← Chapters

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှအဂ္ဂိရတ်ခန်းမ၏သတင်း

Vol. 80 Ch. 1120

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှအဂ္ဂိရတ်ခန်းမ၏သတင်း

Vol. 80 Ch. 1120

အခန်း (၁၁၂၀) မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှအဂ္ဂိရတ်ခန်းမ၏သတင်း

မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် ‘နတ်ဆိုးချိတ်ပိတ်ရေစင်’ ပြုလုပ်သောနည်းလမ်းတစ်ခု ရှိခဲ့သည်။

ကံမကောင်းသည်မှာ နည်းလမ်းသိရှိသည့်တိုင် ကုန်ကြမ်းပစ္စည်းမရှိသဖြင့် ရန်ကျောက်ကဲမှာ ထိုရေစင်ကို ဖော်စပ်နိုင်စွမ်း မရှိခဲ့ပေ။ ဉာဏ်ကောင်းသောမိန်းကလေးသည်ပင် ဆန်မရှိဘဲ ထမင်းချက်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

ပြီးတော့ ‘နတ်ဆိုးချိတ်ပိတ်ရေစင်’ က ငရဲကိုးထပ်မှ နတ်ဆိုးများနှင့် ရင်ဆိုင်ရာတွင်ပင် အသုံးဝင်သည်မဟုတ်ပေ။

ထိုရေစင်က ‘ချည်မျှင်တစ်ထောင်ရတနာ’ ကဲ့သို့ပင်  အမတမှော်ဝင်ပစ္စည်းပြုလုပ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းကောင်းတစ်ခုလည်း ဖြစ်သည်။

ငရဲကိုးထပ်မှ နတ်ဆိုးများကိုသာ ရင်ဆိုင်နိုင်သည်ဆိုသော အချက်တစ်ခုတည်းဆိုလျှင်တော့ အနည်းငယ် အသုံးမဝင်ဟု ထင်မှတ်ရနိုင်သည်။

ထိုရေစင်ဖြင့်ပြုလုပ်သည့် ရတနာပစ္စည်းတိုင်းက ထိပ်တန်းအဆင့်ထွက်ပေါ်လာသည်ဖြစ်ရာ အလွန်တရာ တန်ဖိုးကြီးသည်ဟု ဆိုနိုင်သည်။

ရန်ကျောက်ကဲကို အထူးစိတ်ကျေနပ်စေသည်ကတော့ ‘နတ်ဆိုးချိတ်ပိတ်ရေစင်’ က အလွန်ရှားပါးပြီး တန်ဖိုးကြီးခြင်း ဖြစ်သည်။ သူ့အရှေ့မှ ဖန်ပုလင်းငယ်က သေးငယ်သည်ထင်ရသော်လည်း တကယ်တမ်းမှာတော့ သမုဒ္ဒရာပမာ အလွန်ပမာဏများလွန်းသည်။

ရန်ကျောက်ကဲက မူမနေတော့ဘဲ ဖန်ပုလင်းလေးကို သိမ်းဆည်လိုက်ရင်း...

“ကျေးဇူးတင်ပါတယ် အကြီးအကဲ’ချူး’”

ထို့နောက် သူက ချူးလီလီကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ဒီ ‘ရန်’ က အရည်အချင်းမရှိပေမယ့် ပြင်ပဗလာနယ်ထဲကို မကြာခဏလှည့်လည်သွားလာလေ့ ရှိတယ် ၊ ဒါကြောင့် အကြီးအကဲခိုင်းတဲ့အလုပ်ကို ကျွန်တော်ကိုယ်တိုင်မလုပ်ဘဲ တခြားတစ်ယောက်ကို အကူအညီတောင်းမယ်ဆိုရင် စိတ်မရှိဘူး မဟုတ်လား”

ထိုစကားကိုကြားတော့ ချူးလီလီက ခဏမျှ စဉ်းစားလိုက်ပြီး...

“မင်းကိုယ်တိုင် အရာအားလုံး လုပ်ဆောင်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ ၊ ဒါပေမဲ့ မင်း မလုပ်နိုင်ဘူးဆိုရင်တော့ အဘိုးကြီး’ယွဲ့’ တို့ကို ဆုံးဖြတ်ခိုင်းစေချင်တယ်”

ရန်ကျောက်ကဲက သူမကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“အကြီးအကဲ ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ့မယ်”

ဤကိစ္စပြီးဆုံးသွားပြီးသည့်နောက် သူတို့စကားဝိုင်းက ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာသည်။ သူတို့ပြောဆိုသည့် စကားအများစုမှာ တာအိုကျင့်ကြံခြင်းနှင့်ပတ်သက်သော စကားများ ဖြစ်ကြ၏။

နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးသည့်နောက် တာအိုကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ချူးလီလီ၏ ကိုယ်ပိုင်အတွေ့အကြုံက အတော်လေး ရင့်ကျက်သည်။

တာအိုနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ၏ ထိုးထွင်းသိမြင်မှုက သာမန်သိုင်းသူတော်စင်များထက် များစွာသာလွန်ကြောင်း သူမ အံ့အားသင့်စွာ သိရှိလိုက်ရသည်။

နောက်ဆုံးမှာတော့ သူတို့က ကောင်းချင်ကို ဝိုင်းပြီး စ နောက် ကျီစယ်ကြပြန်လေရာ ကောင်းချင် ခြေဆောင့်နင်းပြီး အခန်းထဲမှ ထွက်ခွာသွားတော့သည်။

အချိန်အတန်ကြာ စကားပြောဆိုအပြီးမှာတော့ ချူးလီလီက ပြုံးလိုက်ရင်း...

“ဒီနေ့ တကယ့်ကို ပျော်ရပါတယ် ၊ ဒါပေမဲ့ ငါ့ကြောင့် မင်းတို့တွေ အချိန်နှောင့်နှေးကုန်တော့မယ် ၊ ချင်အာလေး... မင်းရဲ့ ဆရာဦးလေးကို ပြန်လိုက်ပို့လိုက်တော့... သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ မရင်းနှီးဘူး မဟုတ်လား”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ကောင်းချင်တို့က ချူးလီလီကို နှုတ်ဆက်စကားဆိုလိုက်ကြသည်။

ကောင်းချင်က...

“ဆရာဦးလေးကို ချင်းဖိန်တောင် ပြန်ပို့ပေးပြီးရင် ဘွားဘွားနဲ့စကားပြောဖို့ ကျွန်မ ပြန်လာခဲ့မယ်နော်”

ချူးလီလီက လက်တစ်ဖက်ဝှေ့ယမ်းပြရင်း...

“သွားကြ သွားကြ”

သူတို့နှစ်ယောက် ခြံဝင်းထဲမှ ထွက်ခွာသွားသည်နှင့် ချူးလီလီမျက်နှာထက်တွင် အထီးကျန်သောအရိပ်အယောင်များ ထင်ဟပ်လာပြီး ကောင်းကင်ထက်သို့မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

အဖြူရောင်မြေခွေးလေးတစ်ကောင်နှင့်ဆင်တူသော ‘ဖေးဖေး’ သားရဲက သူမ၏ပခုံးထက်သို့ ခုန်ထက်လိုက်လေရာ သူ၏အမြီးက ချူးလီလီ၏ မျက်နှာနှင့် ပွတ်တိုက်နေတော့သည်။

သားရဲလေးက...

“စိတ်မကောင်းမဖြစ်ပါနဲ့ လီလီ ၊ နက္ခတ်ဧကရာဇ်သေချာပေါက် အဆင်ပြေမှာပါ ၊ မင်းရဲ့စာကိုရရင် သူ သေချာပေါက် စာပြန်မှာပါ”

ချူးလီလီက ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့်...

“ငါ ဆရာ့ကို သေချာပေါက် ပြန်သွားတွေ့ရမယ် ဖင်းဖင်း”

ထို့နောက် ဗလာကျင်းနေသည့်သူမ၏မျက်ဝန်းများထဲ့ ခံစားချက်အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။

***

ရန်ကျောက်ကဲနှင့် ကောင်းချင်တို့ ချောင်ဟန်တောင်ကြားမှ ထွက်ခွာလာပြီး ယွီကျိုးနယ်ရှိ ချင်းဖိန်တောင်သို့ ပြန်ခဲ့ကြသည်။

သူတို့အတူ ထွက်ခွာလာစဉ် ရန်ကျောက်ကဲက ချောင်ဟန်တောင်ကြား တည်ရှိရာနေရာဆီသို့ လည်ပြန်လှည့်ပြီး စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ဒါကိုမြင်တော့ ကောင်းချင်က မေးခွန်းထုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ ဆရာဦးလေးငယ်”

ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းခါယမ်းရင်း...

“ဘာမှမဟုတ်ပါဘူး သွားကြရအောင်...”

ကောင်းချင်က ချူးလီလီနှင့် အလွန်ခင်မင်ရင်းနှီးလေသည်။ သို့သော် ချူးလီလီ အထက်ဘုံကမ္ဘာမှ ထွက်ခွာလာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် တစ်ယောက်တည်းနေရသည့်အကြောင်းရင်းကို ကောင်းချင်သည်လည်း ရှင်းရှင်းလင်းလင်း မသိရှိပေ။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသည်လည်း ဤအကြောင်းကို သိချင်ကြသည်။ ထို့ကြောင့် အများစုက ပေါ့ပေါ့ဆဆ သဘောမထားဘဲ ချူးလီလီကို စောင့်ကြည့်နေကြသည်။

သို့ဖြစ်ရာ အထက်ဘုံကမ္ဘာမှ ရောက်လာသည့်ရန်ကျောက်ကဲကို အသုံးချပြီး ချူးလီလီကိုစမ်းသပ်ရန် တစ်စုံတစ်ယောက်က ကြံစည်ခဲ့ခြင်း ဖြစ်၏။

ချူးလီလီက သူ၏နေထိုင်ရာမှ အပြင်မထွက်ဘဲ တစ်ကိုယ်တည်းနေထိုင်သည်ဖြစ်ရာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အရေးကြီးသော သတင်းအချက်အလက်များကို ရရှိရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ သူမကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်စရာမရှိပေ။

သို့ပေသိ ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးနှင့် အခြားသူများကတော့ ရန်ကျောက်ကဲအား ချူးလီလီ ပေးအပ်လိုက်သည့် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများကို စိတ်ဝင်စားကြပေမည်။

သူတို့အတူတူ ပြန်လာကြစဉ် ကောင်းချင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

“ဒါနဲ့ ဆရာဦးလေးငယ်... ကျွန်မတို့ ပထမဆုံးတွေ့ဆုံခဲ့တာကို မှတ်မိသေးလား”

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“မှတ်မိတာပေါ့... ဘုံခုနစ်ဆင့်နတ်ဆေးလုံးကမ္ဘာမှာလေ...”

အရင်တုန်းက အဖြစ်အပျက်များကို ရန်ကျောက်ကဲ ပြန်စဉ်းစားကြည့်မိသည်။

ထိုအချိန်တုန်းက ရန်ကျောက်ကဲတို့အုပ်စုသာမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကောင်းချင်၏အဖွဲ့နှင့် မြောက်ဖေးတောင်ထွတ်မှ ဖုထင်၏အဖွဲ့တို့လည်း ရှိနေခဲ့သည်။

ထိုအချိန်က ကောင်းချင်တို့အုပ်စုရော ဖုထင်တို့အုပ်စုပါ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ရရှိရန် ကြိုးပမ်းခဲ့ကြသည်။

ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်နှင့် ခွန်လွန်တောင် မြောက်ဖေးတောင်ထွတ်မှ ကြာပန်းနီကမ်းပါး (၂)ဖွဲ့လုံးတွင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များ ရှိနေကြသည်။

နှစ်ဖက်လုံးက လူအင်အားများပြားကြပြီး ထိုစဉ်အချိန်က ရန်ကျောက်ကဲက ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်သာလျှင် ရှိသေးသည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရယူနိုင်ရန် အတော်လေး ခက်ခဲ၏။

သို့သော် ဖုထင်တို့အုပ်စုနှင့် ကောင်းချင်တို့အုပ်စု ယှဉ်ပြိုင်နေကြချိန် သူက ရိုးရှင်စွာပင် အခွင့်အရေးရယူပြီး အကျိုးအမြတ် ရရှိခဲ့သည်။

ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမက အမှန်တကယ်ပင် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး မြောက်ဖေးတောင်ထွတ်နှင့် ရှောက်ပိုင်တောင်ထွတ်မှ အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင် (၆)ယောက်ကို ဆွဲငင်ဝါးမျိုသွားမည်ဟု မည်သူ ထင်မှတ်ပါမည်နည်း။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုသည်လည်း အတွင်းသို့ဆွဲသွင်းခံလိုက်ရပြီး ဗလာနယ်ထဲသို့ရောက်ရှိသွားကာ အဂ္ဂိရတ်ခန်းမနှင့် ပြန်လည်ချိတ်ဆက်တော့မည်အလား ထင်မှတ်ရသည်။

ထိုမီးပြင်းဖိုနှင့်အတူ ရန်ကျောက်ကဲ ၊ ဖုထင် ၊ ကောင်းချင်တို့အုပ်စုသည်လည်း ဗလာနယ်ထဲသို့ ဆွဲငင် ခံလိုက်ရသည်။

ရန်ကျောက်ကဲက ပရမ်းပတာ ဗလာနယ်ထဲတွင် အသက်ရှင်သန်နိုင်ရန် ကြိုးစားရင်း ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအား လျှို့ဝှက်စွာ ချိတ်ဆက်လှုံ့ဆော်ခဲ့ပြီး အဂ္ဂိရတ်ခန်းမ၏လွှမ်းမိုးနိုင်စွမ်းကို ဖယ်ရှားခဲ့သည်။

ထို့ကြောင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ရန်ကျောက်ကဲလက်ထဲသို့ လျှို့ဝှက်ရောက်ရှိလာခဲ့သည်။

နောက်ပိုင်းတွင်တော့ လျှို့ဝှက်ချက်ဖြစ်သော ဗုဒ္ဓဘာသာနယ်မြေများဆီသို့ရောက်ရှိသွားခဲ့သည်။

သို့သော် စုပ်ယူခံလိုက်ရသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက်၏သတင်းကို လုံးဝ မကြားရတော့ပေ။

ရန်ကျောက်ကဲ ဖုထင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံတော့ ထိုအကြောင်းမေးမြန်းဖြစ်သည်။ ပိုးသားဧကရာဇ်နှင့် မြောက်ဖေးတောင်ထွတ်မှ တန်ခိုးစွမ်းအားရှင်များက သူတို့ကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ကြောင်း သိခဲ့ရသည်။

ရန်ကျောက်ကဲက ကောင်းချင်ကိုကြည့်ရင်း...

“အဲဒီတုန်းက မင်းတို့အဆက်အနွယ်က တာအိုကျင့်ကြံသူတွေလည်း ပျောက်ဆုံးသွားခဲ့တယ် မဟုတ်လား ၊ သူတို့ကို ပြန်ရှာတွေ့သလား ၊ သူတို့အကြောင်း ဘာသတင်းကြားသေးလဲ”

ကောင်းချင်က...

“ဆရာဘိုးဘိုး’ထန်’ နဲ့ ကျန်တဲ့သူတွေဆီက ဘာသတင်းမှ မရဘူး ၊ ဒါပေမဲ့ ဆရာဘိုးဘိုးငယ်က ပြင်ပဗလာနယ်ထဲမှာ ဒဏ္ဍာရီထဲက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရရှိခဲ့တယ်တဲ့”

သူမက စိုးရိမ်သွားဟန်ဖြင့်...

“အခု (၁၀)နှစ်တောင်ကျော်သွားပြီ... အဂ္ဂိရတ်ခန်းမကို ရှာတွေ့နိုင်ရင်တောင်မှ ဆရာဘိုးဘိုး’ထန်’ နဲ့ တခြားသူတွေက.... တစ်ခုခုဖြစ်နေလောက်ပြီ”

ရန်ကျောက်ကဲလည်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။

“သူတို့အားလုံး ကံကောင်းပါစေလို့ ငါ မျှော်လင့်ပါတယ်”

အဂ္ဂိရတ်ခန်းမအကြောင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ဦးစွာသိရှိသွားခြင်းက ကောင်းမွန်သည့်ကိစ္စ ဖြစ်သည်။ သို့သော် လောလောဆယ်မှာတော့ စောင့်ကြည့်သည်က ပိုကောင်းမည်ဟု ရန်ကျောက်ကဲ ခံစားမိ၏။

မဟာကပ်ဘေးကြီး ဖြစ်ပွားခဲ့သည့်တိုင် ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမကို မပျက်ဆီးအောင် အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

သို့ပေသိ လက်ရှိမှာတော့ ဘာကြောင့်မှားမသိ ထူးခြားသည်ဟု ခံစားနေရသည်။

ရှောက်ပိုင်တောင်ထွတ်သို့ပြန်ရောက်သည့်အခါ ကောင်းရွှယ်ပေါ်နှင့် လုန်ဟန့်ဟွာကိုသာတွေ့ရပြီး လုန်ရွှယ်ကျီးကို မတွေ့ရပေ။

ရန်ကျောက်ကဲက သူတို့ကို ဖုံးကွယ်မထားဘဲ အကြောင်းအရာအားလုံးကို အကျဉ်းချုပ် ပြောပြလိုက်သည်။

ရန်ကျောက်ကဲစကားများကို နားထောင်ရင်း လင်ဟန့်ဟွာက လေးနက်စွာတွေးတောနေပြီးမှ...

“ဒီစာကို ကျန့်ဟွမ်ဓားဧကရာဇ် ဒါမှမဟုတ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို ပေးရမယ် ၊ မိန်းမပျိုဧကရာဇ်ကိုတော့ မပေးရဘူးဆိုတော့...”

သူက ရန်ကျောက်ကဲကို ကြည့်ရင်း...

“ကျောက်ကဲ... ဒီအလုပ်ကို မင်းလုပ်ချင်ရင် ဆက်လုပ်လို့ရတယ် ၊ ဒါပေမဲ့ ဖိအားတွေများတယ်ဆိုရင်တော့ မင်းကိုယ်စား တခြားတစ်ယောက်ကို လုပ်ခိုင်းလိုက်ပါ ၊ ဘာမှ အဆင်မပြေတာမျိုး ဖြစ်မှာမဟုတ်ပါဘူး”

ဤကိစ္စက ရန်ကျောက်ကဲအတွက် ကံကောင်းခြင်းထက် ကပ်ဘေးနှင့် ရင်ဆိုင်ရနိုင်သည်ဟု ကောင်းရွှယ်ပေါ်က ယူဆသည်။

ချူးလီလီ၏စာကို ယူဆောင်သွားခြင်းက မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ ကို စော်ကားသလိုဖြစ်သွားလျှင် ကောင်းမည် မထင်ပေ။

ထို့ကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလူတစ်ယောက်က ဤကိစ္စကို ကိုင်တွယ်ပေးလျှင် ပိုမိုကောင်းမွန်နိုင်သည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကိစ္စမရှိပါဘူး ဆရာဦးလေး’ကောင်း’ ၊ ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်”

ရန်ကျောက်ကဲ စကားကိုကြားတော့ ကောင်းရွှယ်ပေါ်က ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အထက်ဘုံကမ္ဘာက သတင်းရောက်လာတယ်”

သူက ဆက်ပြောသည်။

“ဒီမနက်ပဲ အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာက မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးကို ဝင်တိုက်တယ်တဲ့”

All Chapters