← Chapters

မီးဖိုကိုးလုံး

Vol. 83 Ch. 1143

မီးဖိုကိုးလုံး

Vol. 83 Ch. 1143

နတ်ဧကရာဇ်ရွှမ်ဟွား ထိုသို့ အမိန့်ပေးလိုက်သည်နှင့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောအစင်းရေ တစ်သိန်းကျော်ဆီမှ တဝီဝီမြည်သံများ ထွက်ပေါ်လာကြ၏။ ထို စစ်သင်္ဘောကြီးများပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ သူတို့၏ စွမ်းအားများကို ထုတ်လွှတ်ကာ အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက်များကို ပို၍ပင် စုပ်ယူလိုက်ကြ၏။ ထို့နောက် သူတို့မှာ ၎င်းတို့အား အစိမ်းရောင်မီးခိုးလုံးများအဖြစ် ပြောင်းလဲ၍ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ထည့်သွင်းလိုက်တော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာကြပြီး သူ၏ ဓားအိမ်လေး၏ စုပ်ယူခြင်းကိုခံနေရ၏။ ထို့နောက် ဓားအိမ်လေးမှာ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများကို မြှင့်တင်ပေးနိုင်သည့် အငွေ့အသက်များကို ပြန်၍ ထုတ်ပေးနေသည်။

ဝူလေးနှင့် မြည်းလေးတို့မှာလည်း စိတ်လှုပ်တရှား ဖြစ်နေကြ၏။ သူတို့မှာ အစိမ်းရောင်အမျှင်အတန်းများ၏ ကြားသို့ ပြေးဝင်သွားကြခြင်း မရှိပါသော်လည်း အစွမ်းကုန်ထုတ်၍ ၎င်းတို့အား ဝါးမျိုစုပ်ယူနေကြဆဲပင်။ အနက်ရောင်ငါးလေးမှာလည်း ထိုနည်းတူပင်။

သို့သော် ၎င်းမှာ မြည်းလေးနှင့် ဝူလေးတို့အား ရွံရှာစက်ဆုပ်နေသည့် အမူအရာဖြင့် လှမ်းကြည့်နေ၏။ ထို့နောက် ၎င်းမှာ အစိမ်းရောင်အမျှင်အတန်းများ၏ ကြားသို့ ပြေးဝင်သွားလိုက်ပြီး ပါးစပ်ဟကာ အမျှင်အတန်း အခုရေ တစ်ထောင်နီးပါးအား ဝါးမျိုစုပ်ယူလိုက်တော့သည်။

မြည်းလေးနှင့် ဝူလေးတို့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မကျေမချမ်းဖြစ်သွားကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက်မှာလည်း သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို ထုတ်သုံးလိုက်ကြတော့သည်။ ဝူလေးမှာ အမည်မသိ ပညာရပ်တစ်မျိုးကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်အား အသေးစားဝဲတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် အမျှင်အတန်းများအား စုပ်ယူနေလိုက်၏။

မြည်းလေးမှာဆိုလျှင် ပို၍ပင် အံ့အားသင့်စရာကောင်းနေသည်။ ၎င်းမှာ ဝဲတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းမရှိသလို ၎င်း၏ ပါးစပ်မှာလည်း သိပ်မကြီးပေ။ သို့သော်လည်း အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုနှင့် အဆုံးမဲ့မိုးကောင်းကင်တာအိုများကို စုပ်ယူခဲ့ပြီးနောက် ၎င်းမှာ တမူထူးခြားသွား၏။ ယခုတွင် တစ်ဝက်ကျော် ပြန်လည်ပေါ်ပေါက်လာပြီဖြစ်သည့် သူ၏ ခန္ဓာကိုယ်မှာ ဧရာမချပ်ပြားဝိုင်းကြီးတစ်ခုပုံစံ ပြောင်းလဲသွားသည်။ ၎င်းမှာ ပြန့်ကားသွားပြီး အစိမ်းရောင်အမျှင်အတန်းအချို့အား တားဆီးပိတ်ဆို့လိုက်၏။ ၎င်းပေါ်သို့ ရောက်လာသည့် အမျှင်အတန်းများအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားကြသည်သာဖြစ်သည်။

ယခုတွင် သူတို့လေးယောက်မှာ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ အစိမ်းရောင်အမျှင်အတန်းများကို စုပ်ယူနေကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူတစ်ယောက်တည်း ငါးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူနေခြင်းဖြစ်သည်။ အနက်ရောင်ငါးလေးမှာ သုံးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူနေပြီး မြည်းလေးနှင့် ဝူလေးတို့မှာမူ တစ်ယောက်လျှင် ဆယ်ရာခိုင်နှုန်းစီ စုပ်ယူနေကြသည်။

သူတို့မှာ အနက်ရောင်ငါးလေးနှင့် ဝမ်ပေါင်လဲ့တို့လောက် အစွမ်းမထက်ကြပါသော်လည်း အစိမ်းရောင်အမျှင်အတန်းများမှာ အလွန်များပြားလွန်းနေသည် မဟုတ်ပါလော။ အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည့် ဧရာမဝဲကြီးမှာ ကြောက်မက်ဖွယ်ရာ ဆွဲငင်အားတစ်မျိုးကို ထုတ်လွှတ်နေသဖြင့် သိန်းနှင့်ချီ၍ ရှိနေကြသည့် အစိမ်းရောင်အမျှင်အတန်းများ သိသိသာသာ အရောင်မှေးမှိန်သွားကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိုးရိမ်တကြီးဖြစ်သွားရသည်။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ ယခုတွင် နှောင်းပိုင်း ထာဝရကြယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။ သို့သော် သူသည် သူ့ဆီတွင် ကြယ်အမြောက်အမြား ရှိနေကြောင်း သိထားသောကြောင့် သူ အဆင့်ပိုတက်လာလေလေ ဖောက်ထွက်နိုင်ရန် လိုအပ်သည့် စွမ်းအားပမာဏမှာ ကြောက်ခမန်းလိလိ ပိုများလာလေလေဖြစ်ကြောင်း နားလည်ထားသည်။

ဥပမာပြရလျှင် သူ၏ ဓားအိမ်လေးမှာ အစိမ်းရောင်အမျှင်အတန်း တစ်သိန်းနီးပါး စုပ်ယူပြီးသွားပြီ ဖြစ်သလို သူ၏ အပြင်ခန္ဓာကိုယ်အား အဆင့်မြှင့်တင်ပေးနိုင်သော အငွေ့အသက်များကိုလည်း ထို ပမာဏအတိုင်း ပြန်လည် ထုတ်လွှတ်ပေးပြီးသွားပြီ ဖြစ်သည်။ သို့သော်လည်း သူ ဖောက်ထွက်နိုင်ရန် အများကြီးလိုအပ်နေဆဲပင်။

ကံကောင်းစွာဖြင့် ခဏအကြာတွင် ဧရာမဝဲကြီး၏ ပေါက်ကွဲမှုနှင့်အတူ အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာ စုပ်ယူခံလိုက်ရ၏။ တစ်ချိန်ထဲမှာပင် နတ်ဧကရာဇ်ရွှမ်ဟွား၏ အကူအညီနှင့် အားဖြည့်ပေးမှုများကြောင့် အစိမ်းရောင်အမျှင်အတန်း အသစ်များမှာ အဝေးမှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် သူ၏ အပေါင်းအပါများမှာ စိတ်လှုပ်တရှား ဖြစ်သွားကြပြန်သည်။

တစ်ချိန်တည်းမှာပင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်ရှိ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောအစင်းရေ တစ်သိန်းကျော်မှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်ရီသွားကြ၏။ ထို့ကြောင့် နတ်ဧကရာဇ်ရွှမ်ဟွားမှာ ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် မတ်တတ်ထလာ၏။ သို့သော် သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် အံကြိတ်ကာ အမိန့်ထပ်ပေးလိုက်သည်။

" ငါ မယုံဘူးကွာ။ စွမ်းအားတွေကို ထပ်ပြီးတော့ တိုးမြှင့်ကြစမ်း " သူ၏ အမိန့်နှင့်အတူ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးများမှာလည်း ၎င်းတို့၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထပ်၍ ထုတ်လွှတ်လိုက်ကြပြန်သည်။ ယခုအကြိမ်တွင်မူ ၎င်းတို့ ထုတ်လွှတ်လိုက်သည့် စွမ်းအားများမှာ ယခင်အကြိမ်များတုန်းကထက်ပင် ပိုများနေ၏။ သို့သော် မီးခိုးရောင်အာကာသကြီးထဲသို့ ဝင်ရောက်သွားကြသည့် အစိမ်းရောင်မြူခိုးများမှာမူ အစိမ်းရောင်အမျှင်အတန်းများအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ ချက်ချင်းဦးတည်သွားကြသည်သာဖြစ်သည်။

ထိုသို့ဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး အစိမ်းရောင်အမျှင်အတန်း တစ်သိန်းကျော်မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ နောက်ထပ်တစ်ကြိမ် ပြန်လည် စုဝေးလာကြတော့သည်။ ထို့ကြောင့် မြည်းလေးနှင့် ဝူလေးတို့မှာလည်း ပို၍ပင် စိတ်လှုပ်တရှား ဖြစ်လာကြ၏။ အနက်ရောင်ငါးလေးမှာဆိုလျှင် စိတ်လှုပ်ရှားလွန်းနေသောကြောင့် တဆတ်ဆတ် တုန်ရီလာရသည့်အထိပင်။

ထိုကဲ့သို့သော အရူးအမူး စုပ်ယူမှုများကြောင့် ဝဲကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားနေသည့်တိုင်အောင် ၎င်း၏ စုပ်ယူအားမှာ တဖြည်းဖြည်းနှင့် အားပျော့လာဆဲပင်။ တစ်ချိန်တည်းမှာပင် ဝူလေးမှာလည်း ဆက်လက် စုပ်ယူနိုင်စွမ်း မရှိတော့သည့်ပုံပင်။ သူသည် ၎င်းတို့အား အစာခြေဖျက်နိုင်ရန် အချိန်လိုသောကြောင့် သူ၏ စုပ်ယူမှုအား အဆုံးသတ်လိုက်ရပြီး အစိမ်းရောင်အမျှင်အတန်းများအား လက်လွှတ်လိုက်ရ၏။ ထို့နောက် သူသည် မြည်းလေးနှင့် အနက်ရောင်ငါးလေးတို့အား ကြည့်ကာ မကျေမနပ် ဖြစ်လာတော့သည်။

" ဒီအငတ်နှစ်ကောင်က တော်တော်လေးကို စားနိုင်တာပဲ " ဝူလေးမှာ ကြံရာမရဖြစ်နေ၏။ အနက်ရောင်ငါးလေးမှာ မိုးကောင်းကင်တာအိုဖြစ်ရာ ယခုလို စားနိုင်စွမ်းရှိနေသည်မှာ မထူးဆန်းပေ။ သို့သော် မြည်းလေးမှာလည်း... ယခုအထိ ရပ်တန့်သွားခြင်းမရှိသေးပေ။ ထို့ကြောင့် ဝူလေးမှာ အံသြတုန်လှုပ်သွားရ၏။

ထို့အပြင် သူသည် ထို မြည်းလေး ချပ်ပြားဝိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကိုလည်း မြင်လိုက်ရသေးသည်။ ယခုတွင် ထိုချပ်ပြားဝိုင်းကြီးမှာ အပေါက်များဖြင့် ပြည့်နေ၏။ သို့ဖြစ်ရာ ယခုအတိုင်း ဆက်လက်စုပ်ယူနေမည်ဆိုပါက ၎င်းမှာ ပေါက်ကွဲပျက်စီးသွားတော့မည့်ပုံ ပေါက်နေပါသော်လည်း မြည်းလေးမှာ ဆက်လက်တောင့်ခံထားနေဆဲပင်...

" ဒီကောင် တကယ် အသက်မရှင်ချင်တော့ဘူးနဲ့တူတယ် " ဝူလေးတစ်ယောက် အံ့သြတုန်လှုပ်နေစဉ် မြည်းလေးမှာ ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့သည့်တိုင်အောင် လက်မလျှော့ချင်သေးပေ။ ထို့ကြောင့် ၎င်းမှာ အော်ဟစ်မြည်တမ်းကာ ဆက်လက် တောင့်ခံထားဆဲပင်။ ခဏအကြာတွင် ချပ်ပြားဝိုင်းကြီး၏ တစ်ဝက်ကျော်မှာ ပျက်စီးသွား၏။ သို့သော်လည်း ၎င်းမှာ ဆက်လက်စုပ်ယူနေဆဲပင်...

ထိုမြင်ကွင်းကြောင့် အနက်ရောင်ငါးလေးမှာ တုန်လှုပ်ချောက်ချားသွားရ၏။ ၎င်းမှာ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် မြည်းလေးအား လှမ်းကြည့်နေသည်။

ကံကောင်းစွာဖြင့် အမွေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန် ကုန်ဆုံးပြီးသွားချိန်တွင် ချက်ပြားဝိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည့် မြည်းလေးမှာ ပျက်စီးသွား၏။ ထို့ကြောင့် ၎င်းမှာ အော်ဟစ်မြည်တမ်းကာ နောက်သို့ပြန်လည်ဆုတ်ခွာလာပြီး ဝါးမျိုနေခြင်းအား အဆုံးသတ်လိုက်ရတော့သည်။ ထိုအခါမှသာ ဝူလေးနှင့် အနက်ရောင်ငါးလေးတော့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။

အမှန်တွင် အနက်ရောင်ငါးလေးမှာလည်း တောင့်ခံထားနေရပြီဖြစ်သည်။ ၎င်းမှာ စွမ်းအင်များကို ခြေဖျက်ရန် အချိန်လိုသောကြောင့် နောက်ဆုံးတွင် ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့ဘဲ လက်လျှော့လိုက်ရ၏။ ထို့ကြောင့် ယခုတွင် ဝမ်ပေါင်လဲ့ တစ်ယောက်သာ ကျန်ရှိတော့ပေသည်။

ဓားအိမ်လေး စွမ်းအင်များ စုပ်ယူကာ အငွေ့အသက်များ ပြန်လည်ထုတ်လွှတ်ပေးလိုက်သည်နှင့် သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ တုန်ခါမှုလိုင်းများ စတင်ထွက်ပေါ်လာတော့သည်။ ထို တုန်ခါမူလှိုင်းများမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသဖြင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်တော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။

" နည်းနည်းလေးပဲ။ နည်းနည်းလေးပဲ ထပ်လိုတော့တာ " ဝမ်ပေါင်လဲ့မှာ နီမြန်းနေသည် မျက်ဝန်းများဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားအောင် လုပ်လိုက်သည်။ သူ၏ နောက်တွင်မူ အထူးဂြိုဟ် အလုံးတစ်သောင်းကျော် ပေါ်ပေါက်လာကြ၏။ သူ၏ ဝိညာဥ်မှာလည်း သူ့အား အားဖြည့်ပေးထားသောကြောင့် ဓားအိမ်လေး၏ ဆွဲငင်အားမှာ ပို၍ပင်အားကောင်းလာတော့သည်။ အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာ ၎င်းထဲသို့ စီးဝင်သွားကြ၏။ သို့သော်လည်း ထိုဝဲကြီးမှာ အချိန်အကြာကြီး ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် တစ်နာရီတိတိ ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့ တင်ပျဥ်ခွေထိုင်နေသည့် ဝဲကြီးမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်စ ပြုလာတော့သည်။

ဆွဲငင်အားများမှာလည်း ပျောက်ကွယ်သွားသဖြင့် ဘေးပတ်ပတ်လည်ရှိ အစိမ်းရောင်အမျှင်အတန်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်ပါးပျောက်ကွယ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ အသံကုန်အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး ထိုကဲ့သို့ ပျောက်ကွယ်သွားနေသည့် အမျှင်အတန်းများအား လိုက်လံဖမ်းဆီးနေတော့သည်။

သို့သော် သူသည် ယခင်တုန်းကလောက် မြန်ဆန်နေခြင်း မရှိတော့ပေ။ ထို့ကြောင့် သူသည် အစွမ်းကုန်ထုတ်၍ ပြေးလိုက်သွားခဲ့သည့်တိုင်အောင် အစိမ်းရောင် အမျှင်အတန်း အမြောက်အမြား ဖမ်းမိခဲ့ခြင်းမရှိပေ။

" နည်းနည်းလေးပဲ ထပ်လိုတော့တာ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ပို၍ပင် နီမြန်းလာပြီး ကြောက်စရာကောင်းလောက်အောင် ဝင်းလက်တောက်ပလာ၏။ သူသည် သူ၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်နိုင်ရန် အနည်းငယ်မျှသာ လိုတော့ကြောင်း သိထားသဖြင့် အားမလိုအားမရ ဖြစ်နေရတော့သည်။

" နောက်ဆုံး အမျှင်အတန်း ခုနစ်သောင်း ရှစ်သောင်းလောက်ပဲ ထပ်လိုတော့တာ " ဝမ်ပေါင်လဲ့မှာ သူ အရေအတွက်မည်မျှ စုပ်ယူခဲ့မှန်း မသိပါသော်လည်း သောင်းဂဏန်းအနည်းငယ်ခန့် ထပ်၍ စုပ်ယူလိုက်ပါက သေချာပေါက် ဖောက်ထွက်သွားမည်သာဖြစ်ကြောင်း အာရုံခံမိနေသည်။

အကယ်၍ သူသာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ သတိပေးချက်အား လျစ်လျူရှုကာ သေမင်းချီများကို ဆက်လက် စုပ်ယူလိုက်မည်ဆိုလျှင် အစိမ်းရောင်အမျှင်အတန်း သောင်းဂဏန်းအနည်းငယ်ခန့်အား မျက်စိတစ်မှိတ်အတွင်း သေချာပေါက် စုပ်ယူနိုင်သွားမည်သာဖြစ်ကြောင်း နားလည်ထားသည်။ သို့သော် သေမင်းချီများမှာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို စွမ်းအားများဖြစ်နေသည်ကို သူက သိထားပြီဖြစ်သည်။ အနက်ရောင်ငါးလေးမှာ အစကတည်းက အားအင်ချည့်နဲ့နေသည်ဖြစ်ရာ အကယ်၍ သူသာ သေမင်းချီများအား ဆက်လက် စုပ်ယူလိုက်မည်ဆိုလျှင် ၎င်းအပေါ် အကျိုးသက်ရောက်မှုအများကြီး ရှိသွားနိုင်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ကြိုးစားကာ သူ၏ လောဘစိတ်များကို ချုပ်တည်းထားရသဖြင့် တဖြည်းဖြည်းနှင့် ပို၍ မခံမရပ်နိုင်လောက်အောင် ဖြစ်လာရတော့သည်။ ထို့နောက် သူသည် ဝူလေးနှင့် မြည်းလေးတို့အား လှမ်းကြည့်မိလိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများနှင့် သူ၏ အကြည့်ကြောင့် ဝူလေး၊ မြည်းလေးနှင့် အနက်ရောင် ငါလေးတို့မှာ အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားရသည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ ဆန္ဒများကို ဆက်လက်ချုပ်တည်းထားနိုင်စွမ်း မရှိတော့သည့် အနေအထားသို့ ရောက်လာပြီဖြစ်သည်။ သူသည် ခေါင်းမော့ကာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ လှမ်းကြည့်နေ၏။ သူလိုအပ်သည့် အစိမ်းရောင်အမျှင်အတန်းများအား ဤနေရာမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ အလုံအလောက် စုပ်ယူနိုင်လိမ့်မည်မဟုတ်ကြောင်း သူက ကောင်းကောင်းကြီး သိထားသည်။ အရွယ်အစားသေးငယ်သည့် ဝဲလေးများ ရှိပါသော်လည်း ထိုနေရာများ၌ စုပ်ယူရသည်မှာ အလွန်အင်မတန်မှ နှေးကွေးနေမည်ဖြစ်သည်။

ထို့ကြောင့် သူသည် မျက်ဝန်းများအရောင်လက်သွားပြီး အော်ပြောလိုက်၏။

" ငါ့နောက်ကို လိုက်ခဲ့ကြ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ ထိုအခါ သူ၏ အပြင်ခန္ဓာကိုယ်မှာ အားကောင်းလွန်းနေသောကြောင့် အုန်းခနဲ အသံကြီးတစ်သံထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးမှာ တုန်ရီသွားရသည်။ သူသည် ထိုသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ဟင်းလင်းပြင်ကြီးထဲမှ ထွက်ခွာလာပြီး မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲတွင် ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

ဝူလေး၊ မြည်းလေးနှင့် အနက်ရောင်ငါးလေးတို့မှာ တစ်ခဏမျှ ချီတုံချတုံဖြစ်နေကြပြီးနောက် သူ၏ နောက်သို့ ပြေးလိုက်သွားကြ၏။ ထိုသို့ဖြင့် သူတို့လေးယောက်မှာ အလျင်အမြန် ပြေးလွှားနေကြတော့သည်။ ထို့ကြောင့် အချိန်တိုလေးအတွင်းတွင် သူတို့မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အလယ်ဗဟိုသို့ရောက်ရှိသွားတော့သည်။

သူတို့ ထိုနေရာသို့ ရောက်သွားသည့်နှင့် ဝမ်ပေါင်လဲ့မှာ သူတို့၏ ရှေ့၌ ကြောက်ခမန်းလိလိ ကြီးမားနေသည့် ကြေးမီးဖိုကြီးတစ်လုံးအား မြင်လိုက်ရသည်။

ထိုမီးဖိုကြီးထဲတွင် မီးများ တဟုန်းဟုန်းတောက်လောင်နေသဖြင့် အပူလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံနေသည်။ ထို့အပြင် ထိုနေရာတွင် မီးဖိုတစ်လုံးတည်း မဟုတ်ပဲ ကိုးလုံးတိတိ ရှိနေခြင်းဖြစ်၏။

မီးဖိုရှစ်လုံးမှာ အလယ်တွင်ရှိနေသည့် တစ်လုံးအား ဝန်းရံထားခြင်း ဖြစ်သည်။

အပြင်ဘက်တွင်ရှိနေသည့် မီးဖိုရှစ်လုံးထဲတွင် မီးတောက်များဖြင့် ပြည့်နှက်နေပါသော်လည်း အလယ်ဗဟိုရှိ မီးဖိုထဲတွင်မူ အနက်ရောင်မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသည်။

ဝမ်ပေါင်လဲ့မှာ ထို နယ်မြေထဲသို့ရောက်ရှိသွားသည်နှင့် သူ့ထက်အရင် ကြိုရောက်နေကြသည့် အင်အားကြီးအဖွဲ့အစည်းများမှ ပါရမီရှင် အယောက်တစ်ရာကျော်အား မြင်လိုက်ရသည်။ သူတို့ထဲမှအချို့မှာ ဉာဏ်အလင်းပွင့်နိုင်ရန် ကြိုးစားနေကြပြီး အချို့မှာမူ မီးဖိုများအတွက် တိုက်ခိုက်နေကြ၏။ သို့သော် ယခုတွင် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြသည်သာ ဖြစ်သည်။

ထိုနေရာသို့ ရောက်လာကြသူများထဲတွင် အားအင်ချည့်နဲ့သူများ မပါသောကြောင့် သူတို့အားလုံးမှာ ယခုမှရောက်လာသည့် လူအသစ်အား အကဲခတ်နေကြ၏။

ဝမ်ပေါင်လဲ့မှာလည်း ထိုနေရာတွင် ရှိနေကြသည့် ပါရမီရှင်များ အားလုံးမှာ သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများထဲ၌ ထိပ်သီးအဆင့် ပါရမီရှင်များအဖြစ်သို့ ရောက်ရှိရန် ဆံချည်မျှင် တစ်မျှင်စာမျှသာ လိုတော့သည့် ကျင့်ကြံသူများဖြစ်ကြောင်း ချက်ချင်း အာရုံခံမိလိုက်သည်။

All Chapters