ကစားပွဲစပြီ
Vol. 129 Ch. 1790
“အရူးတွေ၊ ရှင်တို့ သုံးယောက်က ကောင်းနေတဲ့ အခြေအနေကို ဖျက်ဆီးလိုက်ကြတာပဲ”
ကော့ချန်မြို့ထဲတွင် တစ်ကြိမ်မှ ဒေါသမထွက်ခဲ့ဖူးသော ဖုန့်နီတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ဒေါသထွက်နေလေသည်။
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် ထိုမင်းသမီးလေးထက် များစွာပို၍ အသက်ကြီးသော်လည်း မည်သို့မှ ပြန်မပြောဝံ့ဘဲ နီရဲသောမျက်နှာများနှင့်သာ ရပ်နေကြသည်။ ဖုန့်နီမှာ ငယ်ရွယ်သော်လည်း သူမ ဒေါသထွက်သောအခါ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ ထူးခြားသော ဖိအားတစ်ခုကို ခံစားရပေသည်။ သူတို့သည် ဧကရာဇ်တစ်ပါး၏ ဆူပူကြိမ်းမောင်းမှုကို ခံနေရသကဲ့သို့ပင်။
“ရှင်တို့ မသွားခင်ကတည်းက ရှင်တို့ အလျင်စလို မလုပ်ရင် နိုင်လိမ့်မယ်လို့ ကျွန်မ ပြောခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ ရှင်တို့က ဘာလုပ်ခဲ့လဲ။ ရန်သူတပ်သားတစ်သန်းလောက်ကို သတ်နိုင်ခဲ့တာက ရှင်တို့ တော်လွန်းလို့လို့ ထင်နေကြတာလား။ အခု ရှင်တို့ကြောင့် ထိပ်သီးတပ်သားငါးသန်းလောက်ကို ဆုံးရှုံးလိုက်ရပြီ”
ဖုန့်နီ၏ မျက်နှာထားက အေးစက်နေ၏။ သူမ၏ လှပသော မျက်ခုံးလေးများကလည်း ကုပ်နေသည်။ သူမသာ အကြိမ်ကြိမ် မှာလိုက်လျှင် ရင့်ကျက်သော ကော့ချန်ဘုရင်က အမှားမလုပ်လောက်ဟု သူမ ထင်ခဲ့မိ၏။ သို့သော် သူမ ကော့ချန်ဘုရင်ကို ပိုတွက်ခဲ့မိခြင်းပင်။
အသုံးမကျသော စစ်သူကြီးက စစ်တပ်တစ်တပ်လုံးကို ပျက်စီးစေနိုင်ပေသည်။
ဖုန့်နီ၏ ဗျူဟာက မည်သို့မှ မမှားပါ။ ဗျူဟာကို အကောင်အထည်ဖော်ရန် သွားသည့် စစ်သူကြီးကသာ အသုံးမကျ၍ ကောင်းနေသော အခြေအနေ ပျက်သွားခဲ့ရခြင်းဖြစ်သည်။
ကော့ချန်ဘုရင်သည် မျက်မှောင်ကြုတ်နေသော ဖုန့်နီကို ကြည့်၍ ကြောက်ရွံ့စွာ ပြန်ပြောလိုက်၏။
“မင်းသမီးနီ... ဒီအခြေအနေကလည်း သိပ်မဆိုးသေးဘူး မဟုတ်လား။ ရန်သူဘက်မှာ တပ်သားအများကြီး မကျန်တော့ပါဘူး။ ကျုပ်တို့ဘက်မှာက တပ်သားဆယ့်နှစ်သန်း ရှိပါသေးတယ်။ အဲ့အရေအတွက်က ရန်သူ့ရဲ့အင်အားထက် နှစ်ဆကျော်လောက် များပါတယ်။ ဘာပြဿနာမှသာ ရှိမလာဘူးဆိုရင် ကျုပ်တို့ နိုင်နိုင်ပါသေးတယ်”
“နိုင်မှာလား”
ဖုန့်နီက လှောင်ပြုံးပြုံး၍ ခေါင်းခါလိုက်၏။
“ကျွန်မက အဲ့အရှင်ကျိုးကို ပိုတွက်ခဲ့မိပြီလို့ ထင်နေတာ၊ တကယ်တော့ လျှော့တွက်ခဲ့မိတာပဲ။ ဟူး... ဒီအရှုံးအတွက် ကျွန်မမှာလည်း တာဝန်ရှိပါတယ်။ ကျွန်မသာ ကိုယ်တိုင်လိုက်လာမယ်ဆိုရင် ရှင်တို့ ဒီလိုရှုံးလာမှာ မဟုတ်ဘူး။ တပ်သားသန်းဂဏန်းနည်းနည်းလောက် သေသွားတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ရှင်တို့ အခြေအနေကို လုံးဝ ပြောင်းပြန်လှန်နိုင်မှ ရမယ်။ အခု ရန်သူဘက်က အသာစီးရသွားပြီ။ ဒါပေမဲ့ ကျွန်မတို့ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကို ခုခံနိုင်မယ်ဆိုရင် နိုင်နိုင်ခြေရှိလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်မတို့ ရှုံးမှာပဲ”
“တန်ပြန်တိုက်စစ်လား”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ပါးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ တုန်လှုပ်ကာ အံ့အားသင့်သွားကြသည်။ ပူနီဧကရာဇ်၏ တမန်တတော်က မေးလိုက်၏။
“မင်းသမီးနီ... အဲ့ဒါက ဖြစ်နိုင်ပါ့မလား။ သူတို့က သူတို့ရဲ့အင်အားလေးနဲ့ တန်ပြန်တိုက်စစ်ဆင်ရဲပါ့မလား၊ သူတို့ရဲ့ သန်းရာချီတဲ့ သာမန်မျိုးနွယ်ဝင်တွေကို အရေးမစိုက်တော့ဘူးလား။ သူတို့ တန်ပြန်တိုက်စစ်ဆင်မယ်ဆိုရင်လည်း ကျုပ်တို့ မကြောက်ပါဘူး။ ကျုပ်တို့ဘက်မှာ တပ်သားဆယ်သန်းကျော် ရှိနေသးတာပဲ”
“ရှင်က ဘာသိလို့လဲ”
ဖုန့်နီသည် မျက်လုံးပင့်၍ သက်ပြင်းသဲ့သဲ့ချကာ ရှင်းပြလိုက်သည်။
“ကျွန်မတို့ အကုန်လုံးက အဲ့အရှင်ကျိုးကို လျှော့တွက်ခဲ့မိတာပဲ။ ဒီတစ်ခေါက် သူတို့ရဲ့ ဗျူဟာက ပြီးပြည့်စုံတယ်လို့ ပြောလို့ရတယ်။ အဲ့အရှင်ကျိုးက သူ့ရန်သူတွေအပေါ် ရက်စက်ရုံတင်မကဘူး သူ့ဘက်သားတွေအပေါ်မှာလည်း ရက်စက်တာပဲ။ သူက မျက်တောင်တစ်ချက်မခတ်ဘဲ သိန်းချီတဲ့ တပ်သားတွေကို အသေခံခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း စွမ်းအားကြီးတယ်။ အဲ့လို ကြောက်ဖို့ကောင်းတဲ့သူတစ်ယောက်ကို ကျွန်မ မကြားဖူးဘူး”
ဖုန့်နီက ခဏမျှ စကားစရပ်ပြီးမှ ဆက်ပြောသည်။
“သူ့နေရာမှာ တခြားသူတစ်ယောက်ဆိုရင် ကျွန်မ ဒီလောက်အဆိုးမြင်နေမှာ မဟုတ်ဘူး။ ကျွန်မမှန်းတာသာ မမှားရင် သူက သူ့တပ်တွေကို ခေါ်လာလောက်ပြီ။ သူတို့မှာ တပ်သားတွေကို ထည့်ထားနိုင်တဲ့ အရမ်းကျယ်တဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခု ရှိပုံပဲ။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့ ထောက်လှမ်းရေးတွေက သူတို့ရဲ့ တပ်ဖွဲ့တွေကို မထောက်လှမ်းနိုင်ခဲ့တာ။ ဒီတစ်ခေါက် ကျွန်မတို့ ထပ်သီးတပ်သားငါးသန်းကျော် ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒါက ကျွန်မတို့စစ်တပ်ရဲ့ စိတ်ဓာတ်အပေါ် သက်ရောက်မှုအကြီးကြီး ရှိတယ်။ ကျွန်မတို့ သူ့ကို မြို့နည်းနည်းထဲ ဖောက်ဝင်ခွင့်ပေးလိုက်ရင် ကျွန်မတို့စစ်တပ်ရဲ့ စိတ်ဓာတ်က အောက်ဆုံးအထိ ကျသွားလိမ့်မယ်။ အဲ့ကျရင် ရန်သူကိုခုခံဖို့ တပ်သားဆယ့်နှစ်သန်းမပြောနဲ့ သန်းငါးဆယ်ဆိုရင်တောင် လောက်တော့မှာ မဟုတ်ဘူး”
“သန်းရာချီတဲ့ သာမန်မျိုးနွယ်ဝင်တွေ အတွက်ကတော့... အခု ကျွန်မတို့စစ်တပ်ရဲ့ စိတ်ဓာတ်အင်အားက အားနည်းနေတော့ ရှင်တို့ တပ်ဖွဲ့တွေကို ခေါ်ပြီး သွားတိုက်မယ်ဆိုရင်တောင် အရှင်ကျိုးကပဲ ရှင်တို့ကို သင်ခန်းစာ ပေးလိုက်လိမ့်မယ်။ ရှင်တို့ တပ်သားဘယ်လောက် ခေါ်သွားပါစေ ရှင်တို့ပဲ သေမှာပဲ။ တစ်ဘက်က အသာစီးရနေရင် ကျန်တစ်ဘက်က ခုခံလို့ပဲ ရမယ်။ မဟုတ်ရင် ရလဒ်က ပျက်သုဉ်းခြင်း ဖြစ်သွားလိမ့်မယ်။ ရှင်တို့ ကျွန်မကို မယုံရင် အပြင်ကိုသွားပြီး ထောက်လှမ်းရေးတွေကို မေးကြည့်လိုက်။ အခုလောက်ဆို သတင်းတွေ ရောက်နေသင့်ပြီ”
ဖုန့်နီသည် ရှင်းပြပြီးနောက် မည်သို့မှ ဆက်မပြောတော့ဘဲ အလေးအနက်သာ တွေးတောနေလိုက်သည်။
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ရွေးချယ်စရာမရှိတော့ဘဲ ထွက်သွားလိုက်ရလေသည်။ သို့သော် ငါးမိနစ်ကြာပြီးနောက် သူတို့သုံးယောက်စလုံး မျက်စိပျက်မျက်နှာပျက်နှင့် ပြန်ရောက်လာကြသည်။
“မင်းသမီးက အမြော်အမြင်ကြီးလိုက်တာ”
ကော့ချန်ဘုရင်က ဦးညွှတ်၍ ပြောလိုက်၏။
“ကွေ့လုမြို့ ကျိုးပျောက်သွားပြီလို့ ကျုပ် သတင်းရပါတယ်။ မြို့ထဲက တပ်သားခုနစ်သိန်းကျော်လည်း ရှင်းပစ်ခံလိုက်ရပါတယ်”
အရာအားလုံးက ဖုန့်နီ၏ ခန့်မှန်းချက်ထဲတွင် ရှိနေသည်။ ကျန်းရီက အလွန်ကျယ်သော လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို သုံး၍ သူ့တပ်သားများကို ထည့်ခေါ်ကာ လျှို့ဝှက်ရောက်ရှိလာပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ကွေ့လုမြို့မှာ ကော့ချန်မြို့၏ မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်မှ ခံတပ်ဖြစ်သည်။ ဖုန့်နီသည် ကွေ့လုမြို့တွင် တပ်သားခုနစ်သိန်း ထားထားသည်။ သို့သော် ထိုတပ်သားများသည် ကျန်းရီ၏ အလစ်ဝင်တိုက်မှုကို ခံရကာ အလွယ်တကူ ရှုံးနိမ့်သွားကြပေသည်။
ဖုန့်နီသည် တင်ပြမှုကို မကြားသယောင် ပြုနေ၏။ သူမသည် လက်ဖက်ရည်ခွက်ကို ကိုင်လျက် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ကို လျစ်လျူရှုကာ အတွေးနက်နေသည်။
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အတော်ကြာအောင် ရပ်နေရ၏။ နောက်ဆုံးတွင် ကော့ချန်ဘုရင် မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
“မင်းသမီးနီ... သူတို့ဘက်မှာ အရမ်းကျယ်တဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင် ရှိနေရင် ဘာလို့ အစကတည်းက တပ်သားတွေခေါ်ပြီး လာမတိုက်တာလဲ။ အဲ့လိုဆို လုံအောင်းနဲ့ တပ်သားနှစ်သန်းက ကျုပ်တို့ကြောင့် သေခဲ့မှာ မဟုတ်ဘူး။ ဘာလို့ သူတို့က အခုမှ တန်ပြန်တိုက်စစ်ဆင်နေရတာလဲ”
ကော့ချန်ဘုရင်သည် ထိုအကြောင်းကို နားမလည်နိုင်ပေ။ တမန်တော်နှစ်ယောက်မှာလည်း နားမလည်ပါ။ ဖုန့်နီက မျက်လုံးဖွင့်လိုက်၏။ သူမမျက်ဝန်းများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။ သူမ ခပ်ဖွဖွ ခေါင်းခါကာ ပြောလိုက်သည်။
“ရှင် ဒီအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်တာ ဉာဏ်ကောင်းလို့ပဲ။ အဲ့ဒါတောင် အဲ့လိုရိုးရှင်းတာလေးကို နားမလည်နိုင်ဘူးလား။ အစတုန်းက သူတို့က အရှေ့ဒေသရဲ့ အခြေအနေကို မသိထားဘူးလေ။ အဲ့တော့ မဆင်မခြင် လုပ်ပါ့မလား။ အဲ့အရှင်ကျိုးဆိုတာ ဉာဏ်ကောင်းတဲ့သူပဲ။ ဉာဏ်ကောင်းတဲ့သူတစ်ယောက်က ဘယ်တော့မှ ပြင်ဆင်မှုမရှိဘဲ မတိုက်ဘူး...”
“အခု သူတို့က တိုက်ပွဲကြီးတစ်ပွဲကို အနိုင်ရလိုက်ပြီး အသားစီးရထားပြီ။ အရှင်ကျိုးရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဘယ်လိုလုပ် ဆက်မတိုက်ဘဲ နေမှာလဲ။ သူ အဲ့လိုတောင် မတွေးနိုင်ရင် ရှင်တို့ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ နားမလည်ကြသေးပါ။ သို့သော် ထပ်မေးရန်လည်း မကောင်းတော့သဖြင့် ကော့ချန်ဘုရင် ဦးညွှတ်၍သာ ပြောလိုက်သည်။
“မင်းသမီးနီ... အခု ကျုပ်တို့ ဘာလုပ်သင့်လဲ။ သူတို့ကို ဒီအတိုင်း ဟိုမြို့၊ ဒီမြို့မှာ တပ်သားတွေကို ဆက်သတ်ခွင့် ပေးရမှာလား။ ဒီအတိုင်းဆက်သွားရင် စစ်တပ်ရဲ့ စိတ်ဓာတ်က ပျက်ပြားသွားလိမ့်မယ်။ အဲ့ကျရင် ကျုပ်တို့ ရန်သူကို ခုခံနိုင်တော့မှာ မဟုတ်ဘူး”
ဖုန့်နီက လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်၏။
“အရင်ဆုံး တပ်အကုန်လုံးစုလိုက်ပါ။ ပြီးရင် ကော့ချန်မြို့အပြင်မှာ နေရာယူခိုင်းလိုက်ပါ”
ကော့ချန်ဘုရင် အတန်ငယ် ခေါင်းရှုပ်သွား၏။
“တပ်တွေအကုန်လုံးကို စုရမှာလား။ အဲ့ဒါဆို ကျုပ်တို့က သာမန်မျိုးနွယ်ဝင်တွေကို အရေးမစိုက်တော့ဘူးလား။ တကယ်လို့ ရန်သူက သာမန်မျိုးနွယ်ဝင်တွေကို စသတ်ရင် စစ်တပ်ရဲ့ စိတ်ဓာတ်က ပျက်သွားမှာပဲ”
ဤတစ်ကြိမ်တွင် အရှေ့ဒေသထဲမှ ထောင်ချီသော မျိုးနွယ်များက ပြောင်းရွှေ့လာခဲ့သည်။ သူတို့အရေအတွက် သန်းထောင်ချီရာ သူတို့ကို နေရာပေးရန် တောင်တန်းအနည်းငယ်လောက်နှင့် မလုံလောက်ပေ။ ယခုတွင် ထိုသန်းထောင်ချီသော မိစ္ဆာများက ကော့ချန်မြို့၏ အနီးပတ်ဝန်းကျင်မှ ရာချီသော တောင်တန်းများတွင် အချေချနေထိုင်နေကြသည်။ အကယ်၍ ထိုတောင်တန်းများမှ တပ်များကို ပြန်ခေါ်လိုက်လျှင် သာမန်မျိုးနွယ်ဝင်များသည် အရှင်မချင်းလင်း၏ လက်အောက်ခံဟောင်းများ လာသတ်မည်ကို စောင့်နေရသလို ဖြစ်သွားပေလိမ့်မည်။
“သူတို့ကို အရေးစိုက်မနေနဲ့”
ဖုန့်နီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူမ သတ်ဖြတ်အရှိန်အဝါနှင့် ဆက်ပြောလိုက်သည်။
“စစ်တပ်ပျက်ရင် သူတို့တွေလည်း သေရမှာပဲ။ ဒီအခြေအနေမှာ ကျွန်မတို့က အဲ့အဆင့်နိမ့်မိစ္ဆာတွေကို ဘယ်လိုလုပ် ဂရုစိုက်နေနိုင်ဦးမှာလဲ။ ပြီးတော့ ရန်သူကရော သန်းထောင်ချီတဲ့ မိစ္ဆာတွေကို အကုန်သတ်နိုင်မှာတဲ့လား။ ရှင်တို့ မရှုမလှ မရှုံးချင်ရင် တပ်တွေအကုန်လုံးကို ချက်ချင်း စုစည်းပြီး ကော့ချန်မြို့အပြင်မှာ အသင့်နေခိုင်းထားလိုက်။ စစ်တပ်ထဲမှာ ဆူဆူပူပူ ဖြစ်လာရင်လည်း တစ်သွေးတစ်သံတစ်မိန့်နဲ့ ဖိနှိပ်ထား”
“နားလည်ပါပြီ”
ဖုန့်နီ၏ သတ်ဖြတ်အရှိန်အဝါကို ခံစားမိသောအခါ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ တုန်လှုပ်သွားကြ၏။ သူတို့ မည်သို့မှ အတွန့်မတက်ဝံ့တော့ဘဲ စီစဉ်စရာရှိသည်များကို စီစဉ်ရန် ထွက်သွားလိုက်ရတော့သည်။
ဖုန့်နီလည်း ပြန်မထိုင်တော့ဘဲ ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ မြောက်ဘက်ကို ကြည့်လိုက်၏။ ထို့နောက် အေးစက်စက်ပြုံးကာ တီးတိုးရေရွတ်လိုက်သည်။
“အရှင်ကျိုး... ကစားပွဲ စပြီ။ ကောင်းကင်မိစ္ဆာဘုံထဲက ဘယ်သူကမှ ကျွန်မကို အနိုင်မယူနိုင်ဘူး။ ရှင်လည်း... အနိုင်မယူနိုင်ဘူး”
***