← Chapters

ဉာဏ်ကြီးရှင်၏ စုတ်ချက်တစ်ချက်

Vol. 129 Ch. 1793

ဉာဏ်ကြီးရှင်၏ စုတ်ချက်တစ်ချက်

Vol. 129 Ch. 1793

‘လှုပ်ရှားမှု ရှိလာပြီ’

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းရီသည် ရန်သူစစ်တပ်က လှုပ်ရှားလာကြောင်း တွေ့လိုက်ရ၏။ သို့သော် စစ်တပ်က နယ်မြေအပြင်သို့ ချီမလာသဖြင့် သူ နားမလည်နိုင်ဖြစ်သွားသည်။ သူတို့က နယ်မြေအတွင်းပိုင်းသို့ ချီကာ ကော့ချန်မြို့ဆီ ဆုတ်ခွာနေကြပေသည်။

‘ဘာဖြစ်နေတာလဲ’

ထိုအခိုက်တွင် ကျန်းရီသည် ဖုန့်နီ၏ အစီအစဉ်ကို နားမလည်နိုင်ချေ။ သူ လုပ်နိုင်သည်ဆို၍ ဆက်စောင့်နေရန်သာ ရှိသည်။ ရန်သူက သူ့ကို သတိပြုမိသွားမည်စိုး၍ သူ အလျင်စလိုလည်း မလှုပ်ရှားဝံ့ပေ။

လေးနာရီကြာ စောင့်ပြီးနောက် ကျန်းရီ ဆက်စောင့်မနေနိုင်တော့ဘဲ သိုသိပ်စွာ စတင်လှုပ်ရှားလိုက်၏။ သို့သော် သူ ကော့ချန်မြို့ထဲ မဝင်ရဲဘဲ မြို့ကို လှည့်ပတ်၍သာ အခြားတပ်ဖွဲ့များကို ကြည့်လိုက်သည်။

ကော့ချန်မြို့ပြင်ရှိ တပ်ဖွဲ့အားလုံးမှာ ဆုတ်သွားပေပြီ။ သူတို့က မြို့ထဲတွင် စုဝေးနေခြင်း ဖြစ်နိုင်သည်။ ကျန်းရီ သံသယရှိလာသည်။ နောက်ဆုံးတွင် သူသည် စွန့်စား၍ ကော့ချန်မြို့ကို ထောက်လှမ်းရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းရီ သတိကြီးကြီးထား၍ အလွန်နှေးကွေးစွာ သွားလိုက်၏။ နာရီအနည်းငယ်ကြာပြီးနောက် သူ ကော့ချန်မြို့အနီးသို့ ရောက်သွားသည်။ ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီးသောအခါ သူ့မျက်နှာထား ပြောင်းသွား၏။ မြို့ထဲတွင် တပ်သားတစ်သန်းလောက်သာ ရှိတော့၏။ အင်အားဆယ်သန်းကျော်သော မဟာမိတ်စစ်တပ်ကြီးမှာ ပျောက်ကွယ်သွားပေပြီ။

‘ဆုတ်ခွာသွားတာလား’

ထိုအခြေအနေအောက်တွင် ကျန်းရီ သတိထားရပေမည်။ စစ်တပ်က ကွေ့ပတ်သွားပြီး ကြမ်းကြုတ်နဂါးဘုရင်တို့ကို အနောက်မှ ဝင်တိုက်လျှင် မည်သို့ လုပ်မည်နည်း။ သူ ကြမ်းကြုတ်နဂါးဘုရင်တို့ဆီသို့ ပြန်သွား၍ တိုက်ပွဲကို ညွှန်ကြားရပေမည်။

သို့သော်...

နာရီအနည်းငယ် ကြာပြီးနောက် ကျန်းရီ သူ့တပ်ဖွဲ့တစ်ဖွဲ့အနီးသို့ ပြန်ရောက်သွား၏။ ထောက်လှမ်းရေးများ၏ တင်ပြချက်များကို နားထောင်ပြီးနောက် သူ အံ့အားသင့်သွားသည်။ ကီလိုမီတာသန်းအနည်းငယ်အတွင်းတွင် မည်သည့်တပ်မှ ရှိမနေပေ။ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသည်။

‘သူတို့က ဘယ်ရောက်သွားတာလဲ’

ကျန်းရီ၏ မျက်လုံးများ အရောင်တလက်လက်နှင့် ရှိနေသည်။ ပတ်ဝန်းကျင်ကို ထောက်လှမ်းရန် ထောက်လှမ်းရေးများ စေလွှတ်ပြီးနောက် သူ စတင် တွေး‌တောလိုက်သည်။ တစ်နာရီကြာပြီးနောက် သူ သူ့ပေါင်သူရိုက်ကာ ရေရွတ်လိုက်၏။

“သူတို့က... ထွက်ပြေးသွားတာလား”

“ထွက်ပြေးတယ်ဆိုတာ ဘာပြောတာလဲ။ သူတို့က ဘယ်ကို ထွက်ပြေးသွားတာလဲ”

ထိုအခိုက်တွင် ကြမ်းကြုတ်နဂါးဘုရင်က ကျန်းရီဘေးတွင် ရပ်နေ၏။ သူသည် ကျန်းရီ၏စကားကို ကြားသောအခါ မေးလိုက်သည်။ ကျန်းရီက မရေရာဟန်ဖြင့် ပြန်ဖြေ၏။

“ကျွန်တော်မှန်းတာသာ မမှားရင် သူတို့စစ်တပ်က တောင်ဒေသ ဒါမှမဟုတ် အ‌နောက်ဒေသကို သွားတာ ဖြစ်ရမယ်။ ဒီနေရာက အနောက်ဒေသနဲ့ အနီးဆုံးပဲ။ သူတို့ အဲ့ကိုသွားတာ ဖြစ်ဖို့များတယ်”

“အဲ့ဒါက မဖြစ်နိုင်ဘူး မဟုတ်လား”

ကြမ်းကြုတ်နဂါးဘုရင်က မယုံနိုင်ဟန်ဖြင့် ပြော၏။

“အဆုံးအဖြတ်တိုက်ပွဲကိုတောင် မတိုက်ရသေးဘူး။ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာ မသေချာသေးဘူးလေ။ သူတို့က ဘယ်လိုလုပ် ထွက်ပြေးရတာလဲ။ သူတို့ သူတို့ရဲ့မျိုးနွယ်ဝင်တွေနဲ့ အရှေ့ဒေသကို လက်လျှော့လိုက်ပြီလား။ ကော့ချန်ဘုရင်နဲ့ တခြားမျိုးနွယ်ဘုရင်တွေက အဲ့လို လုပ်ပါ့မလား”

ကျန်းရီ မသေချာပါ။ သူ နားလည်းမလည်နိုင်ပါ။ ထို့ကြောင့် ထောက်လှမ်းရေးများက သတင်းပြန်ပို့မည်ကိုသာ စောင့်နေရပေသည်။ သူတို့စစ်တပ်သည် အဆင့်နိမ့်မိစ္ဆာများကို ကော့ချန်နယ်မြေထဲ ဆက်မောင်းသွင်းနေသည်။ မကြာခင်တွင် ထောက်လှမ်းရေးများက သတင်းပြန်လာပို့ကြလေသည်။

“တင်ပြပါတယ်...”

ကော့ချန်မြို့ထဲတွင် ကျန်ခဲ့သော တပ်သားတစ်သန်းလောက်မှာ တပ်ဖွဲ့များခွဲ၍ အရပ်မျက်နှာအနှံ့သို့ စတင် ထွက်ပြေးသွားကြောင်း ကျန်းရီတို့ သိလိုက်ရသည်။ တပ်ဖွဲ့တစ်ဖွဲ့လျှင် တပ်သားသောင်းကျော်ပါသည်။ သူတို့သည် ဦးတည်ရာသတ်သတ်မှတ်မှတ် မရှိဘဲ ခြေဦးတည့်ရာသို့ ပြေးနေကြခြင်းပင်။ သို့သော် ကျန်းရီတို့၏ တပ်ဖွဲ့များ ရှိနေရာဘက်သို့တော့ မပြေးကြပေ။

ကျန်းရီ ခေါင်းကိုက်လာ၏။

ရန်သူ၏ ပင်မစစ်တပ်၏ တည်နေရာကို မသိရသေးခင်မှာပင် ကျန်ခဲ့သော တပ်သားတစ်သန်းမှာလည်း တကွဲတပြား ထွက်ပြေးကုန်သည်။ သူ သူတို့နောက်သို့ လိုက်သင့်သလော၊ မလိုက်သင့်သလော။ လိုက်မည်ဆိုလျှင်ပင် တပ်ဖွဲ့မည်မျှနောက်သို့ လိုက်နိုင်ပါမည်နည်း။

ကော့ချန်မြို့ထဲတွင် မည်သည့်တပ်သားမှ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ကျန်းရီသည် သူတို့စစ်တပ်ကို ရပ်တန့်ခိုင်းလိုက်၏။ အဆင့်နိမ့်မိစ္ဆာများကို ကော့ချန်နယ်မြေထဲ ဆက်မောင်းသွင်းလျှင်လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။

“တပ်တွေ ပြန်စုလိုက်ပါ”

ကျန်းရီသည် တပ်ပြန်စုရန် အမိန့်ပေးလိုက်၏။ တပ်ပြန်စုပြီးသောအခါ တပ်သားအားလုံးကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကို ခေါ်၍ ရန်သူ၏ ပင်မစစ်တပ်ကို ကိုယ်တိုင် လိုက်ရှာလိုက်လေသည်။

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းရီသည် ရန်သူ၏ ပင်မစစ်တပ်က အနောက်ဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူ၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူနှစ်ယောက်သည် ထွက်ပြေးနေသူများထဲမှ ရာထူးမြင့်သူ အချို့ကို ဖမ်းလိုက်ကြ၏။ သူတို့ကို စစ်ဆေးမေးမြန်းပြီးနောက် ရန်သူ၏ ပင်မစစ်တပ်က အမှန်ပင် အနောက်ဒေသသို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်လိုက်ပေသည်။

“သူတို့က တကယ်ပဲ အနောက်ဒေသထဲ ထွက်ပြေးသွားကြတာလား”

ကြမ်းကြုတ်နဂါးဘုရင်တို့ မယုံနိုင်ဖြစ်နေကြသေးသည်။ ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များက အဘယ်ကြောင့် သူတို့၏ မျိုးနွယ်ဝင်များစွာနှင့် အရှေ့ဒေသကို စွန့်ပစ်၍ အနောက်ဒေသဆီ သွားကြောင်းကို သူတို့ နားမလည်နိုင်ပေ။ အဆုံးအဖြတ်တိုက်ပွဲမှာ စပင် မစရသေးချေ။ သို့ဖြစ်ရာ အဘယ်ကြောင့် သူတို့က ဤမျှအလွယ်တကူ အရှုံးပေးသွားရသနည်း။

ကျန်းရီ ဆက်၍ မစုံစမ်းတော့ပေ။ ရန်သူတပ်သား လေးယောက်၊ ငါးယောက်ကို စစ်ဆေးပြီးပြီဖြစ်၍ ထိုသတင်းက သေချာပေါက် အတုမဖြစ်နိုင်ချေ။ အကယ်၍ အတုဖြစ်နေလျှင်ပင် ဖုန့်နီက ပင်မစစ်တပ်ကို အနောက်ဒေသသို့ ရောက်သည်အထိတော့ ခေါ်သွားပြီးမှ ပြန်လှည့်လာပြီး သူတို့ကို အလစ်ဝင်တိုက်ပေလိမ့်မည်။

ကျန်းရီ အတွေးနက်သွား၏။

ဖုန့်နီက ဤမျှမြန်မြန် အရှုံးပေးလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူမ ဤသို့ စစ်တပ်ကို အဝေးသို့ ခေါ်ထုတ်သွားခြင်းမှာလည်း လက်ရှိအခြေအနေကို ဖြေရှင်းနိုင်သည့် နည်းလမ်းကောင်းတစ်ခုပင်။ ကျန်းရီ၏ အဆင့်နိမ့်မိစ္ဆာများကို ကော့ချန်နယ်မြေထဲ မောင်းသွင်းမည့် ပြောင်မြောက်သော ဗျူဟာက သူမကြောင့် အလွယ်တကူ ပျက်သွားသည် မဟုတ်ပါလား။

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့က ကြမ်းကြုတ်နဂါးဘုရင်၏ တပ်ဖွဲ့နောက်သို့ လိုက်ခဲ့စဉ်ကကဲ့သို့ပင် သူတို့နှစ်ဘက်စလုံး၏ အဓိကပစ်မှတ်များမှာ ရန်သူစစ်တပ်သာဖြစ်ပြီး သာမန်မျိုးနွယ်ဝင်များ မဟုတ်ပေ။ ကော့ချန်ဘုရင်တို့ကလည်း အရှင်မချင်လင်း၏ လက်အောက်ခံ သာမန်မျိုးနွယ်ဝင်များကို များစွာ မသတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် ယခုတွင် ရန်သူစစ်တပ်က ထွက်ပြေးသွားပြီဖြစ်ရာ ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်တို့ကို ဆက်သတ်ခွင့် မပေး‌တော့ပေ။ အကြောင်းမဲ့ဆက်သတ်ခြင်းက အဓိပ္ပာယ်မရှိရုံသာမက မိမိတို့စစ်တပ်ထဲမှ ကြင်နာတတ်သူများကိုပင် ပုန်ကန်လာစေနိုင်ပေသည်။

‘ဒါက ပြဿနာပဲ...’

ကျန်းရီသည် ဖုန့်နီ၏ ဉာဏ်ထက်မှုကို အသိအမှန်ပြုလိုက်ရ၏။ သူမက ပင်မစစ်တပ်ကို အဝေးကို ခေါ်သွားပြီး သူတို့ဘက်မှ အဆင့်နိမ့်မိစ္ဆာများကို သူတို့မရှိချိန်တွင် ဝင်တိုက်နိုင်သည်။

ကျန်းရီက အရှေ့ဒေသကို လက်လျှော့နိုင်သော်လည်း အရှင်မချင်လင်း၏ လက်အောက်ခံ မျိုးနွယ်ဘုရင်များက သေချာပေါက် လောဘတက်လာပေလိမ့်မည်။ ကြမ်းကြုတ်နဂါးဘုရင်ပင် နဂါးတောင်ကြားကို ပြန်လိုလိမ့်မည် မဟုတ်ပါလော။ သူတို့ လောဘတက်လာသည်နှင့် မိမိတို့ပိုင်ခဲ့သည့် နယ်မြေများသာမက ရန်သူများ၏ နယ်မြေများ၊ ဆန်းကြယ်နယ်မြေများနှင့် အရင်းအမြစ်များကို သိမ်းပိုက်လိုလာပေလိမ့်မည်။ ထိုအခါ စစ်တပ်ထဲတွင် အတွင်းရေးပဋိပက္ခများ ဖြစ်လာနိုင်ပေသည်။ သူတို့ ထိုပဋိပက္ခများကို အချိန်တစ်ခုလောက် ဖိနှိပ်ထားနိုင်လျှင်ပင် ဖုန့်နီက စစ်တပ်ကို ဦးဆောင်၍ ပြန်ရောက်လာပါက မည်သို့လုပ်မည်နည်း။ ထိုအခါ အခြေအနေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားမည်ဖြစ်သည်။

ထို့ပြင် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားသော ရန်သူတပ်ဖွဲ့လေးများမှာလည်း မြေပြင်တွင် ပြန့်ကျဲနေသော သံမှိုများကဲ့သို့ပင်။ သတိမထားပါက ခြေထောက်ကို ဆူးနိုင်ပေသည်။

ထိုတပ်ဖွဲ့များကို လိုက်ရှင်းမည်ဆိုလျှင်လည်း မိမိတို့၏စစ်တပ်ကိုပါ အဖွဲ့များ ခွဲထုတ်ရမည်ဖြစ်သည်။ တပ်မှာ ဖြန့်ရန် လွယ်သော်လည်း ပြန်စုစည်းရန် ခက်ပေသည်။ ထို့ပြင် စိတ်ဝမ်းကွဲသွားလျှင်လည်း တပ်ကို ပြန်စုစည်းရ ခက်ပေလိမ့်မည်။

‘မယုံနိုင်စရာပဲ... ဒါက ဉာဏ်ကြီးရှင်ရဲ့ စုတ်ချက်တစ်ချက်ပဲ’

ကျန်းရီသည် တွေးလေလေ ဖုန့်နီက ဉာဏ်ကြီးရှင်တစ်ယောက်ဟု ပို၍ ခံစားလာရလေလေပင်။ ထိုမိန်းမပျိုက ရဲလည်းရဲတင်းသည်။ သူမသည် ဤအတိုင်း အရာအားလုံးကို စွန့်ပစ်၍ ထွက်သွားခဲ့သည်။ ထိုမျှ အရှည်ကို မျှော်ကြည့်တတ်မှုမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ကျန်းရီသည် ရန်သူ၏ ရည်ရွယ်ချက်ကို သိသော်လည်း မည်သို့မှ မတတ်နိုင်ပေ။ ရန်သူက အနောက်ဒေသထဲ ဝင်သွားလျှင်လည်း အဆင်ပြေနိုင်သည်။ မီးမြေခွေးဧကရာဇ်က တပ်သားများစေလွှတ်၍ သူတို့ကို သတ်လိမ့်မည် မဟုတ်ပါ။ ရန်သူစစ်တပ်ထဲတွင် မီးမြေခွေးဧကရာဇ်ထံတွင် သစ္စာခံထားသော မျိုးနွယ်များမှ တပ်သားများလည်း ပါသည် မဟုတ်ပါလား။ ထို့ပြင် ဤတစ်ခေါက်တွင် အင်အားစုသုံးစုက အင်အားပူးပေါင်း၍ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ရှင်းပစ်ရန် လုပ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရန်သူစစ်တပ်က မည်သည့်ဒေသထဲ ဝင်သွားပါစေ မိစ္ဆာအရှင်သုံးပါးက မည်သို့မှ လုပ်မည် မဟုတ်ချေ။

သို့သော် ကျန်းရီတို့စစ်တပ်မှာမူ အရှေ့ဒေသထဲမှ ခွာ၍ မဖြစ်ပေ။ သူတို့ မည်သည့်ဒေသသို့ သွားပါစေ ရက်ရက်စက်စက် အသတ်ခံရမည်သာ။ သူတို့သည် ရန်သူနောက်သို့ မလိုက်နိုင်ရာ အရင်ဆုံး အရှေ့ဒေသမှ အခြေအနေကို ထိန်းရပေမည်။ သူတို့ဘက်မှ သန်းရာချီ‌သော အဆင့်နိမ့်မိစ္ဆာများက ငှက်ပြာဒေသသို့ ဆက်သွား၍ မဖြစ်တော့ပေ။ မဟုတ်လျှင် ဖုန့်နီက စစ်တပ်စေလွှတ်၍ သူတို့ကို ရှင်းပစ်နိုင်ပေသည်။

ကျန်းရီသည် တစ်နာရီကြာ တွေးတောနေပြီးနောက် အမိန့်များ ပေးလိုက်၏။ ရှေးဦးစွာ ကောင်းကင်ဂဠုန်ဘုရင်ကို သန်းရာကျော်သော အဆင့်နိမ့်မိစ္ဆာများကို ခေါ်သွားပေးနေသည့် အင်အားတစ်သန်းတပ်ဖွဲ့ထံ သတင်းပိုရန် စေခိုင်းလိုက်သည်။ ထိုတပ်ဖွဲ့က အဆင့်နိမ့်မိစ္ဆာများကို နဂါးတောင်ကြားဆီ ပြန်ခေါ်လာရမည်ဖြစ်သည်။

ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်အား ထောက်လှမ်းရေးများကို နေရာအနှံ့သို့ စေလွှတ်၍ အရှေ့ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန်လည်း ပြောလိုက်သည်။ ထို့နောက် ကြမ်းကြုတ်နဂါးဘုရင်အား တပ်သားနှစ်သန်းကို ဦးဆောင်၍ ထွက်ပြေးသွားသော ရန်သူတပ်ဖွဲ့လေးများကို ရနိုင်သလောက် လိုက်ရှင်းရန် အမိန့်ပေးလိုက်သည်။ သူတို့က အရှေ့ဒေသကို ထိန်းချုပ်တော့မည် ဖြစ်၍ ထိုရန်သူတစ်သန်းကို ချန်ထား၍ မဖြစ်ပေ။ ထိုသံမှိုများက ခြေထောက်ကို အချိန်မရွေး ဆူးနိုင်ပေသည်။

ကျန်းရီသည် ကန်းဟန့်ဘုရင်ကိုမူ တပ်ကိုဦးဆောင်၍ ရန်သူဘက်မှ သန်းထောင်ချီသည့် အဆင့်နိမ့်မိစ္ဆာများကို ထိန်းချုပ်ပြီး တောင်တန်းနယ်မြေအချို့တွင် ထားထားရန် ခိုင်းလိုက်သည်။ ထိုမိစ္ဆာများကို မသတ်၍ ဖြစ်သည်။ သို့သော် စိတ်ကြိုက်လျှောက်သွားပြီး အရှေ့ဒေသထဲတွင် ပြဿနာရှာခွင့်ပေး၍တော့ မဖြစ်ပေ။

“ဟူး...”

ကျန်းရီသည် အမိန့်အမျိုးမျိုး ပေးပြီးနောက် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့နားထင်ကို ပွတ်လိုက်သည်။ သူ အကြံကုန်ပေပြီ။ ယခုမှစ၍ သူ မည်သို့ ဆက်လုပ်ရမည်နည်း။

***

All Chapters