မီးဖိုများအတွက် တိုက်ပွဲဝင်ကြခြင်း
Vol. 83 Ch. 1144
သူတို့မှာ အပြန်အလှန် အကဲခတ်နေကြ၏။
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ ထိုနေရာအား အကဲခတ်ကြည့်ရှုလိုက်သည်နှင့် အပြင်ဘက်တွင် ရှိနေသည့် မီးဖိုရှစ်လုံးအား မြင်လိုက်ရသည်။ ၎င်းတို့ထဲမှ လေးလုံးမှာ အခြားကျင့်ကြံသူများ၏ သိမ်းပိုက်ခြင်းကို ခံထားရ၏။ သူသည် ၎င်းတို့အား သိမ်းပိုက်ထားသည့် ကျင့်ကြံသူများကို မမြင်နိုင်ပေ။ ၎င်းတို့ရှိနေသည့် နေရာတစ်ဝိုက်တွင် ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည့် ကျင့်ကြံသူများ ရှိနေသည်ကိုသာ မြင်နေရသည်။ သူတို့မှာ ထိုမီးဖိုများအား ကာကွယ်စောင့်ရှောက်နေကြသည့် ပုံပင်။
ထိုမီးဖိုလေးလုံးအား သိမ်းပိုက်ထားသည့် အဖွဲ့လေးဖွဲ့ထဲမှာ နှစ်ဖွဲ့မှာ အဆုံးမဲ့မျိုးနွယ်စုဝင်များ ဖြစ်ကြ၏။ အခြားနှစ်ဖွဲ့မှာမူ အဆုံးမဲ့မျိုးနွယ်စုဝင်များ မဟုတ်ပါသော်လည်း သူတို့၏ အငွေ့အသက်များမှာ အားပျော့နေခြင်းတော့မရှိပေ။
အခြားနှစ်ဖွဲ့ထဲမှ တစ်ဖွဲ့မှာ မန္တန်အစီအရင်တစ်ခုအား အသုံးပြု၍ မီးဖိုတစ်လုံး၏ အထက်၌ ငွေရောင်နဂါးတစ်ကောင် ဖန်တီးထား၏။ ထိုနဂါးကြီးမှာ မျက်လုံးများ မှိတ်ထားပြီး အံ့သြတုန်လှုပ်ဖွယ်ရာ အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။
အခြား မီးဖိုတစ်လုံး၏ အနီးတွင်မူ ရှေးဟောင်းဓားငါးလက် ရှိနေ၏။ ထို ဓားများထဲမှ ဓာတ်ကြီးငါးပါး၏ စွမ်းအားများ ထွက်ပေါ်နေပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသည်။
ထို မီးဖိုလေးလုံးမှလွဲ၍ အခြား မီးဖိုလေးလုံးမှာ ပရမ်းပတာ ဖြစ်နေကြ၏။ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့ ရောက်မလာခင်ကတည်းက ထို မီးဖိုများကို သိမ်းပိုက်နိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့ကြသည့်ပုံပင်။ သို့သော် သူတို့မှာ အစွမ်းထက်ကျင့်ကြံသူများဖြစ်ကြပြီး လက်ရည်တူကြသောကြောင့် အနိုင်အရှုံး ရလဒ် ထွက်ပေါ်လာခြင်းမရှိသေးပေ။
ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများမှာ သူ့အား လှမ်းကြည့်လိုက်ကြပါသော်လည်း အများစုမှာ သူတို့၏ အကြည့်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းကာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုထားလိုက်ကြသည်သာ ဖြစ်သည်။ သူတို့မှာ တိုက်ပွဲထဲသို့ ရောက်နေသောကြောင့် သူ့အား သေသေချာချာ အကဲခတ်ကြည့်ရှုနေကြခြင်း မရှိပေ။ ထို့ကြောင့် သူတို့မှာ သူတို့၏ နတ်ဘုရားအာရုံများဖြင့် အာရုံခံကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ အလယ်အလတ် ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးကြောင်း သိလိုက်ရသည်နှင့် သူ့အား အထူးတလည် အာရုံစိုက်နေခြင်း မရှိတော့ပေ။
သူတို့သည် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း အာရုံခံမိနေကြသည့်တိုင်အောင် ထိုနေရာတွင် ရှိနေကြသည့် အင်အားကြီးအဖွဲ့အစည်းများမှ ပါရမီရှင်များအားလုံးမှာ အံ့ဩမှင်တက်ဖွယ်ရာ အရည်အချင်းများ၊ ကျင့်ကြံခြင်းအဆင့်များနှင့် အပြင်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်သာဖြစ်သည်။
ထို့ကြောင့် နှောင်းပိုင်း ထာဝရကြယ်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားသည့် အလယ်အလတ်ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူတို့အတွက် စိုးရိမ်စရာ မဟုတ်ပေ။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသည့် ကြယ်အရေအတွက် ကြောက်ခမန်းလိလိ များပြားနေသည့်အချက်ကို မသိထားကြပေ။ သူ၏ အပြင်ခန္ဓာကိုယ်မှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် ၎င်းမှာ ကြယ်အမှတ်ပညာရပ်ဖြင့် သိမ်းပိုက်ထားသည့် အထူးဂြိုဟ်အလုံးတစ်သောင်းကျော်၏ စွမ်းအားများ ဖြစ်နေသည်မဟုတ်ပါလော။
သို့သော် တစ်ခုခုမှာ လွဲနေကြောင်း သတိထားမိလိုက်သည့် လူအချို့ ရှိနေကြဆဲပင်။ ထိုအချိန်တွင် မီးဖိုလေးလုံးထဲမှ နှစ်လုံးထဲရှိ ပိုင်ရှင်နေရာများတွင် ရှိနေကြသည့် ကျင့်ကြံသူနှစ်ယောက်မှာ နတ်ဘုရားအာရုံများကို အသုံးပြု၍ သူတို့၏ သက်ဆိုင်ရာ အစောင့်အရှောက်များအား အကြောင်းကြားလိုက်ကြ၏။
" ဒီကောင်က မူမမှန်ဘူး "
" သူ့ကို ရန်မစကြနဲ့။ ငါ့အထင်တော့ သူ့ဘက်ကနေ ငါတို့ကို အရင် ရန်စမှာ မဟုတ်လောက်ဘူး "
မီးဖိုနှစ်လုံးထဲရှိ ပိုင်ရှင်နေရာများတွင် ရှိနေသော လူနှစ်ယောက်မှလွဲ၍ အခြားမည်သူကမှ ဝမ်ပေါင်လဲ့မှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း အာရုံခံမိခဲ့ကြခြင်းမရှိပေ။ ထို့ကြောင့် လူတိုင်းမှာ သူတို့၏ အကြည့်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းသွားကြပြီး ဆက်လက် တိုက်ခိုက်နေလိုက်ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် ခဏအကြာတွင် ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသည်နှင့် မျက်လုံးများ မှေးသွား၏။ သူသည် ရှဲ့ဟေးရန်ဆီမှ ဤ မီးဖိုများ၏ အသေးစိတ်အချက်အလက်များကို လေ့လာသိရှိထားခဲ့ပြီးသား ဖြစ်သည်။ ယခုတွင် သူသည် ထို မီးဖိုများ၏ အထားအသိုအား မြင်လိုက်ရပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ အငွေ့အသက်များ မီးဖိုရှစ်လုံး၏ အလယ်ဗဟို၌ ရှိနေသည်ကို အာရုံခံမိလိုက်သည်နှင့် အခြေအနေအား နားလည်သွားတော့သည်။
ထို မီးဖိုရှစ်လုံးမှာ ဉာဏ်အလင်းပွင့်အောင် ကြိုးစားရန် အကောင်းဆုံးနေရာများ ဖြစ်ကြပေသည်။ အကယ်၍ လခြမ်းဧကရာဇ်ကြီးသာ သေဆုံးသွားမည်ဆိုပါက ထို မီးဖိုများထဲရှိ ပိုင်ရှင်နေရာများအား သိမ်းပိုက်ထားကြသည့် ကျင့်ကြံသူများမှာ ထို မီးဖိုများ၏ ကြားတွင်ရှိနေသည့် အချိတ်အဆက်များကြောင့် အကျိုးကျေးဇူး အမြောက်အမြား ရရှိသွားကြမည်ဖြစ်သည်။
အကယ်၍ မီးဖိုတစ်လုံး၏ ပိုင်ရှင်နေရာအား သိမ်းပိုက်ထားခြင်း မရှိလျှင်တောင် မီးဖိုတစ်လုံး၏ အနီးအနားတွင် ရှိနေသေးသရွေ့ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာမူ မီးဖိုထဲရှိ လူများ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ယှဉ်လိုက်ပါက ကွာခြားနေမည်ဖြစ်သည်။
ယခုတွင် ကျင့်ကြံသူ အယောက်တစ်ရာကျော် ရှိနေကြပြီး သူတို့အားလုံးမှာ အင်အားကြီးအဖွဲ့အစည်းများ၏ ပထမအဆင့် ပါရမီရှင်များနှင့် မတိမ်းမယိမ်းအဆင့်တွင် ရှိကြသည့် ကျင့်ကြံသူများဖြစ်ကြပေသည်။ အမှန်အတိုင်းဆိုရလျှင် သူတို့မှာ ပထမအဆင့် ပါရမီရှင်များအဖြစ်သို့ တက်လှမ်းနိုင်ရန်ပင် သိပ်မလိုတော့ပေ။ သို့ဖြစ်ရာ ဤ အထူးအခွင့်အရေးကြီးမှာ သူတို့အတွက် အလွန်အင်မတန်မှ အရေးပါ၏။ ပိုမိုကောင်းမွန်သည့် နစ်နာကြေးတစ်ခုခု ပြန်မရပါက မည်သူကမှ ဤ အခွင့်အရေးကြီးအား ကြည်ကြည်ဖြူဖြူ လက်လွှတ်ခံကြမည် မဟုတ်ပေ။
သိမ်းပိုက်ခံထားရပြီး ဖြစ်သည့် မီးဖိုလေးလုံး၏ ပိုင်ရှင်နေရာများတွင် ကျင့်ကြံသူတစ်ယောက်စီ ရှိနေပြီဖြစ်သလို အပြင်ဘက်တွင်လည်း ဓမ္မအစောင့်အရှောက်များ ရှိနေပြီဖြစ်သည်။ ပိုင်ရှင်နေရာတွင်ရှိနေသည့် ကျင့်ကြံသူမှာ ထိုအခွင့်အရေးအား ရရှိနိုင်ရန် အမြောက်အမြား ပေးဆပ်ခဲ့ရလောက်ပေသည်။
အခြား မီးဖိုလေးလုံးကိုမူ မည်သူမှ မသိမ်းပိုက်နိုင်သေးသောကြောင့် အခြေအနေများမှာ ယခုလို ရှုပ်ထွေးနေရခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထို မီးဖိုများအား သိမ်းပိုက်ရန် တွေးနေခြင်း မဟုတ်ပေ။ သူသည် လခြမ်းဧကရာဇ်ကြီး သေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေရန် ဆန္ဒမရှိဘဲ စည်းမျဉ်းဥပဒေသ အကျိုးပဲ့များကိုသာ စုပ်ယူချင်နေ၏။
စည်းမျဉ်းဥပဒေသ အကျိုးပဲ့များအား အလုံအလောက် စုပ်ယူနိုင်ပါမှ ဆွဲငင်အားတစ်မျိုးကို ဖန်တီးကာ အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ထပ်၍ စုပ်ယူနိုင်မည်ဖြစ်သည်။ သူသည် ထို မီးဖိုရှစ်လုံးအား အကဲခတ်ကြည့်ရှုလိုက်သောအခါ ၎င်းတို့ထဲ၌ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များ ကြောက်ခမန်းလိလိ စုဝေးနေကြသည်ကို မြင်လိုက်ရ၏။
" ကြည့်ရတာ ငါ နည်းနည်းနောက်ကျသွားပြီထင်တယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ နီမြန်းနေ၏။ သူသည် ထာဝရကြယ်ထိပ်ဆုံးအဆင့် အပြင်ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်နိုင်ရန် ဆံချည်မျှင် တစ်မျှင်စာမျှသာ လိုတော့သည်ဖြစ်ရာ ဤနေရာသို့ မရောက်လာခင်ကတည်းက စိတ်ဆန္ဒများ ပြင်းပြနေခဲ့၏။ ယခုတွင် သူသည် အရာအားလုံး ဖရိုဖရဲဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာတော့သည်။ ထို့ကြောင့် သူသည် ထိုနေရာတစ်ခုလုံးအား ဝေ့ဝိုက်ကြည့်ရှုကာ ကျင့်ကြံသူဆယ်ယောက်ကျော် လုယက်နေကြသည့် မီးဖိုတစ်လုံးအား ပစ်မှတ်ထားလိုက်ပြီးနောက် ၎င်းဆီသို့ ချက်ချင်းဦးတည်ပျံသန်းသွားလိုက်၏။
သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ မြန်ဆန်နေသဖြင့် တအုန်းအုန်းမြည်သံများပင် ထွက်ပေါ်လာ၏။
သို့သော် သူ ရောက်ရှိလာသည်ကို ထိုနေရာတွင် ရှိနေကြသည့် လူတိုင်းမှာ သိထားကြပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ ရှေ့သို့ ပြေးထွက်လာသည်နှင့် ကျန်ရှိနေသေးသည့် မီးဖိုများအား လုယက်နေကြသည့် ကျင့်ကြံသူများမှာ သူ့အား ချက်ချင်းသတိထားမိသွားကြ၏။ ထိုအချိန်တွင် သူတို့ထဲမှ ထာဝရကြယ်ထိပ်ဆုံးအဆင့် သက်လတ်ပိုင်း ကျင့်ကြံသူကြီးတစ်ယောက်မှာ သူ၏ ပြိုင်ဘက်ကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသဖြင့် အမျက်ချောင်းချောင်းထွက်နေ၏။ ထိုအချိန်တွင် သူသည် ဝမ်ပေါင်လဲ့ သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ အရောင်လက်သွားပြီး ညာဘက်လက်ကိုမြှောက်ကာ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
" မင်းက သေချင်နေမှတော့ မင်းရဲ့ စွမ်းအင်နဲ့ သွေးတွေကို ယူပြီး ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကို အားဖြည့်ပေးရတာပေါ့ " ထို သက်လတ်ပိုင်းလူကြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ထာဝရကြယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများမှာ ကောင်းကင်ထဲသို့ ထိုးတက်သွားကာ ဧရာမ ထာဝရကြယ်ကြီးတစ်လုံးအား ဖန်တီးပေးလိုက်ပြီး သူ၏ လက်နှင့်အတူ ပေါင်းစည်းသွား၏။ ထို့ကြောင့် သူသည် အဆုံးအစမရှိလောက်အောင် များပြားသည့် ဖိနှိပ်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ဧရာမလက်ကြီးတစ်ဖက် ပေါ်ပေါက်လာ၏။ ထိုလက်ကြီး သူ့အား ဖမ်းဆုပ်သွားတော့မည် အချိန်မှာပင် ဝမ်ပေါင်လဲ့မှာ အေးစက်စွာပြုံးလိုက်သည်။ ထို့နောက် သူသည် ရှောင်တိမ်းနေခြင်းမရှိဘဲ အရှိန်မြှင့်တင်ကာ ထိုလက်ကြီးအား ဝင်တိုက်ပစ်လိုက်၏။
ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးမှာ တုန်ရီသွားသည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ပိုင်ဆိုင်ထားပြီး အလွန်အင်မတန်မှ အစွမ်းထက်သည့်ပုံပေါ်သော လက်ကြီးမှာမူ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဆုပ်ကိုင်မိလိုက်သည်နှင့် ချက်ချင်းပေါက်ကွဲသွား၏။ သို့ဖြစ်ရာ ၎င်းမှာ ပြင်းအားများကို တောင့်ခံနိုင်စွမ်းမရှိသည့် ပုံပင်။
သူ၏ လက်ကြီး တစ်စစီကြေမွပျက်စီးသွားသည်နှင့် သက်လတ်ပိုင်းကျင့်ကြံသူကြီး၏ နှုတ်မှ သနားစရာကောင်းသည့် အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားချင်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေ၏။ သူသည် ဧရာလက်ကြီးအား ဝင်တိုက်ပစ်လိုက်ပြီးနောက် သက်လတ်ပိုင်းကျင့်ကြံသူကြီး၏ ရှေ့၌ ချက်ချင်းပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ထိုလူကြီးအား တစ်ချက်ပင်မကြည့်ဘဲ သူ၏ လက်ဝါးဖြင့် လှမ်းရိုက်လိုက်တော့သည်။
အုန်း...
ထို လက်ဝါးချက်နှင့် ရိုက်ခတ်မိသွားသည်နှင့် ထာဝရကြယ်တစ်လုံးမှာ ချက်ချင်းပျက်စီးသွား၏။
မောက်မာဝင့်ကြွားနေခဲ့သည့် သက်လတ်ပိုင်းကျင့်ကြံသူကြီးမှာမူ အော်ဟစ်မြည်တမ်းရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားပြီး သူ၏ နတ်ဘုရားဝိညာဉ် တစ်ခုလုံးမှာလည်း ကြေမွသွား၏။ သူသည် ခန္ဓာနှင့်ဝိညာဉ် နှစ်ခုစလုံး ဇီဝိန်ချုပ်သွားပြီဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဘေးနားတစ်ဝိုက်တွင် တိုက်ခိုက်နေကြသည့် အင်အားကြီးအဖွဲ့အစည်းများမှ ပါရမီရှင်များမှာ ဆွံ့အမှင်တက်သွားကြပြီး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
" ဘာတွေဖြစ်နေတာလဲဟ "
" သူက လက်ဝါးချက်တစ်ချက်တည်းနဲ့ ထာဝရကြယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်တာပါလား "
" ဘယ်လို အပြင်ခန္ဓာကိုယ်မျိုးလဲဟ "
ပိုင်ရှင်နေရာများ သိမ်းပိုက်ခံထားရပြီး ဓမ္မအစောင့်အရှောက်များ၏ ဝန်းရံခြင်းကို ခံထားရသည့် မီးဖိုလေးလုံးပင်လျှင် စတင်တုန်ရီလာကြသည်။ မျက်ဝန်းလေးစုံမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသကဲ့သို့ပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့အား မျက်မှန်းတမ်းမိနေကြသည့် မဟာလက်ဝဲတာအိုနယ်မြေထဲမှ ကျင့်ကြံသူအချို့မှာ အော်ပြောလိုက်ကြသည်။
" မင်းက... ဝမ်ပေါင်လဲ့ပဲ "
" ချုံးရိကျစ်ကို အနိုင်ယူခဲ့တဲ့ တာအိုဂြိုဟ်ပိုင်ရှင် ဝမ်ပေါင်လဲ့ပါလား "
ဝမ်ပေါင်လဲ့မှာမူ ထိုဆူညံသံများကို လျစ်လျူရှုထားလိုက်၏။ သူသည် မျက်ဝန်းများ နီမြန်းနေပြီး မီးဖိုများကိုသာ အာရုံစိုက်ထားသည်။ ထို့နောက် သူသည် အရှိန်လျော့ကျသွားခြင်းမရှိဘဲ လှစ်ခနဲလှုပ်ရှားလိုက်ပြီး သူ၏ ပစ်မှတ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးနှင့်အတူ ပြေးလာနေသည်ကို မြင်လိုက်ရသည်နှင့် ထို မီးဖိုကြီး၏ ဘေးနားတစ်ဝိုက်တွင် တိုက်ခိုက်နေကြသည့် ကျင့်ကြံသူဆယ်ယောက်ကျော်မှာ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ သူတို့မှာ အဝေးသို့ ထွက်ပြေးသွားချင်ပါသော်လည်း ဤ အခွင့်အရေးကြီးအား လက်လွှတ်မခံလိုကြပေ။ ထိုအချိန်တွင် မဟာဒိဋ္ဌိနယ်မြေထဲမှ လူငယ်လေးတစ်ယောက်မှာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ကိန်းအောင်နေသော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။
" တခြား မီးဖိုတွေကို လုရတာ ပိုခက်မှာ။ ငါတို့တွေ အတူတူပူးပေါင်းပြီးတော့ ဒီကောင့်ကို ဖိနှိပ်ချုပ်တည်းကြတာပေါ့ "
အကယ်၍ သူတို့မှာ အားအင်ချည့်နဲ့သူများ ဖြစ်ကြပါက တိုက်ခိုက်ရဲကြမည်မဟုတ်ပေ။ သို့သော် သူတို့အားလုံးမှာ ပါရမီရှင်များဖြစ်ရာ မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်သွားကြ၏။ ထို လူငယ်လေး ပြောခဲ့သည့်စကားများမှာ အမှန်ပင်။ အခြား မီးဖိုများ၏ အနီးတွင် ဖြစ်ပွားနေကြသည့် တိုက်ပွဲများမှာလည်း ပြင်းထန်နေပြီဖြစ်ရာ သူတို့သာ ထိုတိုက်ပွဲများထဲသို့ ရောက်သွားမည်ဆိုပါက ပိုင်ရှင်နေရာအား သိမ်းပိုက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်သည်။ လူအရေအတွက်မှာ များပြားလွန်းနေပြီး မီးဖိုများ၏ ပိုင်ရှင်နေရာ အရေအတွက်မှာ နည်းပါးလွန်းနေသည် မဟုတ်ပါလော။
သို့ဖြစ်ရာ သူတို့အားလုံး အတူတကွပူးပေါင်း၍ ထိုကျင့်ကြံသူအား ဖိနှိပ်ချုပ်တည်းခြင်းမှာ ပိုကောင်း ပေသည်။
ထို့ကြောင့် မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ထွက်ခွာသွားကြသည့် သုံးယောက်မှလွဲ၍ အခြားသူများမှာ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရှေ့သို့ ပြေးထွက်လာကြပြီး သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် ဝမ်ပေါင်လဲ့အား ဝိုင်း၍ တိုက်ခိုက်လိုက်ကြတော့သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ထာဝရကြယ်ထိပ်ဆုံးအဆင့် စွမ်းအင်လှိုင်းများမှာ မိုးကောင်းကင်ထဲအထိ ထိုးတက်သွားပြီး အရပ်မျက်နှာအနှံ့၌ ပြည့်နှက်သွား၏။ နတ်ဘုရားစွမ်းရည်များနှင့် ဓမ္မရတနာများ၏ အလင်းရောင်များမှာလည်း မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာသလို စည်းမျဉ်းဥပဒေသ စွမ်းအားများမှာလည်း ဧရာမလှိုင်းလုံးကြီးတစ်လုံးအဖြစ် စုဝေးသွားကြပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
ထို ကျင့်ကြံသူများထဲတွင် ချုံးရိကျစ်ထက် ပို၍ အားအင်ချည့်နဲ့သည့် ကျင့်ကြံသူ တစ်ယောက်မှ မပါပေ။ သူတို့ထဲမှ အချို့မှာဆိုလျှင် ချုံးရိကျစ်ထက်ပင် ပို၍ အစွမ်းထက်ကြပေသည်။ ထို့ကြောင့် သူတို့အားလုံး အတူတကွ ပူးပေါင်း၍ တိုက်ခိုက်လိုက်ကြချိန်တွင် သူတို့၏ အငွေ့အသက်များမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေ၏။
သို့သော်လည်း.... ထိုမျှလောက်နှင့် မလုံလောက်ပေ။