နယ်မြေခွဲဝေခြင်း
Vol. 129 Ch. 1794
နှစ်ရက်ကြာပြီးနောက် အရှေ့ဒေသတစ်ခုလုံးမှာ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွား၏။
ကျန်းရီသည် ကော့ချန်မြို့ထဲရှိ ဖုန့်နီထိုင်ခဲ့သော ခန်းမထဲတွင် ထိုင်နေသည်။ ထိုထိုင်ခုံမှာ သူ့ကို ခေါင်းကိုက်စေသည်။ အင်အားဆယ်သန်းကျော်ရှိသော ရန်သူစစ်တပ်က အနောက်ဒေသသို့ ရောက်နေပြီး အနောက်ဒေသနှင့် အရှေ့ဒေသ နယ်စပ်ရှိ ရွှေကြေးခွံတောင်တွင် စခန်းချနေကြောင်း အတည်ပြုထားပြီးဖြစ်သည်။
မူလတွင် ရွှေကြေးခွံတောင်၌ ရွှေကြေးခွံမျိုးနွယ်ဟု ခေါ်သော မျိုးနွယ်ကြီးတစ်ခုနေ၏။ သို့သော် စစ်တပ်ရောက်လာသောအခါ မီးမြေခွေးဧကရာဇ်သည် တမန်တော်များ စေလွှတ်ကာ ရွှေကြေးခွံမျိုးနွယ်ကို စစ်တပ်အတွက် နေရာဖယ်ပေးရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် စစ်တပ်အတွက် အရင်းအမြစ်အမျိုးမျိုးနှင့် စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးသေးသည်။ ကြည့်ရသည်မှာ စစ်တပ်က ထိုနေရာတွင် အတော်ကြာအောင် စခန်းချမည့်ပုံပင်။
အရှေ့ဒေသထဲတွင် ကျန်ခဲ့သော ရန်သူဘက်မှ သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများကိုမူ ကန်းဟန့်ဘုရင်က ကော့ချန်မြို့ အနောက်ဘက်ရှိ တောင်တန်းများတွင် နေထိုင်စေထားသည်။ ထိုအဆင့်နိမ့်မိစ္ဆာများကို စောင့်ကြပ်ရန်လည်း တပ်သားငါးသိန်း ချန်ခဲ့သည်။ ကန်းဟန့်ဘုရင်သည် ထိုအဆင့်နိမ့်မိစ္ဆာများက အချင်းချင်း တိုက်ခိုက်မည်ကို အရေးမစိုက်ပါ။ သူတို့ ထိုတောင်တန်းများမှ အပြင်ထွက်လျှင်မူ သူတို့ကို သက်ညှာမှုမရှိ သတ်ပစ်မည်ဖြစ်သည်။
ကျန်းရီတို့ဘက်မှ သန်းရာကျော်သော အဆင့်နိမ့်မိစ္ဆာများကို ခေါ်သွားပေးသည့် အင်အားတစ်သန်းတပ်ဖွဲ့မှာလည်း သတင်းရလိုက်ပြီဖြစ်၍ ယခုတွင် နဂါးတောင်ကြားသို့ ပြန်လှည့်လာပြီဖြစ်သည်။ သို့သော် ကျန်းရီမှာ စိုးရိမ်နေဆဲပင်။ ထို့ကြောင့် သူ ကောင်းကင်ဂဠုန်ဘုရင်အား တပ်သားတစ်သန်းကို ကိုယ်တိုင်ဦးဆောင်သွားပြီး ဆောင်းဥတုပုလဲကိုသုံး၍ ထိုမိစ္ဆာများကို ခေါ်လာရန် အမိန့်ပေးလိုက်သည်။
ကြမ်းကြုတ်နဂါးဘုရင်မှာ တပ်သားနှစ်သန်းကို ဦးဆောင်၍ ထွက်ပြေးသွားသော ရန်သူတပ်ဖွဲ့လေးများကို လိုက်ရှင်းနေသည်။ သူ ယခုအထိ ပြန်ရောက်မလာသေးပေ။ ရန်သူတပ်ဖွဲ့လေးများက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားခြင်းဖြစ်ရာ သူတို့ကို တစ်ဖွဲ့ချင်းလိုက်ရှင်းရန်မှာ အလွန်ကရိကထများပြီး အချိန်တစ်ခု လိုအပ်သည် မဟုတ်ပါလား။
ကျန်းရီသည် ရွှေကြေးခွံတောင်ဆီသို့လည်း ထောက်လှမ်းရေးများ စေလွှတ်ထား၏။ လက်ရှိတွင် အရှေ့ဒေသနှင့် အနောက်ဒေသ၏ နယ်စပ်တွင် ပုန်းအောင်းနေသော ထောက်လှမ်းရေးများစွာ ရှိနေပေပြီ။ ဖုန့်နီ၏ စစ်တပ်က စတင်လှုပ်ရှားသည်နှင့် သူတို့ ချက်ချင်း သိရမည်ဖြစ်သည်။
အရာအားလုံး အလွန်အေးချမ်းနေသည်။
သို့သော် ထိုအေးချမ်းမှုက ကျန်းရီကို အလွန်စိတ်မသက်မသာ ခံစားနေရစေသည်။ သူသည် ခန်းမထဲတွင် အနိမ့်ဘုံအချိန် ရက်ပေါင်းဒါဇင်ကြာအောင် ထိုင်နေလိုက်၏။ ထိုတစ်ချိန်လုံး သူ မျက်မှောင်ကြုတ်လျက် ရှိနေခဲ့သည်။ လီရှန်းအာက သူ့ဘေးတွင် ထိုင်နေသည်။ သူမသည် သူ့ကို နှစ်သိမ့်ပေးလိုသော်လည်း မည်သို့ နှစ်သိမ့်ရမည်ကို မသိပေ။
***
ကျန်းရီက ရဲတိုက်ထဲတွင် အကြံအိုက်နေစဉ် အပြင်ဘက်မှ စစ်တပ်က အောင်ပွဲခံနေသည်။ ထိုမိစ္ဆာတပ်သားများသည် အေးချမ်းမှု နောက်ကွယ်မှ အန္တရာယ်ကို များစွာ မတွေးတောကြပေ။ သူတို့၏အမြင်တွင် အရှင်ကျိုးက သူတို့ကို ဦးဆောင်ပြီး တန်ပြန်တိုက်စစ်ဆင်၍ ရန်သူကို မောင်းထုတ်နိုင်ခဲ့ခြင်းဟုသာ မြင်ကြသည်။ သူတို့က အရှေ့ဒေသ မဟာမိတ်စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့သည်။ ယင်းမှာ သူတို့အတွက် ကြီးမားသော အောင်မြင်မှုကြီးတစ်ခုပင်။
အရှေ့ဒေသ မဟာမိတ်စစ်တပ်က အနောက်ဒေသထဲ ထွက်ပြေးသွားခဲ့၏။ သူတို့၏ သာမန်မျိုးနွယ်ဝင်များလည်း အဖမ်းခံခဲ့ရသည်။ ကော့ချန်မြို့နှင့် နဂါးတောင်ကြားလည်း သိမ်းပိုက်ခံရသည်။ ကြမ်းကြုတ်နဂါးဘုရင်ကမူ ရန်သူတပ်ဖွဲ့လေးများကို လိုက်ရှင်းနေဆဲဖြစ်သည်။ သူတို့ နိုင်သွားပြီဖြစ်ရာ အရှေ့ဒေသမှာ သူတို့အပိုင် ဖြစ်သွားပေပြီ။ ထို့ကြောင့် မျိုးနွယ်ဘုရင်များစွာနှင့် အကြီးအကဲများသည် နယ်မြေခွဲဝေရန် စတင်တွေးလာကြလေသည်။
မျိုးနွယ်အသီးသီး၏ စွမ်းအားကြီး သိုင်းသမားများစွာနှင့် တပ်သားများစွာကို အဆုံးရှုံးခံ၍ စစ်တိုက်ခဲ့ရခြင်းမှာ အဘယ်အတွက်နည်း။ မိမိတို့မျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရေးအတွက် မဟုတ်ပါလား။ သူတို့ ရှင်သန်ရပ်တည်၍ မျိုးနွယ်၏ အင်အားကို တိုးမြှင့်လိုလျှင် နယ်မြေကောင်းကောင်းတစ်ခု လိုအပ်ပေသည်။
အချို့မျိုးနွယ်ဘုရင်များက တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့မျိုးနွယ်များ ဆက်လက်တိုးတက်ရေးအတွက် ရွေးချယ်စရာမရှိတော့ဘဲ နယ်မြေများ၊ အရင်းအမြစ်များ၊ ဆန်းကြယ်နယ်မြေများကို ခွဲဝေရန် စတင် တွေးတောရတော့သည်။
သို့သော်...
အရှေ့ဒေသ မဟာမိတ်စစ်တပ်၏ အဓိကအင်အားက ရှိနေသေးကြောင်း ဆင်ခြင်နိုင်သည့် အတွေးရှင်း၊ အမြင်ရှင်းသော မျိုးနွယ်ဘုရင်များလည်း များစွာရှိပေသေးသည်။ ယခုက နယ်မြေခွဲရမည့်အချိန် မဟုတ်သေးပေ။ ရန်သူဘက်က မည်သည့်အချိန်တွင် တန်ပြန်တိုက်စစ်ဆင်မည်ကို မည်သူ သိပါသနည်း။
မျိုးနွယ်ဘုရင်များက အမြင်ရှင်းနေသော်လည်း သူတို့၏ မျိုးနွယ်ဝင်တပ်သားများက အမြင်မရှင်ကြပေ။ တပ်သားများက ငယ်ရွယ်သူများဖြစ်၍ ဒုံးတိုက်လုပ်တတ်ခြင်းမှာ အပြစ်မဆိုသာ။ ငယ်ရွယ်သူများမှာ အတွေ့အကြုံနုသေး၍ အရှည်ကို မျှော်မကြည့်တတ်ကြပေ။ သူတို့သည် လက်ငင်းအကျိုးများကိုသာ အရေးစိုက်ကြပေသည်။
ကျန်းရီက ကော့ချန်မြို့မှနေပြီး ကြီးကြပ်နေ၍သာ တော်သေးသည်။ အရှင်မချင်းလင်း၏ လက်အောက်ခံဟောင်းများအတွက် သူက ဘုရားတစ်ပါးကဲ့သို့ပင်။ သူ ရှိနေ၍ မည်သည့်မျိုးနွယ်ကမှ မဆင်မခြင် မပြုမူဝံ့ပေ။ သူက မည်သို့မှ မပြောသေးသ၍ နယ်မြေခွဲဝေရန် မဆိုထားနှင့် မည်သူကမှ မိမိသဘောနှင့်မိမိပင် ထွက်မသွားဝံ့ကြချေ။
ရက်အနည်းငယ်ကြာပြီးနောက် သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများက ကောင်းကင်ဂဠုန်ဘုရင်နှင့်အတူ လာနေပြီဖြစ်ကြောင်း သတင်းရောက်လာ၏။ ကြမ်းကြုတ်နဂါးဘုရင်ကလည်း အောင်ပွဲသတင်းများ မပြတ်ပြန်ပို့နေသည်။ နယ်စပ်ရှိ ထောင်လှမ်းရေးများကလည်း အရှေ့ဒေသ မဟာမိတ်စစ်တပ်မှာ ရွှေကြေးခွံတောင်တွင် အပြီးအခြေချရန် ပြင်ဆင်နေပုံပေါ်ကြောင်း သတင်းပို့လာသည်။ ထို့ကြောင့် ကျန်းရီတို့ဘက်မှ မျိုးနွယ်အသီးသီး၏ နှလုံးသားများ ထပ်မံ ယိမ်းယိုင်သွားပေသည်။
လဝက်ကြာပြီးနောက်...
ကောင်းကင်ဂဠုန်ဘုရင်သည် သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများကို နဂါးတောင်ကြားဆီ ခေါ်လာသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်ဝင်များကလည်း နဂါးတောင်ကြားထဲတွင် ပြန်နေရာယူလိုက်ကြသည်။ အခြားမျိုးနွယ်ဝင်များက နဂါးတောင်ကြားအပြင်ဘက်တွင် စခန်းချထားရသည်။ နောက်ဆုံးတွင် မျိုးနွယ်ဘုရင်အချို့သည် ဆက်၍ စိတ်မထိန်းထားနိုင်တော့ပေ။ သူတို့သည် စုဝေး၍ ကျန်းရီကို တွေ့ခွင့်တောင်းလိုက်ကြ၏။ သို့သော် ကျန်းရီက သူတို့ကို ထွက်မတွေ့ပါ။ လီရှန်းအာကိုသာ ထွက်တွေ့စေလိုက်သည်။
ထိုမျိုးနွယ်ဘုရင်အုပ်စုမှာ လောဘကြောင့် အမြင်ကန်းနေခြင်း မဟုတ်ပါ။ သူတို့သည် ကိုယ်တိုင်တပ်ဖွဲ့၊ ကိုယ်ပိုင်နယ်မြေ လိုချင်သည်ဟု မပြောကြပါ။ မျိုးနွယ်အသီးသီးမှ မျိုးနွယ်ဝင်များ ရောက်လာပြီဖြစ်၍ နဂါးတောင်ကြားအပြင်တွင် ရေရှည်စခန်းချနေရန် မဖြစ်နိုင်ကြောင်းသာ ပြောခဲ့သည်။ သူတို့ နေထိုင်ဖို့ သင့်တော်သည့် နေရာများကို ရှာရန် လိုအပ်သည် မဟုတ်ပါလား။
ကျန်းရီ အစိုးရိမ်ဆုံးကိစ္စမှာ ဖြစ်လာပေပြီ။ သူသည် လီရှန်းအာ၏ ပြန်လည်တင်ပြမှုကို ကြားသောအခါ မျက်မှောင်တင်းတင်းကြုတ်လိုက်၏။ သူ ထိုမျိုးနွယ်ဘုရင်အုပ်စုနှင့် မတွေ့သော်လည်း ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကို ပြန်လာစေလိုက်သည်။
ကန်းဟန့်ဘုရင်မှာမူ ကော့ချန်မြို့ထဲတွင် ရှိနေသည်။ သို့သော် ကျန်းရီ သူနှင့်တော့ မဆွေးနွေးခဲ့ပေ။ သူနှင့် ဆွေးနွေးလျှင် ကျန်းရီ ဒေါသထွက်ကာ သေရနိုင်သည်။
ကောင်းကင်ဂဠုန်ဘုရင်သည် နဂါးတောင်ကြားမှနေ၍ ကော့ချန်မြို့သို့ ချက်ချင်းထွက်လာ၏။ ကြမ်းကြုတ်နဂါးဘုရင်ကလည်း ကော့ချန်မြို့နှင့် သိပ်မဝေးသည့်နေရာတွင် ရှိနေ၍ တပ်သားများကို စခန်းချစေကာ ကော့ချန်မြို့သို့ ပြန်သွားလိုက်သည်။ တစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်စလုံး ကော့ချန်မြို့သို့ ရောက်လာလေသည်။
“လီရှန်းအာ... သူတို့ကို အခြေအနေ ပြောပြလိုက်ပါ”
ကျန်းရီသည် ကန်းဟန့်ဘုရင်ကိုလည်း ခေါ်ထား၏။ သူ လီရှန်အာကို အခြေအနေ ရှင်းပြခိုင်းလိုက်သည်။ မျိုးနွယ်ဘုရင်သုံးပါးသည် ရှင်းပြမှုကို နားထောင်ပြီးနောက် နှုတ်ဆိတ်သွားကြ၏။ စက္ကန့်အနည်းငယ် ကြာပြီးမှ ကန်းဟန့်ဘုရင်က ပြောလိုက်သည်။
“အရှင်ကျိုး... အရှေ့ဒေသကို သိမ်းပိုက်ပြီးသွားပါပြီ။ အဲ့လို သိမ်းပိုက်နိုင်ဖို့ ကျုပ်တို့ဘက်က မျိုးနွယ်တွေက တန်ကြေးကြီးကြီး ပေးခဲ့ရပါတယ်။ အဲ့တော့ သူတို့ နယ်မြေခွဲချင်တာ မလွန်ပါဘူး။ အခု အရှေ့ဒေသကြီး တစ်ခုလုံးက ကျုပ်တို့ဟာပဲ။ နယ်မြေခွဲကြတာပေါ့။ အများကြီး မတွေးပါနဲ့၊ ကျုပ်လည်း အများကြီး မတွေးဘူး။ ကျုပ်တို့မျိုးနွယ်အတွက်တော့ အရင်ကကန်းဟန့်နယ်မြေကိုပဲ ပြန်ပေးရင် ရပါပြီ”
“အရူး...”
ကျန်းရီ စိတ်မထိန်းနိုင်တော့ဘဲ တီးတိုးဆဲလိုက်သည်။ သူ ထိုအရူးကို ဆွေးနွေးရာသို့ ခေါ်မိသည်မှာ မှားပြီဟုလည်း တွေးမိလိုက်သည်။
ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့မှာမူ မျက်နှာပျက်နေကြသည်။ ကောင်းကင်ဂဠုန်ဘုရင်က ရိုးအသော ကန်းဟန့်ဘုရင်ကို ကြည့်ကာ ရှင်းပြလိုက်သည်။
“ဘယ်နယ်မြေကို သွားခွဲရမှာလဲ။ အရှေ့ဒေသက တကယ်ပဲ ကျုပ်တို့ဟာ ဖြစ်သေးရဲ့လား။ ရွှေကြေးခွံတောင်က အင်အားဆယ်သန်းကျော်တဲ့ ရန်သူစစ်တပ်က ကျုပ်တို့ တပ်ကွဲသွားမှာကို စောင့်နေတာ...”
“ခင်ဗျားကဘာလို့ ဦးနှောက်သုံးပြီး မစဉ်းစားရတာလဲ။ ကျုပ်တို့မှာ တပ်သားဘယ်လောက်ပဲ ရှိလဲ။ အရှေ့ဒေသက ဘယ်လောက်ကြီးလဲ။ ကျုပ်တို့ နယ်မြေတွေခွဲလိုက်ရင် နယ်မြေတစ်ခုစီမှာ တပ်သားသောင်းဂဏန်း၊ သိန်းဂဏန်းလောက်ပဲ ရှိလိမ့်မယ်။ တကယ်လို့ အင်အားဆယ်သန်းကျော်တဲ့ ရန်သူစစ်တပ်ကြီးက အရှေ့ဒေသထဲ ပြန်ဝင်လာရင် ကျုပ်တို့ တပ်ပြန်စုနိုင်မဲ့အချိန် ရမှာတဲ့လား”
အရှေ့ဒေသမှာ ကြီးမားသည်။ တောင်တန်းနယ်မြေများ သိန်းနှင့်ချီ၍ရှိသည်။ အရှေ့ဒေသ၏ တောင်စွန်းပိုင်းမှနေ၍ မြောက်စွန်းပိုင်းကို သွားရန် အချိန်လဝက်လောက်လိုသည်။ သူတို့သာ အမှန်တကယ် နယ်မြေများခွဲလိုက်လျှင် စစ်တပ်မှာ ပြန့်သွားပေလိမ့်မည်။ ထိုအခါ အင်အားဆယ်သန်းကျော်သာ ရန်သူစစ်တပ်ကြီးက အရှေ့ဒေသထဲ ပြန်ဝင်လာပြီး ပြန့်ကျဲနေသော တပ်ဖွဲ့များကို အလွယ်တကူ ရှင်းပစ်နိုင်သွားမည်ဖြစ်သည်။
စစ်တပ်တစ်တပ်ကို အချိန်တိုအတွင်း မစုစည်းနိုင်ပါ။ ကျန်းရီက အမှန်တကယ် ဘုရားတစ်ပါးဆိုလျှင်ပင် တပ်သားသန်းအနည်းငယ်လောက်နှင့် အင်အားဆယ်သန်းကျော်သော စစ်တပ်ကို ထိပ်တိုက် မတိုက်နိုင်ပါ။
“ဟုတ်သား.. ဟုတ်သား... ကျုပ်တို့ နယ်မြေတွေခွဲလို့ မဖြစ်ဘူး”
ကောင်းကင်ဂဠုန်ဘုရင်က ရှင်းပြလိုက်မှ ကန်းဟန့်ဘုရင် သဘောပေါက်သွားသည်။ သူ့မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ့လက်များလည်း ချွေးဆို့လာသည်။
“ကျုပ်တို့ နယ်မြေခွဲလို့ မဖြစ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က တပ်ခွဲသွားရင် ကျုပ် သူ့ကို သတ်ပစ်မယ်”
“သတ်ပစ်မှာလား”
ကျန်းရီက ကန်းဟန့်ဘုရင်ကို အေးစက်စက် မျက်ဝန်းများနှင့် ကြည့်၍ ပြောလိုက်၏။
“အပြင်မှာ မျိုးနွယ်ဘုရင် အယောက်လေးဆယ်ရှိတယ်။ သူတို့ရဲ့ တပ်ဖွဲ့တွေကို ပေါင်းရင် အင်အားတစ်သန်းကျော်တယ်။ ခင်ဗျား သူတို့ကို အကုန်လုံးကို သွားသတ်လိုက်လေ။ သူတို့က နယ်မြေခွဲပေးဖို့ လာတောင်းဆိုတဲ့သူတွေပဲ။ လာမတောင်းဆိုရသေးတဲ့ သူတွေကရော ဘယ်နှစ်ယောက်လောက် ရှိမလဲ။ ခင်ဗျား သူတို့အကုန်လုံးကို ဘာလို့ သတ်မပစ်တာလဲ”
“ဖုန့်နီက ဉာဏ်များလွန်းတယ်”
ကြမ်းကြုတ်နဂါးဘုရင်က သက်ပြင်းရှည်ကြီးချ၍ ညည်းတွားလိုက်၏။
“သူက အရှေ့ဒေသကို ပစ်ထားခဲ့ပြီး ကျုပ်တို့အချင်းချင်း နယ်မြေပြန်လုကြအောင် လုပ်ခဲ့တာပဲ။ ကျုပ်တို့စစ်တပ်ထဲမှာ အတွင်းရေးပဋိပက္ခတွေဖြစ်လာအောင် မီးမွှေးခဲ့တာပဲ။ အဟင်း... ဒါပေမဲ့ အဲ့ဗျူဟာကို အရင်က ကျုပ်တို့လည်း သုံးခဲ့ဖူးတာပါပဲ။ ကျုပ်တို့ ပဋိပက္ခတွေကို အချိန်တစ်ခုလောက်တော့ ဖိနှိပ်နိုင်တယ်၊ ဒါပေမဲ့ ရေရှည်တော့ ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ စိတ်ဝမ်းကွဲပြီးတဲ့ စစ်တပ်ကို အာဏာနဲ့ ဖိနှိပ်ထားရင်လည်း အဲ့စစ်တပ်က ရန်သူနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိပါဦးမလား”
“ကျွန်တော်တို့ ဖိနှိပ်လို့ မဖြစ်ဘူး”
ကျန်းရီက ရုတ်တရက် ထရပ်ကာ ပြောလိုက်၏။
“ကျွန်တော်တို့က ဖိနှိပ်လေလေ၊ သူတို့က ပိုကြွလေလေပဲ ဖြစ်လိမ့်မယ်။ မဟုတ်လည်း အနှေးနဲ့အမြန်ဆိုသလို နယ်မြေတွေ ခွဲရမှာဆိုတော့ အခုပဲ ခွဲလိုက်ကြတာပေါ့။ ကြမ်းကြုတ်နဂါးဘုရင်... မျိုးနွယ်ဘုရင်တွေ အကုန်လုံးကို သွားခေါ်လိုက်ပါ။ ကျွန်တော် သူတို့အတွက် နယ်မြေတွေခွဲဝေပေးမယ်”
***