← Chapters

ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံး

Vol. 50 Ch. 681

ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံး

Vol. 50 Ch. 681

နောက်တစ်‌နေ့ မိုးသောက်ယံသို့ ရောက်သည့်အခါ အမှောင်ထုသည် လျင်မြန်စွာ ဆုတ်ခွာသွား၏။ အရှေ့အရပ်မှ အမှောင်ထုဖြစ်စေ၊ အနောက်အရပ်မှ အမှောင်ထုဖြစ်စေ အမှောင်ထုအားလုံး ကမ်းပါးနံရံဆီသို့ ပြန်ဆုတ်သွားကြသည်။ ထို့နောက် မာန်ဟုန်မြစ်အစ သဘာဝကမ်းပါးကြီးတွင် ပျောက်ကွယ်သွားချေသည်။

ချင်မူ အလျင်အမြန် ပျံသန်းသွားပြီး ကမ်းပါးဆီမှ ကိုက်ခြောက်ရာအကွာခန့်တွင် ရပ်လိုက်သည်။ တောင်ဘက်မှ စ၍ မြောက်ဘက်သို့  သူ စရှာတော့သည်။

ထွမ်

သူ၏သူငယ်အိမ်ထဲ၌ ဝင်္ကပါများ ဖွဲ့တည်လာကာ တမုဟုတ်ချင်း အလင်းတန်းနှစ်တန်း ‌တောင်ပေါ် ဖြာကျသွား၏။ တောင်ပေါ်ရှိ အက်ကွဲကြောင်းမှန်သမျှ သူ၏မြင်ကွင်းထဲမှ မလွတ်နိုင်တော့ပေ။

ချင်မူက မှတ်ထားသည့် နေရာများနှင့် ကမ်းပါးကြီးကို နှိုင်းယှဉ်ကြည့်သည်။ မြောက်ဘက်အထိ ရှာပြီးနောက် တောင်ဘက်အထိ ပြန်လာရှာသည်။ တခဏကြာသော် ကမ်းပါးကြီးကို ပြန်လည်စစ်ဆေးပြန်၏။

ကမ်းပါးကြီးသည် အလွန်မြင့်မားသည့်အပြင် ညီညီညာညာ မရှိပေ။ ရှုပ်ထွေးလှသော မျက်နှာပြင်အနေအထားက ရှာဖွေခြင်းကို ခက်ခဲစေသလို၊ အတော်လေး ပင်ပန်းစေသော်လည်း ဤနည်းလမ်းသည်သာ အရိုးရှင်းဆုံး၊ အထိရောက်ဆုံး နည်းလမ်းဖြစ်၏။

ဟယ့်ရီရီနှင့် ကျန်ရှိသူများက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဥမင်ဆက်ဖောက်နေသည်။ ယန်ကျင့်ကျင့်လည် ဟယ့်ရီရီ အကူအညီတောင်း၍ ဝင်ရောက်ကူညီပေးနေသည်။ သူမက ဥမင်ထဲရှိ ကျောက်တုံးများကို အရည်ဖျော်ကာ ချော်ရည်ဖြစ်စေလိုက်၏။ ထိုအခါ ဟယ့်ရီရီက ချော်ရည်ကို ချော်ရည်ဘီလူးများအသွင် ပြောင်းလိုက်၍ အလုပ်ပိုတွင်လာ‌တော့သည်။

ယန်ကျင့်ကျင့်မှာ နေသင်္ဘောကိုသာ အမြဲမောင်းနှင်နေရသောကြောင့် ဥမင်ဖောက်သည့် လုပ်ငန်းမျိုး မလုပ်ခဲ့ဖူးပေ။ ဤကဲ့သို့ လုပ်ငန်းမျိုးက သူမအတွက် အသစ်ဖြစ်နေ၏။

ဟယ့်ရီရီသည် အစတုန်းက ဝင်္ကပါစွမ်းရည်ဖြင့် လမ်းဖွင့်ခဲ့ပြီး အလွန်လျင်မြန်ပါသော်လည်း မှော်စွမ်းအင်များစွာ သုံးစွဲပေးရ၏။ ထို့ကြောင့် မကြာခဏ အနားယူကာ အားပြန်ဖြည့်ခဲ့ရသည်။ ယန်ကျင့်ကျင့်၏ အကူအညီရသည့်အခါ မီးကျောက်ခဲများကို ချော်ရည်ဘီလူးအသွင် ပြောင်း၍ ဥမင်တစ်လျှောက် လမ်းလျှောက်သွားစေရုံသာ လိုအပ်သည်။ ထို့ကြောင့် ယခင်ထက်ပင် ပို၍ မြန်လာ၏။

အဓိကအချက်မှာ ယန်ကျင့်ကျင့်က နတ်ဘုရားမဟုတ်ပါ၏လော။ သူမ၏မီးတောက်များက တောင်ကျောက်ခဲများကို အရည်ဖျော်ကာ ဥမင်ကို ခိုင်မာအောင်လည်း လုပ်ပေးနိုင်သည်။

“ဒီနှုန်းနဲ့ဆို ငါတို့ ရက်ပိုင်းလေးအတွင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖောက်နိုင်တော့မယ်”

ဟယ့်ရီရီ အံ့ဩဝမ်းသာနေသည်။ သူမဘာသာ တွေးလိုက်မိ၏။ ‘ဒါပေမဲ့ သူ့ချစ်သူလေးကို အလည်လက်ထပ်ဖို့ ငါ ခေါ်သွားရင် သေချာပေါက် သူ ပေါက်ကွဲလိမ့်မယ်... ငါလည်း သူ့ကို မနိုင်ဘူး... ဒါပေမဲ့ ငါ သူ့ကို သိပ်လက်ထပ်ချင်တာ ဘယ်လိုလုပ်ရမလဲ... အနောက်ကမ္ဘာမြေမှာ သူ့လောက် ထူးချွန်ထက်မြက်တဲ့ ယောက်ျားသားမှ မရှိတာ...’

‘တွေ့ပြီ’ ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ နောက်ဆုံးတော့ ညတုန်းက မလင်းခဲ့သည့် အက်ကွဲကြောင်းတစ်ကြောင်းကို သူ ရှာတွေ့သွား၏။

အခေါက်ခေါက်အခါခါ ရှာပြီးနောက်မှ အက်ကွဲကြောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ မလင်းခဲ့သော အက်ကွဲကြောင်းက တခြားအက်ကွဲကြောင်းနှစ်ကြောင်းကြား၌ ညပ်နေခဲ့သည့်အပြင် တောင်ကျောက်တုံးတစ်တုံးကလည်း ကွယ်ထားခဲ့သေးသည်။

‘ကျင့်ကျင့်လည်း မရှိဘူး... နဂါးချီလင်လည်း အိပ်နေတယ်... သူတို့ကို ခေါ်ပြီးမှ အတူတူ ကြည့်သင့်လား’

ချင်မူ တွေဝေနေသော်လည်း သူတို့ကို မခေါ်ရန်သာ ဆုံးဖြတ်လိုက်၏။ ယန်ကျင့်ကျင့်အနေဖြင့် အမှောင်ထုကို တွန်းထုတ်ပေးနိုင်သော်လည်း သူမခန္ဓာကိုယ်မှ ကောင်းကင်အလင်းတန်းကို ဖြန့်ကျက်ပေးခြင်း ဖြစ်၏။ နဂါးချီလင်မှာ အမှောင်ထုကို မရင်ဆိုင်နိုင်သောကြောင့် ယန်ကျင့်ကျင့်၏ စောင့်ရှောက်မှုကို လိုအပ်နေသေးသည်။

ချင်မူတစ်ယောက်တည်းသာ အမှောင်ထုထဲ သွားလာနိုင်၏။

ထို့ကြောင့် သူတို့ကို ခေါ်ခေါ်၊ မခေါ်ခေါ် ကိစ္စမရှိပေ။

“ဖက်တီးနဂါး၊ ကျင့်ကျင့် ထွက်လာရင် ငါ့ကို ဒီမှာ စောင့်နေဖို့ ပြောထားပေး”

ချင်မူ အော်ပြောပြီးနောက် အက်ကွဲကြောင်း၏အရှေ့ရှိ ကျောက်တုံးဆီ ပျံသန်းသွားလိုက်သည်။ ကျောက်တုံးက ကျောက်တံခါးတစ်ချပ်သဖွယ် ဖြစ်နေသော်လည်း ကျောက်တံခါး၏တစ်ဝယ်ကျော်က တောင်သားထဲ နစ်မြုပ်နေ၏။ အဝေးမှ ကြည့်လျှင် သတိထားမိနိုင်မည်မဟုတ်ပေ။ ထိုတင်မကသေး၊ အက်ကွဲကြောင်းနှစ်ကြောင်းကလည်း ဘေး၌ ရှိနေသေးသည်။

သူက ကျောက်တံခါးကို အသေးစိတ် ကြည့်ရှုလိုက်သည့်အခါ ကျောက်တံခါးပေါ်တွင် စာလုံးများ၊ သင်္ကေတအမှတ်အသားများ မတွေ့ရပေ။ လက်ကိုင်လည်း မရှိ။

“ကောင်းကင်မျက်လုံး၊ ကောင်းကင်ခုနစ်ဆင့်”

ကောင်းကင်အလင်းတန်းများ တံခါးအပေါ် ပျံ့နှံ့သွားသည်နှင့် တံခါးအတွင်း၌ ထူးခြား‌သော သင်္ကေတအမှတ်အသားတစ်ခုခု ရှိနေမည်မလား စစ်ဆေးကြည့်ရှုလိုက်၏။ သို့သော် တံခါးက သာမန်တံခါးသာ ဖြစ်နေ၍ သူ စိတ်ပျက်သွားသည်။

ထူးထူးခြားခြား မတွေ့သဖြင့် တံခါးအနောက်ရှိ အက်ကွဲကြောင်းဆီ သွားလိုက်သည်။ အက်ကွဲကြောင်း၏အတွင်းသည် ပိတ်ပိတ်ပိန်းနေအောင် မည်းနက်နေ၍ တစ်စုံတရာ မမြင်ရပေ။

သူ အထဲ လျှောက်သွားလိုက်သည်။ အက်ကွဲကြောင်းကား အလွန်ရှည်၏။ အတွင်းရှိ နံရံနှစ်ဖက်တွင်လည်း အက်ကွဲကြောင်းများ ရှိနေသည်။ ထိုအက်ကွဲကြောင်းများမှာ မည်းနက်နေပြီး အလင်းရောင် ထွက်မလာပေ။

သူ့မျက်လုံးမှ ကောင်းကင်အလင်းတန်းများဖြင့် နံရံပေါ်ရှိ အက်ကွဲကြောင်းများကို ကြည့်ကြည့်သော်လည်း အမှောင်ထုက အလင်းတန်းများကို ဝါးမြိုလိုက်သည့်အလား မည်သည့်အရာကိုမှ မထွန်းလင်းနိုင်ပေ။

ချင်မူ လက်ဆန့်၍ အမှောင်ထုကို ထိကြည့်လိုက်သည်။ တရှဲရှဲ မြည်သံများ ကြားလိုက်ရ၏။

“ဒီအက်ကွဲကြောင်းတွေက ဒီမှာ ကိန်းဝပ်နေတဲ့ အခြားကမ္ဘာတွေပဲ”

မဟာမြို့ပျက်တွင် နေ့ဖြစ်လျှင် ဤနေရာရှိ အခြားကမ္ဘာတို့က ညဖြစ်လိမ့်မည်။

‘အမှောင်ထုရဲ့ အရင်းအမြစ်က ဒီအက်ကွဲကြောင်းရဲ့ အဆုံးမှာ ရှိလောက်တယ်... ခေတ်တစ်ခေတ်ပြီး တစ်ခေတ် မြှုပ်နှံပစ်ခဲ့တဲ့ အမှောင်ထုရဲ့ အရင်းအမြစ်.... ဘာများဖြစ်နေမလဲ”

ချင်မူ စိတ်ထိန်းပြီး ရှေ့ဆက်လျှောက်သွားရင်း အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

နှစ်နာရီကျော်ကြာ အတော်လှမ်းလှမ်း လျှောက်လာပြီးနောက်တွင်ပင် အက်ကွဲကြောင်း၏အဆုံးအား မမြင်ရသေးပေ။ ချင်မူ အနည်းငယ် စိတ်ပူလာသည်။ တခြားအက်ကွဲကြောင်းသာဆိုလျှင် ဝင်လိုက်သည်နှင့် အခြားကမ္ဘာထဲ ရောက်သွားတတ်၏။ ဤအက်ကွဲကြောင်းကမူ မရှည်လျားလွန်းဘူးလော။

‘နောက်တစ်နာရီ ဆက်လျှောက်ကြည့်မယ်... အဆုံးမတွေ့သေးရင် ပြန်လိုက်တော့မယ်’

သူ တွေးနေသည့်အချိန်မှာပဲ အရှေ့၌ အလင်းရောင်မြင်လိုက်ရ၍ စိတ်လှုပ်ရှားသွား၏။ သူ ခပ်သွက်သွက်ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည့်အခါ အဝေးတွင် နံရံ၌ မှီထားပြီး မီးအိမ်တစ်လုံး ကိုင်လျက် လဲနေသော လူတစ်ယောက်အား မြင်လိုက်ရသည်။ မီးအိမ်က ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်နေသည်။

ချင်မူ ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ထို့နောက် ကောင်းကင်မျက်လုံးများ အသက်သွင်းပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးမှ ထိုလူ့ဘေးသို့ လျှောက်သွားလိုက်သည်။

ဤလူသည် တစ်ချိန်တုန်းက သေဆုံးသွားခဲ့သော နတ်ဘုရားတစ်ပါး ဖြစ်၏။ သူက နံရံတွင် ကျောမှီထားပြီး မျက်လုံးများမှာ ငေးကြောင်နေသည်။ မျက်နှာအမူအရာသည်လည်း ငိုင်တိုင်တိုင် ဖြစ်နေ၏။

သူ့ကိုယ်ပေါ် အဝတ်အစားများနှင့် အဆင်အပြင်ကို ကြည့်ပြီးနောက် ချင်မူ တွေးမိသည်။ ‘သူက ခိုင်ဧကရာဇ်ခေတ်တုန်းက နတ်ဘုရားတစ်ပါးပဲ’

မီးအိမ်က မငြိမ်း‌‌သေးပေ။ မီးအိမ်၏အလင်းရောင် နတ်ဘုရားအပေါ် ဖြာကျသွားသည့်အခါ နတ်ဘုရားသည် ထိုးဖောက်မြင်နေရသကဲ့သို့ ကြည်လဲ့နေ၏။

ချင်မူ သံသယဝင်သွားပြီး စိတ်အားတင်းကာ နတ်ဘုရား၏အရေပြားကို ဆိတ်ကြည့်လိုက်သည်။ ရုတ်တရက် နတ်ဘုရားသည် လေလျော့သွားကဲ့သို့ ခြောက်ကပ်သွား၏။ အဝတ်အစားနှင့် အရေခွံတို့က အပုံသားကျသွားလေသည်။

ချင်မူ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ကြက်သီးတဖြန်းဖြန်း ထသွားသည်။ သူ အလျင်အမြန် နောက်ဆုတ်လိုက်မိ၏။

တခဏကြာသော် အဝတ်အစားများက ပြန်မြောက်တက်လာသည်။ နတ်ဘုရား၏ အရေခွံသည်လည်း လေထိုးခံလိုက်ရသကဲ့သို့ တဖြည်းဖြည်း ပြန်ဖောင်းလာ၏။ များစွာမကြာလိုက်ဘဲ နတ်ဘုရားက နံရံကို မှီလျက်အတိုင်း ရှိလာပြန်သည်။

“သူ့အသွေးအသား မရှိတော့ဘူး... မူလဝိညာဉ်လည်း မရှိတော့ဘူး... ကောင်းကင်ရတနာအားလုံး၊ ကောင်းကင်နန်းဆောင်အားလုံးလည်း ဗလာကျင်းနေပြီ...”

ချင်မူ သတ္တိမွေး၍ သူ့ကို အနီးကပ်ကြည့်သည်။ မည်သည့်အရာက နတ်ဘုရားကို အရေခွံသာ ကျန်သည်အထိ စားပစ်ခဲ့မှန်း သူ မမြင်နိုင်ပေ။ ချင်မူ ခပ်တိုးတိုး ရေရွတ်မိသည်။ “သူ သေသွားတဲ့ အကြောင်းရင်းကို သိရရင် ငါ့အတွက် အကျိုးထူးလိမ့်မယ်... ထူးဆန်းတာက အသွေးအသားမရှိဘဲ ဘယ်လိုလုပ် ပြန်ဖောင်းလာနိုင်တာလဲ... သူ့အရေခွံအောက်မှာ တစ်ခုခု ရှိနေတာလား”

သူ တခဏ တွန့်ဆုတ်နေပြီးနောက် ရွှင်ပျော်ပျော်ဓားကို ထုတ်၍ နတ်ဘုရား၏ အရေပြားကို ခွဲကြည့်သည်။ အရေခွံအောက်တွင် တစ်စုံတစ်ခုက လူးလွန့်နေပြီး သူ့ဓားကို တွန်းကန်နေသောကြောင့် ထိုးဖောက်မရပေ။

ချင်မူ မျက်မှောင်ကြုတ်ရင်း သေခြင်းရှင်ခြင်းစာအုပ်ကို သတိရလိုက်သည်။ စာအုပ်ဖြင့် နတ်ဘုရားကို ကြည့်လိုက်သည့်အခါ နာမည်တစ်ခု ပေါ်လာ၏။ ရုတ်တရက် လူ့အရေခွံက ပါးစပ်ဟကာ သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်သည်။ သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ အနက်ရောင်အခိုးအငွေ့များ ထွက်လာကာ လျင်မြန်စွာ ကျုံ့သွား၏။

အနက်ရောင်အခိုးအငွေ့များက အမှောင်ထုနှင့် တစ်သားတည်းဖြစ်ကာ ပျောက်ကွယ်သွားသည်။

ချင်မူ စိတ်ရှုပ်ထွေးသွားပြီး ရင်ခုန်သံမြန်လာတော့သည်။ စောစောက အဖြစ်အပျက်မှာ ထူးဆန်းလွန်း၏။ ထိုမျှထူးဆန်းသော အရာမျိုး ဖုန်းတုတွင်ပင် မတွေ့ခဲ့ရပေ။

တခဏကြာသော် သူ၏နှလုံးခုန်သံ ပုံမှန်ပြန်ဖြစ်သွားသည်။ သူက မီးအိမ်ကို ကောက်၍ ရှေ့ဆက်လျှောက်သွားသည်။ တခဏကြာသော် အရှေ့လမ်းကို ပိတ်လျက် ထူမတ်နေသော ဧရာမကျောက်ပြားကြီးကို မြင်လိုက်ရသည်။

မီးအိမ်မြှောက်လိုက်သည့်အခါ မီးအိမ်၏အလင်းရောင်သည် ကျောက်ပြားအပေါ် ဖြာကျသွား၏။ ကျောက်ပြားအပေါ်တွင် သူ တစ်ခါမှ မမြင်ခဲ့ဖူးသော စာလုံးများ ရှိနေသည်။

ချင်မူသည် ဘာသာစကားများစွာ တတ်ကျွမ်းသဖြင့် စာလုံးအများစုနှင့် မစိမ်းပေ။ ထို့အပြင် ဘာသာစကားအားလုံး၏ နောက်ကွယ်ရှိ သဘောတရားတို့ကိုလည်း နက်နက်နဲနဲ နားလည်ထား၏။

သို့သော် ကျောက်ပြားပေါ်ရှိ ဘာသာစကားက ဘာသာစကားအသစ်ဖြစ်ချေသည်။

“ဒါ ဘယ်လိုစာမျိုးပါလိမ့်”

ချင်မူ တွေးကြည့်ပြီးနောက် မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာလိုက်သည်။ ထို့နောက် နူးညံ့ပျော့ပျောင်းသောအသံဖြင့် မေးလိုက်၏။ “အစ်ကိုကြီး၊ ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်... ခင်ဗျားတို့တွေ ဒီစာလုံးတွေကို သိကြလား”

သူ၏တတိယမျက်လုံးထဲရှိ သူငယ်အိမ်အတွင်းတွင် သူငယ်အိမ်နောက်တစ်ခု ပေါ်လာကာ ကြည့်နေသည်။

“မသိဘူး”

ချင်ဖုန်းကျင့်၏အသံ ထွက်လာသည်။ “ညီလေး၊ အစ်ကိုကြီးကို လွှတ်ပေးကွာ... အစ်ကိုကြီး ညီလေးကို မစားပါဘူး”

နောက်မျက်လုံးတစ်လုံးက တိုးဝင်လာပြီး ချင်ဖုန်းကျင့်၏မျက်လုံးကို တွန်းထုတ်သည်။ ၎င်းက ရွှမ်တုမှ ဖြတ်လာစဉ်တုန်းက ထွက်ပြေးရန် အခွင့်အရေးမရခဲ့သော ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားဖြစ်သည်။

“ဒီစာလုံးတွေက ကောင်းကင်ယင်ကမ္ဘာတဲ့”

ကောင်းကင်နယ်စားမင်း၏အသံက တိုးဖျော့ဖျော့ ထွက်လာသည်။ “ကောင်းကင်ယင်ကမ္ဘာက ရွှမ်တုအောက်က ကမ္ဘာပဲ... ငါ့အနေနဲ့ ငါ့အနားမှာရှိတဲ့  ကမ္ဘာအရွယ်အစားမျိုးစုံကို အလင်းရောင်‌ပေးနိုင်ပေမယ့် မပေးနိုင်တဲ့ နေရာတွေလည်း ရှိတယ်... အဲဒီနေရာတွေက ငါ့ခြေထောက်အောက်က နေရာတွေပဲ... ငါ့ခြေထောက်က နေရာကို ကောင်းကင်ယင်ကမ္ဘာလို့ ခေါ်တယ်... ထူးဆန်းတယ်... ဘာလို့ ကောင်းကင်ယင်ကမ္ဘာရဲ့ နယ်နိမိတ်ကျောက်တုံးက ဒီမှာ ရောက်နေတာလဲ... ဒီမှာ မရှိသင့်ဘူး”

ချင်မူ နားမလည်သဖြင့် မေးလိုက်မိသည်။ “ကောင်းကင်နယ်စားမင်းရဲ့ ခြေထောက်အောက်က နေရာက ယိုတုဖြစ်သင့်တာ မဟုတ်ဘူးလား”

“ယိုတုက သေလူတွေ သွားတဲ့ နေရာ... ကောင်းကင်ယင်ကမ္ဘာက အလင်းရောင်မရှိတဲ့နေရာ... မတူဘူး”

ကောင်းကင်နယ်စားမင်း စကားပြောနေစဉ် ချင်ဖုန်းကျင့်၏ ဒေါသထွက်နေသောအသံကြီး ကြားလိုက်ရသည်။ “ပိတ်ထားစမ်း သောက်ဘိုးတော်ကြီး... မင်း ဒီလောက် ရှင်းပြနေမှတော့ ငါ သူ့ကို လှည့်စားပြီး စားလို့ ဘယ်ရတော့မှာတုန်းကွ”

ချင်မူ၏ တတိယမျက်လုံးထဲမှာ တဘုန်းဘုန်း တဖြောင်းဖြောင်းအသံများ ကြားလိုက်ရသည်။ တခဏကြာသော် ချိဧကရာဇ်၏အသံ ထွက်လာ၏။ “ငါ ဘာမှလည်း မပြောမိပါဘူးကွာ ငါ့ကို ဘာလို့ ရိုက်နေတုန်း... ခွေးကောင်လေး၊ ငါ မင်းကို ကြောက်တယ် ထင်နေလား... ငါက ချိမင်ခေတ်ရဲ့ ကောင်းကင်ဧကရာဇ်...”

“ချင်သား‌တော်၊ မင့်အစ်ကိုကြီးက ငါတို့ကို တစစီ လုပ်ပြီး ထွက်လာတော့မယ်... မြန်မြန် သစ်ရွက်ပြန်ကပ်လိုက်တော့”

“ညိလေး သူ့ကို မယုံနဲ့... ငါတို့က ညီအစ်ကိုတွေလေ... ညီအစ်ကိုတွေဆိုသာ တစ်ယောက်ကိုတစ်ယောက် ဖေးမသင့်တာ မဟုတ်လား... ငါ မင်းကို မစားပါဘူး... သောက်အပေါက် ပိတ်ထား ဘိုးတော်ကြီး... ငါ အပြင်ထွက်ပြီး သူ့စားပြီးရင် မင်းတို့တွေကို လွှတ်ပေးမယ်”

ချင်မူ မိုးမခသစ်ရွက်ကို ကပျာကယာ ပြန်ကပ်လိုက်မှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ကောင်းကင်ယင်ကမ္ဘာတဲ့လား... အမှောင်ထုက ဒီနေရာက လာတာများလား”

ချင်မူ တွက်ချက်ကြည့်ပြီး ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လိုက်သည်။ သူက နတ်ဘုရား၏ အရေခွံအရှေ့ ရောက်လာကာ မီးအိမ်ဖြင့် ကြည့်လိုက်၏။ နတ်ဘုရား၏အရေခွံသည် သူ ထင်ထားသည့်အတိုင်း ပြန်ဖောင်းနေချေပြီ။

ချင်မူက မီးအိမ်ကို ပြန်ချ၍ သေခြင်းရှင်ခြင်းစာအုပ်ဖြင့် ကြည့်လိုက်ပြန်သည်။ နတ်ဘုရားသည် ပါးစပ်ဖွင့်ပြီး သွေးပျက်စွာ အော်ဟစ်၏။ အနက်ရောင်အခိုးအငွေ့များက သူ၏ဒွါရပေါက်များမှ ထွက်လာပြီး လျင်မြန်စွာ ကျုံ့သွားသည်။

ချင်မူ သူ့ဘာသာသူ ရေရွတ်မိသည်။ “ဒီအခိုးအငွေ့တွေက အမှောင်ဒြပ်တွေများလား”

သူက လက်မြှောက်ပြီး အမှောင်ထုကို လက်တစ်ဆုပ် ဆုပ်ကြည့်သည်။ အခြားသူများအတွက် အမှောင်ထုကို ထိတွေ့မရသော်လည်း သူ့အတွက်မူ အမှောင်ထုကို ထိတွေ့ရခြင်းသည် သဲများကို ထိတွေ့နေရသကဲ့သို့ ဖြစ်၏။ သို့သော် အထိအတွေ့က သိပ်မသိသာပေ။

“ကောင်းကင်ယင်ကမ္ဘာက ဒီအမှောင်ဒြပ်ထဲမှာ လွှမ်းခြုံခံထားရတာလား.. ဘာလို့ ဒီအမှောင်ဒြပ်တွေက မဟာမြို့ပျက်နဲ့ အခြားကမ္ဘာတွေကို ကျူးကျော်လာတာလဲ”

ချင်မူ သိချင်စိတ်များကို မြိုသိပ်၍ သေခြင်းရှင်ခြင်းစာအုပ်အား သိမ်းလိုက်သည်။ မီးအိမ်ကို ပြန်ကောက်ပြီး တခဏတွေးပြီးသော် မသယ်ဘဲ ထောင်ကျယ်အိတ်ထဲ ထည့်လိုက်၏။

ထိုကဲ့သို့ အမှောင်ဒြပ်မျိုးသည် ကောင်းကင်ယင်ကမ္ဘာ၌ ပြည့်နှက်နေလျှင် မီးအိမ်ဖြင့် လမ်းလျှောက်နေခြင်းက ကပ်ဆိုးကြီးကို လက်ယပ်ခေါ်သလို ဖြစ်လိမ့်မည်။

သူက ကောင်းကင်ယင်နယ်နိမိတ်ကျောက်တုံး တစ်ပတ်ပတ်လိုက်ပြီး ရုတ်တရက် သူ၏မျက်စိရှေ့ မြင်ကွင်းမှာ မီးခိုးရောင်ဖြစ်သွား၏။ သူကား ထူးဆန်းသော မီးခိုးရောင်ကမ္ဘာသို့ ဝင်ရောက်သွားချေပြီ။

All Chapters