← Chapters

အခန်း (၆၉၃)

Vol. 50 Ch. 693

အခန်း (၆၉၃)

Vol. 50 Ch. 693

ယနေ့ဖြစ်ရပ်ကြောင့်သာ မဟုတ်လျှင် သူတို့၏ ကျင့်ကြံခြင်းက လောက၏ အထွတ်အထိပ်တွင် ရှိနေသည်ဟု ထင်မိကြလိမ့်မည်။

အထူးသဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများအတွက် ဖြစ်သည်။ သူတို့က အရင်းအမြစ်များကို ရရှိထားပြီး ကျင့်ကြံရန်အတွက် တွန်းအားသိပ်မရှိတော့ပေ။

သို့သော် ယနေ့တိုက်ပွဲအပြီးတွင် သူတို့က လောက၏ ထိပ်တန်းအဆင့်စွမ်းအားများကို မြင်ခဲ့ရသည်။

အင်မော်တယ်ရတနာသည် တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် အရာအားလုံးကို ဖိနှိပ်နိုင်သည်။

နတ်ဘုရားဘုရင်တစ်ပါးက တိုက်ခိုက်လာသောအခါတွင် မိုင်တစ်သိန်းပတ်ဝန်းကျင်သည် ရပ်တန့်သွားရသည်။

ထိုကျွမ်းကျင်သူများ၏ရှေ့တွင် သူတို့က အားနည်းသူများသာ ဖြစ်ကြသည်။

လောကသည် အလွန်ကျယ်ပြန့်သည်။ သင်္ဘောပျံက ဆက်လက်ရွေ့လျားလာသည်။ သို့သော် မည်သူမှ စကားမပြောကြပေ။

ယနေ့တွင် သူတို့က အလွန်ထိတ်လန့်သွားရသည်။

ထိုအရာသည် ကျင့်ကြံခြင်းပင် ဖြစ်သည်။

“ဟန်မူယဲ့၊ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်”

မော့ရှန်ဟွားက ရုတ်တရက် ပြောလိုက်သည်။

ဟန်မူယဲ့က သူ့ကို လှည့်ကြည့်သည်။

“ငါက ကျောက်စိမ်းနက်ဆေဘာဓားရဲ့ တည်နေရာကို ပြောပြမယ်။ အဲဒီအင်မော်တယ်ရတနာကို ရပြီးရင် ငါနဲ့အတူ အင်မော်တယ်ဝိညာဉ်ကြယ်ကို လိုက်ခဲ့ပါ”

အင်မော်တယ်ရတနာ ....

အင်မော်တယ်ဝိညာဉ်ကြယ် ....

အင်မော်တယ်ရတနာသည် ဆွဲဆောင်နိုင်စွမ်းရှိသည်။ သို့သော် အင်မော်တယ်ဝိညာဉ်ကြယ်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဗဟိုချက်ဖြစ်သည်။ သူက ထိုနေရာကို မည်သို့ သွားနိုင်မည်နည်း။

ဟန်မူယဲ့၏ဘေးတွင် ချင်စုယန်နှင့် တခြားလူများ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

“စိတ်မပူနဲ့။ တန့်ဝူယို၊ ရွှမ်ကျီနဲ့ တခြားသူတော်စင်တွေက ဝမ်မော့ရှန်၊ ချန်ချင်းကျစ်တို့နဲ့ တိုက်ခိုက်နေကြတယ်။ စွန်းယိုတောက်က အင်မော်တယ်ဝိညာဉ်ကြယ်ကို စောင့်ကြပ်ဖို့ တာဝန်ယူထားပေမဲ့ အခု သူက ဒဏ်ရာရသွားတယ်”

မော့ရှန်ဟွားက ပြုံးသည်။

“တစ်ခုခုမလုပ်မိရင် ငါက နောင်တရနေလိမ့်မယ်”

သူက တစ်ခုခု လုပ်ချင်သည်။

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားကြသည်။

မော့ရှန်ဟွား၏စကားသည် အဓိပ္ပာယ်ရှိသည်။ တစ်ခါတလေတွင် ဟန်ချက်ညီမှုသည် လွယ်ကူစွာကျိုးပျက်သွားတတ်သည်။

“မင်းမှာ အင်မော်တယ်ရတနာနှစ်ခု ရှိတယ်။ ဒါပေမဲ့ အခု အသုံးပြုဖို့ ကန့်သတ်ခံလိုက်ရတယ်”

“ဒါပေမဲ့ မင်းက အင်မော်တယ်ရတနာ အသစ်တစ်ခုကို ရှာလို့မရဘူးလို့ မပြောခဲ့ဘူး”

မော့ရှန်ဟွား၏အသံသည် ဆွဲဆောင်မှုရှိနေသည်။

စည်းကမ်းသတ်မှတ်ချက်ထဲတွင် မပါဝင်သော အင်မော်တယ်ရတနာ ....

ထိုစည်းကမ်းကို နတ်ဘုရားဘုရင်က ချမှတ်ခဲ့သည်။ သို့သော် ဟန်မူယဲ့၏ နောက်တွင်လည်း နတ်ဘုရားဘုရင်တစ်ပါး ရှိနေသည်။

သူက အလွန်အကျွံမလုပ်သ၍ တစ်ဖက်လူက မည်သည့်အရာကိုမှ ပြောနိုင်မည်မဟုတ်ပေ။

“ကောင်းပြီ။ အင်မော်တယ်ရတနာကို အရင်ယူပြီးရင် အင်မော်တယ်ဝိညာဉ်ကြယ်ကို သွားမယ်”

ဟန်မူယဲ့က မော့ရှန်ဟွားကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“တကယ်လို့ အင်မော်တယ်ဝိညာဉ်ကြယ်က အရမ်းသန်မာနေရင် ကျွန်တော်က မဝင်ဘူး”

“ကျွန်‌တော်တို့ရဲ့အသက်တွေက အင်မော်တယ်ရတနာထက် ပိုအဖိုးတန်တယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် မော့ရှန်ဟွားက ရယ်သည်။

“ရွှမ်ကျီရဲ့ ဝိညာဉ်ထွန်းသစ်ဘုရားကျောင်းမှာ ရွှေအမြုတေအဆင့်ကနေ ကောင်းကင်အဆင့်ကို မြန်မြန်ရောက်သွားစေနိုင်တဲ့ နည်းစနစ်တစ်ခု ရှိတယ်။ မင်းက အဲဒါကို လိုချင်လား”

ဓားစံအိမ်၏ အကြီးအကဲဖြစ်သူ မော့ရှန်ဟွားက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ပြင်ပသို့ ထွက်ခွာနိုင်ခဲ့သော အကြောင်းအရင်းကို ဟန်မူယဲ့က နားလည်သွားခဲ့သည်။

ထိုလူသည် ရူးသွပ်နေသော စွန့်စားသူတစ်ယောက် ဖြစ်သည်။

မော့ရှန်ဟွားက အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အဓိကကြယ်ကိုပင် လုယက်နိုင်သည်အထိ ရဲတင်းသည်။

သို့သော် ဟန်မူယဲ့ကလည်း ရတနာများကို နှစ်သက်သည်။

ရွှေအမြုတေအဆင့်မှ ကောင်းကင်အဆင့်သို့ လျင်မြန်စွာတက်ရောက်သွားနိုင်သော နည်းစနစ်တစ်ခုသည် အင်မော်တယ်ဝိညာဉ်ကြယ်တွင် တကယ်ရှိနေလျှင် သူက ယဉ်ကျေးနေမည်မဟုတ်ပေ။

သင်္ဘောပျံက နောက်ပြန်လှည့်လိုက်သည်။

အာကာသထဲတွင် နတ်အာရုံဖြင့် စောင့်ကြည့်နေကြသော တာအိုဘိုးဘေးများက ဟန်မူယဲ့၏ရည်ရွယ်ချက်ကို မသိပေ။ သူတို့က နတ်အာရုံဖြင့် ဆက်ကြည့်နေရုံသာ တတ်နိုင်ကြသည်။

ယနေ့တိုက်ပွဲတွင် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေကြသော တာအိုဘိုးဘေးများက မျက်နှာပျက်ခဲ့ရသည်။ ဟန်မူယဲ့က အင်မော်တယ်ချီဖြင့် အင်မော်တယ်ရတနာကို ထိန်းချုပ်ပြီး သူတို့၏ ဖိနှိပ်မှုကို တွန်းထုတ်ခဲ့သည်။

နောက်ပိုင်းတွင် နတ်ဘုရားဘုရင်တစ်ပါးက ဝင်ပါလာပြီး တာအိုပြိုင်ပွဲ၏ မျှတမှုကို ဖျက်ဆီးခဲ့သည်။ သို့သော် သူတို့က မည်သည့်အရာမှ မတတ်နိုင်ခဲ့ပေ။

ထိုအခြေအနေတွင် သူတို့အားလုံးက သိက္ခာကျသွားခဲ့ရသည်။

သို့သော် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော တာအိုဘိုးဘေးများအတွက် မျက်နှာပျက်ရခြင်းသည် အရေးမကြီးပေ။ အကျိုးအမြတ်ကသာ အ‌‌ရေးကြီးသည်။

နတ်ဘုရားဘုရင်များသည် ဤတာအိုပြိုင်ပွဲတွင် ဝင်ပါနေကြသည်။

သူတို့က ထိုသို့ ကြီးကျယ်ခမ်းနားသော တာအိုပြိုင်ပွဲကို စောင့်ကြည့်နိုင်ပြီး အဆုံးတွင် အကျိုးအမြတ်များကို ရရှိလိမ့်မည်။

ထို့အပြင် သူတို့က တာအိုပြိုင်ပွဲတွင် ကိုယ်တိုင်ဝင်ပါရန် မလိုအပ်ပေ။ သူတို့က တာအိုပြိုင်ပွဲကို အစီအစဉ်တကျ ထိန်းသိမ်းပေးရန်သာ လိုအပ်သည်။

နှစ်ဖက်အဖွဲ့အစည်းက စည်းကမ်းများကို အချိန်မရွေး ချိုးဖောက်နိုင်သော်လည်း သူတို့နှင့် မဆိုင်တော့ပေ။

“အဆုံးမဲ့နတ်ဘုရားဘုရင်တွေက ကိုယ်တိုင်ဝင်ပါလာကြတယ်။ ဒီတာအိုပြိုင်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ခန့်မှန်းဖို့ခက်တယ်”

တာအိုဘိုးဘေးတစ်ယောက်က ခံစားချက်များဖြင့် ပြောသည်။

“ပြိုင်ဘက်အပေါ်မှာလည်း မူတည်သေးတယ်”

တစ်ဖက်တွင် တာအိုဘိုးဘေးတစ်ယောက်၏ နတ်အာရုံက ပြောလိုက်သည်။

“ဟုတ်တယ်။ အထက်ဘုံသုံးပါးရဲ့ အဓိကဂိုဏ်းကြီးတွေ။ ဒီပြိုင်ပွဲက တကယ်ခန့်မှန်းဖို့ခက်တယ်”

ဟန်မူယဲ့၏ သင်္ဘောပျံက အရာအားလုံးကို လျစ်လျူရှုထားပြီး မော့ရှန်ဟွား၏ လမ်းညွှန်မှုအောက်တွင် လျင်မြန်စွာပျံသန်းလာခဲ့သည်။

သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်များနှင့် ရင်ဆိုင်ရလျှင် မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက် ဖြတ်သန်းလာခဲ့သည်။

စွန်းယိုတောက်၏ ဝိုင်းရံတိုက်ခိုက်မှုကို ဖျက်ဆီးပြီးသောအခါတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာက သူတို့ကို တုံ့ပြန်ရန် ခွန်အားမရှိတော့ပေ။

ဟန်မူယဲ့က ထိုအချက်ကို မျှော်လင့်မထားခဲ့ပေ။

စွန်းယိုတောက်က ဟန်မူယဲ့တို့ကို ကြိုဆိုပြီး ပိတ်လှောင်ထားရန်အတွက် တံခါးဖွင့်ပေးခဲ့သည်။

သို့သော် အဆုံးတွင် သူက ရှုံးနိမ့်သွားရပြီး စစ်တပ်များကလည်း ပျက်စီးသွားသောကြောင့် ပတ်ဝန်းကျင်သည် အကာအကွယ်မဲ့နေခဲ့သည်။

“ငါတို့ ပြန်ရောက်လာပြီ”

မော့ရှန်ဟွားက လက်မြှောက်သည်။ သင်္ဘောပျံက ချက်ချင်းရပ်တန့်သွားခဲ့သည်။

လူရိပ်များသည် ကုန်းပတ်ပေါ်တွင် ပေါ်လာကြသည်။

လမ်းတစ်လျှောက်တွင် အလှည့်အပြောင်းများနှင့် သိပ်မကြုံခဲ့ရပေ။

တိုက်ပွဲများကိုပင် ကောင်းမွန်စွာမတိုက်ခဲ့ရပေ။

‘အင်မော်တယ်ရတနာကို ရှာဖွေဖို့ ဒီလောက်တောင်လွယ်တာလား’

“ဒီနေရာလား”

ကုန်းစွန်းရှုက ရှေ့သို့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“ဒီနေရာက သာမန်ကြယ်သေတစ်စင်းလိုပဲ။ ဒီမှာ အင်မော်တယ်ရတနာရှိနေရင် ရှာတွေ့သွားလောက်ပြီ”

အင်မော်တယ်ရတနာများတွင် ဝိညာဉ်ရှိသည်။ ထို့ကြောင့် ကြယ်သေတစ်စင်းတွင် ပုန်းခိုနေမည်မဟုတ်ပေ။

မော့ရှန်ဟွားက ခပ်ဟဟရယ်လိုက်ပြီး ကြယ်သေကို ညွှန်ပြသည်။

“ကုန်းစွန်း၊ မင်းက ကြယ်သေတစ်စင်းကိုပဲ မြင်ပေမဲ့ ငါက ကျောက်စိမ်းနက်ဆေဘာဓားကို မြင်တယ်”

သူ့စကားကြောင့် ကုန်းစွန်းရှုက ကြောင်အသွားသည်။

ချင်စုယန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

“ကမ္ဘာတစ်ခုရဲ့ မဟာတာအိုနဲ့ လက်နက်တစ်ခုကို ပျိုးထောင်တာက မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူး”

အင်မော်တယ်ရတနာသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုပ်ယူလိမ့်မည်။ ထို့ကြောင့် ကောင်းကင်တာအိုက ပြိုလဲသွားပြီး လောကသည်လည်း ပျက်စီးရလိမ့်မည်။

ထိုနည်းလမ်းမျိုးသည် ဖြောင့်မတ်သော တာအိုလမ်းစဉ်နှင့် မသက်ဆိုင်ပေ။

“ဒီကျောက်စိမ်းနက်ဆေဘာဓားက ဖြောင့်မတ်တဲ့လမ်းစဉ်ရဲ့ ရတနာတစ်ပါးလို့ ဘယ်သူကပြောလဲ”

မော့ရှန်ဟွားက ရယ်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေကြသည်။

“ဒီဓားက ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်တယ်။ ဒါက မိစ္ဆာရတနာပဲ”

“အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာ မော့ဝူရှဲ့က မိစ္ဆာလမ်းစဉ် အမွေအနှစ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်ထားတယ်။ ကျန်တဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက ဒီဓားပေါ်မှာ ရှိနေတယ်”

“သေချာတွေးပါ။ ဒီဓားက သွေးတွေကို စုပ်ယူလိမ့်မယ်။ ဓားကို ထုတ်ယူဖို့ကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်”

မော့ရှန်ဟွားက စကားပြောလိုက်ပြီး သင်္ဘောလက်ရန်းကို မှီထားသည်။

ကုန်းပတ်ပေါ်တွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အဆုံးတွင် ဟန်မူယဲ့ကို ကြည့်သည်။

ဤအင်မော်တယ်ရတနာကို ယူဆောင်ရန်အတွက် အမတ်ချုပ်ကြီးဟန်က ဆုံးဖြတ်ရမည်။

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“တာအိုရဲ့နောက်ကို လိုက်ဖို့ တာအိုကို အသုံးချရမယ်။ မိစ္ဆာရဲ့နောက်ကို လိုက်ဖို့ မိစ္ဆာကို အသုံးချရမယ်”

“ကျွန်တော်က ဒီရောက်နေမှတော့ ဒီရတနာကို လက်ခံပေးရမှာပေါ့”

သူ့စကားကို ကြားရသောအခါတွင် မော့ရှန်ဟွားက ရယ်လိုက်ပြီး ပြောသည်။

“ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မင်းဆီလွှဲပေးဖို့ ရွေးချယ်ခဲ့တာ မှန်သွားတာပဲ။ မင်းက သူ့လိုမျိုး စာအုပ်ကြီးအတိုင်း မဟုတ်ဘူး”

ထိုသို့ဖြင့် သူက လှုပ်ရှားလိုက်ပြီး ကြယ်ပေါ်သို့ ပျံတက်သွားသည်။

“ကျောက်စိမ်းနက်၊ မင်းကြားလိုက်လား”

“ငါက မင်းအတွက် သခင်တစ်ယောက် ရွေးပေးမယ်လေ”

“ခလွမ်”

ဆေဘာဓားအလင်းတစ်ခုက မော့ရှန်ဟွားကို တုံ့ပြန်လိုက်သည်။

မော့ရှန်ဟွားက ရယ်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လာသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက သွေးအဆီအနှစ်များကို စုစည်း၍ ပျံထွက်သွားသည်။

ပါ့ရှားပုံရိပ်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။

“ဘုန်း”

သူက လက်သီးဖြင့် ထိုးချပြီး ဆေဘာဓားအလင်းကို ကြိုဆိုလိုက်သည်။ လောကသည် တုန်ခါသွားပြီး သဘာဝစွမ်းအင်များသည် မိုင်တစ်ထောင်ပတ်ဝန်းကျင်၌ လှုပ်ရှားလာကြသည်။

ဆေဘာဓားအလင်းနှင့် လက်သီးပုံရိပ်တို့က သွယ်ယှက်နေကြသည်။ မတူညီသောစွမ်းအားနှစ်မျိုးသည် ရောစပ်သွားပြီး သဘာဝစွမ်းအင်များကို ဖရိုဖရဲ ဖြစ်လာစေသည်။

ကြယ်ပေါ်တွင် တုန်ခါသံကို ကြားလိုက်ရသည်။

ကုန်းပတ်ပေါ်တွင် ရှိနေသော မော့ရှန်ဟွားက မျက်လုံးပြူးသွားသည်။

“ယီး၊ မင်းက ဒီလိုပဲ လက်ခံလိုက်တာလား။ ငါက နှစ်တစ်ရာကြာအောင် တိုက်ခိုက်လာပေမဲ့ ဓားရိုးကိုတောင် မထိနိုင်ခဲ့ဘူး”

ဟန်မူယဲ့သည် အာကာသထဲတွင် တည်ငြိမ်စွာရပ်နေပြီး ပြောလိုက်သည်။

“အကြီးအကဲမော့ပြောနေတာ မှားသွားတယ်”

“ကျွန်တော်က သူ့ရဲ့သခင်ဖြစ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး”

“ကျွန်တော်လိုချင်တာက ကိုယ်တိုင်တိုက်ခိုက်နိုင်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ လူတိုင်း ထိန်းချုပ်နိုင်တဲ့ အင်မော်တယ်ရတနာတစ်ပါးပဲ”

‘လူတိုင်းထိန်းချုပ်နိုင်တဲ့ အင်မော်တယ်ရတနာလား’

မော့ရှန်ဟွားက ကြောင်အသွားသည်။

အင်မော်တယ်ရတနာများသည် ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားပြီး မာနကြီးကြသည်။

လူတိုင်းက ထိန်းချုပ်နိုင်မည်ဆိုလျှင် အင်မော်တယ်ရတနာက မျက်နှာပျက်ရလိမ့်မည်။

ထို့ကြောင့် ဟန်မူယဲ့၏စကား အဆုံးသတ်သွားသောအချိန်တွင် ကြယ်က ဆေဘာဓားအလင်းတစ်ခုကို ထုတ်လွှတ်သည်။

ပေတစ်သိန်းရှည်လျားသော ဆေဘာဓားအလင်းသည် ကျဆင်းလာခဲ့သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး လက်သီးဆုပ်ထားသည်။

“ငါက မင်းနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး”

သူက တီးတိုးပြောသည်။

လက်သီးပုံရိပ်သည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဆေဘာဓားအလင်းကို ရစ်ပတ်လိုက်သည်။

“ဝီ”

ဆေဘာဓားရှည်က တုန်ခါသွားသည်။ သို့သော် နဂါးပုံရိပ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

အင်မော်တယ်ချီတချို့သည် နဂါးပုံရိပ်တွင် ရှိနေကြသည်။

ဟန်မူယဲ့က အင်မော်တယ်ချီကို အသုံးမပြုရန် တားမြစ်ခံထားရသည်။ သို့သော် သူက ရန်သူကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ရတနာကို စုဆောင်းနေခြင်းသာ ဖြစ်သည်။

အကယ်၍ နတ်ဘုရားဘုရင်များက ဤဖြစ်ရပ်ကြောင့် ဝင်ပါလာမည်ဆိုလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဖျက်ဆီးလိုက်သည်က ပိုကောင်းလိမ့်မည်။

နတ်ဘုရားဘုရင်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နောက်ကွယ်တွင် ရှိနေကြလိမ့်မည်။ သူရှာတွေ့ထားသော အဆုံးမဲ့နတ်ဘုရားဘုရင်အပြင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထောက်ပံ့ပေးနေကြသော နတ်ဘုရားဘုရင်များသည် အထက်ဘုံသုံးပါးတွင် ရှိနေလိမ့်မည်။

သို့သော် ကောင်းကင်အံ့ဖွယ် တာအိုဘိုးဘေး၏ နောက်ကွယ်တွင် ရှိနေကြသော နတ်ဘုရားဘုရင်များသည် အရေးနိမ့်နေလိမ့်မည်။ ထိုသို့မဟုတ်လျှင် တာအိုပြိုင်ပွဲက ဖြစ်ပေါ်လာမည်မဟုတ်ပေ။

သွယ်လျပုံရသော နဂါးသည် ဆေဘာဓားကို ရစ်ပတ်ထားသည်။ အင်မော်တယ်ချီများသည် ဆေဘာဓားထဲသို့ စိမ့်ဝင်သွားပြီး ဆေဘာဓားကို တုန်ခါလာစေသည်။

“ငါက မင်းကို နှစ်တစ်ရာတိုင်းမှာ အင်မော်တယ်ချီတစ်မျှင် ပေးမယ်လို့ ကတိပေးနိုင်တယ်”

ဟန်မူယဲ့၏အသံက ညင်သာနေသည်။

ဆေဘာဓားရှည်က ရပ်တန့်သွားသည်။ ခဏအကြာတွင် သွေးရောင်အလင်းများက ပျောက်ကွယ်သွားကြပြီး ငါးပေရှည်သော ဆေဘာဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။

ဓားရိုးသည် နှစ်ပေရှည်လျားပြီး ဓားကိုယ်ထည်သည် သုံးပေရှည်သည်။ ဓားသွားသည် ကျယ်ပြန့်ပြီး အနက်ရောင်သန်းနေသည်။ ဓားသွားက အေးစက်နေပြီး ရွှေရောင်အင်းကွက်များကို မြင်နိုင်သည်။

“ဒါက ကျောက်စိမ်းနက်ဆေဘာဓားပဲ”

မော့ရှန်ဟွားက ဆေဘာဓားကို ကြည့်လိုက်ပြီး ရေရွတ်သည်။

သူက ဓားကိုကြည့်လိုက်ရုံဖြင့် ဝိညာဉ်အား ထိခိုက်စေသော စွမ်းအားကို ခံစားနိုင်သည်။

လုံလောက်အောင် ကျင့်ကြံဆင့်မမြင့်သော ကျင့်ကြံသူများအတွက် ထိုဓားသည် သေစေနိုင်လောက်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ညွှန်ပြသည်။ ဓားရှည်သည် သင်္ဘာပျံ၏ရှေ့သို့ ရောက်သွားသည်။

“အင်မော်တယ်ဝိညာဉ်ကြယ်ကို သွားကြရအောင်”

သင်္ဘောပျံကို ထိန်းချုပ်နေသော လင်းရှန်တို့က ခေါင်းညိတ်လိုက်ကြသည်။ သင်္ဘောပျံက အင်မော်တယ်ဝိညာဉ်ကြယ်ကို ဦးတည်၍ မျဉ်းဖြောင့်အတိုင်း ပျံသန်းသွားသည်။

All Chapters