အထက်ဘုံကမ္ဘာရှိအုပ်စိုးရှင် (၅)ပါးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူ
Vol. 80 Ch. 1119
အခန်း (၁၁၁၉) အထက်ဘုံကမ္ဘာရှိအုပ်စိုးရှင် (၅)ပါးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူ
“ဟုတ်တယ်... မင်း အဆင်ပြေမယ်ဆိုရင် အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင်က နတ်ဘုရားအနားယူတောင်ကြားဆီကို စာတစ်စောင်ပို့ပေးဖို့ ကူညီပေးစေချင်တယ်”
ချူးလီလီက ‘ဖေးဖေး’ သတ္တဝါကို ခြောက်သွားအောင် လုပ်ပေးရင်း ပြောလိုက်သည်။
မြေခွေးဖြူလေးနှင့်ဆင်တူသည့် မိစ္ဆာသားရဲလေးက ခန္ဓာကိုယ်မှ ရေစက်များကို ခါထုတ်ပစ်လိုက်ရင်း...
“လီလီ... မင်းကိုပြောမယ်... နောက်ရက်ပိုင်း ကောင်းကောင်းအိပ်ရဖို့ မစဉ်းစားနဲ့ ၊ ငါ မင်းကို မနက်အစောကြီး လာနှိုးမယ်”
ချူးလီလီက...
“လုပ်ရဲရင် လုပ်ကြည့်လေ”
ပြောပြီးသည်နှင့် သူမက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသော သားရဲငယ်လေး ‘ဖေးဖေး’ နဖူးကို လက်ဖြင့်တောက်လိုက်ပြီး ဝမ်းဗိုက်ကိုလက်ဖြင့် ပွတ်သပ်ပေးလိုက်သည်။
သားရဲလေးက သူ၏လက်ဖြင့် ဦးခေါင်းကိုကာကွယ်လိုက်ရင်း...
“ဟွန်း... မင်း စောင့်ကြည့်လိုက်ပါ”
ဧကရာဇ်တစ်ပါးကိုရယ်မောခြင်းက အလွန်အန္တရယ်များသော်လည်း ချူးလီလီနှင့် ‘ဖေးဖေး’ သားရဲလေးကိုကြည့်ပြီး ရန်ကျောက်ကဲ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ချူးလီလီက စိတ်ထဲမထားဘဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ကျောက်စိမ်းပြားလေးတစ်ခု ထွက်ပေါ်လာသည်။
ထိုကျောက်စိမ်းပြားလေးထဲတွင် သူမပေးလို့သည့်စာ ပါဝင်နေပေမည်။
ရန်ကျောက်ကဲစိတ်ကို လှုပ်ခါသွားစေသည်က စာပေးပို့ရမည့် တည်နေရာဖြစ်သော “နတ်ဘုရားအနားယူတောင်ကြား” ဆိုသည့်အမည် ဖြစ်၏။
ဤစာက ကျောက်စိမ်းကောင်းကင်တောင်ထွတ် ၊ ရေခဲလှိုင်းကျောင်းတော်မှ မိန်းမပျိုဧကရာဇ်အတွက်လည်း မဟုတ်သလို မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်မှ ကျန့်ဟွမ်ဓားဧကရာဇ်အတွက်လည်း မဟုတ်ပေ။
“နတ်ဘုရားအနားယူတောင်ကြား” တွင်နေထိုင်သည့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အတွက် ဖြစ်လေသည်။
ချူးလီလီက ကျန့်ဟွမ်ဓားဧကရာဇ်က အထက်ဘုံကမ္ဘာတွင်မရှိသဖြင့် ကျောက်စိမ်းကျောက်ဆောင်သို့ စာပေးပို့ခြင်းမရှိသည်မှာ သဘာဝကျသော်လည်း သူမ၏ဂိုဏ်းတူအစ်မဖြစ်သော မိန်းမပျိုဧကရာဇ်ကို စာမပေးပို့သည်မှာ ထူးဆန်းလှသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က အထက်ဘုံကမ္ဘာတွင် နေထိုင်သည်မှန်သော်လည်း အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေတတ်သည်။
ချူးလီလီက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ထံသို့ စာပေးပို့သည်လား ၊ သို့မဟုတ် ယင်ဟွမ်ဧကရာဇ်မှတစ်ဆင့် အခြားသူတစ်ယောက်ဆီ ပေးပို့ရန် တောင်းဆိုသည်လား။
သို့ဆိုလျှင် နက္ခတ်ဧကရာဇ်က အထက်ဘုံကမ္ဘာတွင် ရှိနေသေးသည်လား။
ထိုခဏတွင် ရန်ကျောက်ကဲစိတ်ထဲ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာသည်။
“ကူညီဖို့ အဆင်ပြေပါတယ်”
အတွေးများကြားမှပင် ရန်ကျောက်ကဲက အလုပ်ကိစ္စကို အရင်ဆုံး သဘောတူလိုက်သည်။
ကောင်းရွှယ်ပေါ်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလူများက ချူးလီလီအတွက် စာပို့ပေးရန် အပန်းမကြီးကြပေ။ ဤသည်က သူမက အထက်ဘုံကမ္ဘာမှ သူလျှိုတစ်ယောက်မဟုတ်ကြောင်း သူတို့အတွက် လုံးဝ သေချာစေသည်ကို ဆိုလိုခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက...
“ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပြင်ပကိစ္စတွေကို အာရုံမစိုက်ဘဲ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ကျွန်တော် သတင်းကြားတယ်”
သူက ဆက်ပြောသည်။
“ဒီတော့ ဒီ ‘ရန်’ က ဒီစာကို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်လက်ထဲရောက်အောင်ပို့ပေးနိုင်ပေမယ့် အချိန်နည်းနည်းတော့ကြာနိုင်ပါတယ်”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပိုးသားဧကရာဇ်ကြောင့် အရှုတ်အထွေးများဖြစ်ပေါ်လာသည့်တိုင် ပြင်ပလောကသို့ ထွက်ပေါ်မလာဘဲ တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲစကားကိုကြားတော့ ချူးလီလီ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
“အဲဒီလိုလား...”
သူမက ခဏမျှစဉ်းစားလိုက်ပြီး...
“ဒါဆိုရင်တော့ ကျောက်စိမ်းကျောက်ဆောင်ကို အကူအညီတောင်းဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ် ၊ အဘိုးကြီး’ယွဲ့’ အထက်ဘုံကမ္ဘာကိုပြန်ရောက်ရင် ဒီစာကို သူ့ဆီပေးပေးပါ”
“တကယ်လို့ အဘိုးကြီး ‘ယွဲ့’ ပြန်မလာခင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာကထွက်လာရင်တော့ နတ်ဘုရားအနားယူတောင်ကြားကို ပို့ပေးပါ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပြားလေးကို လက်ခံလိုက်သည်။
ချူးလီလီက ချီလင်ကမ်းပါးမှ တိဟွမ်မြေကမ္ဘာဧကရာဇ်ကို ရွေးချယ်စရာတစ်ခုအဖြစ် မဆုံးဖြတ်ခဲ့ပေ။
ရန်ကျောက်ကဲက ချီတုံချတုံ ဖြစ်နေပြီးမှ...
“အကြီးအကဲ’ချူး’ ... ကျွန်တော် မေးလို့ရမလား... အကြီးအကဲရဲ့ ဆရာက...”
ချူးလီလီက...
“ဆရာက....”
စကားပြောနေရင်း ချူးလီလီစကားသံက ရပ်တန့်သွားပြီး သူမကိုကြည့်ရသည်မှာ သိသိသာသာ စိတ်ဓာတ်ကျသွားပုံရသည်။
“ငါကိုယ်တိုင် ပြောပြလို့မဖြစ်နိုင်ဘူး...”
သူမက ရန်ကျောက်ကဲကို လေးလေးနက်နက်ကြည့်ရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
“မင်း အထက်ဘုံကမ္ဘာကိုပြန်ရောက်လို့ အဘိုးကြီး’ယွဲ့’ ကိုတွေ့ရင် မေးကြည့်လိုက်ပါ ၊ ဒီအကြောင်း ပြောလို့ရတယ်ဆိုရင် သူ ပြောပြလိမ့်မယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ကောင်းပါပြီ...”
ချူးလီလီ၏ လေသံနှင့် စကားအသွားအလာအရ အချို့သောကိစ္စများကို ရန်ကျောက်ကဲ ခန့်မှန်းလိုက်နိုင်သည်။
ပထမတစ်ချက်မှာ ‘နက္ခတ်ဧကရာဇ်’ အသက်ရှင်နေနိုင်သေးသည်။
နက္ခတ်ဧကရာဇ်အကြောင်းပြောချိန်တွင် ချူးလီလီကိုကြည့်ရသည်မှာ အနည်းငယ် စိတ်မကောင်းဖြစ်နေဟန် ရှိသော်လည်း ဝမ်းနည်းကြေကွဲနေဟန်မရှိကြောင့် ရန်ကျောက်ကဲ ရိပ်မိခဲ့သည်။
ဒုတိယအချက်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ချူးလီလီ ပုန်းအောင်းနေရသည့် အကြောင်းရင်းကို ‘ယွဲ့ကျန့်ပေ’ သေချာပေါက် သိရှိနိုင်သည်။ ထိုအချက်က နက္ခတ်ဧကရာဇ်နှင့်ပတ်သက်နေသည်လား ဆိုသည်ကတော့ စောင့်ကြည့်ရပေမည်။
ချူးလီလီ၏ပင်ကိုယ်စရိုက်အရဆိုလျှင် ယခုကဲ့သို့ တစ်ယောက်တည်း နေထိုင်လိုခြင်းမရှိသည်မှာ ထင်ရှားသည်။ အဘယ့်ကြောင့် သူမ ယခုလိုနေထိုင်ရသည်ကို စဉ်းစားကြည့်လျှင် ဖြစ်နိုင်သောအကြောင်းရင်း များစွာရှိသည်။
သူမက အပြစ်ပေးခံထိုက်သောအမှားမျိုး ကျူးလွန်မိသွားခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် အခြေအနေများ ပိုမိုပြင်းထန်လာမည်ကိုတားဆီးရန် ဤနေရာတွင် ပုန်းအောင်းနေရခြင်း ဖြစ်နိုင်၏။
ပြီးတော့ ဤကိစ္စတွင် မိန်းမပျိုဧကရာဇ် ပါဝင်ပတ်သက်ခြင်းမရှိနိုင်ဘဲ ချူးလီလီတစ်ယောက်တည်း၏ ကိုယ်ရးကိုယ်တာကိစ္စ ဖြစ်နိုင်သည်။ မိန်းမပျိုဧကရာဇ်သည်လည်း နက္ခတ်ဧကရာဇ်၏တပည့်ပင် ဖြစ်လေရာ ချူးလီလိ၏ ဂိုဏ်းတူအစ်မဟု သတ်မှတ်၍ ရနိုင်သည်။
ကံမကောင်းသည်မှာ ရန်ကျောက်ကဲအနေဖြင့် ချူးလီလီအကြောင်းကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြည့်ရန် မတတ်နိုင်ခဲ့ပေ။
အထက်ဘုံကမ္ဘာသို့ပြန်ရောက်မှ ကျန့်ဟွမ်ူားဧကရာဇ် သို့မဟုတ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို မေးမြန်းရန် စောင့်ဆိုင်းရပေမည်။
ချူးလီလီက မိန်းမပျိုဧကရာဇ်အကြောင်းမပြောရခြင်းမှာ နက္ခတ်ဧကရာဇ်၏အခြေအနေနှင့်ပတ်သက်ပြီး မရှင်းလင်းသောအခြေအနေဖြစ်သောကြောင့်ဟုသာ ရန်ကျောက်ကဲ ခန့်မှန်းကြည့်နိုင်သည်။
မဟုတ်ပါက ရန်ကျောက်ကဲ လက်ခံလိုက်သော ဤအလုပ်၏ အန္တရယ်အဆင့်က အဆမတန် မြင့်တက်လာပေလိမ့်မည်။
အရင်က ဝမ်ဖူပြောပြဖူးသည့် ကောလဟလတစ်ခု ရန်ကျောက်ကဲ ကြားဖူးသည်။
အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူမှာ မျက်လုံးဖွင့်ထားသည့် ‘ကျဲ့မင်ခုန်’ ဖြစ်သည်ဟူ၍...။
ရန်ကျောက်ကဲကိုယ်တိုင်လည်း မိန်းမပျိုဧကရာဇ်၏တိုက်ခိုက်မှုစွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးသည်ဖြစ်ရာ ဤအချက်ကို အလေးအနက် သဘောတူခဲ့သည်။ သူက သူမ၏ တန်ခိုးစွမ်းအားနှင့်ပတ်သက်သော လျှို့ဝှက်ချက်များကိုပင် သိရှိခဲ့သည် မဟုတ်ပါလား။
မိန်းမပျိုဧကရာဇ် သူမကိုယ်သူမ ရေခဲထဲတွင် ချိတ်ပိတ်နေပြီး ဘာမှမလှုပ်ရှားဘဲနေခြင်းမှာ သူမ၏ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည်။ ထိုနည်းလမ်းကို ‘ဓမ္မတံခါး’ ဟု ခေါ်သည်။
ထိုနည်းလမ်းက ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ အကုသိုလ်မဖြစ်စေရန် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သည့် ကျင့်ကြံပုံနှင့် ဆင်တူသည်။
မိန်းမပျိုဧကရာဇ် အပြင်လောကသို့ထွက်၍ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့်တိုင် တံခါးပိတ်ကျင့်ကြံသည့်အနေအထားမှာပင် ရှိနေခဲ့သည်။
သူမက ချင်းယွမ်ဧကရာဇ်ကို တိုက်ခိုက်သည့်တိုင် ကျင့်ကြံခြင်းမှ ထွက်လာသည်ဟု မယူဆနိုင်ပေ။
သူမ၏မျက်လုံးများကို ဖွင့်လိုက်တော့မှသာ အမှန်တကယ် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်ဟု ယူဆနိုင်သည်။
သူမ တိုက်ခိုက်သည့်တိုင် မျက်လုံးမှိတ်နေဆဲဖြစ်ပါက ကျင့်ကြံနေရင်းဖြင့် တိုက်ပွဲအပေါ် အနည်းငယ် အာရုံစိုက်လိုက်သည်ဟု ဆိုနိုင်သည်။
ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် အခြေအနေက အတော်လေး ကောင်းမွန်သော်လည်း ဤစာကို မိန်းမပျိုဧကရာဇ်ထံသို့ ပေးအပ်လိုက်ပါက မည်သို့သော မျှော်လင့်မထားသည့်အခြေအနေများ ဖြစ်လာမည်ကို မိုးကောင်းကင်သာလျှင် သိပေလိမ့်မည်။
ကောင်းချင်က ချူးလီလီ၏ လက်မောင်းကို ဆုပ်ကိုင်ပွေ့ဖက်လိုက်ပြီး...
“ဘွားဘွား... ကျွန်မရဲ့ ဆရာဦးလေးငယ်က ဘွားဘွားကိုကူညီပြီး စာပို့ပေးရင် သူ့အတွက် ဘာတွေအကျိုးအမြတ် ရမှာလဲ”
ရန်ကျောက်ကဲက စိတ်ထဲမှ သူမကို လက်မထောင်ပြလိုက်သည်။
တော်လိုက်တဲ့ကောင်မလေး။
ဆရာဦးလေး’ကောင်း’ က ဒီခရီးစဉ် မင်းကိုလိုက်ပို့ခိုင်းတာ တကယ်မှန်တဲ့လုပ်ရပ်ပဲ။
ချူးလီလီက မည်သည့်လက်ဆောင်ပစ္စည်း ၊ ဆုလာဘ်မှ မပေးဘူးဆိုလျှင်လည်း ရန်ကျောက်ကဲက သူမ တောင်းဆိုသည်ကို ကူညီပေးမည်ပဲ ဖြစ်သည်။
ဤအလုပ်ကို သင့်လျော်အောင်လုပ်ဆောင်ပေးပြီးပါက သူ့အတွက်လည်း အလိုအလျောက် အကျိုးအမြတ်များ ရှိလာပေမည်။
ဟုတ်ပေ၏။
အကယ်၍ ချူးလီလီက လက်ဆောင်ပစ္စည်းပေးမည်ဆိုလျှင်လည်း ရန်ကျောက်ကဲက ဝမ်းမြောက်ဝမ်းသာ လက်ခံမည်ပင်။
ချူးလီလီက ကောင်းချင်၏ နှာခေါင်းထိပ်ဖျားလေးကို ချစ်စနိုးဖြင့် ထိကိုင်လိုက်ရင်း...
“အိုး မင်းကတော့လေ... ၊ ငါက လူတွေကို အလကားခိုင်းမယ့်လူမျိုး ဟုတ်လို့လား”
ပြောပြီးသည်နှင့် သူမက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ဖန်သားပုလင်းလေးတစ်ခု ရန်ကျောက်ကဲရှေ့တွင် ပေါ်လာသည်။
“ငါက သိပ်တော့ ချမ်းသာတဲ့သူမဟုတ်ဘူး ၊ ဒီတော့ အများကြီးတော့ မတတ်နိုင်ဘူး ၊ ဒါလေး လက်ဆောင်ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ မိတ်ဆွေလေး’ရန်’”
ရန်ကျောက်ကဲက ဖန်သားပုလင်းလေးကို ယူလိုက်ပြီး ပုလင်းထဲမှထွက်ပေါ်နေသည့် ရနံ့ပါးပါးလေးကို ရှူရှိုက်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက အတော်လေး အံ့အားသင့်သွားပြီး...
“အိုး... ဒါက နတ်ဆိုးချိတ်ပိတ်ရေစင်လား...”
ဤသည်က ငရဲကိုးထပ်မှ နတ်ဆိုးများကို တိုက်ခိုက်ရာတွင် အလွန်ကြီးမားစွာအသုံးဝင်သည်။
ငရဲကိုးထပ်မှနတ်ဆိုးများ အဆင့်တစ်ခုအထိ စွမ်းအားကြီးမားလာသည့်အခါ ‘နတ်ဆိုးခွင်းမြား’ ကဲ့သို့သောပစ္စည်းများက အသုံးမဝင်တော့ပေ။
‘နတ်ဆိုးချိတ်ပိတ်ရေစင်’ က အမြင့်ဆုံးအဆင့်ရှိသည့် နတ်ဆိုးများကို မသုတ်သင်နိုင်သော်လည်း အတော်အတန် တန်ခိုးစွမ်းအားမြင့်မားသော နတ်ဆိုးများကို နှိမ်နင်းရာတွင် အလွန်အရေးပါပြီး တိုက်ပွဲရင်ဆိုင်ရသည့်အခါ အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိလေသည်။