← Chapters

အခန်း (၆၈၇)

Vol. 50 Ch. 687

အခန်း (၆၈၇)

Vol. 50 Ch. 687

ထိုအချိန်တွင် ပိဝူဟယ်နှင့် ကျင်းယွင်မိန်တို့က ချီယန်ဓားဂိုဏ်း၏ ဂိတ်ပေါက်ဝတွင် လေးနက်သောမျက်နှာထားဖြင့် ရပ်နေကြသည်။

ရွှေအမြုတေ ပဥ္စမအဆင့်နှင့် ဆဌမအဆင့်တွင်ရှိသော အကြီးအကဲများသည် သူတို့၏နောက်တွင် တည်ငြိမ်စွာရှိနေသော်လည်း မျက်လုံးများက တောက်ပသွားကြသည်။

ပတ်ဝန်းကျင်တွင်ရှိသော တပည့်အများစုသည် ပျော်ရွှင်နေကြသည်။

ဝိညာဉ်ကျောက်တုံးသုံးသန်းသည် ကမ္ဘာမြေအဆင့်နှင့် ကမ္ဘာမြေအဆင့်သို့ မရောက်သေးသော တပည့်များအတွက် ကြွယ်ဝမှုကြီးတစ်ခုပင် ဖြစ်သည်။

ပိဝူဟယ်နှင့် ကျင်းယွင်မိန်တို့သာ မရှိခဲ့လျှင် ထိုတပည့်များက ပျော်ရွှင်စွာအော်ဟစ်ပြီး ကမ်းလှမ်းလာသောလူအိုကြီးကို ဦးညွတ်နေကြလိမ့်မည်။

“ကျူးထျန်းလွင်၊ ရှင်က ဂိုဏ်းဒုက္ခရောက်နေတဲ့အချိန်မှာ ထွက်သွားခဲ့တယ်။ အခုမှ လူကောင်းယောင်ဆောင်မနေနဲ့”

ကျင်းယွင်မိန်က ထိုလူကိုစိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။

“ရှင်က ချန်ယွမ်ဓားဂိုဏ်းကို ဝင်သွားခဲ့တာမဟုတ်ဘူးလား။ အခု တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီလား”

ကျင်းယွင်မိန်၏စကားကြောင့် ဂိတ်တံခါး၏ရှေ့တွင် ရပ်နေသော လူအိုကြီး၏မျက်နှာက နီရဲသွားသည်။

လူအိုကြီးက နှာမှုတ်လိုက်‌သော်လည်း စကားပြန်မပြောနိုင်ခဲ့ပေ။

လူအိုကြီး၏ဘေးတွင်ရှိနေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက ရှေ့တက်လာပြီး ပြောလိုက်သည်။

“ကျင်းယွင်မိန်၊ ဆရာဦးလေးကျူးက မင်းတို့လင်မယားကို မျက်နှာသာပေးပြီးပြီ။ သူ့ရဲ့ကြင်နာမှုကို မငြင်းနဲ့ ....”

“အခု ဆရာဦးလေးက ချန်ယွင်ဓားဂိုဏ်းရဲ့ ပြင်ပဌာနမှာ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ။ သူက ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေသေးတယ်။ ပြီးတော့ အမတ်ချုပ်ကြီးဟန်နဲ့အတူ ပြင်ပဘုံကိုလိုက်သွားပြီး တိုက်ခိုက်ခဲ့တယ်”

ထိုလူက ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“အမတ်ချုပ်ကြီးဟန်နဲ့အတူ ပြန်ရောက်လာခဲ့တဲ့ ကျွမ်းကျင်သူတွေက အရမ်းချမ်းသာတယ်ဆိုတာကို မင်းတို့လည်း သိကြမှာပါ”

ထိုလူအိုကြီးက အမတ်ချုပ်ကြီးဟန်နှင့်အတူ ပြင်ပဘုံသို့ ထွက်သွားခဲ့သည်။

သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူ၏ စကားအဆုံးတွင် ပတ်ဝန်းကျင်သည် ပင့်သက်ရှိုက်သံများနှင့် ပြည့်နှက်သွားခဲ့သည်။

ချီယန်ဓားဂိုဏ်း၏ ဂိတ်ပေါက်ဝတွင် ရပ်နေကြသော ဂိုဏ်းတပည့်များအားလုံးသည် ပျော်ရွှင်သွားကြသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများသည် မနာလိုဖြစ်နေကြသည်။

ချီယန်ဓားဂိုဏ်းက အခွင့်အရေးကြီးတစ်ခုကို ရလာလိမ့်မည်ဟု သူတို့က ထင်မထားခဲ့ပေ။

လွန်ခဲ့သောနှစ်များတွင် အလယ်ပိုင်းကုန်းမြေ၏ ဂိုဏ်းအသီးသီးက အစွမ်းကုန်ကြိုးစား၍ ဆွေမျိုးများကို ရှာဖွေရန် ပြုလုပ်နေကြသည်။ သူတို့အားလုံးက အမတ်ချုပ်ကြီးဟန်နှင့် လိုက်ပါသွားသော ကျင့်ကြံသူများနှင့် နီးစပ်ချင်ကြသည်။

ပြင်ပဘုံမှ ပြန်ရောက်လာကြသော မဟာကျင့်ကြံသူများအားလုံးသည် စိတ်ကူးမယဉ်နိုင်အောင် ချမ်းသာကြသည်။

ထိုကျွမ်းကျင်သူမျိုးက သူတို့၏ဂိုဏ်းကို ထောက်ပံ့ပေးမည်ဆိုလျှင် ဂိုဏ်းက လျင်မြန်စွာ တိုးတက်လာလိမ့်မည်။

လူတိုင်းက ဂိတ်ပေါက်ဝတွင်ရပ်နေသော ပိဝူဟယ်ကို လှမ်းကြည့်လိုက်ကြသည်။

ပိဝူဟယ်က မျက်လွှာချထားပြီး တိတ်ဆိတ်နေသည်။

ပတ်ဝန်းကျင်ကလည်း ငြိမ်သက်သွားသည်။

ကျင်းယွင်မိန်က စိုးရိမ်စိတ်များနှင့် ပိဝူဟယ်၏အင်္ကျီလက်ကို ဆွဲသည်။

“ယောင်္ကျား၊ ရှင်က ....”

ပိဝူဟယ်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“ဂိုဏ်းတူအစ်မ၊ ဂိုဏ်းကို လက်လွှဲပေးလိုက်ရင်လည်း မကောင်းတာတော့ မဟုတ်ပါဘူး”

သူက လက်မြှောက်ပြီး ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူသည်။

“ကျွန်တော်က ဆရာ့အတွက် လက်စားချေခဲ့ပြီးပြီ။ ဂိုဏ်းတပည့်တွေအားလုံးရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်”

“ကျွန်တော်က လုံလောက်တဲ့စွမ်းရည်မရှိတာကြောင့် ချီယန်ဓားဂိုဏ်းကို အမြင့်တစ်နေရာအထိ ပို့ဆောင်မပေးနိုင်ဘူး။ ဦးလေးကျူးကို လက်လွှဲပေးရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်”

ပိဝူဟယ်၏စကားကြောင့် ကျူးထျန်းလွင်က ပျော်ရွှင်သွားပုံပေါ်သည်။

ကျင်းယွင်မိန်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

“ယောင်္ကျား၊ ကျွန်မတို့က ဂိုဏ်းကို လက်လွှဲပေးလိုက်မယ်ဆိုရင် ချန်ယွမ်ဓားဂိုဏ်းရဲ့ လက်အောက်ကို ရောက်သွားလိမ့်မယ်”

ပိဝူဟယ်က လက်မြှောက်ပြီး ကျင်းယွင်မိန်ကို တားဆီးသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်မ၊ လောကကြီးက ပြောင်းလဲနေပြီ။ ဦးလေးကျူးက ဂိုဏ်းကို တိုးတက်စေမယ်ဆိုရင် ကျွန်တော်က လက်ခံပေးရမှာပေါ့”

သူက လက်ထဲတွင်ရှိသော ဂိုဏ်းတံဆိပ်ပြားကို ကျူးထျန်းလွင်ဆီသို့ ပစ်ပေးလိုက်သည်။

ပတ်ဝန်းကျင်တွင်ရှိသော တပည့်များက ပြုံးနေပြီး ကျယ်လောင်စွာအော်ဟစ်နိုင်ရန် မျှော်လင့်နေကြသည်။

ကျူးထျန်းလွင်တို့အုပ်စုကလည်း ပြုံးနေကြသည်။

အဆုံးသတ်ပင် ဖြစ်သည်။

ကျူးထျန်းလွင်က လက်မြှောက်ပြီး ဂိုဏ်းတံဆိပ်ပြားကို မဖမ်းခင်မှာ လူတစ်ယောက်က ပြေးဝင်လာပြီး ဖမ်းယူလိုက်သည်။

ဓားကြီးတစ်လက်ကို လွယ်ထားသော လင်းရှန် ဖြစ်သည်။ သူ့မျက်နှာထားက လေးနက်နေပြီး သတ်ဖြတ်လိုစိတ်များကိုလည်း ထုတ်လွှတ်နေသောကြောင့် ချဉ်းကပ်ရန် ခက်ခဲပုံပေါ်သည်။

ကျူးထျန်းလွင်၏မျက်နှာက မည်းမှောင်သွားသော်လည်း လင်းရှန်၏ အနက်ရောင်ချပ်ဝတ်ကို မြင်ရသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။

ပိဝူဟယ်နှင့် ဂိုဏ်းအကြီးအကဲများကလည်း ထိတ်လန့်သွားကြသည်။

“မင်းပဲ”

ယခင်က လင်းရှန်သည် ဓားစုစည်းခြင်းဂိုဏ်းကို ဖိနှိပ်ပြီး ပိဝူဟယ်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။

ယခု ဂိုဏ်းအကြီးအကဲများထဲတွင် ဓားစုစည်းခြင်းဂိုဏ်း၏ ခေါင်းဆောင်လည်း ပါဝင်နေသည်။

လင်းရှန်က ဂိုဏ်းတံဆိပ်ပြားကို ကိုင်ထားပြီး ပိဝူဟယ်ကို ကြည့်သည်။

“ပိချုံးနဲ့ပိယွင်က ဘယ်မှာလဲ”

“သူတို့က တံခါးပိတ်ကျင့်ကြံနေကြတယ်။ သူတို့ကို ဘာဖြစ်လို့ရှာနေတာလဲ”

ပိဝူဟယ်က လင်းရှန်ကို စိုက်ကြည့်နေပြီး နက်ရှိုင်းသောလေသံဖြင့် ပြောသည်။

လင်းရှန်က သူတို့ကို ကူညီပေးခဲ့သော်လည်း လင်းရှန်၏ရည်ရွယ်ချက်ကို မသိနိုင်ပေ။

“ငါက အကြွေးတင်နေတာကို ပြန်ပေးဖို့ ရောက်လာတာ”

လင်းရှန်က ဂိုဏ်းတံဆိပ်ပြားကို ကိုင်ထားပြီး တီးတိုးပြောသည်။

ထို့နောက် သူက ကျူးထျန်းလွင်ကို လှည့်ကြည့်သည်။

“တကယ်လို့ ပိယွင်နဲ့ ပိချုံးက ဒီဂိုဏ်းကို မလိုချင်ရင် ငါက မင်းကို ပေးလိုက်မယ်”

“သူတို့က ဒီဂိုဏ်းကို ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ မင်းက ထွက်သွားရမယ်”

သူ့စကားကြောင့် ကျူးထျန်းလွင်တို့အုပ်စုက ‌ဒေါသထွက်သွားကြသည်။

ကျူးထျန်းလွင်၏ဘေးတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက မျက်လုံးပြူးသွားပြီး ဓားကို ဆွဲထုတ်သည်။

“ငါတို့ ချီယန်ဓားဂိုဏ်းရဲ့ အရေးကိစ္စကို ဘယ်သူက ဝင်ရှုပ်ရဲတာလဲ”

တစ်ဖက်လူက ဓားထုတ်လိုက်သောအခါတွင် လင်းရှန်၏ သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲထွက်လာကြသည်။

“ဘုန်း”

မိုးကြိုးတစ်စင်းနှင့်တူသော သွေးနဂါးတစ်ကောင်သည် လေထုထဲတွင် ပေါ်ထွက်လာသည်။

သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။ သူက ဓားကို ကိုင်မထားနိုင်တော့ပေ။ ဓားက ခွပ်ခနဲ ပြုတ်ကျသွားသည်။

ကျူးထျန်းလွင်က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုး၍ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် စကားပြောသည်။

“တာအိုရောင်းရင်း၊ မင်းက အံ့ဖွယ်နေမင်း ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်‌ယောက်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ နန်းမြို့တော်ရဲ့ပြင်ပမှာ တခြားဂိုဏ်းရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်လို့ မရဘူးလေ”

“ပြီးတော့ ဒါက မိသားစုပြဿနာပါ”

သူ့ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်အဆင့် အငွေ့အသက်များနှင့်အတူ အားကောင်းသော ချီစွမ်းအင်အလင်းများလည်း ပေါ်ထွက်လာကြသည်။

သူ့တွင် ရတနာတချို့ ရှိနေသည်။

လင်းရှန်က တည်ငြိမ်စွာပြောသည်။

“ဒါက ငါ့မိသားစုကိစ္စလည်း ဟုတ်တယ်”

ထိုသို့ဖြင့် သူက ချီယန်ဓားဂိုဏ်းဆီသို့ လျှောက်သွားသည်။

ပိဝူဟယ်က တစ်ဖက်သို့လှည့်ပြီး ပိချုံးနှင့် ပိယွင်တို့ ရှိနေသော နေရာကို လမ်းပြလိုက်သည်။

ဂိတ်တံခါး၏အပြင်ဘက်တွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

‘ငါတို့ဂိုဏ်းက ချီယန်ဓားဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာတော့မှာလား။ ငါတို့က ကောင်းကင်အဆင့် ကျင့်ကြံသူပြောတဲ့ ဝိညာဉ်ကျောက်တုံးသုံးသန်းကို ရမှာလား’

သူတို့က တွေးနေကြသည်။

သူတို့က ဆုံးဖြတ်ပြီးသားဖြစ်သည်။ သို့သော် ရန်မစနိုင်သောလူတစ်ယောက်က ရုတ်တရက် ပေါ်လာခဲ့သည်။

‘အဲဒီလူက ငါတို့ဂိုဏ်းကလား’

ကျူးထျန်းလွင်၏မျက်နှာက အရုပ်ဆိုးနေသည်။ သူက နေရာတွင်ရပ်နေပြီး ထွက်မသွားခဲ့ပေ။

ဤတစ်ကြိမ်တွင် သူရရှိလာသောရတနာများက အလွန်များပြားပြီး တစ်ဘဝလုံး အသုံးပြုလျှင်ပင် ကုန်ဆုံးသွားမည်မဟုတ်ပေ။ ထို့ကြောင့် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်ရန် တွေးမိခဲ့သည်။

ချန်ယွမ်ဓားဂိုဏ်းက ကြီးမားလာပြီး သူကလည်း အကြီးအကဲတစ်ယောက်အဖြစ် ရာထူးတက်သွားခဲ့သည်။ အကယ်၍ အားကောင်းသော ချီယန်ဓားဂိုဏ်းကို သူ့လက်အောက်သို့ သိမ်းသွင်းမထားနိုင်လျှင် အနာဂတ်တွင် ဂိုဏ်းအတွင်းရှိ သူ၏အဆင့်အတန်းက အရေးမပါဘဲ ဖြစ်နေလိမ့်မည်။

ထိုအချိန်တွင် ဟန်မူယဲ့က မြင်းလှည်းပေါ်မှ ဆင်းလာခဲ့သည်။

သူက လူအုပ်ကို ဖြတ်လျှောက်ပြီး ချီယန်ဓားဂိုဏ်း၏ ဂိတ်ပေါက်ဝသို့ ရောက်လာသည်။

ကျင်းယွင်မိန်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။

ယခင်က ဟန်မူယဲ့နှင့် ကုန်းစွန်းရှုသည် သူမတို့၏အိမ်သို့ ရောက်လာခဲ့သည်။ ဆရာဟန်၏ ဆေးလုံးကြောင့် သူမ၏ ဒဏ်ရာများက ပျောက်ကင်းသွားခဲ့သည်။

ထို့အပြင် သူမ၏ ကလေးနှစ်ယောက်အတွက်လည်း ရက်ရောသော လက်ဆောင်များကို ပေးခဲ့သေးသည်။ ကလေးနှစ်ယောက်ကို တော်ဝင်ကျောင်းတော်တွင် စာသင်ကြားနိုင်ရန်အတွက် စီစဉ်ပေးခဲ့သည်။

ဆရာဟန်သည် နန်းမြို့တော်တွင် အဆင့်အတန်းမြင့်သော လူတစ်ယောက် ဖြစ်လိမ့်မည်။

“ဆရာဟန်”

ကျင်းယွင်မိန်က ရှေ့တက်လာပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက ဂိုဏ်းအတွင်းသို့ ကြည့်လိုက်ပြီး ပြောသည်။

“ပိယွင်နဲ့ ပိချုံးတို့က လိမ္မာကြရဲ့လား”

“သူတို့က ကုန်းစွန်းရှုရဲ့လက်အောက်မှာ လေ့ကျင့်ရတာ အဆင်ပြေရဲ့လား”

ထိုအချိန်တွင် ကျင်းယွင်မိန်က အရာအားလုံးကို ဘေးဖယ်ထားပြီး ဟန်မူယဲ့၏မေးခွန်းများကို ဖြေဆိုနေခဲ့သည်။

ပိယွင်နှင့်ပိချုံးက ရွှေအမြုတေ တတိယအဆင့်သို့ ရောက်နေကြသည်။

သူတို့က ဓားပညာရပ်တွင် အလွန်ကျွမ်းကျင်ပြီး ပိဝူဟယ်ပင် သူတို့နှင့် မယှဉ်နိုင်ပေ။

ယခုအချိန်တွင် သူတို့နှစ်ယောက်က မိဘနှစ်ပါးကို အဖော်ပြုပေးရန်အတွက် ဂိုဏ်းသို့ ပြန်လာကြသည်။ ထို့နောက် သူတို့က ပြင်ပဘုံသို့ ထွက်ခွာမည်ဖြစ်ပြီး အချိန်တစ်ခုကြာသည်အထိ ပြန်လာမည်မဟုတ်ပေ။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျင်းယွင်မိန်နှင့်အတူ ဂိုဏ်းထဲသို့ ဝင်သွားသည်။

ထိုအချိန်တွင် လူအုပ်ကြား၌ ရပ်နေသော ကျူးထျန်းလွင်သည် တစ်ကိုယ်လုံး တုန်ခါနေသည်။ သူက အသက်မရှူနိုင်တော့ပေ။

ဟန်မူယဲ့က ဂိုဏ်းထဲသို့ ဝင်သွားသောအခါတွင် သူက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နဖူးသည် ချွေးများနှင့် စိုရွှဲနေသည်။

“ဆရာဦးလေး၊ ဘာဖြစ်လို့လဲ”

ဓားပြုတ်ကျသွားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက မေးလိုက်သည်။

ကျူးထျန်းလွင်က ပြန်မဖြေခဲ့ပေ။

“ဆရာဦးလေး၊ ကျွန်တော်စုံစမ်းခဲ့တယ်”

အစိမ်းရောင်ဝတ်စုံနှင့် တပည့်တစ်ယောက်က ဟောဟဲလိုက်နေပြီး ပြေးလာသည်။

“ချီယန်ဓားဂိုဏ်းရဲ့ သခင်ငယ်လေးနှစ်ယောက်က နန်းမြို့တော်ရဲ့ ကုန်းစွန်းမိသားစုကပဲ”

ကုန်းစွန်းမိသားစု ....

လူတိုင်း၏မျက်နှာထားက တောင့်တင်းသွားပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

“ကုန်းစွန်းမိသားစုရဲ့ ဘယ်သူလဲ”

လူတစ်ယောက်က မသက်မသာဖြစ်နေသော မျက်နှာထားဖြင့်‌ မေးလိုက်သည်။

“ကုန်းစွန်းရှုပဲ”

သတင်းစုံစမ်းလာသော လူငယ်က ကြောက်ရွံ့နေသည်။

“ဓားနတ်ဘုရား ကုန်းစွန်းရှုလား။ မဖြစ်နိုင်တာ”

လူတစ်ယောက်က တီးတိုးပြောသည်။

ကုန်းစွန်းရှုသည် နန်းမြို့တော်ကို လွှမ်းမိုးထားနိုင်သော ဓားနတ်ဘုရား ဖြစ်သည်။ သူက ပိဝူဟယ်၏ ကလေးနှစ်ယောက်ကို အဘယ်ကြောင့် တပည့်အဖြစ် လက်ခံမည်နည်း။

“ဆရာဦးလေး၊ အဲဒါက ပိဝူဟယ်ဖန်တီးထားတဲ့ ကောလဟာလပဲ ဖြစ်လိမ့်မယ် ....”

ထိုလူက စကားဆက်မပြောနိုင်ခင်မှာ ကျူးထျန်းလွင်က ဂိတ်တံခါးကို ကြည့်လိုက်သည်။

“အခုလေးတင် ဝင်သွားတဲ့လူက အမတ်ချုပ်ကြီးဟန်ပဲ”

အမတ်ချုပ်ကြီးဟန် ....

‘ဘယ်ကအမတ်ချုပ်ကြီးဟန်လဲ’

‘နေပါအုံး၊ လောကမှာ အမတ်ချုပ်ကြီးဟန်က တစ်ယောက်ပဲရှိတယ်’

ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို နှစ်တစ်သောင်းကြာသည်အထိ လွှမ်းမိုးထားခဲ့သည်။

သို့သော် လူတိုင်းလေးစားပြီး ရန်မစနိုင်သောလူသည် ယခုမှ အမတ်ချုပ်ကြီးဖြစ်လာသော ဓားအင်မော်တယ် ဟန်မူယဲ့ပင် ဖြစ်သည်။

အမတ်ချုပ်ကြီးဟန်၏ နောက်သို့ လိုက်သွားနိုင်လျှင် လူတစ်ယောက်သည် ဘဝတစ်သက်တာလုံး ကြွယ်ဝသွားလိမ့်မည်။ စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးများကို ရရှိပြီး ကောင်းကင်အထိ တက်သွားနိုင်လိမ့်မည်။

အမတ်ချုပ်ကြီးဟန်သည် သတ်ဖြတ်ရဲသော လူတစ်ယောက်ဖြစ်ပြီး ဆုလာဘ်များကို ဝေမျှပေးသော လူတစ်ယောက်လည်း ဖြစ်သည်။

အမတ်ချုပ်ကြီးဟန်သည် လူတိုင်းကိုဦးဆောင်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကို လုယက်ခဲ့သည်။

အမတ်ချုပ်ကြီးဟန်နှင့် လိုက်ပါသွားသော လူများသည် အမတ်ချုပ်ကြီးဟန်၏ သစ္စာရှိနောက်လိုက်များ ဖြစ်လာကြသည်။

“အမတ်ချုပ်ကြီးဟန်လား”

လူတိုင်းက ကြောင်အသွားပြီး ချီယန်ဓားဂိုဏ်းကို လှည့်ကြည့်သည်။

ချီယန်ဓားဂိုဏ်းက အမတ်ချုပ်ကြီးဟန်နှင့် ပတ်သတ်နေသောကြောင့် သူတို့က မည်သို့ သိမ်းသွင်းရတော့မည်နည်း။

ထိုဂိုဏ်းကို မည်သူက ဝါးမြိုရဲမည်နည်း။

‘အမတ်ချုပ်ကြီးဟန်က ချီယန်ဓားဂိုဏ်းဘက်ကနေ ငါတို့က အပြစ်ပေးတော့မှာလား’

အမတ်ချုပ်ကြီးဟန်က သူတို့ကို သတ်ဖြတ်ချင်လျှင် အလွန်လွယ်ကူသည်။

လူတိုင်း၏မျက်နှာများက ဖြူဖျော့သွားကြသည်။

All Chapters