အမှောင်ထု၏ အရင်းအမြစ်
Vol. 50 Ch. 680
ချင်မူ နဂါးချီလင်အား စွမ်းအင်ဆေးလုံး အိုးတစ်ဝက် ကျွေးလိုက်ပြီးနောက် ယန်ကျင့်ကျင့်အား ပြောလိုက်သည်။ “ဒီကောင်ကြီးက ကြောက်တတ်ပေမယ့် အစားအကြောင်း ပြောလိုက်တာနဲ့ မကြောက်တတ်တော့ဘူး”
ယန်ကျင့်ကျင့် သဘောပေါက်သွားပြီး ပြုံး၍ ပြောလိုက်၏။ “ဖက်တီးနဂါးရဲ့ ခွန်အားကလည်း ပေါ့ပေါ့သေးသေး မဟုတ်ဘူး... စောစောက အတော်လေး အားထည့်တာတောင် မြေကြီးထဲကနေ သူ့ကို ဆွဲထုတ်လို့ မရခဲ့ဘူးလေ... နင် စောစောက ဘာကြည့်နေတာလဲ... ဘေးက ကြည့်ရတာတော့ ကြောက်စရာကောင်းတယ်”
ချင်မူ သေခြင်းရှင်ခြင်းစာအုပ်ကို သူမဆီ ပေးကာ ပြောလိုက်သည်။ “အရာရှိမင်း ချန်ခဲ့တဲ့ ကောင်းကင်နတ်သိုင်းကို ကြည့်ရင်း စျာန်ဝင်သွားတာပါ”
ယန်ကျင့်ကျင့်က ထိုင်ချ၍ စာအုပ်ပေါ်ရှိ သင်္ကေတအမှတ်အသားများကို အသေးစိတ်ကြည့်နေသည်။ ရှုပ်ထွေးလွန်းသဖြင့် သူမ တစ်လုံးမျှ နားမလည်နိုင်ပေ။
ချင်မူ သူမဘေးတွင် ထိုင်ကာ ရှင်းပြပေးလိုက်၏။ “ဒါတွေက ယိုတုဘာသာစကားတွေပဲ ... ယိုတုဘာသာစကားက သက်ရှိကမ္ဘာရဲ့ ဘာသာစကားနဲ့ မတူဘူး... သက်ရှိကမ္ဘာက လူတွေအတွက် ယိုတုဘာသာစကားတွေက ဟိုခြစ်သည်ခြစ် ခြစ်ထားသလို ဖြစ်နေလိမ့်မယ်... ဒါပေမဲ့ ယိုတုဘာသာစကားက သိပ်ရှေးကျတဲ့အပြင် တိုင်းဆလို့မရတဲ့ ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေ ကိန်းဝပ်နေတယ်... ဒါတွေက ယိုတုရဲ့ မဟာတာအိုသဘောတရားတွေကို သယ်ဆောင်ပေးထားတာတွေပဲ”
ယန်ကျင့်ကျင့်မှာ သူ ရှင်းပြနေသည်ကို နားမလည်သော်လည်း သူ့ဘေးတွင် ထိုင်နေရ၍ ရင်ထဲ ကြည်နူးနေမိသည်။ စာအုပ်ပေါ်ရှိ စာလုံးများကို နားမလည်သည့်တိုင် နားထောင်ရလည်း ကိစ္စမရှိပေ။
ချင်မူ ဆက်လက်ရှင်းပြသည်။ “စာလုံးတွေက မဟာတာအိုသဘောတရားကို သယ်ဆောင်ထားတဲ့ အချက်အလက်တွေ... လူမျိုးစုတစ်စုရဲ့ စာလုံးတစ်လုံးကို နားလည်ရင် သူတို့ခေတ်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေကို နားလည်ဖို့ ခက်မှာမဟုတ်ဘူး... အရာရှိမင်းက ဒီကောင်းကင်နတ်သိုင်းကို ဖြန့်ဝေပစ်မှာ ကြောက်လို့ ငါ့ကို မသင်ပေးချင်ခဲ့ဘူး... ဒါပေမဲ့ အဲဒီလိုလုပ်ရုံနဲ့ ငါ မသိနိုင်ဘူးထင်ရင်တော့ သူ ငါ့ကို လျှော့တွက်ထားတာပဲ”
ယန်ကျင့်ကျင့်က သေခြင်းရှင်ခြင်းစာအုပ်ကို ပေါင်ပေါ် တင်၍ နားသယ်မှ ကျနေသော ဆံပင်စလေးများကို လက်ကလေးနှစ်ဖက်ဖြင့် ဆော့နေသည်။ သူမက တွေဝေရှုပ်ထွေးစွာ ပြောသည်။ “ဒီကောင်းကင်နတ်သိုင်းက ရှုပ်ထွေးလွန်းတယ်မဟုတ်လား... ဒီထဲက သဘောတရားတွေကို ငါတို့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”
ချင်မူ ပြုံးလျက် ပြောလိုက်၏။ “ငါက ယိုတုဘာသာစကားကို နားလည်တယ်လေ... ငါ့အတွက် ဒီသင်္ကေတအမှတ်အသားတွေရဲ့ လျှို့ဝှက်ချက်တွေက မခက်ဘူး... ခက်တာက ပြောင်းလဲနေတဲ့ သွေးကြောတွေနဲ့ ထပ်နေတဲ့ ဖွဲ့စည်းပုံတွေပဲ... ငါ အဲဒါတွေကို နားမလည်ဘူး... ယိုတုရဲ့ ကောင်းကင်နတ်သိုင်းတွေကို အများကြီး မလေ့လာဖူးပေမယ့် ကံကောင်းတာက ငါတို့မှာ လူတော်တွေ ရှိတယ်လေ... သူတို့ကို ဖိတ်ခေါ်ပြီး အတူတူ လေ့လာလိုက်ရင် ဒီကောင်းကင်နတ်သိုင်းရဲ့ လျှို့ဝှက်ချက်တွေကို သေချာပေါက် ဖော်ထုတ်နိုင်တယ်”
တံငါသည်အဘိုးအိုက ထလာပြီး ခုံပုလေးကို သိမ်းကာ လျှောက်လာသည်။ “တစ်ချက် ကြည့်ရအောင်”
ယန်ကျင့်ကျင့် ကပျာကယာ ထ၍ သေခြင်းရှင်ခြင်းစာအုပ်ကို သူ့ဆီ ပေးလိုက်၏။ တံငါသည်အဘိုးအိုမှာ စာအုပ်ကို ကြည့်ရင်း ခေါင်းမူးသွားသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ နားမလည်ဘူး... သစ်ခုတ်သမားကတော့ နားလည်လောက်တယ်... သူ သိတာ ပိုများတယ်”
ချင်မူ လရေတွင်းထံ ကြည့်လိုက်သည့်အခါ လရေတွင်းဘေး၌ လများ ချည်နှောင်ခံထားရသည်ကို မြင်လိုက်ရသည်။ လရောင်များက လင်းလက်တောက်ပနေ၏။ တံငါသည်အဘိုးအိုကား အချိန်တိုလေးအတွင်း လများစွာ မျှားတင်နိုင်ခဲ့လေသည်။ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။
တံငါသည်အဘိုးအိုက ငါးမျှားကြိုးကို ပြန်ရစ်တင်လိုက်၍ အနီရောင်ငါးလေးနှစ်ကောင်လည်း သူ့ခြင်းထဲ ပြန်ခုန်ဝင်လိုက်ကြသည်။
တံငါသည်အဘိုးအိုက လက်ခါယမ်းကာ ပြောလေသည်။ “ကဲ အခု နေနဲ့လတွေ မျှားပြီးပြီဆိုတော့ ငါ ပြန်သင့်ပြီ... မင်းတို့တွေ ခွန်နီကြီးနဲ့ ပြန်လိုက်မှာလား... လရေတွင်းကနေ ပြန်မှာလား”
ချင်မူနှင့် ယန်ကျင့်ကျင့်က ဆွေးနွေးပြီး ပြောလိုက်၏။ “ကောင်းကင်ဆရာသခင် တံငါသည်က ကျွန်တော့်မျက်ခုံးနှစ်ဖက်ကြားကိုပဲ စိုက်ကြည့်နေတာဆိုတော့ မနေနိုင်တော့ဘဲ အစ်ကိုကြီးကို ဆွဲထုတ်လိုက်မှာ ကြောက်မိပါတယ်.. ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် လရေတွင်းကနေပဲ ကြယ်ပင်လယ်ဆီ သွားလိုက်တော့မယ်... လမ်းကလည်း ပိုနီးတယ်”
တံငါသည်အဘိုးအိုက လက်ပြနှုတ်ဆက်ရင်း ခြင်းဆွဲလျက် ထွက်သွားသည်။
“နင်တို့နှစ်ယောက်လည်း တစ်တီတူးကြဦးနော်” ငါးနီလေးနှစ်ကောင်က ခေါင်းထွက်လာပြီး ဆူးတောင်များဖြင့် သူတို့ကို နှုတ်ဆက်ကြသည်။
ချင်မူနှင့် ယန်ကျင့်ကျင့်နှစ်ယောက်လုံး မျက်နှာများ နီရဲသွားကြပြီး အနေရခက်သွားကြသည်။ နဂါးချီလင်က ဇလုံကို လျက်နေ၍ ရှလွတ် ရှလွတ် မြည်သံများ ထွက်လာသဖြင့် တိတ်ဆိတ်မှု ပြိုကွဲသွား၏။
နဂါးချီလင်က ဇလုံတစ်လုံးစလုံး ပြောင်အောင် လျက်ပြီးနောက် ဇလုံကို သိမ်းလိုက်သည်။ နဂါးချီလင်အတွက် ဇလုံထက် အရေးပါသောအရာ မရှိတော့ပေ။
“လရေတွင်းထဲ ခုန်ချလိုက်ရင် ကြယ်ပင်လယ်ကို ရောက်မယ်... ဒါဆို နေရေတွင်းဆီ မြန်မြန်ပြန်ရောက်နိုင်တယ်”
ယန်ကျင့်ကျင့်က ပြောလိုက်သည်။ “အဲဒါဆို ငါတို့ လဝက်လောက် အချိန်ကုန်သက်သာမယ်”
ချင်မူ အလွန်သိချင်နေ၍ မေးလိုက်သည်။ “ကြယ်ပင်လယ်ရဲ့ ဇစ်မြစ်ကို နင် သိလား”
ယန်ကျင့်ကျင့်က ပြောပြ၏။ “ဘိုးဘိုးခေါင်းဆောင်လည်း သိပ်မသိဘူး... ကြယ်ပင်လယ်က အသွင်မဖွဲ့တည်သေးတဲ့ ရတနာတစ်ပါးလို့ပဲ ကြားဖူးတယ်... အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်က အဲဒါကို ခိုင်ဧကရာဇ်ခေတ်တုန်းက ဖန်ဆီးခဲ့ပေမယ့် အပြီးမသတ်နိုင်ခင် ရွှင်ပျော်ပျော်ကျေးရွာဆီ ပြောင်းရွှေ့သွားတာတဲ့”
နှစ်ယောက်သား နဂါးချီလင်၏ ကျောပေါ်တွင် ရပ်လိုက်ကြပြီး နဂါးချီလင်သည် လရေတွင်းထဲ ခုန်ဆင်းလိုက်၏။ အလင်းရောင်များ ပိုမိုစူးရှတောက်ပလာကာ မကြာမီ ကျယ်ဝန်းကြီးမားသော မြေအောက်နေရာသို့ ရောက်လာကြသည်။
ချင်မူ ပြောလိုက်မိသည်။ “အသွင်မဖွဲ့တည်သေးတဲ့ ရတနာတဲ့လား... ငါ ကြယ်တွေကြား ဖြတ်သွားခဲ့တုန်းက နတ်ဘုရားလက်နက်တွေ မြင်ခဲ့တာပါ... ဘာလို့ ရတနာက တစ်ခုတည်းလဲ”
တစ်ခါတုန်းက ကြယ်ပင်လယ်၏အောက်တွင် ကြောက်မက်ဖွယ်ရာ ဓားစက်လုံးတစ်လုံး မြင်ခဲ့ဖူးသည်။ ထိုဓားစက်လုံးမှ အရောင်စုံလင်သော ဓားပျံများ ဖြာထွက်လာခဲ့၏။ ဓားစက်လုံးသည် ဓားပျံများကို စိတ်တိုင်းကျ ဖြန့်နိုင်၊ သိမ်းနိုင်ချေရာ အလွန်ကြောက်စရာကောင်းခဲ့ချေသည်။
ထိုစဉ် သူတို့နှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ကမ်းပါးကြီးတစ်ခု၏ အောက်ခြေက မြောက်မှ တောင်သို့ သွယ်တန်းလျက် နေရေတွင်းနှင့် လရေတွင်းကြားရှိ လမ်းကို ပိတ်ဆို့ထားသည်။
ကြယ်ပင်လယ်ထဲရှိ ကြယ်များက အစုအဝေးများအဖြစ် ဖွဲ့စည်းပြီး မြေအောက်ကမ်းပါးကြီးကို အဆက်မပြတ် ဝင်တိုက်နေကြသည်။ ၎င်းတို့ကြောင့် မြေအောက်ကမ်းပါးကြီးမှာ အပေါက်များပင် ပေါက်နေ၏။
ကြယ်အစုအဝေးများအတွင်းရှိ ကြယ်များမှာ ကြယ်များမဟုတ်တော့ပေ။ နတ်စွမ်းအားတို့ ထုတ်လွှတ်နေသော ရတနာများ ဖြစ်နေကြ၏။ ရတနာများက တရွှီးရွှီး ပျံဝဲနေသဖြင့် တဘုန်းဘုန်း ပေါက်ကွဲသံများလည်း ပြည့်နှက်နေသည်။
‘ဒီကမ်းပါးက မဟာမြို့ပျက်ရဲ့ မြေအောက်ထဲ တိုက်ချသွားတဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လောက်တယ်... ‘ကြယ်’တွေက ဒီကမ်းပါးကြီးကို ဖောက်ထွင်းထားကြတာပဲ... ပြီးတော့ ကြယ်အစစ်တွေလည်း မဟုတ်ဘူး... ပုံသဏ္ဍာန်ဖွဲ့တည်ပြီးသွားတဲ့ ရတနာတွေ ဖြစ်နေကြပြီ’
ရတနာများသည် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းသွားကြပြီး တချို့ရတနာများမှ နတ်စွမ်းအားတို့ တစ်ချက်တစ်ချက် ပျံ့လွင့်လာတတ်ရာ အမှန်တကယ် ချောက်ချားစရာကောင်း၏။ ချင်မူ မြင်ခဲ့ဖူးသော ဓားစက်လုံးကြီးလည်း ထိုရတနာများကြားထဲ၌ ရှိနေသည်။
ဓားစက်လုံး၏ အမြန်နှုန်းက အလွန်ကြက်သီးထဖွယ် ကောင်းသည့်အပြင် ရောင်စုံဓားပျံများ ဖြန့်ကျက်နေသည်။ ကျန်ရတနာများလည်း တစ်ချက်တစ်ချက် စွမ်းအားများ ထုတ်လွှတ်လိုက်သည်။ တစ်ခုနှင့်တစ်ခု ထိတိုက်နေသော စွမ်းအားတို့နှင့်အတူ ရတနာများသည် စွမ်းအားအချင်းချင်း ငှားယူရင်း ၎င်းတို့ဘာသာ သန့်စင်နေကြဟန်တူ၏။
“မြတ်စွာဘုရား....”
အဘယ်အရာမျှ မယှဉ်နိုင်အောင် ကြောက်စရာကောင်းလှသော မြင်ကွင်းကို ကြည့်ရင်း ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “ဒါက တကယ် ရတနာတစ်ခုကို သန့်စင်ပေးနေတာပဲ... ဘယ်လိုရတနာမျိုးလဲတော့ မသိဘူး... ပြီးမြောက်သွားလို့ကတော့ ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်ထက် အဆပေါင်းများစွာ ကြောက်စရာကောင်းလိမ့်မယ်”
ယန်ကျင့်ကျင့်က ပြောသည်။ “ငါတို့ ဒီကနေ သွားလို့မရတော့ဘူး... သွားရင် သတိလွတ်သွားတာနဲ့ သေရလိမ့်မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ရတနာများ အချင်းချင်း သန့်စင်နေကြသော မြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းသည့်အပြင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကိုပင် ထိုးဖောက်နိုင်ကြ၏။ သူတို့သာ ဝင်သွားလိုက်လျှင် ရတနာများကြောင့် ပြာကျသွားလိမ့်မည်။
‘ဘယ်သူ ဒီရတနာတွေကို ဖန်တီးခဲ့တာပါလိမ့်... အသွင်ဖြစ်ပေါ်လာတော့မယ်ပုံ ပေါ်တယ်...’
သူ စိတ်ရှုပ်ထွေးနေပြီး နဂါးချီလင်ကို လရေတွင်းအပြင် ပြန်ထွက်ခိုင်းလိုက်သည်။ သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘တွေးကြည့်တော့မှ မဟာမြို့ပျက်အောက်မှာ ဆန်းကြယ်ရတနာတွေ အများကြီးရှိတာပဲ... နတ်သက်ကြွေတောင်တန်းအောက်မှာဆို ဧရာမနတ်ဓားမကြီးတစ်လက် ကိန်းအောင်းနေတယ်... အဲဒီဓားမကြီးက မြောက်ကနေ တောင်အထိ မိုင်တစ်သိန်းလောက် နေရာယူထားတာ... အခုလည်း ဒီမှာ ကြောက်စရာကောင်းတဲ့ ကြယ်အစုအဝေးကြီး ရှိနေပြီ... နတ်လက်နက်တွေလည်း အပြည့်ပဲ...’
ကြယ်ပင်လယ်သည် ခိုင်ဧကရာဇ်ခေတ်၏ အဆင့်မြင့် သိုင်းပညာရှင်များ ချန်ရစ်ခဲ့သည့်အရာ ဖြစ်မည်။ မဟုတ်လျှင် နတ်ဘုရားမကျစ်ချင်းက ထိုနေရာတွင် နေရေတွင်းနှင့် လရေတွင်းကို တည်ဆောက်ခဲ့မည်မဟုတ်ပေ။ သို့သော် ကြယ်ပင်လယ် ပြီးမြောက်ခါနီးမှ အဘယ်သို့ပြု၍ ပစ်ထားခဲ့ကြသနည်း။
“ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ လော့ဖူကောင်းကင်ဘုံကို ပတ်သွားရင် နေရေတွင်းကို ရောက်ဖို့ တစ်လလောက် ကြာလိမ့်မယ်”
နဂါးချီလင်က လရေတွင်းထဲမှ ပျံထွက်လိုက်ပြီး အပြင်ရောက်သည့်အခါ သဘာဝကမ်းပါးကြီးဆီသို့ ပျံသန်းလိုက်ကြသည်။ နေ့အချိန်ဖြစ်သည့်အတွက် ကမ်းပါးနံရံများမှ အလင်းတန်းတို့ ဖြာထွက်မနေပေ။ ညအချိန်ရောက်မှသာ အလင်းရောင်များ ကွန့်မြူးတတ်ခြင်းဖြစ်သည်။
အစတုန်းက သဘောကမ်းပါးကို ဖြတ်သွားနိုင်သော လမ်းနှစ်လမ်း ရှိခဲ့သည်။ ထိုလမ်းနှစ်လမ်းသည် ကမ်းပါးထိပ်မှ အောက်သို့ ခင်းထားသော တံတားပျံနှစ်စင်းဖြစ်၍ သွားလာရလွယ်ကူ၏။ သို့သော် ခွန်နီကြီး ချင်မူတို့ကို သယ်လာခဲ့တုန်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကြောင့် တံတားနှစ်စင်း ပျက်စီးနေသည်ကို မြင်ခဲ့ရလေသည်။
ယခုမူ တစ်စုံတစ်ယောက်က တံတားနှစ်စင်းကို ပြုပြင်ထားသည်။
ချင်မူ အံ့အားသင့်သွားပြီး နဂါးချီလင်အား အရှိန်လျှော့ခိုင်းလိုက်သည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နောက်ကျောဘက်၌ အပေါက်ကြီးတစ်ပေါက် ရှိနေပြီး အပေါက်၏အပြင်တွင် မိန်းကလေးများသည် တံတား၏အုတ်မြစ်အား အလျင်အမြန် ပြန်ဆောက်နေကြ၏။
ဥမင်အပေါက်ဝတွင်မူ လေးထောင့်သဏ္ဍာန် ကျောက်တုံးများက ခြေထောက်များဖြင့် တန်းစီ ထွက်လာနေကြသည်။
ယန်ကျင့်ကျင့်မှာ ထိုကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုး မမြင်ဖူး၍ မအံ့ဩမိဘဲ မနတော့ပေ။ ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါက အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းပဲ.. ထိုက်ဧကရာဇ်ကောင်းကင်ဘုံအထဲမှာ ဥမင်အပေါက်ဖောက်နေတဲ့သူကို ငါ သိတယ်”
ချင်မူ နဂါးချီလင်ကို ဆင်းသက်ခိုင်းလိုက်ပြီး အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များက သူ ဆင်းလာသည်ကို မြင်လျှင် အံ့ဩဝမ်းသာသွားကြသည်။ သူတို့၏ ဥမင်ပေါက်ထဲ လှမ်းအော်ပြောလိုက်၏။ “သမက်တော်လေး ရောက်လာတယ်ဟေး”
ချင်မူ့မျက်နှာ နီရဲသွားသည်။ သူက ယန့်ကျင့်ကျင့်အား ရှင်းပြလိုက်၏။ “အထဲက လူက သေချာပေါက် အနောက်ကမ္ဘာမြေရဲ့ ဆရာသခင်သုံးယောက်ထဲက ဝင်္ကပါဆရာမ ဟယ့်ရီရီ ဖြစ်လိမ့်မယ်... သူက သိပ်သန်မာအားကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ ... ဝင်္ကပါပညာမှာ ပြိုင်ဘက်ကင်းတယ်... ဒါပေမဲ့ တစ်လောကလုံးမှာတော့ နံပါတ်သုံး.... သူတို့ ပေါက်ကရတွေ လျှောက်ပြောနေကြတာ... ငါ ဟယ့်မိသားစုရဲ့ သမက် မဟုတ်ဘူး... သူတို့မှာ အလည်လက်ထပ်လို့ရတဲ့ ဓလေ့ရှိတယ်လေ... ဒါပေမဲ့ ငါ လက်မထပ်ခဲ့ပါဘူး... နိုင်းခွေ အာဏာပြန်သိမ်းနိုင်အောင် ကူညီဖို့သာ အနောက်ကမ္ဘာမြေဆီ သွားခဲ့တာပါ...”
သူ စကားပြောနေစဉ် မွှေးပျံ့နေသော ကိုယ်သင်းနံ့က သူ၏နှာခေါင်းဝထဲ တိုးဝင်လာပြီး အမျိုးသမီးတစ်ယောက်က သူ့ရင်ခွင်ထဲ ပြေးဝင်လာသည်။ သူမက ပြုံးရွှင်စွာ ပြော၏။ “မောင်၊ ဒီရောက်နေတာပေါ့”
ချင်မူ ကူကယ်ရာမဲ့သွားပြီး နဖူးမှ ချွေးများ ကျလာတော့သည်။
ဟယ့်ရီရီက သူ့ကို လွှတ်ပေးကာ ပြုံးလိုက်၏။ “ကြည့်ဦး ကြောက်နေလိုက်တာ.... မိန်းကလေး၊ မလန့်နဲ့ သူက ငါ့ယောက်ျားမဟုတ်ပါဘူး”
ယန်ကျင့်ကျင့်က မျက်နှာတည်နေပြီး စကားတစ်ခွန်းမပြောဘဲ သူမကို စိုက်ကြည့်နေ၏။
ချင်မူက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ “လန့်တာသွားတာပဲ မမရီရီရယ်... ဒီတစ်ခေါက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖြတ်ပြီး ဥမင်ဖောက်ဖို့ ဟယ့်မိသားစု တာဝန်လက်ခံလိုက်ရတာလား”
“ဧကရာဇ်က အနောက်ကမ္ဘာမြေရဲ့ ဟယ့်မိသားစုကို လမ်းပြင်ပြီး အနောက်ကမ္ဘာမြေနဲ့ အရှေ့ကမ္ဘာမြေကို ဆယ်သွယ်ပေးမယ့် ဥမင်ဖောက်ဖို့ အမိန့်တော်ထုတ်ပြန်လိုက်တယ်လေ”
ဟယ့်ရီရီက နားသယ်မှ ဆံပင်များကို နားနောက် ညှပ်ကာ ချွေးသုတ်နေသည်။ “ဧကရာဇ်က လိပ်နက်ပုတီးစေ့ ချီးမြှင့်ပေးပြီး ဟယ့်မိသားစုရဲ့ ပညာရှင်တွေကို ခေါ်လိုက်တယ်... အဲဒါနဲ့ လိပ်နက်ပုတီးစေ့ရဲ့ စွမ်းအား ငှားပြီး တောင်ကျောက်တုံးတွေ အသက်သွင်းပေးလိုက်တာ... ဒီကျောက်တုံးတွေက တံတားပြင်လိမ့်မယ်... ဟိုက တံတားတိုင်လုံးကြီးကို တွေ့လား... လိပ်နက်ပုတီးစေ့သာ မရှိရင် ငါ့မှာ ပြုပြင်ဖို့ မှော်စွမ်းအင် လုံလောက်မှာ မဟုတ်ဘူး”
ချင်မူ လှည့်ကြည့်ပြီး တလေးတစား စုပ်သပ်လိုက်မိသည်။ တံတားပျံနှစ်စင်း၏ တံတားတိုင်လုံးအောက်တွင် တောင်ကျောက်ဘီလူးကြီးများသည် တံတားကို ပခုံးပေါ်၌ ထမ်းထားကြ၏။
တောင်ကျောက်ဘီလူးများက အရပ်အပုဆုံးမှ အမြင့်ဆုံးအထိ တန်းစီးကာ ပခုံးများဖြင့် တံတားပျံများကို ပင့်မြှောက်ထားသဖြင့် တံတားမျက်နှာပြင်အား ညီညာစွာ ခင်းနိုင်လေသည်။ အမြင့်ဆုံးကျောက်ဘီလူးကြီးက ပေတစ်သိန်းကျော် မြင့်လောက်သည်။
ရုတ်တရက် အမျိုးသမီးတစ်ယောက်က ကျယ်လောင်စွာ လှမ်းအော်သည်။ “ဝင်္ကပါဆရာမ၊ မကြာခင် မှောင်တော့မယ်... ဒီည နားခိုဖို့ အနီးဆုံးရွာ ရှာကြရအောင်”
ယန်ကျင့်ကျင့် ရုတ်တရက် ပြောလိုက်၏။ “မလိုပါဘူး... ကျွန်မ ဒီမှာ ရှိတာပဲ ... အမှောင်ထုကို ကြောက်စရာမလိုပါဘူး”
ဟယ့်ရီရီ အနည်းငယ် မှင်သက်သွားသည်။ သူမက ယန်ကျင့်ကျင့်ကို စိုက်ကြည့်နေပြီး များစွာမကြာလိုက်ဘဲ နေဝင်သွား၏။ ချင်မူ သဘာဝကမ်းပါးကြီးဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည့်အခါ ကမ်းပါးနံရံပေါ်ရှိ အက်ကွဲကြောင်းများမှ စိမ့်ထွက်လာသော အမှောင်ထုကို မြင်လိုက်ရသည်။ အမှောင်ထုသည် ရေလှိုင်းကဲ့သို့ စီးမျောထွက်လာကာ တမုဟုတ်ချင်း သူတို့ကို လွှမ်းခြုံသွား၏။
အမှောင်ထုက ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထိတွေ့သွားသည့်အခါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ရှိနေသကဲ့သို့ ဖြတ်ကျော်သွားပြီး မဟာမြို့ပျက်အား လျင်မြန်စွာ ဖုံးလွှမ်းသွားလေသည်။
အားလုံး ယန်ကျင့်ကျင့်၏ဘေး၌ စုဝေးနေကြသည်။ ယန်ကျင့်ကျင့်သည် အားကောင်းသော ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်၍ အမှောင်ထုအား ဟန့်တားနေသည့် နေအသေးလေးသဖွယ် ဖြစ်နေ၏။ အမှောင်ထု သူမအား မည်မျှတွန်းတိုက်စေကာမူ သူမသည် တုတ်တုတ်မလှုပ်ပေ။
ယန်ကျင့်ကျင့်က ဟယ့်ရီရီဆီသို့ လှမ်းကြည့်သည်။ ဟယ့်ရီရီ ပြုံးပြလိုက်သော်လည်း ရင်ထဲ ခံရခက်နေ၏။ ‘ဒီကောင်မလေးက နတ်ဘုရားပဲ ... သိပ်လည်း အူတိုတတ်တယ်... ငါတော့ သူ့အနားမကပ်နိုင်တော့ဘူး ထင်ပါရဲ့’
ချင်မူက အမှောင်ထု စိမ့်ထွက်လာနေသော ကမ်းပါးနံရံကို ကြည့်နေသည်။ ထိုစဉ် အလင်းတန်းများ ဖြာထွက်လာပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နောက်ကျောပေါ် ကျရောက်လာ၏။
အလင်းတန်းများက အကွဲကြောင်းများဆီမှ လာနေသည်။
“ငါထင်ထားတဲ့အတိုင်းပဲ... အမှောင်ထုက ဒီအခြားကမ္ဘာတွေဆီက လာနေတာ... မဟာမြို့ပျက်မှာ ညရောက်ရင် ဒီကမ္ဘာတွေက နေ့ဖြစ်လိမ့်မယ်.... မဟာမြို့ပျက်မှာ နေ့ဆိုရင် ဒီကမ္ဘာတွေက ည.... သဲနာရီလိုမျိုးပဲ”
ချင်မူ မျက်လုံးများ မှေးကျဉ်းမိလိုက်သည်။ အလင်းတန်းများစွာ အက်ကွဲကြောင်းများမှ ဖြာထွက်လာနေရာ ကမ်းပါးနံရံထဲ၌ အခြားကမ္ဘာအတော်များများ ရှိနေလိမ့်မည်။
“ငါ့လက်ချက်နဲ့ သေသွားတဲ့ လော့ချင်းကျောင်း ပြောပုံအရဆို... မဟာမြို့ပျက်ရဲ့ အမှောင်ထုကို သူ့ဆရာ ယိုတုရဲ့ မဟူရာနတ်မင်း ဖန်တီးထားတာတဲ့... အမှောင်ထုက ဘာများပါလိမ့်”
ချင်မူ တခဏ တွန့်ဆုတ်သွားသည်။ မဟာမြို့ပျက်၏ အမှောင်ထုက မည်သည့်အရာမှန်း သူ မသိသေးပေ။ အမှောင်ထုသည် သေချာပေါက် အမှောင်ထုမဟုတ်... ထူးဆန်းသော ဒြပ်တစ်ခု ဖြစ်လိမ့်မည်။
ထို့အပြင် အမှောင်ထု ညအချိန်တွင် ကျူးကျော်ဝင်ရောက်လာသည့်အခါ မြေပြင်တစ်လျှောက် ကျက်စားပြီး အမှောင်ထုထဲ ဝင်လာသော သက်ရှိမှန်သမျှ စားပစ်တတ်သော မကောင်းဆိုးဝါးများလည်း ပါလာတတ်၏။
နေ့ရောက်လျှင် မကောင်းဆိုးဝါးတို့သည် အမှောင်ထုနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်။
ထိုမကောင်းဆိုးဝါးများ မည်သည့်နေရာမှ လာသနည်း။
ထိုမျှသာမက အမှောင်ထု ကျရောက်လာသည့်အခါ မိစ္ဆာနတ်ဘုရားများလည်း ကျက်စားနေတတ်သည်။ ချင်မူ ယွီကျောက်ချင်းနှင့် ကောင်းကင်ငှက်မွှေးမျိုးနွယ်စုကို နေရေတွင်း၌ ကယ်တင်ခဲ့တုန်းက အခြားဟင်းလင်းပြင်မှ ခုန်ထွက်လာခဲ့သော မကောင်းဆိုးဝါးများအား မြင်ခဲ့ရ၏။ ဆိုလိုသည်က မဟာမြို့ပျက်တွင် ထိုကဲ့သို့ ဝင်ပေါက်များ ရှိနေလိမ့်မည်။
ဝင်ပေါက်အများဆုံးနေရာမှာတော့ မာန်ဟုန်မြစ်၏အစ ဖြစ်သော လက်ရှိ သဘာဝကမ်းပါးကြီးပင်။
‘ဒီထဲမှာ အမှောင်ထုရဲ့ တကယ့်အရင်းအမြစ် အစစ် ရှိမယ်... အမှောင်ထုရဲ့ အရင်းအမြစ်က ကမ်းပါးနံရံကနေ အလင်းရောင်ဖြာထွက်နေတဲ့ ကမ္ဘာတွေ မဟုတ်ဘူး... အမှောင်ထုသာ အဲဒီကမ္ဘာတွေမှာ ရှိနေရင် သေချာပေါက် ဘယ်လင်းလာပါ့မလဲ... အရိုးရှင်းဆုံးနည်းလမ်းက အရင်းအမြစ်ကို ရှာဖို့...’
ချင်မူ စာရွက်နှင့် စုတ်တံကို အလျင်အမြန် ထုတ်လိုက်ပြီး သူ့စိတ်ကူးထဲရှိ ကမ်းပါးကြီးကို ရေးဆွဲလိုက်သည်။ အလင်းရောင်ဖြာထွက်နေသော နေရာမှန်သမျှ မှတ်သားပြီးနောက် သူ့ဘာသာသူ တွေးလိုက်၏။ “နေထွက်ရင် တောက်ပနေတဲ့ နေရာတွေကို ယှဉ်ကြည့်လိုက်ဖို့ပဲ လိုတယ်... ဒီနေ့ည မတောက်ပတဲ့နေရာက အမှောင်ထုရဲ့ အရင်းအမြစ်ပဲ”