ပြောင်မြောက်သော ရွှေ့ကွက်
Vol. 129 Ch. 1792
ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်ကို အလွယ်တကူ ရှာတွေ့လိုက်၏။ သူတို့က ပျင်းရိစွာနှင့် အဆင့်နိမ့်မိစ္ဆာများကို သတ်ဖြတ်နေကြ၏။ သူတို့အဆင့်တွင်ရှိသူများအတွက် အဆင့်နိမ့်မိစ္ဆာများကို သတ်ရခြင်းမှာ ပျော်စရာ မကောင်းပါ။
“မသတ်ကြနဲ့တော့... ပြန်ဆုတ်ကြပါ”
ကျန်းရီက ကြမ်းကြုတ်နဂါးဘုရင်တို့ သုံးယောက်ထံ အသံပို့လွှတ်လိုက်၏။ သူတို့ တုန်လှုပ်သွားကြပြီး ဤနေရာသို့ စွမ်းအားကြီး ရန်သူများ ရောက်လာပြီလောဟု တွေးမိလိုက်ကြသည်။ ချက်ချင်းပင် သူတို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်ကြသည်။ ကျန်းရီလည်း မိုင်တစ်ရာ ပြန်ဆုတ်ပြီးမှ ကိုယ်ပြန်ဖော်လိုက်သည်။ သူ ကြမ်းကြုတ်နဂါးဘုရင်တို့ ရောက်လာသည်အထိ စောင့်ပြီးနောက် လေသံတိုးတိုးနှင့် ပြောလိုက်လေသည်။
“ဆက်မသတ်ကြနဲ့တော့။ သူတို့ရဲ့ စစ်တပ်က မလှုပ်ရှားဘူး။ ပြီးတော့ သူတို့က သတင်းတွေကို ပိတ်ဆို့ထားတယ်။ ခင်ဗျားတို့ အဆင့်နိမ့်မိစ္ဆာတွေ အကုန်လုံးကို သတ်လိုက်ရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်တို့၏ မျက်နှာများ မည်းမှောင်သွားကြ၏။ သူတို့ မည်သို့ဆက်လုပ်ရမည်ကို မသိကြတော့ပေ။ ကန်းဟန့်ဘုရင်က သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းများနှင့် ပြောလိုက်သည်။
“ကျုပ်တို့ ကော့ချန်နယ်မြေထဲ ပေါ်တင်ဝင်သွားပြီး သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ကြရင်ရော”
“အင်း... ကျွန်တော်တို့ တိုက်ရမှာပါ၊ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး”
ကျန်းရီသည် ဆောင်းဥတုပုလဲထဲမှ တပ်သားအားလုံးကို ထုတ်လိုက်၏။ တစ်နာရီကြာပြီးနောက် တပ်သားအားလုံး အပြင်ကို ရောက်လာသည်။ ထို့နောက် ကျန်းရီသည် မြေပုံတစ်ချပ်ကို ထုတ်၍ အမိန့်ပေးလိုက်သည်။
“ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နဲ့ ကောင်းကင်ဂဠုန်ဘုရင်... ခင်ဗျားတို့က တပ်သားနှစ်သိန်းစီ ဦးဆောင်ပြီး သုံးဘက်သုံးတန်က ဖိအားပေးပါ။ မှတ်ထားပါ... ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ တာဝန်က အဆင့်နိမ့်မိစ္ဆာတွေကို သတ်ဖို့မဟုတ်ဘူး၊ သူတို့ ကော့ချန်နယ်မြေထဲ ထွက်ပြေးသွားအောင် မောင်းဖို့ပဲ။ ခင်ဗျားတို့ နားလည်ရဲ့လား”
“မောင်းရမှာလား”
ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများက တစ်ချိန်တည်း လင်းလက်လာ၏။ သူတို့ ကျန်းရီ၏ ရည်ရွယ်ချက်ကို နားလည်သွားကြပေပြီ။ ထိုအဆင့်နိမ့်မိစ္ဆာများကို ကော့ချန်နယ်မြေထဲ မောင်းသွင်းလိုက်လျှင် ရန်သူစစ်တပ်၏ စိတ်ဓာတ် ကျဆင်းသွားရုံသာမက စစ်အခင်းအကျင်းလည်း ပျက်သွားနိုင်ပေသည်။ ရန်သူ၏ စစ်အခင်းအကျင်းက ဖရိုဖရဲ ဖြစ်သွားလျှင် သူတို့ ကော့ချန်မြို့ထဲအထိ သတ်ဖြတ်၍ ဝင်သွားနိုင်ပေလိမ့်မည်။
“မှတ်ထားဖို့ နောက်တစ်ခု ရှိသေးတယ်”
ကျန်းရီက ထပ်မံ၍ အသံပို့လွှတ်လိုက်၏။
“သူတို့ကို အရမ်းမြန်မြန်ကြီး မလိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ အခင်းအကျင်းက ဖရိုဖရဲ ဖြစ်သွားလို့ မရဘူး။ ပြီးတော့ ခင်ဗျားတို့ ကျွန်တော်ပြတဲ့ လမ်းကြောင်းကပဲ ချီတက်ရမယ်။ တကယ်လို့ ကိစ္စတစ်ခုခု ရှိလာရင် အဲ့ဘက်မှာ စုစည်းပါ။ ရန်သူနဲ့ ထိပ်တိုက် မတိုက်ခိုက်ပါနဲ့”
“ဟုတ်ကဲ့ပါ”
ကြမ်းကြုတ်နဂါးဘုရင်တို့ သုံးယောက်သည် အမိန့်နာခံပြီးနောက် ထွက်သွားကြ၏။ ကျန်းရီလည်း ကော့ချန်နယ်မြေထဲသို့ တစ်ကိုယ်တော် ပြန်ခိုးဝင်လိုက်သည်။ သူက အတော်ဆုံး ထောက်လှမ်းရေးပင်။ နယ်မြေထဲတွင် တပ်သားများ ပြည့်နှက်နေပြီး ပုန်းကွယ်နေကြသော ထောက်လှမ်းရေးများလည်း ရှိသည်။ ထို့ကြောင့် အခြားထောက်လှမ်းရေးများဆိုလျှင် နယ်မြေထဲ နက်နက်ရှိုင်းရှိုင်း ဖောက်ဝင်နိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းရီကိုယ်တိုင် သွားရောက်ထောင်လှမ်းပါမှ ရန်သူ၏ လှုပ်ရှားမှုတိုင်းကို သိနိုင်မည်ဖြစ်သည်။ ရန်သူ၏ လှုပ်ရှားမှုများကို သိမှသာ သူတို့ လျင်မြန်စွာ ပြန်တုံ့ပြန်နိုင်မည်လည်း ဖြစ်သည်။
နာရီနှစ်ဆယ်ကျော်ကြာပြီးနောက် ကျန်းရီသည် ကော့ချန်နယ်မြေအနီးရှိ တောင်ထွတ်တစ်ခုဆီသို့ ထပ်မံပြန်သွား၏။ ဤတစ်ကြိမ်တွင် သူ အကြာကြီးစောင့်နေခဲ့သော်လည်း အရှေ့ဒေသ မဟာမိတ်စစ်တပ်က မလှုပ်ရှားသေးပေ။ ထောက်လှမ်းရေးများကတော့ တစ်ယောက်ပြီးတစ်ယောက် သတင်းလာပို့ကြသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့က အဆင့်နိမ့်မိစ္ဆာများကို မောင်းနေကြပြီဖြစ်ကြောင်း ထင်ရှားပေသည်။
အဆင့်နိမ့်မိစ္ဆာများ ကော့ချန်နယ်မြေထဲ ရောက်လာရန် အချိန်တစ်ခု လိုပေလိမ့်မည်။ အဆင့်နိမ့်မိစ္ဆာများ၏ အမြန်နှုန်းက နှေးသည် မဟုတ်ပါလား။ သူတို့ ဤနေရာသို့ ရောက်လာရန် အနည်းဆုံး အနိမ့်ဘုံအချိန် ဆယ်ရက် လိုပေလိမ့်မည်။
ကျန်းရီ အလျင်လိုမနေပါ။ သူ အရှေ့ဒေသ မဟာမိတ်စစ်တပ်ကိုသာ တိတ်တဆိတ် စောင့်ကြည့်နေပြီး ဖုန့်နီက ပြဿနာများကို ဖြေရှင်းမည့် အချိန်ကို စောင့်နေလိုက်သည်။
ကျန်းရီ၏ ဗျူဟာမှာ အလွန်ပြောင်မြောက်သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့ကသာ အဆင့်နိမ့်မိစ္ဆာ သန်းရာချီကို ကော့ချန်နယ်မြေထဲ မောင်းသွင်းနိုင်လိုက်လျှင် အရှေ့ဒေသ မဟာမိတ်စစ်တပ်က ချက်ချင်း ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်သည်။ ထိုစစ်တပ်ထဲမှ တပ်သားများက သူတို့၏မျိုးနွယ်ဝင်များ လိုက်သတ်ခံနေရသည်ကို တွေ့လျှင် မည်သို့ ဝင်မကူဘဲ နေနိုင်ကြပါမည်နည်း။
ထို့ပြင် အဆင့်နိမ့်မိစ္ဆာများစွာက စစ်တပ်ထဲ ပြေးလာလျှင် စစ်အခင်းအကျင်းမှာ မည်သို့တည်ငြိမ်နိုင်ပါဦးမည်နည်း။ တပ်သားများက သူတို့မျိုးနွယ်ဝင်များကိုတော့ မသတ်နိုင်လောက်သည် မဟုတ်လော။ ထိုအခါ စစ်အခင်းအကျင်းက အလွယ်တကူ ပျက်သွားပြီး ကြမ်းကြုတ်နဂါးဘုရင်တို့က သူတို့ကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
‘ဖုန့်နီ... ဒီတစ်ခေါက် ဒီအခြေအနေထဲကနေ မင်း ဘယ်လို ဖောက်ထွက်မလဲ ကြည့်ကြသေးတာပေါ့’
ကျန်းရီ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ကျွမ်းကျင်ကျားသမားနှစ်ယောက်က ကျားကစားနေသကဲ့သို့ပင်။ ကျန်းရီက ပြောင်မြောက်သော ရွှေ့ကွက်တစ်ကွက်ကို ရွှေ့လိုက်ပေပြီ။ ယခုတွင် အခြားတစ်ဘက်က မည်သို့ ပြန်တုံ့ပြန်မည်ကိုသာ စောင့်ကြည့်ရပေမည်။
***
“မင်းသမီး... မကောင်းတော့ပါဘူး”
ကော့ချန်မြို့ထဲတွင် ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့က သုတ်သီးသုတ်ပြာ ဖြစ်နေကြ၏။ ကော့ချန်ဘုရင်က ချက်ချင်း တင်ပြလိုက်သည်။
“ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နဲ့ ကောင်းကင်ဂဠုန်ဘုရင်တို့က တပ်သားနှစ်သန်းစီကို ဦးဆောင်ပြီး ဝံပုလွေနီနယ်မြေ၊ သံမြွေနယ်မြေနဲ့ ကြံ့နယ်မြေတွေကနေပြီး လာနေတယ်လို့ ထောက်လှမ်းရေးတွေက တင်ပြလာပါတယ်။ သူတို့က ကျုပ်တို့ဘက်က အဆင့်နိမ့်မိစ္ဆာတွေကိုလည်း ကော့ချန်နယ်မြေဘက်ကို မောင်းလာပါတယ်...”
“အခု အဆင့်နိမ့် မိစ္ဆာတွေက ကော့ချန်နယ်မြေဆီကို အသည်းအသန် ပြေးလာကြပါပြီ။ သူတို့ မကြာခင် ဒီကို ရောက်လာကြပါတော့မယ်...”
“ပြီးတော့ အနီးနားတောင်တွေက အဆင့်နိမ့်မိစ္ဆာတွေကလည်း သတင်းရလိုက်လို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။ သူတို့ကို မထိန်းချုပ်နိုင်ရင် အကုန်လုံး ကော့ချန်နယ်မြေထဲ အစုလိုက် အပြုံလိုက် တိုးဝင်လာကြပါလိမ့်မယ်”
တမန်တော်နှစ်ယောက်လည်း မျက်နှာညှိုးနေကြသည်။ အဆင့်နိမ့်မိစ္ဆာများသာ ကော့ချန်နယ်မြေထဲ ရောက်လာပြီး စစ်တပ်ထဲ ပြေးဝင်လာသည်နှင့် တပ်ပျက်နိုင်မည့် အန္တရာယ် ရှိပေသည်။
စစ်တပ်၏ စိတ်ဓာတ်က ကျဆင်းနေပြီးဖြစ်သည်။ မျိုးနွယ်များမှာလည်း မစည်းလုံးကြပါ။ အကယ်၍ မိမိတို့၏ မျိုးနွယ်ဝင်များက လိုက်သတ်ခံနေရသည်ကို မြင်လိုက်လျှင် ထိုမျိုးနွယ်များနှင့် ဖွဲ့စည်းထားသော စစ်တပ်က သေချာပေါက် ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ စစ်တပ် ဖရိုဖရဲ ဖြစ်သည်နှင့် ထိုစစ်တပ်တွင် တပ်သားဆယ်သန်းကျော် ရှိလျှင်လည်း အရေးပါတော့မည် မဟုတ်ချေ။
ဖုန့်နီ၏ မျက်နှာထားက များစွာ ပျက်မသွားပါ။ အရာအားလုံးက သူမ၏ ခန့်မှန်းချက်များထဲတွင် ရှိနေပုံပင်။ ကျန်းရီက ထိုဗျူဟာကိုပင် မတွေးမိလျှင် ဤမျှ ကျော်ကြားအောင်မြင်နေမည် မဟုတ်ပေ။
ဖုန့်နီသည် မည်သို့မှ မပြောသလို မည်သို့မှလည်း မလုပ်ချေ။ သူမသည် မျက်လွှာချ၍သာ တိတ်တဆိတ် ထိုင်နေပြီး မကြာမကြာဆိုသလို လက်ဖက်ရည်ကို တစ်ငုံချင်း သောက်နေသည်။
ဖုန့်နီက လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသော်လည်း ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ အလွန်စိတ်လှုပ်ရှားနေကြသည်။ သို့သော် မည်သူကမှ ဖုန့်နီ အတွေးနက်နေသည်ကို မနှောင့်ယှက်ဝံ့ပေ။ ထို့ကြောင့် သူတို့ ခန်းမထဲတွင် စိတ်လှုပ်ရှားစွာသာ စောင့်နေရလေသည်။
နှစ်နာရီ၊ လေးနာရီ... ခြောက်နာရီ...
ကော့ချန်ဘုရင် စိတ်မရှည်နိုင် ဖြစ်လာပြီး မေးလိုက်တော့မည့် အခိုက်အတန့်တွင် ဖုန့်နီက ရုတ်တရက် မျက်လွှာပင့်၍ ပြောလိုက်၏။
“ကိုယ့်ရဲ့တပ်တွေကို စုစည်းလိုက်ကြပါ။ ပြီးရင်... သူတို့အကုန်လုံးကို အနောက်ဒေသဆီ ခေါ်သွားလိုက်”
“ဟင်...ဘာ...”
ကော့ချန်ဘုရင်သည် သူ နားကြားလွဲခြင်းဟု ထင်လိုက်မိ၏။ သူ တမန်တော်နှစ်ယောက်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးမှ သူတို့သုံးယောက်က နားကြားလွဲခြင်း မဟုတ်ကြောင်း သိသွားသည်။ ကော့ချန်ဘုရင် ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။
“မဖြစ်ဘူး.. မဖြစ်ပါဘူး။ ကျုပ်တို့ အရှေ့ဒေသထဲက မထွက်နိုင်ဘူး။ ကျုပ်တို့ သေရမယ်ဆိုရင်တောင် မထွက်ဘူး”
သူတို့ အရှေ့ဒေသထဲမှ ထွက်သွားသည်နှင့် ကြမ်းကြုတ်နဂါးဘုရင်တို့က အရှေ့ဒေသကို သိမ်းပိုက်ပေလိမ့်မည်။ အရှေ့ဒေသထဲတွင် ကျန်ခဲ့သည့် မျိုးနွယ်များမှာလည်း တစ်သွေးတစ်သံနှင့် ဖိနှိပ်မှုကို ခံရမည်ဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့က နယ်မြေများကို တည်ငြိမ်အောင် လုပ်ပြီးသွားလျှင် အရှေ့ဒေသမှာ သူတို့အပိုင်ဖြစ်သွားပေမည်။ ကော့ချန်ဘုရင်တို့က မည်သည့်အခါတွင်မှ ပြန်လာရန် အခွင့်အရေးရတော့မည် မဟုတ်ချေ။ သူတို့ ပြန်လာလျှင်လည်း ကြမ်းကြုတ်နဂါးဘုရင်တို့၏ အလွယ်တကူ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။
ကော့ချန်ဘုရင်သည် ဖုန့်နီက သူတို့ကို အခြားမိစ္ဆာအရှင်များလက်အောက်တွင် ခိုလှုံစေနေခြင်း ဖြစ်ရမည်ဟု တွေးမိလိုက်၏။ သို့သော် သူသည် အနောက်ဒေသသို့ သွားမည့်အစား အရှေ့ဒေသတွင်သာ အသေခံမည်ဖြစ်သည်။
“အရူး...”
ဖုန့်နီက အေးစက်စက် ပြောလိုက်၏။
“ကျွန်မတို့က ပြန်မလာမှာမှ မဟုတ်တာ။ ပြီးတော့ ကျွန်မတို့က မကြာခင် ပြန်လာမှာပဲ။ အဲ့ဗျူဟာကို ထိုးမဲ့ဆင်နောက်တစ်လှမ်းဆုတ်လို့ ခေါ်တယ်။ ကျွန်မတို့သာ တပ်သားဆယ်သန်းကျော်စလုံးကို ထိန်းထားနိုင်ရင် အချိန်မရွေး ပြန်လာနိုင်တယ်။ အခု အရှေ့ဒေသက ရှုပ်ထွေးနေပြီ၊ အဲ့တော့ သူတို့ကို ပေးလိုက်တော့ရော ဘာဖြစ်မှာလဲ။ သူတို့က ဒီအခြေအနေကို အချိန်တိုအတွင်း မထိန်းချုပ်နိုင်ရုံတင် မကဘူး ဖိအားတွေပါ ခံရမှာ...”
“ပြီးတော့... ရှင်တို့ ငှက်ပြာနယ်မြေထဲက သန်းရာချီတဲ့ အဆင့်နိမ့်မိစ္ဆာတွေကို မေ့သွားပြီလား။ သန်းရာချီတဲ့ မိစ္ဆာတွေက မြောက်ဒေသထဲ ဝင်လာရင်တောင် ပူနီဧကရာဇ်က တပ်သားတွေ စေလွှတ်ပြီး သူတို့ကို သတ်ခိုင်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ သတ်နိုင်တယ်။ အဲ့ကျရင် ဒီက အခြေအနေက ပရမ်းပတာ ဖြစ်သွားမှာပဲ။ ရန်သူက တပ်ခွဲပြီး စစ်ကူပို့ရမှာပဲ။ အဲ့ကျမှ ကျွန်မတို့ ပြန်လာပြီး တိုက်လို့ရတယ်မဟုတ်လား...”
“ကျွန်မတို့ရဲ့ စစ်တပ်က တောင်ဒေသ၊ အနောက်ဒေသနဲ့ မြောက်ဒေသထဲမှာ လွတ်လွတ်လပ်လပ်သွားလို့ရတယ်ဆိုတာကိုလည်း မမေ့နဲ့။ ဒါပေမဲ့ သူတို့စစ်တပ်က အဲ့လိုသွားနိုင်မှာတဲ့လား။ ကျွန်မကို အချိန်နှစ်လပဲပေးပါ။ ကျွန်မ သေချာပေါက် ရှင်တို့အကုန်လုံးကို အရှေ့ဒေသထဲ ပြန်ခေါ်လာပေးမှာပါ”
ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့ နှုတ်ဆိတ်သွားကြ၏။ အထူးသဖြင့် တမန်တော်နှစ်ယောက်သည် မဆုံးဖြတ်နိုင် ဖြစ်နေကြသည်။ သူတို့သည် သူတို့၏မိစ္ဆာအရှင်များအပေါ် သစ္စာခံထားသည့် မျိုးနွယ်ဘုရင်များကို သွားခေါ်၍သာ ဖုန့်နီ၏ အကြံအစည်များကို ပြောပြလိုက်ကြသည်။
ခန်းမထဲတွင် တစ်ခဏမျှ ဆူညံသွား၏။ မျိုးနွယ်ဘုရင်အားလုံး ချီတုံချတုံ ဖြစ်နေကြသည်။ ဖုန့်နီက တိတ်တဆိတ်ထိုင်၍ ဆွေးနွေးမှုရလဒ် ထွက်လာမည်ကို စောင့်နေပေသည်။
နှစ်နာရီကြာပြီးနောက် ဖုန့်နီ စိတ်မရှည်နိုင်တော့ဘဲ ထရပ်ကာ ပြောလိုက်လေသည်။
“ဒီလိုဆို ဘယ်လိုလဲ။ ကျွန်မနဲ့ ထွက်သွားချင်တဲ့သူတွေက ပြန်သွားပြီး ကိုယ်ရဲ့တပ်ဖွဲ့တွေကို အသင့်ပြင်လိုက်ကြပါ။ နေခဲ့ပြီး ကြမ်းကြုတ်နဂါးဘုရင်တို့နဲ့ တိုက်ခိုက်ချင်တဲ့သူတွေက နေခဲ့ပါ။ ရှင်တို့ ဒီမှာ ငြင်းခုန်နေတာကို ထိုင်စောင့်နေဖို့ ကျွန်မမှာ အချိန်မရှိဘူး။ ကြမ်းကြုတ်နဂါးဘုရင်တို့က မကြာခင် ရောက်လာတော့မှာ။ ကျွန်မ ရှင်တို့ကို အချိန်တစ်နာရီပဲ ပေးမယ်။ တစ်နာရီပြည့်ရင် ကျွန်မတို့ အနောက်ဒေသဆီ ထွက်ခွာမယ်”
***