← Chapters

ငါးမိနစ်ပဲ အချိန်ပေး… အကုန် တိတ်စေရမယ်

Vol. 45 Ch. 680

ငါးမိနစ်ပဲ အချိန်ပေး… အကုန် တိတ်စေရမယ်

Vol. 45 Ch. 680

ရှန်းရှူးရီ၏ အတွေးများက လင်းရီနှင့် ထပ်တူညီလေသည်။

ယခုလောလောဆယ် အခြေအနေ၌ သူ အမှန်တကယ် အသုံးချ၍ ရသည်က ချစ်ပ် 2.0 နည်းပညာပင်။

ထို့ပြင် သူတို့က သတင်းစာ ရှင်းလင်းပွဲ လုပ်၍လည်း တစ်ကမ္ဘာလုံးသိအောင် ကြေညာထားသောကြောင့် Intel က သတိချပ်ထားသည်မှာ သာမန်သာဖြစ်၏။

လင်းရီ မေးကုတ်မိလိုက်သည်။ Cisco ကို ဖြုတ်ချရန်အတွက် သူ၏ ဝှက်ဖဲ တစ်ချပ်ကို ချပြလိုက်ရသည်က တန်တော့ မတန်ချေ။

ကံကောင်းစွာဖြင့် သူ၏ ချစ်ပ် 3.0 ကုတ်မှာ ပြီးဆုံးတော့မည် ဖြစ်သောကြောင့်သာ ခံသာသွားခဲ့၏။

“ လင်းရီ… နင် အန်တီပြောနေတာကို နားထောင်နေရဲ့လား….”

“ ဟုတ် အန်တီ… နားထောင်နေပါတယ်ဗျ….”

“ ထိုင်ဝမ်း အီလက်ထရောနစ်က နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည့်နှက်နေတယ်ဆိုပေမယ့် ကျန်းကျုံးမော့ကိုယ်တိုင်ကလည်း မခေတဲ့သူ တစ်ယောက်ပဲ… သူက ကျောက်မိုထက် အများကြီး ပိုပြီးတော့ စွမ်းအားကြီးတယ်…” ရှန်းရှူးရီ ပြောလိုက်ပြီး “ တကယ်လို့ နင် သူနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ကြိုပြီး ပြင်ဆင်ထားတာ ကောင်းမယ်…”

“ အင်း… ကျွန်တော်လည်း နားလည်တယ်….”

“ ဘာပဲဖြစ်ဖြစ်ပါ… အန်တီ နင့်ကို ယုံကြည်သလို နင့်ဘက်မှာလည်း အန်တီရှိတယ်….” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဒါနဲ့ စကားမစပ် နင့် မိုဘိုင်းဖုန်း အတွက် ထုတ်လုပ်သူတွေလိုရင် အန်တီ လူတစ်ချို့နဲ့ ဆက်သွယ်ပေးရမလား…. ကူညီပေးလို့ရတယ်နော်…”

“ အသေးအမွှား ပြဿနာလေးလောက်နဲ့တော့ အန်တီရှန်းကို ဒုက္ခမပေးတော့ပါဘူးဗျာ….” လင်းရီ ပြောလိုက်ပြီး “ ကိုယ့်ဘာကိုယ်ပဲ ဖြေရှင်းလိုက်ပါ့မယ်…”

ရှန်းရှူးရီ ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် “ပြီးတာပဲလေ… ဒါဆို ဒါပဲနော်… အန်တီ အစည်းအဝေးရှိသေးလို့ ဖုန်းချလိုက်တော့မယ်… လိုအပ်ရင် အချိန်မရွေး ဖုန်းဆက်လိုက်….”

“ ဟုတ် အန်တီရှန်း .. ကျေးဇူးပါဗျ….”

ဖုန်းချပြီးနောက် ရှန်းရှူးရီ အစည်းအဝေးခန်းထဲသို့ တန်းမသွားပေ။ ထိုအစား စားပွဲခုံပေါ်တွင် လက်တင်ရင်း သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်၏။

“ သူက ဘာကို အရမ်း သတိချပ်နေတာ…”

…………………….

ကျိုကျုံးဗီလာထဲတွင် လင်းရီ ဖုန်းချပြီးနောက် သူ၏ လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ထားလိုက်၏။

ယခုတော့ ထိုင်ဝမ်း အီလက်ထရောနစ်မှာ ယခုကိစ္စနောက်ကွယ်ရှိ ထိန်းချုပ်နေသူဖြစ်ကြောင်း သေချာသွားပြီး ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမလဲ ဆိုတာက ပြဿနာ တစ်ခု ဖြစ်လာချေပြီ။

မိုဘိုင်းဖုန်း စီးပွားရေးနှင့် စပ်လျဉ်း၍ကတော့ လင်းရီ အများကြီး စိတ်ပူမနေချေ။

အကယ်၍ အဆင်မပြေပါက သူ အစိတ်အပိုင်းများကို ပိုက်ဆံပိုပေး၍ ဝယ်ယူလိုက်မည်ဖြစ်၏။

ယင်းကလည်း ချီရှန်းကျောက်၏ လုပ်ဆောင်မှုများအပေါ်တွင် မူတည်နေသေးသည်။

အကယ်၍ သူသာ သုံးရက်အတွင်း ရလဒ်တစ်ခု ထွက်အောင် မပြုလုပ်နိုင်ပါက လင်းရီ ဝင်ပါရန် ဆုံးဖြတ်ထား၏။

ထိုအကြောင်းများ စဉ်းစားပြီးနောက် လင်းရီ အဆိုပါ ပျံ့လွင့်နေသည့် အတွေးများအား တစ်နေရာတွင် ဘေးကပ်ထားလိုက်လေသည်။

ယနေ့ညတွင် PvP ပွဲစဉ်ရှိသောကြောင့် သူ စကေးတစ်ချို့ကို အရင်ဆုံး လေ့ကျင့်ရမည်။

ထိုအကြောင်းစဉ်းစားရင်း လင်းရီ ကျန်းစုန့်ထံသို့ ဖုန်းခေါ်လိုက်၏။

“ သားရီး … မင်းရဲ့ DNF အကောင့် ခဏပေးဆော့ဦးဟ…”

“ သေချာလို့လား ... ငါ့အကောင့်က တကယ့်ကို စုတ်ပြတ်သပ်နေတာနော်… လယ်ဗယ် 100 ရောက်ပြီးကတည်းက ပစ်ထားတာကြာပြီ….”

“ ရတယ်… ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်… “

“ အိုကေ… ငါမင်းကို ခဏကျ ဝီချက်ကနေ ပို့ပေးလိုက်မယ်….”

“ အိုကေ…”

မကြာမီ ကျန်းစုန့်မှ ၎င်း၏ QQ အကောင့်နှင့် လျှို့ဝှက်နံပါတ်အား ပို့ပေးလာခဲ့၏။

လင်းရီ ပေးထားတဲ့ အချက်အလက်များအတိုင်း ဂိမ်းထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းစုန့်၏ လက်နက်များမှာ သူထင်ထားသလောက် ဆိုးရွားမနေကြောင်း မြင်တွေ့လိုက်ရလေသည်။ အနည်းဆုံးတော့ မုန့်ကျင်းရန်နှင့် ယှဉ်ချရန် လုံလောက်၏။

အချိန်အတော်ကြာ ပစ်ထားမိသောကြောင့် လင်းရီ ဂိမ်းနှင့် ခဏမျှ ရင်းနှီးအောင် ပြုလုပ်လိုက်သည်။ ထို့နောက်PvP arena ၌ စတင်လေ့ကျင့်တော့၏။

လင်းရီ သူကိုယ်တိုင်ကလည်း လက်ရှိ အဆင့်ဖြင့် မုန့်ကျင်းရန်၏ ပြိုင်ဘက်မဟုတ်ကြောင်း နားလည်ပေသည်။ သို့တိုင်အောင် သူ သဘောတူလိုက်ရခြင်း ရည်ရွယ်ချက်ကတော့ စနစ်မှ ချီးမြင့်ပေးထားသည့် ပြီးပြည့်စုံသည့် ခန္ဓာနှင့် ကံကောင်းခြင်း ကတ်ကြောင့်ပင်။

သူ့ ရုပ်ပိုင်းဆိုင်ရာ မြင့်တင်ထားမှုကြောင့် တုန့်ပြန်မှုများနှင့် ခလုတ်များနှိပ်ရာ၌ လျင်မြန်မှုရှိပြီး လုံလောက်အောင် လေ့ကျင့်နေသရွေ့ လေ့ကျင့်သလောက် တိုးတက်လာမည်မှာ မလွဲမသွေပင်။

သို့သော်လည်း အဆိုပါ အချက်လေးလောက်နှင့်တော့ သူနှင့် မုန့်ကျင်းရန်ကြားရှိ ကွာဟချက်ကို ဖြည့်ဆည်းရန် မစွမ်းသာသေးချေ။ လက်နက်အစိတ်အပိုင်းများကို သေချာရွေးချယ်ရန်လည်း လိုအပ်သေး၏။ သို့မှသာ တစ်ဝိုက်ခန့် အားစိုက်ရုံမျှဖြင့် ရလဒ် နှစ်ဆ ထွက်လာပေမည်။

လင်းရီ တစ်မနက်ခင်းလုံး ကွန်ပျူတာရှေ့ထိုင်၍ သူ၏ လေ့ကျင့်ရေး ခရီးစဉ်ကို စတင်ရင်း terra stone အဆင့်သို့ ရောက်ရှိသွားခဲ့၏။

ထိုအဆင့်တွင်တော့ လင်းရီ သူ၏ အဆင့်ကို တိုးမြင့်ရန်က ပိုမိုခက်ခဲလာကြောင်း မြင်တွေ့လိုက်ရလေသည်။

လူတိုင်းနီးပါးက ကျွမ်းကျင် ကစားသမားများ ဖြစ်ကြပြီး တစ်ခါတစ်ရံ ချီတာများနှင့်ပါ ကြုံတွေ့ရသေးသောကြောင့် အတော်လေးကို ဒေါသထွက်စရာပင်။

လင်းရီလည်း ဤအဆင့်တွင် သူ၏ ကျွမ်းကျင်မှု တစ်ခုတည်းကို အားကိုး၍ rank တိုးမြင့်၍ မရကြောင်း သိ၏။ လက်နက် လယ်ဗယ် ကွာဟမှုက မချိုးဖောက်နိုင်သည့် အတားအဆီးကြီးကဲ့သို့ ဖြစ်ပေါ်လာပြီး သူလည်း လက်နက်ပစ္စည်းတစ်ချို့ရရန် ကြံဖန်ရတော့သည်။ မဟုတ်ပါက မုန့်ကျင်းရန်ကို နိုင်ရန် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ချေ။

ကလင် ကလင် ကလင်

ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ကျောက်ဝန်ထံမှဖြစ်နေလေသည်။

“ ဘာကိစ်စလဲ…”

“ သုတေသန စင်တာက လည်ပတ်နေပြီ… ပြီးတော့ သက်ဆိုင်ရာ သုတေသန ပညာရှင်တွေကလည်း သူတို့အလုပ် သူတို့ စနေကြပြီ… ရှင် လာကြည့်ဦးမလား….”

“ စနေပြီလားဟ…. ငါထင်နေတာ မစခင် ဖွင့်ပွဲလုပ်ဦးမယ် ထင်တာ…”

“ အစကတော့ ဖွင့်ပွဲကို နောက်သုံးရက်လောက် နေရင် လုပ်မလို့ပါပဲ… ဒါပေမယ့် ဟွာရှက ခေါင်းဆောင်ကြီးပိုင်းတွေက အချိန်မပေးနိုင်တာနဲ့ပဲ ခေတ္တ ရွေ့ဆိုင်းထားရတာ..... ဒါပေမယ့် ဓာတ်ခွဲခန်းရဲ့ လုပ်ငန်းဆောင်တာတွေကိုတော့ ဘာ အကျိုးသက်ရောက်မှုမှ မရှိပါဘူး… သူ့နေရာနဲ့သူတော့ အကုန်လုံးက အဆင်ပြေနေတာပါပဲ….”

“ငါ့ကို လိုအပ်တဲ့ နေရာကော ရှိလို့လား…”

“ အွန်း...အရင်တုန်းက Pfizer နဲ့ တခြား အဓိက ဆေးကုမ္ပဏီကြီး ခြောက်ခုက ပူးပေါင်းပြီးတော့ သုတေသန အသစ်တွေ ပြုလုပ်ဖူးသေးတယ်လေ… ဒါပေမယ့် တစ်ဝက်လောက်ရောက်တော့ ပြဿနာလေး တစ်ချို့ ကြုံနေတာနဲ့ ဓာတ်ခွဲခန်း အသစ်ဆီ ယူလာခဲ့လိုက်တာ.” ကျောက်ဝန်ပြောလိုက်၏။

“ မဟုတ်သေးပါဘူး… အဲ့ဒီ အမေရိကန်တွေက တကယ်ကြီး အဲ့လို လုပ်ချင်နေတာ သေချာပြီလား… သူတို့ အဲ့ဒီ ပရောဂျက်ကို ဟွာရှက စင်တာမှာ ထုတ်လုပ်မယ်ဆိုလို့ကတော့ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူးနော်….”

“ သူတို့လည်း အဲ့လို ဘယ်ဖြစ်ချင်ပါ့မလဲ.. ဒါပေမယ့်လည်း အပြီးသတ်နိုင်တဲ့ အစွမ်းအစက မရှိဘူးလေ….” ကျောက်ဝန်ပြောလိုက်ပြီး “ ဒီရဲ့ ပရောဂျက်က လုပ်နေတာ တစ်နှစ်တောင်ကျော်နေပြီ… ဒါပေမယ့် ဘာမှ ပေါက်ပေါက်မြောက်မြောက်လည်း မရှိသေးဘူး… ဒါကလည်း Pfizer နဲ့ အဓိက ဆေးကုမ္ပဏီကြီးခြောက်ခု ရှင်နဲ့ ပူးပေါင်းချင်နေရတဲ့ အဓိက ရည်ရွယ်ချက်ပဲ….”

“ ကောင်းပြီလေ… အဲ့တာဆိုလည်း ငါတစ်ချက် လာကြည့်ကြည့်လိုက်မယ်…”

“ ၁၂၆ ကျုံးကျန်းလမ်းနော်…ရှင် ရောက်တော့မယ်ဆို ဖုန်းကြိုဆက်လိုက်… ကျွန်မ လာကြိုပေးမယ်…”

“ အင်း… ကောင်းပြီ...”

ဖုန်းချပြီးနောက် လင်းရီ အဝတ်အစားလဲပြုကာ ထွက်လာခဲ့လိုက်၏။ မိနစ်လေးဆယ်ကြာပြီးနောက် သူ အသစ်တည်ဆောက်ထားသည့် သုတေသန စင်တာအသစ်သို့ ရောက်ရှိလာခဲ့လေသည်။

ပြင်ဆင်မွမ်းမံပြီးနောက် သုတေသနစင်တာမှာ အတော်လေးကို ခေတ်မှီဆန်းသစ်သွားပြီး အဓိက အပြင်နံရံများကိုလည်း ဖန်အပြာဖြင့် ပြုလုပ်ထား၏။ ရိုးရှင်းသော်လည်း ခမ်းနားပြီး ခေတ်ရှေ့ပြေးနေသည့် ခံစားချက်မျိုးကို ရရှိစေသည်။ အချုပ်အားဖြင့်ဆိုရသော် မြင်သူတိုင်း ရင်သပ်ရှုမော ဖြစ်ရစေလောက်၏။

လင်းရီ ကားပါကင်ထိုးပြီးနောက်တွင် ကျောက်ဝန် သူ့ထံ ရောက်လာခဲ့သည်။

သူမက အပြာရောင် ပန်းပွင့်ပုံစံ ဂါဝန်ကို ဝတ်ဆင်ထားပြီး အဝါရောင် အင်္ကျီလက်ရှည်နှင့် တွဲလျက်ဝတ်ဆင်ထားကာ ဆံပင်ကိုလည်း လှိုင်းပုံစံ အတွန့်တွန့်လေးများ ပြုလုပ်ထား၏။

ယုံကြည်ချက် အပြည့်ဖြင့် လမ်းလျှောက်နေရင်း သူမ၏ ကိုယ်ပိုင် အရှိန်အဝါကို ထုတ်လွင့်နေလေသည်။

“ မင်းက ဘာလို့ ဒီရောက်နေရတာ… ယူအက်စ်ကို ပြန်မသွားတော့ဘူးလား…”

“ ရှင့်ကောင်းမှုနဲ့ ကျွန်မက ရာထူးတိုးခံလိုက်ရပြီ…. အခုဆို ကျွန်မက အာရှ- ပစိဖိတ်ဒေသရဲ့ တာဝန်ခံ ဖြစ်သွားပြီ…” ကျောက်ဝန်ပြောလိုက်ပြီး “ ခု သုတေသန စင်တာက စတင်လည်ပတ်နေပြီဆိုစေတော့ ဒီနေရာအပေါ် အာရုံစိုက်ထားရမှာက သဘာဝပဲလေ… ဒါကြောင့်မို့ တမင်သပ်သပ် အချိန်ရှာကြံပြီး လာခဲ့တာ…”

“ အဲ့လိုဆို ငါ့ကို ကျေးဇူးမတင်သင့်ဘူးလား…”

“ ကောင်းပြီလေ… ကျွန်မနောက်မှပဲ ထမင်းလိုက်ကျွေးတော့မယ်… ဒါပေမယ့် ရှင်ကတော့ သဘောတူမယ် မထင်ပါဘူး…”

“ အင်း… မင်းတောင် ငါ့အကြောင်း တော်တော်နားလည်နေပြီပဲ… ထမင်းစားမယ့်အစား ပန်နီဆူလာဟိုတယ်မှာ စကားတွေပြောရတာက ပိုကောင်းတယ် မထင်ဘူးလား….”

“ ဥက္ကဌလင်းကို အဲ့လို စကားမျိုး ပြောထွက်အောင် လုပ်နိုင်တယ်ဆိုတော့ ကျွန်မရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ချီးကျုးတယ်လို့ပဲ သဘောထားလိုက်မယ်နော်….” ကျောက်ဝန် ပြုံးလိုက်ပြီး “ ဒါပေမယ့် ခုတော့ အရင်ဆုံး အထဲသွားကြတာ ပိုကောင်းမယ်… အဲ့ အဘိုးကြီးက လူနားမလည်တဲ့ စကားလုံးတွေနဲ့ ငြင်းခုန်နေကြတာ အစောကြီးကတည်းကပဲ… ရှင်သူတို့ကို ကူညီပေးပြီး သုတေသန ပြဿနာ ဖြေရှင်းနိုင်မယ် မျှော်လင့်တယ်…”

“ လွယ်ပါတယ်… ငါ့ကို အချိန်ငါးမိနစ်ပဲပေး… သူတို့အားလုံး နှုတ်ပိတ်သွားအောင် လုပ်ပေးလိုက်မယ်… တစ်ယောက်မှ အသံမထွက်စေရဘူး…”

All Chapters