အခန်း (၆၉၂)
Vol. 50 Ch. 692
စွန်းယိုတောက်က ငါးကြီးကြီးဖမ်းရန်အတွက် ဂိုဏ်း၏ ကျွမ်းကျင်သူများအားလုံးကို စုစည်းခဲ့သည်။
သူက အမှန်တကယ်ပင် ငါးကြီးများနှင့် ကြုံတွေ့ခဲ့သည်။
“ဘုန်း”
ချင်စုယန်သည် ဓားအလင်းများကို စုစည်း၍ ရှေ့တွင်ရှိနေသော အလင်းလွှာကို ဖျက်ဆီးသည်။
မရေမတွက်နိုင်သော စစ်သည်များက သွေးအန်လိုက်ရသည်။ သို့သော် ပိုမိုများပြားသော စစ်သည်များက ရှေ့တက်လာပြီး နေရာယူလိုက်ကြသည်။
စစ်တပ်ဝင်္ကပါစွမ်းအားတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအောက် မကျပေ။ သူတို့က ပိုမိုသန်မာသည်။
“သတ်”
မရေမတွက်နိုင်သော စစ်သည်များက ဟိန်းဟောက်လိုက်ကြပြီး ဝိုင်းရံမှုကို ဖြည်းဖြည်းချင်း ချုံ့သည်။
စွန်းယိုတောက်သည် စစ်တပ်ဝင်္ကပါများ၏နောက်တွင် တည်ငြိမ်စွာရပ်နေသည်။
မော့ရှန်ဟွား၏မျက်နှာက ဖြူဖျော့နေသည်။ သူက လူတိုင်းကို လှမ်းကြည့်သည်။
“မင်းတို့ထဲမှာ ဘယ်သူက ဓားစံအိမ်ကို တာဝန်ယူထားတာလဲ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်က တီးတိုးပြောသည်။
“ဟန်မူယဲ့က ဓားစံအိမ်ကို တာဝန်ယူထားပါတယ်။ အခု သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီး ဖြစ်နေပါပြီ”
“အမတ်ချုပ်ကြီးလား”
မော့ရှန်ဟွားက ပြုံးလိုက်သောကြောင့် ဒဏ်ရာများကို ဆွဲဖြဲလိုက်သလို ဖြစ်သွားသည်။
“ဝမ်မော့ရှန်က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ လူတစ်ယောက်ကို အမတ်ချုပ်ကြီးအဖြစ် ရွေးလိုက်တယ်ပေါ့”
“မင်းက အမတ်ချုပ်ကြီးဟန် မဟုတ်လား”
ဟန်မူယဲ့က တည်ငြိမ်စွာခေါင်းညိတ်သည်။
သူက စစ်ပွဲအခြေအနေကို လေ့လာကြည့်နေသည်။
ကောင်းကင်အဆင့် ကျင့်ကြံသူများသည် သွေးမိစ္ဆာဝင်္ကပါကို ဖွဲ့စည်းထားပြီး လှံရှည်နှင့် ရင်ဆိုင်နေသည်။ သူတို့က လှံရှည်အတွက် ထိုဝင်္ကပါကို အထူးတလည် အသုံးပြုထားပုံပေါ်သည်။
“ကျွန်တော်သွားလိုက်ရမလား”
လူသားအဖြစ် အသွင်ပြောင်းထားသော ကျိုးယွင်လုံက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ညင်သာစွာပြောသည်။
သူက သွေးမိစ္ဆာဝင်္ကပါကို တိုက်ခိုက်ပြီး ဝင်္ကပါကို ဖျက်ဆီးနိုင်ရန်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးမည်။
သို့သော် သူက သွေးမိစ္ဆာဝင်္ကပါထဲတွင် ပိတ်မိသွားလျှင် အသိစိတ်ကို ဆုံးရှုံးရလိမ့်မည်။
“သွေးမိစ္ဆာဝင်္ကပါက ချိုးဖောက်ဖို့ လွယ်ကူနေမယ်ဆိုရင် ငါက ဒီလိုမျိုး အခြေအနေဆိုးနေမှာ မဟုတ်ဘူး”
မော့ရှန်ဟွားက ပြောသည်။
“ငါ့ရဲ့ မှော်ရတနာဓားနှစ်လက်က အဲဒီဝင်္ကပါကြောင့် အသိစိတ်ပျက်စီးသွားကြတယ်”
သူက နာကျင်နေသောမျက်နှာထားဖြင့် ပြောသည်။
“ခလွမ်”
ချွမ်ချန်ယွမ်၏ဓားရှည်ကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က တားဆီးထားသည်။ သူက ဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေရသည်။
သူတင်မကဘဲ တခြားလူများကလည်း ဝိုင်းရံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်လာရသည်။
ထိုအရာသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခွန်အားဖြစ်သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ကျွမ်းကျင်သူများကို ပိုမိုပိုင်ဆိုင်ထားသည်။
“ငါတို့ ထွက်သွားလို့မရဘူး”
ကုန်းစွန်းရှုက ဟန်မူယဲ့၏နောက်သို့ ပြန်ရောက်လာသည်။
တခြားမဟာကျင့်ကြံသူကြီးများကလည်း ပြန်ရောက်လာကြသည်။
“ငါတို့ ထွက်မသွားနိုင်ဘူးဆိုရင် အမတ်ချုပ်ကြီးဟန်ကို ကာကွယ်ပြီး လမ်းဖောက်ပေးရမယ်”
အရှေ့ပင်လယ်၏ ရှုရှန်းက ဓားရှည်ကို ကိုင်ထားပြီး တီးတိုးပြောသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာက အမတ်ချုပ်ကြီးဟန်မရှိရင် မဖြစ်ဘူး”
လီသုံးနှင့် တခြားလူများကလည်း ခေါင်းညိတ်ပြီး ဟန်မူယဲ့၏အနားသို့ တိုးလာကြသည်။
“မင်းက ဓားစံအိမ်ကို တာဝန်ယူထားတော့ ဓားစံအိမ်ရဲ့ လျှို့ဝှက်ချက်ကို သိပြီးသားဖြစ်မှာပေါ့”
မော့ရှန်ဟွားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ငါက အစွမ်းကုန်သုံးပြီး လေဟာနယ်ကို ထိုးခွဲပေးမယ်။ မင်းက တာအိုအမှတ်အသားနဲ့ ဒီနေရာကနေ ထွက်သွားလို့ရတယ်”
တာအိုအမှတ်အသား ....
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အတွင်းနှင့်အပြင်တွင် လမ်းပြအမှတ်အသားများကို ချမှတ်ထားခဲ့သည်။
တာအိုအမှတ်အသား၏ လမ်းညွှန်မှုနှင့်ဆိုလျှင် သူက လေဟာနယ်ကို ဖြတ်သန်းသွားနိုင်သည်။
သို့သော် ယခုအချိန်တွင် တာအိုပြိုင်ပွဲနယ်မြေက လေဟာနယ်ကို ဖိနှိပ်ထားသည်။ ထို့ကြောင့် လေဟာနယ်ကို ဖြတ်သန်းသွားချင်လျှင် အရင်ဆုံး လေဟာနယ်ကို ထိုးခွဲရမည်။
ထိုအရာသည် တာအိုဘိုးဘေးများ၏ ဖိနှိပ်မှုကို ထိုးဖောက်ပြီး ဟန်မူယဲ့ကို လွတ်မြောက်သွားအောင် ကူညီပေးခြင်း ဖြစ်သည်။
ဟန်မူယဲ့ထွက်သွားလျှင် ကျန်လူများအားလုံးက ရှင်သန်နိုင်တော့မည်မဟုတ်ပေ။
“အကြီးအကဲမော့က ကျွန်တော့်ကို နားလည်မှာမဟုတ်ဘူး”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“ကျွန်တော်က ခင်ဗျားလိုမျိုး ဘာမှလုပ်စရာမရှိတာကြောင့် သူတော်စင်မရဲ့တင်ပါးကို သွားကိုင်တဲ့လူမျိုး မဟုတ်ဘူး”
ထိုစကားကြောင့် မော့ရှန်ဟွား၏ ဖြူဖျော့နေသောမျက်နှာက နီရဲသွားသည်။
“ငါ၊ ငါ .... ဘယ်တုန်းက ....”
ထိုကိစ္စမျိုးကို ယခုအချိန်တွင် အဘယ်ကြောင့် ထုတ်ပြောရသနည်း။
ဟန်မူယဲ့က မျက်နှာချင်းဆိုင်တွင်ရှိနေသော စွန်းယိုတောက်ကို လှမ်းကြည့်သည်။
စွန်းယိုတောက်၏မျက်နှာထားက ပြောင်းလဲသွားသည်။
ဟန်မူယဲ့က အလွန်တည်ငြိမ်နေသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် မလှုပ်ရှားခင်မှာ အမြဲတမ်း အစီအစဉ်ချလေ့ရှိသည်။
ယခုအချိန်တွင် သူ၏အပြုအမူအရ တစ်ခုခုမှားယွင်းနေပုံပေါ်သည်။
“အကြီးအကဲစွန်း၊ ဒီမှာ တခြားသူတော်စင်တွေ မရှိဘူးမဟုတ်လား”
ဟန်မူယဲ့၏အသံကို ကြားနိုင်သည်။
စွန်းယိုတောက်က မျက်မှောင်ကြုတ်သည်။
“တကယ်လို့ အကြီးအကဲစွန်းကို သတ်လိုက်မယ်ဆိုရင် အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ အခြေအနေက ရှုပ်ထွေးသွားမှာလား”
“အကြီးအကဲစွန်းက အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာရှိတဲ့ တာအိုဂိုဏ်းတွေရဲ့ သုံးပုံတစ်ပုံကို ထိန်းချုပ်ထားတာမဟုတ်လား”
ဟန်မူယဲ့၏ စကားအဆုံးတွင် လှံရှည်က တုန်ခါလာခဲ့သည်။
“ဒီသွေးမိစ္ဆာဝင်္ကပါက အင်မော်တယ်ရတနာကို တကယ်ပဲ ချိုးဖျက်နိုင်တာလား ကြည့်ရအောင်”
“ဘုန်း”
အင်မော်တယ်ရတနာဖြစ်သော လှံရှည်သည် ပေတစ်သိန်းရှည်လျားသွားသည်။ အဆုံးမရှိသောစွမ်းအားများကို သယ်ဆောင်ထားသော အစိမ်းရောင်အင်မော်တယ်ချီသည် လေထုထဲတွင် ပြည့်နှက်နေသည်။
အင်မော်တယ်ချီ ....
အင်မော်တယ်ရတနာကို ထိန်းချုပ်ရန်အတွက် အင်မော်တယ်ချီကို လိုအပ်သည်။
ထိုအရာသည် ဟန်မူယဲ့၏ ဝှက်ဖဲဖြစ်သည်။
သူက တံခါးပိတ်ကျင့်ကြံနေသောအချိန်တွင် အင်မော်တယ်ရတနာ၏ စွမ်းအားကို လေ့လာကြည့်ခဲ့သည်။ အင်မော်တယ်ချီကို အသုံးပြု၍ အင်မော်တယ်ရတနာကို ထိန်းချုပ်လိုက်လျှင် အသန်မာဆုံးစွမ်းအားကို ဖော်ထုတ်နိုင်လိမ့်မည်။
တာအိုဘိုးဘေးနှင့် နတ်ဘုရားဘုရင်များကပင် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရဲမည်မဟုတ်ပေ။
ဟန်မူယဲ့က အင်မော်တယ်ချီများကို သိပ်မသုံးနိုင်ပေ။ သို့သော် သူတော်စင်တစ်ပါးကို သတ်ဖြတ်ရန်တွက် လုံလောက်သည်။
ယခင်က သူသည် အင်မော်တယ်ချီကို မသုံးရဲခဲ့ပေ။
သို့သော် အဆုံးမဲ့နတ်ဘုရားဘုရင်ဆီသို့ သွားရောက်ပြီး လောကတွင်ရှိသော ကျွမ်းကျင်သူများ၏အခြေအနေကို သိခဲ့သည်။
ယခုအချိန်တွင် သူက အင်မော်တယ်ချီကို အသုံးပြုလိုက်သော်လည်း အင်မော်တယ်ရတနာ၏စွမ်းအားကို မခန့်မှန်းနိုင်ပေ။
“ဘုန်း”
အစိမ်းရောင်အလင်းသည် အာကာသကို အေးခဲသွားစေသည်။
အင်မော်တယ်ချီသည် ချီစွမ်းအင်ကို ကျော်လွန်နေသည်။ ထိုစွမ်းအင်သည် ဤလောက၏ အကန့်အသတ်ထက် သာလွန်နေခဲ့သည်။
အင်မော်တယ်ချီ ပေါ်ထွက်လာသောအခါတွင် တာအိုဘိုးဘေးများ၏ စွမ်းအားကပင် တွန်းထုတ်ခံလိုက်ရသည်။
နတ်ဘုရားဘုရင်များ၏ တည်နေရာရွေ့ပြောင်းခြင်းစွမ်းအားကဲ့သို့ တာအိုဘိုးဘေးများက အကူအညီမဲ့စွာ ကြည့်နေလိုက်ရသည်။
စွန်းယိုတောက်၏မျက်နှာထားက အသည်းအသန် ပြောင်းလဲသွားပြီး လျင်မြန်စွာ နောက်ဆုတ်သည်။
တာအိုဘိုးဘေး၏ဖိနှိပ်မှု မရှိသောကြောင့် သူက မိုင်ငါးထောင်ပတ်ဝန်းကျင်တွင် သူတော်စင်တစ်ပါး၏စွမ်းအားကို ထုတ်သုံးနိုင်သည်။
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး စွန်းယိုတောက်ကို လှံဖြင့် ထိုးချသည်။
စွန်းယိုတောက်က အံတင်းတင်းကြိတ်ထားသည်။ သူ့ပတ်ဝန်းကျင်တွင် မဟာတာအိုစွမ်းအားများသည် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
“ဘန်း”
လှံရှည်သည် စွန်းယိုတောက်၏ မဟာတာအိုအတားအဆီးကို ထိုးဖောက်လိုက်ပြီး ပခုံးတစ်ဖက်ကို ပျက်စီးသွားစေခဲ့သည်။
စွန်းယိုတောက်က နာကျင်စွာအော်ဟစ်သည်။ သူ၏ သူတော်စင်ဝိညာဉ်သည် ခန္ဓာကိုယ်ကို စွန့်ပစ်၍ အဝေးသို့ ပျံထွက်သွားသည်။
တာအိုဘိုးဘေး၏ ဖိနှိပ်မှု မရှိသောကြောင့် သူတော်စင်ဝိညာဉ်သည် မိုင်တစ်သောင်းအကွာသို့ ချက်ချင်းရောက်သွားသည်။
“သူ့ကို လွှတ်ပေးလိုက်ပါ။ သူက ငါ့ယောက္ခထီးလေ”
ဟန်မူယဲ့၏နောက်တွင် မော့ရှန်ဟွားက ပြောလိုက်သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး လှံရှည်ကို လှုပ်ရှားစေပြန်သည်။
“ဘုန်း”
ကောင်းကင်အဆင့် ကျင့်ကြံသူများနှင့် ဖန်တီးထားသော သွေးမိစ္ဆာဝင်္ကပါသည် ချက်ချင်းပျက်စီးသွားခဲ့သည်။ ကောင်းကင်အဆင့် ကျင့်ကြံသူများက သွေးအန်သွားပြီး နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။
လှံရှည်က ထပ်မံလှုပ်ရှားလိုက်ပြီး စစ်တပ်ဝင်္ကပါသုံးခုကို ဆက်တိုက်ဖျက်ဆီးသည်။ ထို့နောက် ဟန်မူယဲ့ဆီသို့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ဟန်မူယဲ့၏မျက်နှာက ဖြူ့ဖျော့သွားသည်။
စွမ်းအင်အများအပြားသည် အင်မော်တယ်ရတနာကို အသုံးပြုရန်အတွက် ကုန်ဆုံးသွားခဲ့သည်။
“ဘုန်း”
ပတ်ဝန်းကျင်တွင်ရှိနေသော အင်မော်တယ်ချီစွမ်းအင်သည် ပျောက်ကွယ်သွားသည်။ တာအိုနယ်မြေ၏ ဖိနှိပ်မှုက ပြန်ပေါ်လာသည်။
ချင်စုယန်တို့က ဟန်မူယဲ့၏အမိန့်ကို မလိုအပ်ဘဲ ဖျတ်ခနဲ လှုပ်ရှားလိုက်ကြသည်။ သူတို့၏လက်ထဲတွင်ရှိသော ဓားအလင်းများသည် ပေတစ်ထောင်အထိ ရှည်လျားသွားပြီး ကျဆင်းလာကြသည်။
စွန်းယိုတောက်က ခန္ဓာကိုယ်ကိုစွန့်ခွာ၍ ထွက်ပြေးသွားကြသည်။ ကောင်းကင်အဆင့် ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသော သွေးမိစ္ဆာဝင်္ကပါက ပျက်စီးသွားသည်။ စစ်တပ်ဝင်္ကပါသုံးခုကလည်း ကျိုးပျက်သွားခဲ့သည်။ ယခုအချိန်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများအတွက် တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သည်။
ဓားအလင်းများကို ရပ်တန့်နိုင်သူ မရှိပေ။
အဆုံးမရှိသော အလင်းစီးကြောင်းများသည် အာကာသထဲတွင် လှုပ်ရှားနေကြသည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေသည်။ မော့ရှန့်ဟွားက ဖြူဖျော့နေသောမျက်နှာထားဖြင့် သူ့ကို မော့ကြည့်သည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လှံရှည်ကိုသိမ်းဆည်း၍ ပုံရိပ်ယောင်ဆန်သော ကောင်းကင်ကို ကြည့်သည်။
ရွှေရောင်ချီစွမ်းအင်အလင်းတစ်ခုသည် သူ့လက်ထဲတွင် ဖျတ်ခနဲပေါ်လာသည်။
“ဘုန်း”
ရွှေရောင်ချီစွမ်းအင်အလင်းသည် ကျဆင်းလာခဲ့သည်။
ထိုချီစွမ်းအင်အလင်းကြောင့် မိုင်တစ်သိန်းပတ်ဝန်းကျင်သည် ဖိနှိပ်ခံလိုက်ရသည်။ ခြင်တစ်ကောင်ပင် ပျံသန်းနိုင်တော့မည်မဟုတ်ပေ။
ဓားအလင်းများအားလုံးသည် ရပ်တန့်သွားကြသည်။
ထိုအချိန်တွင် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက ဟာသတစ်ခုသာ ဖြစ်သွားကြသည်။
ရွှေရောင်အလင်းသည် တာအိုဘိုးဘေးအဆင့်ကို အပြည့်အဝ ကျော်လွန်နေသည်။ တာအိုဘိုးဘေးများကပင် အကူအညီမဲ့သွားရသည်။
ထိုအလင်းသည် လက်တစ်ဖက်အဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏ခေါင်းပေါ်သို့ ဆက်လက်ကျဆင်းလာသည်။
တာအိုဘိုးဘေးကပင် မခုခံနိုင်လျှင် ဟန်မူယဲ့ကလည်း ခုခံနိုင်မည်မဟုတ်ပေ။
ထိုအချိန်၌ သူ့လက်ထဲတွင်ရှိသော ရွှေရောင်အလင်းသည် ပေါက်ကွဲထွက်လာပြီး အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ယွီတောက်ကျီ၊ မတွေ့ရတာကြာပြီ”
“ဘာလဲ။ မင်းက အဆုံးမဲ့ပင်လယ်ကို အလည်လာချင်လို့လား”
အဆုံးမဲ့နတ်ဘုရားဘုရင်၏အသံသည် ဟန်မူယဲ့၏နောက်တွင် ပေါ်ထွက်လာခဲ့သည်။
သူက ဟန်မူယဲ့၏ အစစ်အမှန်ဝှက်ဖဲ ဖြစ်သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က တခြားနတ်ဘုရားဘုရင်တစ်ပါးကို တားဆီးခဲ့သည်။
ရွှေရောင်ချီစွမ်းအင်လက်သည် ရပ်တန့်သွားပြီး အိုမင်းနေသောအသံကို ကြားနိုင်သည်။
“အဆုံးမဲ့နတ်ဘုရားဘုရင်လား”
“အဆုံးမဲ့ပင်လယ်က မင်းရဲ့ပိုင်နက်ပဲ။ ငါက ဘာဖြစ်လို့လာရမှာလဲ ....”
သူ့စကားမဆုံးခင် ဟန်မူယဲ့ကို ကာကွယ်ထားသော အလင်းလွှာသည် သုံးမြှောင့်ခက်ရင်းခွအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်၍ ဧရာမလက်ကြီးကို ဖျက်ဆီးပစ်လိုက်သည်။
“ယွီတောက်ကျီ၊ ငါက မင်းကို မျက်နှာသာပေးခဲ့တယ်”
“ငါက အထက်ဘုံသုံးပါးရဲ့ ထောင့်စွန်းမှာရှိနေတဲ့ မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ဖမ်းယူပြီး ငါ့ရဲ့ လွတ်မြောက်ခြင်းလမ်းစဉ်ကို ခံစားကြည့်နိုင်အောင် ဆယ့်ရှစ်ထပ်မြောက်ငရဲမှာ ပိတ်ပေးထားရမလား”
အာကာသထဲတွင် ချီစွမ်းအင်အလင်းသည် တုန်ခါသွားခဲ့သည်။
ပြိုကွဲသွားသော ချီစွမ်းအင်အလင်းများသည် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
နတ်အာရုံများသည် နတ်ဘုရားဘုရင်၏စွမ်းအားကို ခံစားမိလိုက်သောကြောင့် အပြေးရောက်လာကြသည်။
ခဏအကြာတွင် နတ်အာရုံများက ပြန်လည်ပျောက်ကွယ်သွားပြီး အဆုံးမဲ့နတ်ဘုရားဘုရင်၏ အသံကို ကြားလိုက်ရသည်။
“ဟန်မူယဲ့၊ နောက်ကျရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အပြင်ဘက်မှာ အင်မော်တယ်ရတနာနှစ်ခုကို သုံးလို့မရဘူး”
“ပြီးတော့ အင်မော်တယ်ချီကိုလည်း ထပ်မသုံးရဘူး”
ထိုသို့ဖြင့် အဆုံးမဲ့နတ်ဘုရားဘုရင်၏ ရွှေရောင်အလင်းသည် ပျောက်ကွယ်သွားခဲ့သည်။
ဟန်မူယဲ့က ညင်သာစွာပြုံးသည်။ သူ့ပတ်ဝန်းကျင်တွင်ရှိနေသော အစိမ်းရောင်အင်မော်တယ်အလင်းသည် ပျောက်ကွယ်သွားခဲ့သည်။
တာအိုပြိုင်ပွဲ၏နောက်ကွယ်တွင် နတ်ဘုရားဘုရင်များပင် ကြောက်ရွံ့ရသော အကြံအစည်တစ်ခု ရှိနေသည်။
ယခင်တစ်ခေါက်က အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် ဆွေးနွေးခဲ့သောအချိန်တွင် သူတို့နှစ်ယောက်က ရန်သူကို မျှားခေါ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ယခုအချိန်တွင် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။
“မလိုတော့ပါဘူး”
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေကြသည်။
အင်မော်တယ်ချီသည် အားကောင်းသော ကျင့်ကြံသူများ၏ လောဘစိတ်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့အပြင် ဘက်လိုက်တတ်သော နတ်ဘုရားဘုရင်များက အင်မော်တယ်ရတနာကို အသုံးပြုရန် တားဆီးခဲ့သည်။
ဤတာအိုပြိုင်ပွဲတွင် အထက်ဘုံသုံးပါးလည်း ပါဝင်နေသည်။ သို့သော် သူက အထက်ဘုံသုံးပါးနှင့်ပတ်သတ်၍ သိပ်မသိပေ။
အထက်ဘုံသုံးပါး၏ အကွက်ချနေသော အင်အားစုနှင့် ထိုအင်အားစု၏ ရည်ရွယ်ချက်ကို သူမသိပေ။
“သွားကြစို့”
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သင်္ဘောပျံက အာကာသထဲတွင် လွင့်မျောနေသည်။ လူတိုင်းက အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ကို လျင်မြန်စွာအဆုံးသတ်ပြီး ပြန်လာကြသည်။
ဤအခြေအနေတွင် လူတိုင်းက သေဆုံးသွားနိုင်သော်လည်း အဆုံးတွင် အနိုင်ရခဲ့သည်။
သို့သော် လူတိုင်း၏မျက်နှာထားက လေးနက်နေသည်။