အခန်း (၆၈၈)
Vol. 50 Ch. 688
“ဘုန်း”
မိုးခြိမ်းသံသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာသည်။ အလင်းတန်းတစ်ခုသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
“ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက် ကျဆုံးသွားတာလား”
ထိုအလင်းတန်းနှင့် မိုးခြိမ်းသံသည် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက် ဆုံးပါးသွားသောအချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။
‘ဘာဖြစ်နေတာလဲ’
ချီယန်ဓားဂိုဏ်းတွင် ကောင်းကင်အဆင့် ကျင့်ကြံသူ မရှိပေ။
အလင်းတန်းနှင့် မိုးခြိမ်းသံအပြီးတွင် ကပ်ဘေးတိမ်တိုက်များသည် ကောင်းကင်ထက်တွင် စုစည်းလာကြသည်။
ကောင်းကင်အဆင့် မိုးကြိုးကပ်ဘေး ....
လူတစ်ယောက်က ကောင်းကင်အဆင့် အတားအဆီးကို ကျော်ဖြတ်သွားသောကြောင့် မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။
‘ပိဝူဟယ်လား’
သူတို့က တွေးမိကြသည်။
‘မဟာကျင့်ကြံသူကြီးတစ်ယောက် ကျဆုံးသွားပြီး မဟာကျင့်ကြံသူကြီးတစ်ယောက် မွေးဖွားလာတာလား’
‘ချီယန်ဓားဂိုဏ်းက ဘာဖြစ်နေတာလဲ’
လူတိုင်းက သံသယများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူတို့က မလှုပ်ရှားရဲကြပေ။
ချီယန်ဓားဂိုဏ်းတွင် ဖြစ်ပျက်နေသော အကြောင်းအရာသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
“ချပ် ချပ် ချပ်”
အနက်ရောင်ချပ်ဝတ်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များက ပြေးလာကြသည်။ သူတို့က ဓားထုတ်ပြီး ဂိုဏ်း၏ဂိတ်တံခါးကို ဝိုင်းရံထားလိုက်ကြသည်။
သူတို့၏အငွေ့အသက်များက မတူကြပေ။ သူတို့အားလုံးက ဓားချီများကို ထုတ်လွှတ်နေကြသည်။
သူတို့အားလုံးက ဓားတာအို၏ မဟာကျင့်ကြံသူကြီးများပင် ဖြစ်ကြသည်။
အနက်ရောင်ချပ်ဝတ်နှင့် ဟွမ်ကျစ်ဟူက တောက်ပနေသောမျက်လုံးများဖြင့် ပျံသန်းလာခဲ့သည်။
“ချီယန်ဓားဂိုဏ်းမှာ ဘာဖြစ်နေတာလဲ”
သူမ၏အသံက အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသည်။
သူမသည် ပြတ်သားစွာသတ်ဖြတ်ရဲသော အံ့ဖွယ်နေမင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သန်းချီသောဓားကျင့်ကြံသူများကို ဦးဆောင်ထားသည်။
လူအားလုံးက တိတ်ဆိတ်နေပြီး ပြန်မဖြေရဲကြပေ။
ဟွမ်ကျစ်ဟူက မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့ဆုံးတွင်ရပ်နေသော ကျူးထျန်းလွင်ကို ကြည့်သည်။
ကျူးထျန်းလွင်က သူမနှင့် အကြည့်ချင်းမဆုံရဲပေ။
“ငါ့ကို သိတာလား”
ဟွမ်ကျစ်ဟူက အေးစက်စွာပြောသည်။
ကျူးထျန်းလွင်က လျင်မြန်စွာဦးညွတ်လိုက်သည်။
“အမတ်ချုပ်ကြီးဟန်နဲ့အတူ ပြင်ပဘုံကို လိုက်သွားဖူးတဲ့ ကျင့်ကြံသူတွေအားလုံးက သခင်မလေးကျစ်ဟူကို သိကြပါတယ်”
ကျူးထျန်းလွင်၏စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ကျစ်ဟူ၏မျက်နှာထားက အနည်းငယ်ပြေလျော့သွားပြီး ခေါင်းညိတ်လိုက်ရသည်။
“သခင်မလေးကျစ်ဟူ၊ သခင်ကြီးနဲ့ စစ်သူကြီးလင်းက ဒီမှာ ရှိနေပါတယ်”
နောက်တွင်ရှိနေသော ဇူအော်လင်းက ပြောလိုက်သည်။
ဟွမ်ကျစ်ဟူက နောက်သို့လှည့်ကြည့်ပြီး ပြုံးသည်။
“ဦးလေးပဲ”
သူမက ချီယန်ဓားဂိုဏ်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“အကြီးအကဲလင်းနဲ့ ငါ့မွေးစားအဖေက ဒီမှာရှိနေတယ်ဆိုရင် ဘာဖြစ်နေတာလဲ ငါသိသွားပြီ”
ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်တွင်ရှိသော ဓားစံအိမ်မှ လူများ၏အကြောင်းကို ဟွမ်ကျစ်ဟူဆီမှ ဖုံးကွယ်မထားပေ။
လေ့ကျင့်ရေးမှူးလင်း၊ လျှိုဟုန်နှင့် တခြားလူများတွင် ကိုယ်ပိုင်စွဲလမ်းစိတ်များ ရှိနေကြသည်။ ဟန်မူယဲ့က သူမကို ပြောပြထားသည်။
သူမက ကလေးဘဝတွင် ထိုအကြောင်းများကို ပုံပြင်ဟုသာ ထင်ခဲ့သည်။ နောက်ပိုင်းတွင် သူမက ထိုဇာတ်လမ်းများကြောင့် စိတ်လှုပ်ရှားသွားရသည်။
ဤတစ်ကြိမ်တွင် လေ့ကျင့်ရေးမှူးလင်းက ကောင်းကင်အဆင့် ကျောက်စိမ်းအရိုးကို ပြန်ပေးရန်အတွက် ရောက်လာခြင်း ဖြစ်လိမ့်မည်။
“ဘုန်း”
မိုးကြိုးများသည် ကောင်းကင်ထက်မှ ကျဆင်းလာကြပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ချီယန်ဓားဂိုဏ်း၏ အနောက်ဘက်တွင် တိတ်ဆိတ်သောအခန်းတစ်ခု၌ လင်းရှန်က ဖြူဖျော့နေသောမျက်နှာထားဖြင့် မတ်တပ်ရပ်သည်။
သူ့ရှေ့တွင် ပိယွင်၏ခန္ဓာကိုယ်က ချီစွမ်းအင်အလင်းဖြင့် တောက်ပနေပြီး မဟာတာအို၏ အငွေ့အသက်တချို့လည်း ရှိနေသည်။
ကောင်းကင်အဆင့် ....
ကျောက်စိမ်းအရိုးနှင့် လေဟာနယ်ဝိညာဉ်သူငယ်ဆေးလုံးကြောင့် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာခဲ့သည်။
ပိချုံး၏မျက်နှာထားက ရှုပ်ထွေးနေသည်။
တံခါးဝတွင်ရပ်နေသော ပိဝူဟယ်က ထိတ်လန့်နေသည်။ သို့သော် သူက ကျင့်ကြံနေသော ပိယွင်ကို နှောင့်ယှက်မိမည်စိုးသောကြောင့် စကားမပြောရဲပေ။
လင်းရှန်က ဓားတစ်လက်ကို ထုတ်ယူသည်။ ဓား၏ကိုယ်ထည်သည် ချီစွမ်းအင်အလင်းဖြင့် တောက်ပနေပြီး အသိစိတ်တချို့ကို ပိုင်ဆိုင်ထားသည်။
ထိုဓားသည် အနိမ့်ဆုံး အဆင့်မြင့်ဝိညာဉ်လက်နက် ဖြစ်သည်။
ထိုသို့အဆင့်မြင့်သောဓားမျိုးသည် ချီယန်ဓားဂိုဏ်းတွင် မရှိပေ။
“ဒီဓားက မင်းအတွက်ပဲ”
လင်းရှန်က ပိချုံးကို ဓားပေးလိုက်ပြီး ပြောသည်။
ပိချုံးက ဓားကိုင်ထားပြီး အံ့အားသင့်သွားပုံပေါ်သည်။
“ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်၊ ဓမ္မရတနာ တစ်ဝက်အဆင့်ပဲ”
ဓမ္မရတနာတစ်ဝက်အဆင့်သည် မှော်ရတနာအဆင့်နှင့် ခြေတစ်လှမ်းသာလိုတော့သည်။ ထိုဓားကို အနည်းငယ်ပျိုးထောင်ပေးလိုက်လျှင် မှော်ရတနာတစ်ခု ဖြစ်လာလိမ့်မည်။
ဓမ္မရတနာများသည် လောကတွင် ရှားပါးလှသည်။ ဓမ္မရတနာတစ်ဝက်အဆင့်သည် ဝယ်ယူရန်ခက်ခဲသော ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဖြစ်သည်။
“ဓားတစ်လက်အတွက် ဓားတစ်လက်ပဲ”
လင်းရှန်က ကျောပေါ်တွင်ရှိသော ဓားကြီးကို ပွတ်သပ်သည်။ သူက ခေါင်းမော့ကြည့်လိုက်ပြီး ပြောသည်။
“ပြီးသွားပြီ”
ထို့နောက် သူက လှည့်ထွက်သွားသည်။
“ဓားကို အကြိမ်ပေါင်းတစ်သန်း ဆွဲထုတ်ပြီး တောင်တစ်လုံးကို ဖျက်ဆီးမယ်။ ဒီစကားကို ရင်းနှီးနေတယ်”
ပိချုံးက ဓားကိုင်ထားပြီး တီးတိုးပြောသည်။
လင်းရှန်က တံခါးဝဆီသို့ လျှောက်လာသည်။ ပိဝူဟယ်က သူ့ကို စိုက်ကြည့်နေသည်။
“ဘာဖြစ်နေတာလဲ ငါသိချင်တယ်”
“ကောင်းကင်အဆင့် ကျောက်စိမ်းအရိုးနဲ့ ဓမ္မရတနာတစ်ဝက်အဆင့် ဓားတစ်လက်။ သူတို့နှစ်ယောက်ကို ဘာဖြစ်လို့ ပေးခဲ့တာလဲ”
ပိဝူဟယ်က အနက်ရောင်ချပ်ဝတ်နှင့် လင်းရှန်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“သူတို့က မင်းရဲ့ ကိုယ်ပွားတွေလား”
ကောင်းကင်အဆင့် ကျင့်ကြံသူများသည် ပြန်လည်မွေးဖွားခြင်းနှင့် ပြန်လည်ကျင့်ကြံခြင်းကို ပြုလုပ်နိုင်ကြသည်။
ပြန်လည်ကျင့်ကြံခြင်းနှင့်ပတ်သတ်သော ဒဏ္ဍာရီများသည် ကျင့်ကြံခြင်းလောကတွင် ရှိနေသော်လည်း လူအနည်းငယ်သာ ကိုယ်တွေ့ကြုံဖူးကြသည်။
အဘယ်ကြောင့်ဆိုသော် ပြန်လည်ကျင့်ကြံခြင်းတွင် ယခင်ဘဝ၏မှတ်ဉာဏ်များကို ပြန်လည်ရရှိနိုင်သောလူများက အနည်းငယ်သာရှိသည်။
ပြန်လည်မွေးဖွားလာကြသော လူအများစုသည် ယခင်ဘဝ၏ ကျင့်ကြံခြင်းနှင့် မှတ်ဉာဏ်များကို မရရှိနိုင်ခဲ့ပေ။
“သူတို့က ငါ့ကိုယ်ပွားတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ အတူတူလောက်ပါပဲ”
လင်းရှန်က ခေါင်းခါသည်။
လင်းရှန်က ဖြည်းဖြည်းချင်းလျှောက်လာသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ဂိုဏ်းတူအစ်ကိုဟန်၊ သူတို့က မှတ်ဉာဏ်တွေ ပြန်မရသေးဘူး။ သူတို့ကို ဒီအတိုင်းပဲ ထားခဲ့လိုက်မယ်”
“ပိယွင်နဲ့ ပိချုံး ဖြစ်နေတာက ဘာမှ မမှားပါဘူး”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။
လေ့ကျင့်ရေးမှူးလင်းက လင်းချုံးရှောင်နှင့်ပတ်သတ်၍ စွဲလမ်းစိတ်ကို ဖြေရှင်းနိုင်ခဲ့သည်။
“စိတ်မပူပါနဲ့။ ကုန်းစွန်းမိသားစုက သူတို့ရဲ့နောက်ကွယ်မှာ ရှိနေပါတယ်။ ဒီဘဝမှာ သူတို့က အရင်ဘဝထက် ပိုပြီး ကျင့်ကြံဆင့်မြင့်လာမှာပါ”
“သူတို့ရဲ့မှတ်ဉာဏ်တွေ ပြန်ရလာဖို့က အရေးမကြီးပါဘူး”
ဟန်မူယဲ့က လင်းရှန်ကိုကြည့်လိုက်ပြီး ပြောသည်။
“သွားကြစို့။ မင်းရဲ့ကျောက်စိမ်းအရိုးက ကွဲအက်သွားပြီ။ အဲဒါကို မြန်မြန်မပြင်ရင် ကောင်းကင်အဆင့်ကို ပြန်ရောက်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး”
လင်းရှန်က ရယ်လိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ ရှေ့တက်သွားသည်။
“ဂိုဏ်းတူအစ်ကိုဟန်ရှိနေမှတော့ ဘာကိုစိတ်ပူနေရအုံးမှာလဲ”
ဓားစံအိမ်၏ လူများသည် ဟန်မူယဲ့ကို နက်ရှိုင်းစွာ ယုံကြည်ကြသည်။
ဟန်မူယဲ့နှင့်လင်းရှန်က ချီယန်ဓားဂိုဏ်းမှ ထွက်လာသောအခါတွင် ဟွမ်ကျစ်ဟူက သူတို့ကို လျင်မြန်စွာကြိုဆိုလိုက်သည်။
ကျင့်ကြံဆင့်ပျက်စီးနေသော လင်းရှန်ကို မြင်လိုက်ရသောအခါတွင် သူမက စိုးရိမ်စိတ်များနှင့် မေးမြန်းခဲ့သည်။
လင်းရှန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အဆင်ပြေသည်ဟု ပြောသည်။
သူတို့က ဇူအော်လင်း၏မြင်းလှည်းနှင့် ထွက်သွားခဲ့သည်။ ပိဝူဟယ်နှင့် ကျင်းယွင်မိန်တို့က သူတို့ကို လိုက်ပို့ပြီးသောအခါတွင် ချီယန်ဓားဂိုဏ်း၏ ဂိုဏ်းတံဆိပ်ပြားကို ကျူးထျန်းလွင်ဆီသို့ ပေးလိုက်သည်။
ပိယွင်နှင့် ပိချုံးက ဂိုဏ်းကို ထိန်းချုပ်ရန် ဆန္ဒမရှိကြပေ။
ကုန်းစွန်းမိသားစုနှင့် ယှဉ်လိုက်လျှင် ချီယန်ဓားဂိုဏ်းသည် အရေးမပါပေ။
ထို့အပြင် သူတို့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်ခွာပြီး အာကာသထဲတွင် တိုက်ခိုက်တော့မည်ဖြစ်သည်။
သူတို့မိသားစုလေးယောက်က ပစ္စည်းများကို ထုပ်ပိုးပြီး နန်းမြို့တော်သို့ ပြန်ဝင်လာခဲ့ကြသည်။
နန်းမြို့တော်တွင် ကုန်းစွန်းမိသားစုက ပေးထားသော တစ်ခါမှအသုံးမပြုရသေးသည့် အိမ်တော်တစ်ခု ရှိသည်။
သူတို့လေးယောက် ထွက်သွားသောအခါတွင် ဂိုဏ်းတပည့်များ၏ မျက်နှာထားက ရှုပ်ထွေးနေကြသည်။
ဂိုဏ်းကိုရလိုက်သော ကျူးထျန်းလွင်ကလည်း မပျော်နိုင်ခဲ့ပေ။
ပိဝူဟယ်၏မိသားစုက ဟန်မူယဲ့နှင့် နက်ရှိုင်းသောဆက်ဆံရေးကို တည်ဆောက်ထားသည်။
ပိဝူဟယ်၏ သားနှစ်ယောက်သည် ဓားနတ်ဘုရား၏ တပည့်များဖြစ်ကြပြီး တော်ဝင်ကျောင်းတော်တွင်လည်း ပညာသင်ကြားခဲ့သည်။
ကျူးထျန်းလွင်၏ ကြွယ်ဝမှုနှင့် ယှဉ်လိုက်လျှင် အမတ်ချုပ်ကြီးဟန်နှင့် ကုန်းစွန်းမိသားစု၏ ဆက်ဆံရေးက ပိုအရေးပါသည်။
ထို့အပြင် အံ့ဖွယ်နေမင်း ကိုယ်ရံတော်ခေါင်းဆောင် ဟွမ်ကျစ်ဟူကလည်း ပိမိသားစုနှင့် ရင်းနှီးပြီး ချီယန်ဓားဂိုဏ်းကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။
ချီယန်ဓားဂိုဏ်း၏ တပည့်များက ကောင်းကင်အဆင့်သို့ ဝင်ရောက်နိုင်မည့် အနာဂတ်အခွင့်အရေးကို ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာနှင့် လဲလှယ်ခဲ့သည်ဟု ပြောနိုင်သည်။ ထိုအရာသည် လွဲချော်သွားသော အခွင့်အရေး သို့မဟုတ် ကိုယ်တိုင်ရွေးချယ်မှုပင် ဖြစ်သည်။
လင်းရှန်နှင့် ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ ရောက်လာပြီး အခန်းတွင်းသို့ ဝင်သွားကြသည်။
ဟွမ်ကျစ်ဟူက အပြင်ဘက်တွင် စောင့်ကြပ်နေသည်။
“ကောင်းကင်အဆင့် ကျောက်စိမ်းအရိုးက ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားတာပဲ။ ကျောက်စိမ်းအရိုး ပျက်စီးသွားခဲ့ရင် ခန္ဓာကိုယ်က ဝိညာဉ်သူငယ်အဆင့် စွမ်းအားကို ထောက်ပံ့မပေးနိုင်တော့ဘဲ ပြိုကျသွားရလိမ့်မယ်”
ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေသော လင်းရှန်ကို ကြည့်လိုက်ပြီး အနက်ရောင်ဦးချိုတစ်ခုကို ထုတ်ယူသည်။
ခွေဦးချို ....
ရှေးခေတ်နတ်ဘုရားသားရဲ ခွေသည် အလွန်သန်မာပြီး မိုးကြိုးစွမ်းအားကို ထိန်းချုပ်ထားသည်။
ဟန်မူယဲ့က ခွေသားရဲ၏ သွေးမျိုးဆက်အမွေအနှစ်နှင့် ပေါင်းစပ်ထားသောကြောင့် ထိုဦးချိုကို မလိုအပ်တော့ပေ။
“ဘုန်း”
လျှပ်စီးကြောင်းသည် ဖျတ်ခနဲလင်းလက်သွားပြီး ခွေဦးချိုက လင်းရှန်၏ကိုယ်ထဲသို့ ဝင်သွားသည်။
ရွှေရောင်မိုးကြိုးအမှတ်အသားတစ်ခုသည် လင်းရှန်၏နဖူးတွင် ပေါ်လာသည်။
နေရာတွင် တင်ပျဉ်ခွေထိုင်နေသော လင်းရှန်က တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။ လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။
ဟန်မူယဲ့က လင်းရှန်ကို စိတ်မပူပေ။
ဓားတစ်လက်ကို အကြိမ်ပေါင်းသန်းချီ၍ ဆွဲထုတ်ခဲ့သောလူတစ်ယောက်က ခွေဦးချိုကို သေချာပေါက် သန့်စင်နိုင်လိမ့်မည်။
ဟန်မူယဲ့က လင်းရှန်ကို ချန်ထားခဲ့ပြီး အပြင်ဘက်သို့ ထွက်လာသည်။ ဟွမ်ကျစ်ဟူက တံခါးဝတွင် စောင့်ကြပ်နေသည်။
“မွေးစားအဖေ”
ဟွမ်ကျစ်ဟူက လျင်မြန်စွာရှေ့တိုးလာပြီး ဦးညွတ်လိုက်သည်။
ဟန်မူယဲ့က သူမကို စိုက်ကြည့်သည်။
“မင်းက မိန်းကလေးတစ်ယောက်လို ဝတ်မထားဘူးပဲ”
ဟွမ်ကျစ်ဟူက မျက်နှာပျက်သွားသည်။
‘ငါက ဒါကို မတွေးလိုက်မိဘူး’
“သမီးက အနက်ရောင်ချပ်ဝတ်နဲ့ဆိုရင် အဖေနဲ့ပိုတူတယ်လို့ ဦးလေးရှောင်ရွှမ်က ပြောတယ်”
သူမက ခေါင်းငုံ့ထားပြီး တီးတိုးပြောသည်။
“ဟမ့်၊ မင်းအဖေပြန်လာရင် ဝတ်ချင်တာဝတ်လို့ရတယ်”
ဟန်မူယဲ့က ဒေါသတကြီးပြောလိုက်ပြီး အာခီမီကံကြမ္မာစံအိမ်မှ ထွက်သွားသည်။
ဟွမ်ကျစ်ဟူက ခြေဆောင့်လိုက်ပြီး နှာမှုတ်သည်။ သူမက အဝတ်လဲရန်အတွက် အခန်းထဲသို့ ဝင်သွားခဲ့သည်။
‘ငါ့မွေးစားအဖေက နေရာတိုင်းမှာ ကောင်းပါတယ်။ ဒါပေမဲ့ အရမ်းရှေးရိုးဆန်လွန်းတယ်’
‘သူက ငါ့အဖေကိုတွေးပြီး ငါ့ကို လိုက်ကြပ်နေတာပဲ’
‘ငါ့အဖေက ဘယ်တော့ပြန်လာမှာလဲ မသိဘူး’
‘ငါ့အဖေက အရမ်းအားကောင်းတဲ့ ကောင်းကင်နင်းခြေ မိစ္ဆာဘုရင်လို့ ပြောတယ်။ သူက မွေးစားအဖေကို ရိုက်နိုင်မှာလားမသိဘူး’
ဟန်မူယဲ့က ဟွမ်ခြောက်ပြန်လာသောအခါတွင် သူ့ကို သင်ခန်းစာပေးခိုင်းမည့် ဟွမ်ကျစ်ဟူ၏အကြံကို မသိခဲ့ပေ။ သူက အမတ်ချုပ်ကြီးအိမ်တော်သို့ ပြန်ရောက်လာသောအခါတွင် ရှုဝေက ကိုယ်တိုင်ရောက်လာခဲ့သည်။
သူက ကိုယ်ပိုင်အသိပညာဖြင့် အရာရှိများကို အထင်ကြီးစေခဲ့ပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။
တော်ဝင်ညီလာခံတွင်ရှိနေသော လူအများအပြားသည် ရှုဝေကို လက်ထောက်အမတ်ချုပ်ကြီးအဖြစ် တင်စားကြသည်။
“အမတ်ချုပ်ကြီးဟန်၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာကနေ သတင်းရလာပါတယ်”
ရှုဝေက လေးနက်နေသောမျက်နှာထားဖြင့် ကျောက်စိမ်းပေလွှာတစ်ခုကို ပေးလိုက်သည်။
ဟန်မူယဲ့က နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအများအပြားကို စေလွှတ်၍ ဓားကျင့်ကြံသူတစ်ယောက်ကို လိုက်ဖမ်းနေသည်။
အပြင်လူဆိုလျှင် ဟန်မူယဲ့က ဂရုစိုက်မည်မဟုတ်ပေ။
သို့သော် ထိုဓားကျင့်ကြံသူကို မော့ရှန်ဟွားဟု ခေါ်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ လျှို့ဝှက်စွာဝင်ရောက်ပြီး ကြယ်တစ်စင်းကို ထိန်းချုပ်ရန် တာဝန်ယူခဲ့သည်။
ကြယ်တစ်စင်းကို ထိန်းချုပ်ထားရန်အတွက် သူတော်စင်တစ်ပါး မဟုတ်လျှင်ပင် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်နေရမည်။
ယခင်က ဟန်မူယဲ့သည် ဓားမှတ်ဉာဏ်မှတစ်ဆင့် ထိုအကြီးအကဲ၏ တိုက်ခိုက်နေသောပုံရိပ်ကို မြင်ခဲ့သည်။
သို့သော် ထိုစဉ်က ဓားစံအိမ်၏ အကြီးအကဲသည် အန္တရာယ်မရှိခဲ့ပေ။