← Chapters

အခန်း (၆၉၈)

Vol. 50 Ch. 698

အခန်း (၆၉၈)

Vol. 50 Ch. 698

စွန်းယွီရူက ကြောင်အသွားပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။

မော့ရှန်ဟွားက မျက်မှောင်ကြုတ်သည်။

‘စွန်းယွီရူက အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဖြစ်နေလို့လား’

“ဆရာဒေါ်လေးစွန်းက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ပြန်ပြီး အကြီးအကဲစွန်းဆီကို စာတစ်စောင်ပို့ပေးပါ”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ခရမ်းရောင်အဝတ်စတစ်ခု ပေါ်လာသည်။

‘စာပို့ပေးရမှာလား’

မော့ရှန်ဟွားနှင့် စွန်းယွီရူက ကြောင်အသွားသည်။

မော့ရှန်ဟွားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ နောက်ကွယ်မှာရှိနေတဲ့ နတ်ဘုရားဘုရင်ရဲ့ နောက်ခံက ဘာလဲ”

ထိုအရာသည် အဓိကအချက်ပင် ဖြစ်သည်။

စွန်းယွီရူက သူ့ကို မော့ကြည့်လိုက်သည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အထက်ဘုံသုံးပါးမှာရှိတဲ့ ယွီလင်တာအိုနန်းတော်က ဒီလောကရဲ့ အသန်မာဆုံး တာအိုဂိုဏ်းတစ်ခုပဲ”

ဟန်မူယဲ့က မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင်ရှိနေသော အင်အားစုကို ပြောပြလိုက်သည်။

တာအိုလမ်းစဉ်၏ အသန်မာဆုံးဂိုဏ်း ....

မော့ရှန်ဟွား၏ နှုတ်ခမ်းက တွန့်သွားသည်။

စွန်းယွီရူက တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော အဝတ်စကို ကြည့်သည်။

သူတို့က ဆုံးဖြတ်ချက်ပြတ်သားသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ကို သိမထားလျှင် ဟန်မူယဲ့က အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ပူးပေါင်းချင်သည်ဟု ထင်မိလိမ့်မည်။

“ငါက နင့်ကို လေ့လာပြီးပြီ”

စွန်းယွီရူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“နင့်ပုံစံအရ ငါ့အဖေနဲ့ သင့်မြတ်ဖို့ နည်းလမ်းရှာမှာမဟုတ်ဘူး”

သူမ၏ဘေးတွင် မော့ရှန်ဟွားက ရေရွတ်လိုက်သည်။

“အဲဒီလိုလည်း ဖြစ်ချင်မှဖြစ်မှာပေါ့”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူ့လက်ထဲတွင်ရှိသော အဝတ်စသည် စွန်းယွီရူဆီသို့ ပျံသန်းသွားသည်။

ထိုသို့ဖြင့် သူက အခန်းထဲမှ လှည့်ထွက်သွားသည်။

အခန်းထဲတွင် မော့ရှန်ဟွားနှင့် စွန်းယွီရူက တိတ်ဆိတ်နေသည်။

“အမ်၊ မင်းက ပြန်သွားလိုက်ပါ့လား”

ခဏအကြာတွင် မော့ရှန်ဟွားက ပြောသည်။

စွန်းယွီရူက သူ့ကို စိုက်ကြည့်နေသည်။

“လောကရဲ့ အသန်မာဆုံး တာအိုဂိုဏ်း။ ဘယ်လိုပဲကြည့်ကြည့် ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက မနိုင်လောက်ဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ အခုပဲ ငါ့အတွက် ကလေးလွယ်ပေးလိုက်လေ”

“ဖတ်”

မော့ရှန်ဟွားက ပါးရိုက်ခံလိုက်ရသည်။

စွန်းယွီရူက အေးစက်နေသောမျက်နှာထားဖြင့် အခန်းထဲမှ ပျံထွက်သွားသည်။

“နေပါအုံး။ မင်းနဲ့ မလုပ်ရသေး ....”

မော့ရှန်ဟွားက စွန်းယွီရူ၏ပုံရိပ်ကို ကြည့်လိုက်ပြီး ရေရွတ်သည်။

ကုန်းပတ်ပေါ်တွင် ဟန်မူယဲ့က ထွက်သွားသော စွန်းယွီရူကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

သူတို့အားလုံးက အရူးများမဟုတ်ကြပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ ဖြစ်စေ အင်မော်တယ်ဝိညာဉ်ကမ္ဘာ ဖြစ်စေ မဟာကျင့်ကြံသူကြီးများ၏ ရှေ့မှောက်တွင် စွမ်းအားမဲ့နေကြသည်။

သို့သော် အားနည်းသူများကလည်း ရှင်သန်ချင်ကြသည်။

“မင်းက ငါတို့ကို အားနည်းတဲ့လူတွေအဖြစ် သတ်မှတ်ထားတယ်။ ငါက အားနည်းတဲ့လူတွေရဲ့ စွမ်းအားကို ပြပေးလိုက်မယ်”

ဟန်မူယဲ့၏မျက်လုံးများက နက်ရှိုင်းစွာတောက်ပနေကြသည်။ သူက အငွေ့အသက်များကို ထိန်းသိမ်းထားသည်။

ချင်စုယန်၊ ကုန်းစွန်းရှုနှင့် တခြားလူများက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

ရှုရှန်းနှင့် တခြားလူများကလည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားကြသည်။

လင်းရှန်၊ လီသုံး၊ ကျန်းဟန်နှင့် တခြားလူများက သက်ဆိုင်ရာစစ်တပ်များသို့ ပြန်သွားကြသည်။ လုယန်ကလည်း စစ်တပ်ကို ဦးဆောင်ပြီး နေရာပြန်ယူလိုက်သည်။

တိုက်ပွဲသည် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် အခြေအနေက ပြောင်းလဲသွားခဲ့သည်။

ကျင့်ကြံသူအများစုသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ရွေးချယ်ကြလိမ့်မည်။

တာအိုလမ်းစဉ်၏ အစစ်အမှန်အင်အားစုသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင် ရှိနေသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အနိုင်ရမည်မဟုတ်ပေ။

ထိုကျင့်ကြံသူများသာမကဘဲ တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများကလည်း ပြောင်းလဲသွားကြသည်။

သူတို့စေလွှတ်လိုက်သော တပည့်များသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ပိုမိုနီးစပ်လာကြသည်။

အတွေ့အကြုံများသော လူများသည် ထိုပြောင်းလဲမှုကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။

ရက်နှစ်ဆယ်အကြာတွင် စွန်းယွီရူက ပြန်ရောက်လာခဲ့သည်။

ထို့ကြောင့် မော့ရှန်ဟွားက အနည်းငယ်စိတ်လှုပ်ရှားနေပြီး အပြစ်တင်လိုက်သည်။

“မင်းကို ပြန်မလာဖို့ ပြောခဲ့တယ်လေ”

သူက ပင်ပန်းနေသော စွန်းယွီရူကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

စွန်းယွီရူက သူ့ကို လျစ်လျူရှုထားပြီး ရွှေရောင်ဝင်္ကပါပြားတစ်ခုကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။ ထို့နောက် သင်္ဘောပျံ၏ အခန်းတွင်းသို့ ဝင်သွားသည်။ မော့ရှန်ဟွားက လျင်မြန်စွာလိုက်သွားသည်။

ဟန်မူယဲ့က ဝင်္ကပါပြားကို ကိုင်ထားပြီး ချီစွမ်းအင်အလင်းကို ထုတ်ဖော်လိုက်သည်။

သူက ကိုယ်ပိုင်အခန်းဆီသို့ ပြန်လာပြီး နတ်အာရုံများကို တားဆီးရန်အတွက် ဝင်္ကပါကို အသက်သွင်းလိုက်သည်။

စွန်းယွီရူက အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ ပြန်ပြီး စွန်းယိုတောက်နှင့် တွေ့ခဲ့သည်။ ထိုအရာသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

အာရုံစိုက်ထားသောလူများက သိနေကြလိမ့်မည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက ဟန်မူယဲ့ပို့လိုက်သည့်သတင်းကို သိချင်နေကြသည်။

“ဘုန်း”

ဟန်မူယဲ့၏ရှေ့တွင် ချီစွမ်းအင်အလင်းများသည် အလင်းလုံးနှစ်ခုအဖြစ် ဖြည်းဖြည်းချင်း စုစည်းသွားကြသည်။

ထို့နောက် ပုံရိပ်ယောင်ဆန်သော လူတစ်ယောက် ဖြစ်လာသည်။

“အကြီးအကဲ တန့်ဝူယိုလား”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“အကြီးအကဲက ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်တို့က နှစ်ပေါင်းတစ်သောင်းကြာအောင် အုပ်ချုပ်ခဲ့ကြသည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာကိုတော့ တန့်ဝူယို၊ စွန်းယိုတောက်နှင့် တခြားလူများက အုပ်ချုပ်ထားကြသည်။

တန့်ဝူယိုသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နံပတ်တစ်တန်ခိုးရှင်ဖြစ်ပြီး မယိုင်လဲနိုင်သော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသည်။

တန့်ဝူယိုနှင့် ယှဉ်လိုက်လျှင် စွန်းယိုတောက်၏ ခန္ဓာကိုယ်က ပိုမိုမှိန်ဖျော့နေသည်။

“ကောင်လေး၊ မင်းပြောတာက အမှန်ပဲလား”

စွန်းယိုတောက်က ဟန်မူယဲ့ကို စိုက်ကြည့်နေပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က ပြုံးရုံသာ ပြုံးသည်။

စွန်းယိုတောက်နှင့် ယှဉ်လိုက်လျှင် တန့်ဝူယိုက ပိုသိသည်။

သူက လေဟာနယ်ထဲတွင် ဝမ်မော့ရှန်တို့နှင့် တိုက်ခိုက်နေခဲ့သည်။

တန့်ဝူယိုက ကိုယ်တိုင်ရောက်လာသောကြောင့် သူ့စကားကို သံသယရှိမည်မဟုတ်ပေ။

ဟန်မူယဲ့က စကားမပြောသောကြောင့် စွန်းယိုတောက်က ဒေါသထွက်လာပုံပေါ်သည်။

“ငါတို့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ နောက်ကွယ်မှာ တာအိုအင်အားစု ရှိနေတယ်ဆိုတာကို မင်းသိနေမှတော့ အညံ့ခံလိုက်ရင် ....”

စွန်းယိုတောက်၏စကား အဆုံးမသတ်ခင်မှာ ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“အကြီးအကဲ၊ ဘာဖြစ်လို့ သတင်းနှိုက်နေတာလဲ”

စွန်းယိုတောက်၏ မျက်နှာထားက ပြောင်းလဲသွားပြီး စကားမပြောတော့ပေ။

သူ့ဘေးတွင် တန့်ဝူယိုက ပေါ့ပါးစွာပြောသည်။

“ငါက ဝမ်မော့ရှန်နဲ့ နှစ်တစ်သောင်းကြာအောင် သဘောတူညီချက်တွေ လုပ်ခဲ့တယ်။ သူနဲ့ယှဉ်လိုက်ရင် မင်းက ပိုပြီး နားလည်တတ်တယ်”

“ငါက သူနဲ့ သဘောတူညီချက်လုပ်ချင်ပေမဲ့ အငြင်းခံလိုက်ရတယ်”

တန့်ဝူယိုက လက်မြှောက်သည်။ ပုံရိပ်ယောင်ဆန်သော စားပွဲနှင့် ထိုင်ခုံများက ပေါ်လာကြသည်။ သူက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဆက်ပြောသည်။

“အထက်ဘုံသုံးပါးရဲ့ရှေ့မှာ မင်းနဲ့ငါက ပုရွက်ဆိတ်တွေပဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်သည်။

“သူတို့က အထက်ဘုံသုံးပါးရဲ့ အပြင်ဘက်မှာရှိနေတဲ့ အရာအားလုံးကို ပုရွက်ဆိတ်အဖြစ် သတ်မှတ်ထားကြတယ်။ ဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာကြာနေပြီ”

“သူတို့က အရိုးထဲအထိ မာနကြီးနေကြတယ်”

“အကြီးအကဲက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ထိန်းသိမ်းထားချင်နေမယ်လို့ မထင်ခဲ့ဘူး”

အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တိုက်ပွဲသည် သက်ရှိများအားလုံး၏ သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသည်။

သို့သော် တန့်ဝူယိုကဲ့သို့ မဟာကျင့်ကြံသူများသည် မဟာတာအို၏ သက်ရောက်မှုမရှိသော လေဟာနယ်ထဲသို့ ထွက်ပြေးနိုင်သည်။

သူတို့က စတေးခြင်းကို စောင့်ကြည့်နေလိုက်လျှင် ဤဖြစ်ရပ်မှ အပြည့်အဝ လွတ်မြောက်နိုင်ကြသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာက မင်းရဲ့အိမ်ပဲ။ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ငါ့ရဲ့အိမ်ပဲ”

တန့်ဝူယို၏အသံက တည်ငြိမ်နေသော်လည်း ဖိနှိပ်ထားသော ခံစားချက်များကို မြင်နိုင်သည်။

ယွီလင်တာအိုနန်းတော်၏ ဖိအားနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခေါင်းဆောင်ကလည်း ကိုယ်ပိုင်အတွေးများ ရှိလာခဲ့သည်။

စွန်းယိုတောက်က တိတ်ဆိတ်နေပြီး တန့်ဝူယို၏ဘေးတွင် ဝင်ထိုင်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် သူ့အိမ်လည်း ဖြစ်သည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက စတေးခံတွေအဖြစ် စွန့်ပစ်ခံလိုက်ရပြီပဲ”

“ဓားစံအိမ်က အငြင်းပွားနေတယ်လို့ ပြောပေမဲ့ ကျွန်တော်က အကောင်းမမြင်ဘူး”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ယွီလင်တာအိုနန်းတော်နဲ့ ဓားစံအိမ်တို့က အထက်ဘုံသုံးပါးကပဲ။ သူတို့က ကျွန်တော်တို့ကို အချိန်မရွေး စွန့်ပစ်နိုင်တယ်”

“ဒါက ခင်ဗျားပေးနိုင်တဲ့အရာနဲ့ သူတို့ရဲ့အကျိုးအမြတ်အပေါ်မှာ မူတည်နေတယ်”

ဟန်မူယဲ့၏စကားကြောင့် တန့်ဝူယိုနှင့် စွန်းယိုတောက်တို့၏ မျက်နှာများက မည်းမှောင်သွားကြသည်။

ဟန်မူယဲ့၏စကားသည် မှန်ကန်သည်။

သူတို့၏ ကြိုးစားအားထုတ်မှုနှင့် အကျိုးအမြတ်အပေါ်တွင် မူတည်၍ အထက်ဘုံသုံးပါးက သူတို့ကို စွန့်ပစ်လိမ့်မည်။

တန့်ဝူယိုက အထက်ဘုံသုံးပါး၏ အင်အားစုများနှင့် ဆက်သွယ်ဖူးသည်။ သူတို့က သူ့ကို အထင်မကြီးကြပေ။

“မင်းက ဘာလုပ်ချင်တာလဲ”

တန့်ဝူယိုက ဟန်မူယဲ့ကို ကြည့်သည်။

“ဒီအတိုင်းပဲ ဆက်ရှိနေမယ်”

ဟန်မူယဲ့၏စကားကြောင့် တန့်ဝူယိုနှင့် စွန်းယိုတောက်တို့က ကြောင်အသွားကြသည်။

စွန်းယိုတောက်က ခပ်ဟဟရယ်သည်။

“အဲဒါဆိုရင် ငါတို့ကို ဘာဖြစ်လို့ ရှာတာလဲ”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဖြန့်ပြပြီး တည်ငြိမ်စွာပြောသည်။

“ပြောစရာရှိလို့ပေါ့”

“ကျွန်တော်က ခင်ဗျားတို့ကို ကြိုပြောမထားရင် ခင်ဗျားတို့က လုံလောက်အောင် ပြင်ဆင်ထားမှာမဟုတ်ဘူး။ အဲဒါဆိုရင် နောက်ဆုံးတိုက်ပွဲမှာ ခင်ဗျားတို့က တစ်ခါတည်း ရှုံးနိမ့်သွားရလိမ့်မယ်”

တန့်ဝူယိုနှင့် စွန်းယိုတောက်တို့က မျက်မှောင်ကြုတ်သည်။ သူတို့က စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ဆက်ပြောသည်။

“ကျွန်တော်က ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို ဆက်သွယ်ပြီးပြီ။ ကောင်းကင်အံ့ဖွယ်ကမ္ဘာက သူတို့နဲ့ ပူးပေါင်းလိမ့်မယ်”

ဝိညာဉ်သံချပ်ကာမိစ္ဆာ ....

တန့်ဝူယိုနှင့် စွန်းယိုတောက်တို့က မျက်နှာပျက်သွားကြသည်။

သူတို့က ထိုအင်အားစုနှင့် ရင်ဆိုင်ဖူးကြသည်။

“ဝိညာဉ်သံချပ်ကာမိစ္ဆာလား။ ဟားဟား၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိခိုက်နေအုံးမယ်”

တန့်ဝူယိုက အေးစက်စွာပြောသည်။

“အမှန်အတိုင်းပြောရရင် ဖရိုဖရဲဖြစ်နေတဲ့ စွမ်းအင်တွေကြောင့် တိုက်စားခံနေရတဲ့ ကျွမ်းကျင်သူကြီးတွေလည်း ဝင်ပါလာနိုင်တာပဲ”

ဆည်၏ ကျွမ်းကျင်သူများ ....

တန့်ဝူယိုက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ဆည်နဲ့ အဆက်အသွယ်ရှိနေမယ်လို့ ထင်မထားခဲ့ဘူး”

တန့်ဝူယိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

“ငါက ပတ်ဝန်းကျင်နယ်မြေမှာရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အင်အားစုတွေကို ဆွဲဆောင်လိုက်မယ်”

“ငါ့ရဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဈေးနှုန်းတစ်ခုကို ပေးရမှာပေါ့”

ဈေးနှုန်းတစ်ခုတင် မကပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို လုံလောက်သောအကျိုးအမြတ်မရှိဘဲ ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

“ဟန်မူယဲ့၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ အခြေခံအုတ်မြစ်က အတော်လေးကောင်းမွန်ပေမဲ့ နတ်ဘုရားခုံရုံးနဲ့ မယှဉ်နိုင်ဘူး”

တန့်ဝူယိုက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ငါက နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်တစ်ခုကို လိုချင်တယ်”

ထို့နောက် သူက ဆက်ပြောသည်။

“ရတနာတိုက်ကို ဖွင့်နိုင်မယ့် အခွင့်အရေးတစ်ခုကို လိုချင်တာ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“အကြီးအကဲက ဘာပြန်ပေးမှာလဲ”

တန့်ဝူယိုက တိတ်ဆိတ်နေပြီး ညင်သာစွာပြောလိုက်သည်။

“နတ်ဘုရားဧကရာဇ်ရဲ့ ဓားနဲ့ ပတ်သတ်တဲ့သတင်း”

နတ်ဘုရားဧကရာဇ်၏ ဓား ....

အာကာသထဲသို့ လွင့်စင်လာခဲ့သော ဓားကျိုး ....

ဟန်မူယဲ့က ထိုးဓား၏တည်နေရာကို တွက်ချက်ကြည့်ခဲ့သေးသည်။ သို့သော် တည်နေရာကို မဆုံးဖြတ်နိုင်ခဲ့ပေ။

သူက ဖြည်းဖြည်းချင်းရှာဖွေရန် စီစဉ်ထားသည်။ သို့သော် တန့်ဝူယိုက ထိုဓားနှင့်ပတ်သတ်၍ သိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အကယ်၍ သူက ထိုဓားကို ရနိုင်မည်ဆိုလျှင် အင်မော်တယ်ကမ္ဘာ၏ အကြောင်းကို သိနိုင်လိမ့်မည်။ အင်မော်တယ်တက်လှမ်းစင်မြင့်၏ ကပ်ဘေးနှင့် ကောင်းချီးကိုလည်း ဆုံးဖြတ်နိုင်လိမ့်မည်။

“ကောင်းပြီ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ဝီ”

သူက ခေါင်းညိတ်လိုက်သောအခါတွင် ရွှေရောင်ဝင်္ကပါပြားက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

အဝေးတစ်နေရာတွင်ရှိသော အင်မော်တယ်ဝိညာဉ်ကြယ်တွင် စွန်းယိုတောက်နှင့် တန့်ဝူယိုတို့က ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။

“ရွှမ်ကျီက အထက်ဘုံသုံးပါးကို ဦးညွတ်ချင်နေတယ်။ သူက ဝိညာဉ်ထွန်းသစ်ဘုရားကျောင်းရဲ့ တပည့်တွေအားလုံးကို မြှုပ်နှံပစ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး”

“ငါတို့မှာ မဟာမိတ်တွေ သိပ်မရှိဘူး”

တန့်ဝူယိုက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟန်မူယဲ့။ တကယ်ကို ထင်မထားမိဘူး”

စွန်းယိုတောက်က ခေါင်းညိတ်သည်။

“ဒီလောကမှာ ထာဝရရန်သူဆိုတာမျိုး မရှိဘူး။ အဲဒီကလေးက တကယ်ကို ကြောက်ဖို့ကောင်းတယ်”

သူက ဟန်မူယဲ့ကို ရှုံးနိမ့်ခဲ့ရသည်။

ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းနှင့် အကြံအစည်များသည် သူ့ထက် သာလွန်နေသည်။

အရေးအကြီးဆုံးအနေဖြင့် ဟန်မူယဲ့သည် တာအိုပြိုင်ပွဲအတွင်း၌ အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ပူးပေါင်းပြီး အထက်ဘုံသုံးပါး၏ ဂိုဏ်းများကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။

အထက်ဘုံသုံးပါး၏ အင်အားစုကို တက်ကြွစွာ ရင်ဆိုင်ရဲသည်။ သူ၏ သဘောထားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

All Chapters