← Chapters

အခန်း (၆၉၄)

Vol. 50 Ch. 694

အခန်း (၆၉၄)

Vol. 50 Ch. 694

ထိုအချိန်တွင် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက ဆွံ့အသွားကြသည်။

“အမတ်ချုပ်ကြီးဟန်က မဟာတာအိုရဲ့ မျိုးစေ့မဟုတ်လား”

အိုမင်းနေသောအသံကို ကြားနိုင်သည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ မဟာတာအို၏ မျက်နှာသာပေးခြင်းကို ရရှိထားပြီး အခွင့်အရေးအမျိုးမျိုးကို ရှာဖွေနိုင်သည်။

သို့သော် ယခု သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် ရှိနေကြသည်။

ထို့အပြင် အင်မော်တယ်ရတနာများကို ကံပါလာသောလူများကသာ ရရှိနိုင်ကြသည်။

သူက အင်မော်တယ်ရတနာတစ်ခုကို သန့်စင်ခဲ့သည်။ ထို့နောက် နတ်ဘုရားခုံရုံး၏ ရတနာတိုက်မှ အင်မော်တယ်ရတနာတစ်ခုကို ရှာတွေ့ခဲ့သည်။ ယခုအချိန်တွင် အင်မော်တယ်ရတနာ နောက်တစ်ခုကို သိမ်းယူသွားပြန်သည်။

လောကတွင် အင်မော်တယ်ရတနာသုံးခုကို ပိုင်ဆိုင်ထားသော ကံကောင်းသည့် လူတစ်ယောက်သည် မည်သို့ ရှိနိုင်မည်နည်း။

အထက်ဘုံသုံးပါး၏ အဓိကဂိုဏ်းကြီးများကပင် အင်မော်တယ်ရတနာသုံးခုကို မပိုင်ဆိုင်လောက်ပေ။

“သူက အထက်ဘုံသုံးပါးမှာ မွေးမလာဘဲ တာအိုပြိုင်ပွဲမှာ တိုက်ခိုက်နေရတာ နှမြောစရာပဲ”

လူတစ်ယောက်က ညင်သာစွာသက်ပြင်းချသည်။

သူက အထက်ဘုံသုံးပါးတွင် မွေးလာခဲ့လျှင် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာပြီး ဂရုတစိုက် ပျိုးထောင်ပေးခြင်းကို ခံယူရလိမ့်မည်။

နှစ်တစ်ထောင်အကြာတွင် သူက အထက်ဘုံသုံးပါး၏ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်။

သို့သော် သူက တာအိုပြိုင်ပွဲနယ်မြေတွင် မွေးဖွားလာသောကြောင့် တာအိုပြိုင်ပွဲမပြီးခင် တိုးတက်လာရန်အတွက် အခွင့်အရေး သိပ်ရှိမည်မဟုတ်ပေ။

အကယ်၍ တာအိုပြိုင်ပွဲကို အနိုင်ရသွားလျှင်ပင် လုံလောက်သောအခွင့်အရေးများကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။

တချို့အရာများကို မွေးဖွားလာစဉ်ကတည်းက ကြိုတင်သတ်မှတ်ထားခဲ့သည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က တကယ်ပြတ်သားတာပဲ။ သူက အင်မော်တယ်ဝိညာဉ်ကြယ်ကို လုယက်ချင်နေတယ်”

အံ့အားသင့်နေသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

တာအိုဘိုးဘေးများသည် ဟန်မူယဲ့တို့၏ ဦးတည်ချက်ကို ရှင်းလင်းစွာမြင်နိုင်သည်။ အင်မော်တယ်ဝိညာဉ်ကြယ်ပင် ဖြစ်သည်။

ထိုနေရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ဆင်တူသည်။ အကယ်၍ သူတော်စင်တစ်ပါးက ဆင်းသက်လာမည်ဆိုလျှင်ပင် တိုက်ရိုက် ဝင်ရောက်ရဲမည်မဟုတ်ပေ။

ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် တာအိုကို ရရှိခဲ့သောကြောင့် ဝမ်မော့ရှန်က အပြင်သို့ ရောက်နေလျှင်ပင် ကောင်းကင်တာအို၏ ဖိနှိပ်မှုကို ထိန်းချုပ်နိုင်သည်။

“ဝမ်မော့ရှန်နဲ့ ချန်ချင်းကျစ်က အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ သူတော်စင်တွေကို အာကာသထဲမှာ တိုက်ခိုက်နေကြတယ်။ ဒီတစ်ကြိမ်မှာတော့ အင်မော်တယ်ဝိညာဉ်ကြယ်က လုယက်ခံရတော့မယ်ထင်တယ်”

လူတစ်ယောက်က တက်ကြွစွာပြောသည်။

တာအိုဘိုးဘေးများက ခပ်ဟဟရယ်လိုက်ပြီး စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။

သူတို့က တာအိုပြိုင်ပွဲ၏ မျက်မြင်သက်သေများ ဖြစ်ကြသောကြောင့် ရှင်းလင်းစွာ မြင်နိုင်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် သူတို့အတွက် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ပိုမိုယူဆောင်ပေးနိုင်သည်။

ကြီးကျယ်မြင့်မြတ်လှသော တာအိုဘိုးဘေးများ၏ရှေ့တွင် တာအိုဘိုးဘေးအဆင့်သို့ မရောက်သေးသော လူများသည် ပျော်ရွင်မှုတချို့ကိုသာ ဖန်တီးပေးနိုင်သည်။

တာအိုပြိုင်ပွဲသည် ရန်ပွဲကြီးတစ်ခုကို စောင့်ကြည့်ရခြင်းနှင့် ဆင်တူသည်။

လူအများသည် ထိုရန်ပွဲထဲတွင် ဝင်ပါမည်မဟုတ်ပေ။

“ဘုန်း”

စစ်တပ်ဝင်္ကပါတစ်ခုသည် လွင့်ထွက်သွားခဲ့သည်။

သင်္ဘောထိပ်တွင် ဓားတစ်လက်ကိုင်ထားပြီး မတ်တပ်ရပ်နေသော မော့ယွမ်က ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်သည်။

အဆုံးမရှိသော ဓားအလင်းများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် သွယ်ယှက်နေကြသည်။

“ဒါက ဓားတစ်သောင်းတို့ အိမ်အပြန်လား”

မော့ရှန်ဟွား၏မျက်နှာထားက လေးနက်နေပြီး ခေါင်းညိတ်လျက် ပြောသည်။

“အံ့ဖွယ်ကိုးပါးတောင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ဒီနည်းစနစ်မျိုးကို တီထွင်နိုင်ခဲ့တာ တကယ်မဆိုးဘူးပဲ”

မော့ရှန်ဟွားသာမက တခြားလူများ၏ မျက်နှာထားကလည်း လေးနက်နေကြသည်။

မော့ယွမ်က အစွမ်းပြ၍ မိတ်ဆွေဖွဲ့နေသည်။ သူ့ဓား၏စွမ်းအားသည် အလွန်ထူးခြားသည်။

“လောကမှာ သာမန်ဓားကျင့်ကြံသူတွေ အများကြီးရှိကြတယ်”

ရှုရှန်းက ပတ်ဝန်းကျင်တွင်ရှိနေသော လူများကို ကြည့်သည်။ သူက ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ မင်းတို့အားလုံးက သာမန်မဟုတ်ကြဘူး”

ဤနေရာတွင် ရှိနေသော လူတိုင်းသည် ဓားတာအိုနှင့် ပတ်သတ်၍ ကောင်းကင်ကို ဖီဆန်နေကြသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တိုက်ခိုက်ရန်အတွက် အမတ်ချုပ်ကြီးဟန် ရွေးချယ်ထားသော ဓားကျင့်ကြံသူများသည် ထူးချွန်သော ပါရမီရှင်များပင် ဖြစ်ကြသည်။

ဘေးတွင်ရပ်နေသော တင်းချွန်ကန်းက ခေါင်းမော့ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“အကြီးအကဲ၊ ကျွန်တော်တို့ရဲ့ ပါရမီက သာမန်ပါပဲ”

သူ့ဘေးတွင် လင်းရှန်၊ ကျန်းဟန်နှင့် တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

တစ်ချိန်က ဓားတာအိုနှင့် ပတ်သတ်သော သူတို့၏ပါရမီသည် ထူးခြားသည်ဟု ထင်ခဲ့ကြလိမ့်မည်။

သို့သော် ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် သူတို့က ထိုစိတ်ထားမျိုး မရှိကြတော့ပေ။

ကျင့်ကြံခြင်းလောကတွင် ပါရမီအရာ၌ ဟန်မူယဲ့ကို မည်သူက ယှဉ်နိုင်မည်နည်း။

တင်းချွန်ကန်း၏စကားကို ကြားလိုက်ရသောအခါတွင် ရှုရှန်းက ဟန်မူယဲ့ကို အလိုလျောက် ကြည့်မိသည်။

အကြောင်းပြချက်တချို့ကြောင့် လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

“အဟမ်း၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်ရဲ့ပါရမီက သာမန်ပါပဲ”

ဟန်မူယဲ့က ချောင်းဟန့်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

“အရင်တုန်းက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို လေ့ကျင့်နေတဲ့အချိန်မှာ ဆရာမော့ယွမ်က ကျွန်တော့်ကို အစွမ်းကုန်သင်ပြပေးခဲ့ရတယ်”

စွမ်းကုန်သင်ပြပေးရသည်။

မော့ယွမ်၏ နှုတ်ခမ်းထောင့်စွန်းက တွန့်သွားသည်။

ဟန်မူယဲ့က သူ့ကို ဉာဏ်အလင်းပြပြီး ဓားဆန္ဒတစ်ခု ထုတ်မပေးခဲ့လျှင် သူ မော့ယွမ်က ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို တီထွင်နိုင်ခဲ့မည်မဟုတ်ပေ။

ထိုနည်းစနစ်ကြောင့်သာမဟုတ်လျှင် မော့ယွမ်က အရှေ့ပင်လယ်တွင် သောင်းကျန်းနိုင်ခဲ့မည်မဟုတ်ပေ။

လောကတွင်ရှိသော ကျင့်ကြံသူများသည် ထိုသို့ပင် ဖြစ်ကြသည်။ ထူးခြားသောနည်းလမ်းများကို ပိုင်ဆိုင်မထားလျှင် လူတစ်ယောက်က သာမန်လူသာ ဖြစ်နိုင်လိမ့်မည်။

ကြိုးစားကျင့်ကြံပြီး သာမန်ဘဝကို ချန်ထား၍ ကောင်းကင်အထိ တက်သွားနိုင်မှသာ အဝေးကို မြင်နိုင်လိမ့်မည်။ ထိုမှသာ နှလုံးသားထဲတွင် ကိုယ်ပိုင်မာနကို တည်‌ဆောက်နိုင်သည်။

“ဝီ”

အာကာသထဲတွင် တုန်ခါသံကို ကြားလိုက်ရသည်။

မရေမတွက်နိုင်သော ချီစွမ်းအင်ပုံရိပ်များသည် သင်္ဘောပျံဆီသို့ ပြေးဝင်လာကြသည်။

သူတို့က အဝေးတစ်နေရာတွင်ရှိနေသော အင်မော်တယ်ဝိညာဉ်ကြယ်ကို လှမ်းမြင်နိုင်သည်။ အင်မော်တယ်ဝိညာဉ်ကြယ်က အကောင်းဆုံးကြိုးစား၍ သူတို့ကို တားဆီးနေသည်။

လွန်ခဲ့သောတစ်ရက်တွင် စစ်သည်များက အသေခံ၍ တားဆီးခဲ့ကြသည်။

ဟန်မူယဲ့က ပြောနေစရာမလိုဘဲ ကျောက်မင်ရှုနှင့် ချွမ်ချန်ယွမ်တို့က ပျံတက်သွားကြပြီး ဓားအလင်းများကို ထုတ်ဖော်လိုက်သည်။

သူတို့က ဓားတာအိုဖြင့် သူတော်စင်တစ်ပါး ဖြစ်လာကြသည်။ သူတို့၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်ပြီး ဓားအလင်းသည် မိုင်ထောင်ချီအထိ ထိုးဖောက်သွားသည်။

“တာအိုရောင်းရင်ချွမ်ရဲ့ ဓားပညာရပ်က တကယ့်ကို တိုးတက်လာတာပဲ”

ကုန်းစွန်းရှုက ချွမ်ချန်ယွမ်၏ ဓားအလင်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူက ချွမ်ချန်ယွမ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ပွဲတွင် သရေကျသွားခဲ့သည်။

သို့သော် သူက ခွန်အားကို ထိန်ချန်ထားခဲ့သည်။

ယနေ့တွင် ချွမ်ချန်ယွမ်၏ ဓားပညာရပ်ကို ကြည့်၍ အများအပြား တိုးတက်လာခဲ့သည်ဟု ပြောနိုင်သည်။

ဟန်မူယဲ့က ပြုံးသည်။

သူတို့က သူနှင့်အတူ နှစ်ကြိမ် ခရီးထွက်ခဲ့ပြီး ရတနာနှင့် အတွေ့အကြုံအသစ်များကို ရရှိခဲ့ကြသည်။ သူတို့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းက တိုးတက်မလာခဲ့လျှင် သူနှင့်အတူ ခရီးထွက်ရန် အဆင့်မီမည်မဟုတ်ပေ။

သင်္ဘောပျံက ရှေ့ဆက်သွားသည်။ အတားအဆီးအမျိုးမျိုးသည် ဖျက်ဆီးခံလိုက်ရသည်။

ကောင်းကင်အဆင့် ကျင့်ကြံသူများ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု၊ စစ်သည်တစ်သန်း၏ ဝင်္ကပါ၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် သူ‌တော်စင်တစ်ဝက်အဆင့်များ၏ တိုက်ခိုက်မှုသည် သင်္ဘောပျံပေါ်တွင်ရှိသော ဓားကျင့်ကြံသူများနှင့် သတ်ဖြတ်ခြင်းတွင် အားကောင်းသော ကျောက်စိမ်းနက်ဆေဘာဓားကို မတားနိုင်ခဲ့ကြပေ။

သူတို့က အင်မော်တယ်ဝိညာဉ်ကြယ်နှင့် မိုင်တစ်သိန်းအကွာသို့ ရောက်လာသောအခါတွင် သူတော်စင်ငါးဦးသည် ကောင်းကင်အဆင့်နှင့် သူတော်စင်တစ်ဝက်အဆင့်များကို ဦးဆောင်၍ သူတို့ကို တားဆီးလိုက်ကြသည်။

ထိုသူတော်စင်ငါးဦးသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သူတော်စင်များ မဟုတ်ကြပေ။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံဆင့်က အနည်းငယ် အားနည်းသော်လည်း သူတော်စင်များပင် ဖြစ်ကြသည်။

သို့သော် ထိုသူတော်စင်ငါးယောက်သည် သင်္ဘောပေါ်တွင်ရှိသော ဓားကျင့်ကြံသူများအားလုံး စုပေါင်း၍ ပြုလုပ်ခဲ့သော ကျောက်စိမ်းနက်ဆေဘာဓား၏ ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ပုံမှန်အတိုင်းဆိုလျှင် အင်မော်တယ်ရတနာ၏ အကောင်းဆုံးခွန်အားကို အသုံးပြုရန်အတွက် ပုဂ္ဂိုလ်ကြီးတစ်ဦးက အင်မော်တယ်ချီဖြင့် ထိန်းချုပ်ရမည်။

သင်္ဘောပျံပေါ်တွင်ရှိသော ဓားကျင့်ကြံသူများက ပူးပေါင်းထားသော်လည်း ဆေဘာဓား၏ စွမ်းအား ၆၀%ကိုသာ အသုံးပြုနိုင်ခဲ့သည်။

သို့သော် ထို ၆၀%သည် လုံလောက်သည်။

သူတော်စင်ငါးပါးက ထွက်ပြေးသွားကြသည်။ သူတော်စင်တစ်ဝက်အဆင့်များက အပြင်းအထန် ဒဏ်ရာရသွားကြသည်။ ကောင်းကင်အဆင့် ကျင့်ကြံသူများက ဒဏ်ရာမရလျှင် သေဆုံးသွားကြသည်။

ကျောက်စိမ်းနက်ဆေဘာဓားက ‌သွေးချီများကို စုပ်ယူလိုက်ပြီး ပိုမိုတောက်ပလာသည်။

“ကျောက်စိမ်းနက်ဆေဘာဓား။ ဒီဓားက မိစ္ဆာလမ်းစဉ်ရဲ့ ထိပ်တန်းအဆင့် ရတနာတစ်ပါး ဖြစ်ခဲ့တဲ့ သွေးကျောက်စိမ်းဆေဘာဓားမဟုတ်လား”

တာအိုဘိုးဘေးတစ်ယောက်က တီးတိုးပြောသည်။

“အရင်တုန်းက သွေးကျောက်စိမ်းဆေဘာဓားကို အင်မော်တယ်ရင်းမြစ်ကမ္ဘာဆီ ယူသွားခဲ့တယ်။ နောက်ပိုင်းမှာ အရိပ်အယောင် မတွေ့ရဘဲ ပျောက်ကွယ်သွားတယ်။ အခု ဒီရောက်နေတာပဲ”

“အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဆက်သွယ်နေတာထင်တယ်”

အာကာသထဲတွင် နတ်အာရုံများက ဆေဘာဓားကို ကြည့်နေပြီး ဆွေးနွေးလိုက်ကြသည်။

“ဘုန်း”

ပေတစ်သောင်းရှည်လျားသော ဆေဘာဓားအလင်းသည် မိုင်တစ်သိန်းပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်သည်။

ဟန်မူယဲ့က အာကာသထဲတွင် ရပ်နေပြီး လက်ကို ဝှေ့ယမ်းသည်။ သင်္ဘောပျံပေါ်တွင်ရှိနေသော လူတိုင်းက အင်မော်တယ်ဝိညာဉ်ကြယ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီး ဖြစ်သောကြောင့် အင်မော်တယ်ဝိညာဉ်ကြယ်ပေါ်သို့ ဆင်းသက်မည်မဟုတ်ပေ။

အကယ်၍ သူက အင်မော်တယ်ဝိညာဉ်ကြယ်ပေါ်သို့ ဆင်းသက်သွားခဲ့လျှင် အင်မော်တယ်ဝိညာဉ်ကြယ်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ရမည်ဆိုလျှင်ပင် သူ့ကို ရအောင် သတ်လိမ့်မည်။

ထိုအရာသည် မဟာတာအိုစွမ်းအား၏ ကျူးကျော်မှုဖြစ်သည်။ ဖြေရှင်းရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သူတော်စင်များကလည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ခြေမချရဲကြပေ။

“စွန်းယွီရူ၊ ငါနဲ့လိုက်ခဲ့တော့။ မင်းရဲ့အဖေက ဒီနေရာကို မကာကွယ်နိုင်တော့ဘူး”

အာကာသထဲတွင် မော့ရှန်ဟွား၏ မောက်မာသောအသံကို ကြားနိုင်သည်။

“ဘယ်လိုလဲ။ ငါက မင်းကိုလက်ထပ်ဖို့အတွက် ခုနစ်ရောင်တိမ်တိုက်ကို စီးနင်းပြီး ရွှေရောင်ချပ်ဝတ်ကို ဝတ်ပေးရအုံးမလား”

“အင်မော်တယ်ဝိညာဉ်ကြယ်ကို ကြည့်လိုက်စမ်းပါ။ ဘယ်သူက ငါ့ကို တားရဲလဲ”

“မကောင်းဆိုးဝါးသတ္တဝါ၊ ဒီကိုယ်တော်က မင်းရဲ့အသက်ကို ယူဆောင်ရလိမ့်မယ်”

ကျယ်လောင်သောအသံနှင့်အတူ အနီရောင်သင်္ကန်းနှင့် ဘုန်းတော်ကြီးတစ်ပါးက မော့ရှန်ဟွားဆီသို့ ပြေးဝင်လာခဲ့သည်။

“ကျောက်စိမ်းနက်၊ ဒီခေါင်းတုံးကို သတ်ပစ်လိုက်စမ်း”

မော့ရှန်ဟွားက ခါးထောက်ထားပြီး ကောင်းကင်ထက်တွင် ရပ်နေသည်။ သူက လက်မြှောက်ပြီး ညွှန်ပြသည်။

သို့သော် ကျောက်စိမ်းနက်ဆေဘာဓားက မလှုပ်ရှားပေ။

မော့ရှန်ဟွား၏မျက်နှာထားက တောင့်တင်းသွားသည်။ ဘုန်းကြီး၏ ဗုဒ္ဓအလင်းသည် လှုပ်ရှားလာခဲ့သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

ကျောက်စိမ်းနက်ဆေဘာဓားက ကျယ်လောင်သောအသံနှင့်အတူ ဆင်းသက်လာခဲ့သည်။

ဓားသည် အလွန်တောက်ပနေပြီး ကောင်းကင်သည် နီရဲသွားသည်။

ထိုဓားချက်ကြောင့် ဘုန်းကြီး၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့သည်။

ကျောက်စိမ်းနက်ဆေဘာဓားသည် သွေးကျောက်စိမ်းဆေဘာဓား ဖြစ်သည်။

ထိုဆေဘာဓားသည် မိစ္ဆာဓားတစ်လက် ဖြစ်သည်။

ဘုန်းကြီးက ဆေဘာဓားကို မြင်လိုက်ရသောအခါတွင် အလွန်ထိတ်လန့်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ သူက လှည့်ထွက်သွားသည်။

သို့သော် အင်မော်တယ်ရတနာ၏ တိုက်ခိုက်မှုမှ လွယ်ကူစွာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဆေဘာဓားအလင်းသည် သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သင်္ကန်းကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကိုလည်း ဆက်တိုက် ဖျက်ဆီးလိုက်သည်။

ဆေဘာဓားအလင်းသည် ပျောက်ကွယ်သွားခဲ့သည်။ မျက်နှာဖြူဖျော့နေသော ဘုန်းကြီးက အဝေးတစ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။ သူက ပိုပိန်သွားသည်။

သူက ဗုဒ္ဓလမ်းစဉ်၏ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကောင်းချီးကိုလည်း ရရှိထားသည်။ ထို့ကြောင့် အစွမ်းကုန်ထုတ်သုံးလျှင် အသက်ရှင်နိုင်လိမ့်မည်။

သို့သော် စွန့်လွှတ်ခဲ့ရသော တန်ဖိုးကိုတော့ သူတစ်ယောက်သာ သိလိမ့်မည်။

မော့ရှန်ဟွားက ရယ်လိုက်ပြီး လက်ညှိုးဖြင့် ညွှန်ပြသည်။ ဘုန်းကြီးက တစ်ကိုယ်လုံး တုန်ခါသွားပြီး ထွက်ပြေးသည်။

သူက အမှန်တကယ် ကြောက်ရွံ့သွးသည်။

ယခုအချိန်တွင် အင်မော်တယ်ဝိညာဉ်ကြယ်သည် ဓားအလင်းများဖြင့် တောက်ပနေခဲ့သည်။

ဓားရှည်သည် လေထုကို ထိုးခွဲပြီး မိုင်ထောင်ချီပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။

ဓားမြည်သံကို နေရာအနှံ့တွင် ကြာားနိုင်သည်။

အထူးသဖြင့် အင်မော်တယ်ဝိညာဉ်ကြယ်၏ ဗုဒ္ဓလမ်းစဉ်ဂိုဏ်းဖြစ်သော ဝိညာဉ်ထွန်းသစ်ဘုရားကျောင်းတွင် ဓားအလင်းသည် အလွန်တောက်ပနေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ကျွမ်းကျင်သူများသည် အင်မော်တယ်ဝိညာဉ်ကြယ်တွင် ရှိနေကြသည်။ ဥပမာအနေဖြင့် ဒဏ်ရာအပြင်းအထန်နှင့် ပြန်ရောက်လာသော စွန်းယိုတောက်သည် မဟာတာအိုစွမ်းအားကို ငှားယူလိုက်လျှင် အင်မော်တယ်ဝိညာဉ်ကြယ်တွင် သောင်းကျန်းနေသော ချင်စုယန်နှင့် တခြားလူများကို ဖိနှိပ်နိုင်လိမ့်မည်။

All Chapters