားလေ… သေချာပေါက် သူ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး… မနက်ဖြန် ပွဲကြည့်မနေတော့ .. ငါခန့်မှန်းချက်ထုတ်လိုက်မယ်… မျက်နှာဖုံး အစ်ကိုကြီး ရှုံးပြီ… မင်းရဲ့ စထွင်မာ အလုပ်အကိုင်လည်း ဒီမှာတင် အဆုံးသတ်ပြီ….”
“ ဘာလို့ အဲ့လောက်ထိ အဆိုးမြင်နေကြတာ .... ပွဲတောင် မစရသေးဘူး... “ လင်းရီ ရယ်မောလိုက်ပြီး “ ကဲ ဒီနေ့ စထွင်းက ဒီလောက်ပဲ.... မနက်ဖြန် ညရှစ်နာရီကျ ပြန်တွေ့ကြမယ်….”
ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများကို နှုတ်ဆက်ပြီးနောက် လင်းရီ တိုက်ရိုက်ထုတ်လွင့်မှုကို ရပ်စဲလိုက်လေသည်။
ထိုအခိုက်အတန့်တွင်ပဲ ကျီချင်းရန် သူ့ထံသို့ အလျင်စလိုနှင့် ရောက်လာခဲ့ပြီး
“ ရီ...ငါခုနက ကြားလိုက်တာ နင်သူများနဲ့ PK စကေးချင်း ပြိုင်တော့မလို့ဆို…. ဂိမ်းဆော့ကြမလို့လား…”
“ အင်း… အဲ့သဘောမျိုးပဲ…”
“ အဲ့တာဆို နင်သေချာပေါက် ကြိုးစားမှ ဖြစ်မှာနော်… လုံး၀ ရှုံးလို့မဖြစ်ဘူး…”
“ ဒါပေါ့… ငါက ယုံကြည်ချက်အပြည့်မရှိရင် ဘာမှ မလုပ်ဘူးလေ …”
“ အမှန်ပဲ… နင်ငါ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဖူးဘူး….” ကျီချင်းရန် ပြုံးရင်း သူမ မျက်ဝန်းထဲတွင်တော့ လရိပ်၏ အေးချမ်းသည့် အရိပ်အယောင်တို့ ပြည့်နှက်နေလေသည်။
ကျီချင်းရန် PK စကေးက ဘာလဲ ဆိုတာ သူမ မသိသလို မည်မျှ ခက်ခဲသလဲ ဆိုတာကိုလည်း နားမလည်ချေ။ သို့သော်လည်း လင်းရီ အနိုင်ရရှိလိမ့်မည် ဆိုတာကိုတော့ သူမ အကြွင်းမဲ့ ယုံကြည်နေသည်။
“ ကောင်းပြီ… စောစောအိပ်တော့… မနက်ဖြန်ကျရင် နိုင်အောင်လုပ်ဖို့ အတွက် အားမွေးရမယ်…”
“ နေပါဦး… မင်း တစ်ခုခု မေ့နေသလားလို့…”
“ အမ်… ငါက ဘာမေ့နေလို့…”
ကျီချင်းရန် ရှုပ်ထွေးနေစဉ် လင်းရီ သူမကို ခါးမှ ပွေ့လျက် လက်မောင်းထဲသို့ ထည့်လိုက်၏။
ကျီချင်းရန် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့ကာ လင်းရီ၏ လည်ပင်းကို အလိုအလျောက် ဖက်ထားလိုက်ပြီး စူးစမ်းချင်သည့် အမူအရာဖြင့် မေးမြန်းလိုက်၏။
“ နင်ဘာလဲ လုပ်နေတာ…”
“ မင်း ဒီနေ့ ညနေတုန်းက ပြောခဲ့တာတွေ မမှတ်မိတော့ဘူးလား… ဆယ်မိနစ်အတွင်းရှာတွေ့ရင် ဒီည ငါ့စိတ်တိုင်းကျဆိုတာလေ…”
ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့၏။
“ ခု ဘယ်အချိန်တောင် ရှိနေပြီလဲ… နင်က မှတ်မိသေးတယ်ပေါ့….”
“ ငါ့လို ဖိုးဉာဏ်ကောင်းက မေ့စရာလားဟ...."
“ဟွန့်... နင်က အဲ့လိုဟာမျိုးတွေပဲ ဉာဏ်ကောင်းတာကိုများ…” ကျီချင်းရန် မျက်လုံးလှန်လိုက်ပြီး “ ငါ့ကို ပြန်ချပေး…. စကင်သွားကဲမို့….”
“ ဘာကို စကင်ကဲမှာ...အချိန်ကိုလဲ ကြည့်လိုက်ဦး… ခုက လူအိပ်ချိန်ရောက်နေပြီ… အိပ်ဖို့ ခေါ်သွားပေးမယ်…”
“ လင်းရီ…. နင် နှာဘူးကောင်…”
“ ငါ့လက်ထဲ ရောက်နေပြီကို အဲ့လိုပြောလို့ အသုံးဝင်မယ်များ ထင်နေလား…”
ထိုအခါ ကျီချင်းရန် လင်းရီကို အသနားခံသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ပြီး “ ဒါဆို အရင်ကလိုပဲ လုပ်နော်… ငါ နင့်လက်မောင်းထဲမှာ အိပ်မယ်… ငါ့ကို ဘာမှ မလုပ်နဲ့…”
“ ဟီးဟီးဟီး….. ငါနဲ့ ဈေးလာစစ်နေတာလား….”
မကြာမီ လင်းရီအခန်းထဲမှ ရယ်မောဆည်းလည်းသံများ ပျံ့လွင့်လာလေသည်။
ဘာဆက်ဖြစ်ကြလဲဆိုတာကိုတော့ သက်ဆိုင်သူနှစ်ဦးသာလျှင် သိ၏။
( ꈍᴗꈍ )
…………………….
Dou yu ရုံးချုပ်။
ရုံးခန်းမှာ မီးများ လင်းထိန်နေသေး၏။
သက်လတ်ပိုင်း လူကြီးတစ်ယောက် ရုံးခန်းထဲတွင် ထိုင်နေပြီး ရိုးရှင်းသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့လက်ထဲရှိ အချက်အလက်များကို ကြည့်ရင်း တိတ်ဆိတ်နေလေသည်။
ထို သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ချိန်ကျောင်းရန် ဖြစ်၏။ သူက Dou yu ၏ ဒုဥက္ကဌ တစ်ဦးဖြစ်ကာ ပလတ်ဖောင်း၏ အဓိက စီမံခန့်ခွဲရေး တာဝန်ခံတစ်ယောက်ဖြစ်လေသည်။
ရုံးခန်း၏ ဆိုဖာပေါ်တွင်တော့ အခြားအမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်နေကြ၏။ ချိန်ကျောင်းရန်နှင့် နှိုင်းယှဉ်မည်ဆိုပါက ထို နှစ်ယောက်မှာ အနည်းငယ် ငယ်ရွယ်လေသည်။
အမျိုးသား၏ နာမည်မှာ ကော်ရှစ်ပေါ် ဖြစ်ပြီး Dou Yu စီမံခန့်ခွဲရေး ဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။
အမျိုးသမီးမှာတော့ လီလင်း အမည်ရကာ မားကတ်တင်း ဌာန၏ ဒါရိုက်တာဖြစ်လေသည်။
ကုမ္ပဏီမှာ အခြား ပရောဂျက်များ ရှိနေသေးသောကြောင့် ယခုအချိန်ထိတိုင် အစည်းအဝေး ထိုင်နေကြခြင်းဖြစ်၏။
“ ဘာတွေ ဖြစ်နေတာ… ငါ့ကို ဒီရဲ့ စထွင်မာအသစ် အစီအစဉ်တွေ ကြည့်ခိုင်းပြီးတော့ ဘာလုပ်စေချင်နေတာ… “ ချိန်ကျောင်းရန် မေးခွန်းထုတ်သည့် လေသံဖြင့် မေးလိုက်၏။
“ ဒီလိုပါဘော့စ်… ကျွန်တော်တို့ ဒီကိစ္စအပေါ်မှာ သဘောထားကွဲလွဲမှုလေးတွေ ရှိနေလို့ ဘော့စ်ရဲ့ ဆုံးဖြတ်ချက် လာတောင်းတာပါ…”
“ စထွင်မာ အကြီးစားတွေလည်း မဟုတ်တာကိုကွာ... မင်းတို့က ဘာတွေ သဘောထားကွဲလွဲနေကြတာတုန်း…”
“ ဘော့စ်… ခု လူသစ်ဘုရင်ဘွဲ့အတွက် ပြိုင်ဆိုင်မှုက အတော်လေးကို ပြင်းထန်လာနေပြီ… ဘယ်ဖက်ကမှ အရှုံးမပေးချင်ကြဘူး… ဒါကြောင့်မို့ ဘော့စ်ဆီ အဆုံးအဖြတ် လာတောင်းတာပါ….”
“ ကောင်းပြီလေ.. ဒါဆိုလည်း လိုရင်းတိုရှင်းပဲပြော..... ဘယ်လိုဖြစ်လဲဆိုတာ ငါကြည့်စမ်းမယ်….”
ကော်ရှစ်ပေါ် လည်ချောင်းရှင်းလိုက်ပြီး “ ဘော့စ်… ကျွန်တော်တို့ ပလတ်ဖောင်းမှာ DNF စထွင်းက တဖြည်းဖြည်းနဲ့ အရေးနိမ့်လာတဲ့ အခြေအနေကို ဘော့စ်လည်း အသိပါ.. ဒါပေမယ့် ဒါရိုက်တာလီက တခြား outdoor streamer ကိုပဲ ထောက်ခံနေတယ်… သူမနဲ့ ကျွန်တော် အမြင်တွေ မတူတော့ အချိန်အကြာကြီး ဆွေးနွေးပြီးတာတောင် ဆုံးဖြတ်ချက် မချနိုင်လို့ ဘော့စ်ရဲ့ သဘောထား အမြင်ကို လာတောင်းခံတာပါ….”
ချိန်ကျောင်းရန် ထိုင်ခုံနောက်သို့ မှီလိုက်ပြီး မျက်လုံးမှေး၍ အတန်ကြာအောင် စဉ်းစားလိုက်၏။
“ ငါတို့ ပလတ်ဖောင်းမှာ outdoor streamer တွေ မရှားဘူးမလား…”
“ ကျွန်တော်တွေးနေတာလဲ အဲ့အတိုင်းပါပဲ…”
“ ဘော့စ်… ကျွန်မတို့ ပလတ်ဖောင်းမှာ DNF စထွင်မာတွေ ရှားနေတယ်ဆိုရင်တောင် အဲ့ဒီ မျက်နှာဖုံး အစ်ကိုကြီးဆိုသူက ကျွန်မတို့ ပလတ်ဖောင်းကို ဧရာမ အကျိုးအမြတ်တွေ ယူလာပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်… ဒါကြောင့်မို့လည်း ကျွန်မက သူ့ဘက်ကို အလေးသာပေးနေတာ…” လီလင်း ပြောလိုက်သည်။
“ မင်းရဲ့ အမြင်ကိုပြောကြည့်…” ချိန်ကျောင်းရန် လီလင်းအား မေးလိုက်၏။
“ သူက မနေ့ကမှ စပြီးစထွင်းတယ်.. ဒါပေမယ့် ကြည့်ရှုသူ ဦးရေက တစ်သန်းလောက် အထိကို ရောက်သွားခဲ့တယ်…. အဲ့တာက စထွင်မာ အသစ်မပြောနဲ့ နာမည်ကြီး စထွင်မာတွေကြားထဲမှာတောင် ကြုံတောင့်ကြုံခဲ အခြေအနေပါပဲ….”
“ စထွင်မာ အသစ်လေးကို ကြည့်ရှုသူက တစ်သန်းကျော်တယ်….” ချိန်ကျောင်းရန် အံ့အားသင့်သွားခဲ့သည်။
“ အမှန်ပါပဲ ဘော့စ်… ပြီးတော့ သူ့ စထွင်းရဲ့ content ကလည်း အရမ်း ကောင်းတယ်… သူက ကြည့်ရှုသူတွေကို ကျိုကျုံးဗီလာဆီ ခေါ်သွားပြီးတော့ ယွမ် 126 မီလီယွမ် တန်ကြေးရှိတဲ့ Bugatti La Voiture Noire ကို ပြခဲ့တာ… Dou yu ပလတ်ဖောင်းက ဘယ်စထွင်မာကမှ သူ့လို အစွမ်းအစမျိုး ရှိမှာ မဟုတ်ဘူး…”
“ အဲ့တာတော့ ဟုတ်တယ်…”
“ ပြီးတော့ ခုလေးတင် ထုတ်လွင့်နေတဲ့ စထွင်းထဲမှာလည်း မျက်နှာဖုံးအစ်ကိုကြီးက ယွမ်နှစ်မီလီယမ်ဖိုးတောင် လက်ဆောင်ရထားတာ… အဲ့တာက DNF စထွင်မာ ရထားတဲ့ ပမာဏရဲ့ အနည်းဆုံး ဆယ်ဆပဲ… ပိုက်ဆံ ဝင်တဲ့ နေရာမှပဲဖြစ်ဖြစ် ရေပန်းစားမှုမှာပဲ ဖြစ်ဖြစ်… မျက်နှာဖုံးအစ်ကိုကြီးက အပြတ်သတ် သာနေပြီးသား… ဒါကြောင့် ကျွန်မက သူ့ကို ထောက်ခံပြီးတော့ ဆွဲထားဖို့ ပြောနေရတာ….”
“ ဒါပေမယ့် တောဓားပြဗိုလ်ကလည်း ဂုဏ်သတင်း အခိုင်အမာရှိထားတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားလေ… သူ့ရဲ့ အလားအလာက အကန့်အသတ်ပဲ….” ကော်ရှစ်ပေါ်မှပြောလိုက်ပြီး “ ပြီးတော့ outdoor စထွင်မာတွေက အမြဲတမ်း မထွင်းနိုင်ဘူး..ဒါကြောင့်မို့ Live စထွင်းရဲ့ နောက်ပိုင်း အခြေအနေတွေမှာ ဂိမ်းစထွင်မာတွေကို မယှဉ်နိုင်ဘူး… ကျွန်တော်က ရေရှည်ကို ကြည့်ပြီးတော့ တောဓားပြဗိုလ်ကို ထောက်ခံနေတာ….”
ချိန်ကျောင်းရန် နှစ်ဘက်စကားကို နားထောင်ရင်း အတန်ကြာအောင် အတွေးနက်နေလေသည်။
ကော်ရှစ်ပေါ်နှင့် လီလင်း နှစ်ယောက်လုံးမှာ သူအားကိုးရသည့် လက်အောက်ငယ်သားများဖြစ်ကြပြီး မည်သည့်ဘက်ကိုမျှ မျက်နှာလိုက်ရ မဖြစ်ချေ။
“ မင်းတို့နှစ်ယောက်လုံးက ငါ့ဆီ ရောက်လာတယ်ဆိုမှတော့ ငါလည်း မျှမျှတတ ဆုံးဖြတ်ပေးရမှာပေါ့… မနက်ဖြန်က ပွဲရဲ့ နောက်ဆုံးနေ့…ဒီတော့ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွာမလဲဆိုတာကို ဆက်စောင့်ကြည့်ပြီးတော့မှ ဆုံးဖြတ်ကြမယ်…”
“ ဟုတ်ကဲ့ပါဘော့စ်…” လီလင်း ခေါင်းညိမ့်လိုက်၏။
သူမကတော့ လင်းရီကို မြင့်မြင့်မှန်းထားပြီး အကယ်၍ ဘာမျှ မလွဲချော်သွားပါက လင်းရီ ရှုံးနိမ့်လိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။
'သူ့ရဲ့ စထွင်း content ကလည်း ကောင်းတယ်.. ပြီးတော့ ပံ့ပိုးပေးမယ့် အမာခံ ပရိတ်သတ်တွေလည်း ရှိတယ်ဆိုတော့ ရှုံးဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်….'
သို့သော်လည်း ကော်ရှစ်ပေါ်ကတော့ တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ချေ။
အကယ်၍ ထိုနည်းလမ်းဖြင့် ယှဉ်ပြိုင်မည်ဆိုပါက မုန့်ကျင်းရန်တွင် အခွင့်အရေးမရှိကြောင်း သူနားလည်လေသည်။
“ ဘော့စ်.. အဲ့လို ယှဉ်ပြိုင်ကြေးဆို တောဓားပြဗိုလ်က ဘယ်လိုလုပ်ပြီး အခွင့်သာတော့မှာ… တခြားနည်းလမ်းပြောင်းလိုက်ရင်ကော….”
“ ငါလည်း ဘာမှ မတတ်နိုင်ဘူး.. ဒီကိစ္စက မျှမျှတတ ဆုံးဖြတ်မှ ရမယ့် ကိစ္စ… “ ချိန်ကျောင်းရန် ပြောလိုက်ပြီး “ သူတို့အစွမ်းအစကို သူတို့ အကောင်းဆုံး ဖော်ထုတ်ပါစေ….”
“ ဒါပေမယ့်…..”
“ ဘာဒါပေမယ့်မှ မရှိဘူး… ငါပြောတဲ့ အတိုင်းပဲ ဆက်လုပ်…”
ဒေါက် ဒေါက် ဒေါက်
“ ဝင်ခဲ့…”
ကော်ရှစ်ပေါ် ချီတုံချတုံ ဖြစ်နေစဉ် ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်ရပြီး ကော်ရှစ်ပေါ်၏ အတွင်းရေးမှူးမှ ဝင်ရောက်လာခဲ့၏။
“ ဥက္ကဌချိန်… ဒါရိုက်တာကော်… ဒါရိုက်တာလီ….”
“ဘာကိစ္စလဲ….”ကော်ရှစ်ပေါ် မေးမြန်းလိုက်၏။
“ ဘော့စ်....ခုလေးတင် မျက်နှာဖုံးအစ်ကိုကြီးနဲ့ တောဓားပြဗိုလ်က PK စကေးနဲ့ လူသစ်ဘုရင်ဘွဲ့ ရထိုက်တဲ့သူကို ဆုံးဖြတ်ဖို့ သဘောတူလိုက်ကြပြီ… ရှုံးတဲ့သူကတော့ ပလတ်ဖောင်းကနေ ထွက်ခွာသွားရလိမ့်မယ်…”