← Chapters

အ‌ရှေ့ဒေသက ရှင်တို့အပိုင် ဖြစ်လာမှာပါ

Vol. 129 Ch. 1795

အ‌ရှေ့ဒေသက ရှင်တို့အပိုင် ဖြစ်လာမှာပါ

Vol. 129 Ch. 1795

ကျန်းရီက နောက်ပြောင်နေခြင်း မဟုတ်ပါ။ သူသည် အမှန်ပင် နယ်မြေများ ခွဲပေးတော့မည်ဖြစ်သည်။

ကျန်းရီ ပြောခဲ့သလိုပင် ခွဲရမည့်အတူတူ ယခုကတည်းက ခွဲလိုက်ခြင်းမှာ ပို၍ကောင်းသည်။ ဖုန့်နီ၏ ဗျူဟာမှာ သူ သုံးခဲ့ဖူးသော ဗျူဟာပင်။ ယခင်က သူ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ကျတ်တီးမြေထဲ ခေါ်သွားပြီး အရှေ့ဒေသမှ မျိုးနွယ်များအားလုံး နယ်မြေလုရင်း အချင်းချင်း သတ်ဖြတ်အောင် လုပ်ခဲ့သည် မဟုတ်ပါလား။ မျိုးနွယ်တိုင်းက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မနေနိုင်ပါ။

အကျိုးအမြတ်များ ပါလာမည်ဆိုလျှင် ညီအစ်ကိုချင်း၊ ရဲဘော်ရဲဘက်ချင်းဟူ၍ မကြည့်ကြတော့ပေ။ အချင်းချင်း ရန်ပြုကြတော့မည်သာ။ သူတို့ ထိုပဋိပက္ခများကို အစပိုင်းတွင် ဖိနှိပ်နိုင်လောက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရန်ငြိုးများ ပိုကြီးထွားလာသည်သာ ရှိပေလိမ့်မည်။ အကယ်၍ ထိုအတောအတွင်း ကိစ္စကြီးတစ်ခုဖြစ်လာလျှင် မျိုးနွယ်အချင်းချင်း ထချကြပေလိမ့်မည်။

အနှေးနှင့်အမြန်ဆိုသလို ခွဲရမည် ဖြစ်ရာ အဘယ်ကြောင့် ယခုကတည်းက မလုပ်ဘဲ နေရမည်နည်း။ အနည်းဆုံးတော့ သူတို့ အခြေအနေကို ထိန်းချုပ်နိုင်ပြီး မျိုးနွယ်အသီးသီးကြားမှ ကောင်းမွန်သော ဆက်ဆံမှုကိုလည်း ထိန်းထားနိုင်မည်ဖြစ်သည်။ ကောင်းမွန်သော ဆက်ဆံရေး ရှိနေသေးလျှင် သူတို့ စစ်တပ်ကို အချိန်မရွေး ပြန်စုစည်း၍ ရပေသည်။

ကျန်းရီသည် အရှေ့ဒေသတစ်ခုလုံးကို ခွဲဝေမည်လည်း မဟုတ်ချေ။ အရှေ့ဒေသ အလယ်ပိုင်းရှိ တောင်တန်းနယ်မြေ သောင်းကျော်ကိုသာ ခွဲပေးမည်ဖြစ်သည်။ ဖုန့်နီ အရှေ့ဒေသထဲမှ ထွက်သွားခဲ့ရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရန်သူ၏စစ်တပ်ကို ခွဲထုတ်လို၍ပင်။ ကျန်းရီသည် သူမ ဖြစ်စေချင်သလို အဖြစ်မခံနိုင်ပါ။ နယ်မြေများကို ခွဲပေးနိုင်သည်။ သို့သော် တပ်သားများကို ခွဲမထုတ်နိုင်ပေ။

ကျန်းရီသည် နဂါးတောင်ကြား၊ ကော့ချန်မြို့၊ ကန်းဟန့်မြို့နှင့် စွမ်နီမြို့တို့ကို ဗဟိုပြုကာ အနီးရှိ တောင်တန်းနယ်မြေ သောင်းကျော်ကို ခွဲဝေပေးလိုက်သည်။ မျိုးနွယ်တိုင်းက နယ်မြေအရေအတွက် အတူတူ ရကြသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်နှင့် ကောင်းကင်ဂဠုန်မျိုးနွယ်တို့ပင် နယ်မြေတစ်ခု ပိုမရချေ။ သို့ဖြစ်ရာ မည်သူက မကျေမနပ် ဖြစ်နိုင်ပါဦးမည်နည်း။

နဂါးတောင်ကြားနှင့် အခြားထိပ်တန်းဆန်းကြယ်နယ်မြေများကိုမူ အားလုံး အတူဝေမျှ သုံးရမည်ဖြစ်သည်။ မျိုးနွယ်တိုင်းသည် အရင်းအမြစ်များကို မျှဝေသုံးစွဲ၍ စွမ်းအားကြီး သိုင်းသမားများကို ပြန်လည်ပျိုးထောင်ရပေမည်။ ထို့ကြောင့် မျိုးနွယ်ငယ်လေးများလည်း မည်သို့မှ အတွန့်မတက်နိုင်တော့ပေ။ ကြမ်းကြုတ်နဂါးမျိုးနွယ်ကပင် နဂါးတောင်ကြားကို ဝေမျှသုံးရမည့်အပေါ် မကန့်ကွက်ခဲ့ရာ သူတို့က ဘာပြောနိုင်ပါဦးမည်နည်း။

စစ်တပ်ကိုလည်း ခွဲမထုတ်ပေ။ ယင်းမှာ မဖြစ်မနေလိုက်နာရမည့် အချက်ပင်။ အကယ်၍ မျိုးနွယ်တစ်ခုခု သူတို့၏တပ်ဖွဲ့များကို ပြန်ခေါ်သွားလျှင် ချက်ချင်း အသတ်ခံရမည်ဖြစ်သည်။ ထိုအမိန့်က ကျန်းရီ၏အမိန့်ဖြစ်ရာ ဆွေးနွေးညှိုနှိုင်းစရာ မရှိချေ။

မျိုးနွယ်ဘုရင်များသည် သူတို့၏ မျိုးနွယ်ဝင်များအတွက် နေရာစရာပေး၍ အရင်းအမြစ်များနှင့် ဆန်းကြယ်နယ်မြေများကို ဝေမျှလိုခဲ့ခြင်းဖြစ်သည်။ ယခု နယ်မြေများ ခွဲပြီးကာ အရင်းအမြစ်များနှင့် ဆန်းကြယ်နယ်မြေများကို ဝေမျှသုံးရတော့မည်ဖြစ်၍ သူတို့တွင် ထပ်တောင်းဆိုစရာ မရှိတော့ပေ။ နယ်မြေများကို ခွဲပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က ဖုန့်နီ၏ မကောင်းသော အကြံများအကြောင်းကို မျိုးနွယ်ဘုရင်များအား ပြောလိုက်သည်။

သို့ဖြင့် မျိုးနွယ်ဘုရင်အားလုံးသည် ကျန်းရီ၏ ရည်ရွယ်ချက်ကောင်းများနှင့် သူတို့က အမှန်တကယ် မနိုင်သေးကြောင်း နားလည်သွားကြသည်။ ယခုက မိမိနယ်မြေ၊ မိမိစစ်တပ်နှင့် သူတစ်လူ၊ ငါတစ်မင်း နေရမည့်အချိန် မဟုတ်သေးပေ။

ကျန်းရီနှင့် ကြမ်းကြုတ်နဂါးဘုရင်တို့ကြောင့် မျိုးနွယ်များကြား ပဋိပက္ခများ ဖြစ်ရမည့် အရေးကို ကာကွယ်နိုင်လိုက်ပေသည်။ သို့သော် ယင်းမှာ ယာယီသာ။ အချိန်ကြာလာသည်နှင့်အမျှ ပဋိပက္ခအမျိုးမျိုး ဖြစ်လာပေလိမ့်ဦးမည်။

မျိုးနွယ်များသည် ဒုက္ခကို ဝေမျှနိုင်ကြသော်လည်း သုခကို ရေရှည်ဝေမျှနိုင်လိမ့်မည် မဟုတ်ချေ။ ဤတစ်ခေါက်တွင် ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်နှင့် ကောင်းကင်ဂဠုန်မျိုးနွယ်တို့က သိပ်မကျေနပ်ကြပေ။ သူတို့၏ ဘုရင်သုံးပါးက လက်ခံခဲ့၍သာ အင်တင်တင်နှင့် လက်ခံခဲ့ကြခြင်းဖြစ်သည်။ ရေတိုတွင် ပြဿနာ မဖြစ်လောက်သေးသော်လည်း ရေရှည်ဆိုလျှင် မလွယ်ပါ။

မည်သို့ပင်ဖြစ်စေ မျိုးနွယ်များသည် နယ်မြေများ ခွဲယူပြီးနောက် သောက်စားပျော်ပါးကာ အောင်ပွဲခံကြလေသည်။

အရှေ့ဒေသ မဟာမိတ်စစ်တပ်မှာမူ ဒေသခြားတွင် ရောက်နေ၏။ သူတို့ဘက်မှ သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများမှာလည်း အကျဉ်းသားများ ဖြစ်နေကြသည်။ ထို့ကြောင့် စစ်တပ်သည် ရွှေကြေးခွံတောင်တွင် စားမဝင်၊ အိပ်မပျော်ကြပါ။ တပ်သားအားလုံး စိုးရိမ်ပူပန်နေကြသည်။ ထိုအတိုင်းသာ ဆက်သွားလျှင် စစ်တပ်၏ စိတ်ဓာတ်နှင့် တိုက်ခိုက်နိုင်စွမ်းကို မည်သို့ တိုးမြှင့်နိုင်ပါမည်နည်း။

ထို့ကြောင့် ကျန်းရီကသာ သူ့ဘက်တွင် အချိန်တစ်ခုအတွင်း ပဋိပက္ခများ ဖြစ်မလာအောင် လုပ်ထားနိုင်လျှင် အခြားတစ်ဘက်ကသာ ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျန်းရီ၏ တန်ပြန်ရွှေ့ကွက်ကြောင့် ဖုန့်နီ၏ ရွှေ့ကွက်က များစွာအကျိုးမရှိလိုက်ချေ။ ဖုန့်နီက အရေးပါသော အချက်တစ်ခုကို မသိထားပေ။ ကျန်းရီမှာ အရှင်မချင်လင်း စေလွှတ်လိုက်သည့် တမန်တော်အဖြစ် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကြားတွင် အကြွင်းမဲ့အာဏာရှိနေသည်။ ထို့ကြောင့် မျိုးနွယ်များက နယ်မြေလုလိုလျှင်ပင် သူက အချိန်တစ်ခုအထိ ထိုမျိုးနွယ်များကို တားထားနိုင်ပေသည်။

ထို့ပြင်...

ကျန်းရီက အစီအစဉ်တစ်ခုလည်း လုပ်ထားသည်။ သူသည် ကော့ချန်မျိုးနွယ်၊ ကောင်းကင်ကြွက်မျိုးနွယ်၊ ကျိုးလီမျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများမှ အဆင့်နိမ့်မိစ္ဆာအချို့အား သူတို့၏ သတ်ဖြတ်မှုများကို မြင်စေလိုက်သည်။ ထို့ပြင် တပ်သားများ အချင်းချင်း ပြောဆိုကြသော စကားများမှနေ၍ ကျန်းရီက သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများကို တစ်သုတ်ပြီးတစ်သုတ် သတ်ပစ်ရန် ကြံနေကြောင်းကိုလည်း ‘မတော်တဆ’ ပေါက်ကြားသွားစေလိုက်သည်။ ကျန်းရီသည် ပြဿနာကို အမြစ်မှ ဖယ်ရှားပစ်ရန် အရှေ့ဒေသရှိ အရှင်မချင်လင်းအပေါ် သစ္စာဖောက်ခဲ့သော မျိုးနွယ်အားလုံးကို ကောင်းကင်မိစ္ဆာဘုံထဲမှ ရှင်းထုတ်ပစ်တော့မည်ဖြစ်သည်။

ကျန်းရီ၏ အထူးအစီအမံများအောက်တွင် သတ်ဖြတ်မှုများကို မြင်ခဲ့ရသော အဆင့်နိမ့်မိစ္ဆာအချို့သည် ‘ကံအားလျော်စွာ’ လွတ်မြောက်သွားကြ၏။ သူတို့သည် ရွှေကြေးခွံတောင်သို့ ကြောက်လန့်တကြား ပြေးကာ အရှေ့ဒေသထဲမှ သတင်းများကို ပြောပြလိုက်သည်။ ထို့ကြောင့် မဟာမိတ်စစ်တပ်၏ စိတ်ဓာတ်မှာ ယိမ်းယိုင်သွားလေသည်။

ကျန်းရီသည် ဤတစ်ခေါက်တွင် တစ်လှိုင်းပြီးတစ်လှိုင်း ပြင်ဆင်ထားသည်။ ပထမဆုံးအနေဖြင့် အဆင့်နိမ့်မိစ္ဆာ သန်းတစ်ထောင် အသတ်ခံလိုက်ရပြီဟု သတင်းလွှင့်လိုက်၏။ ဒုတိယအကြိမ်တွင်လည်း အဆင့်နိမ့်မိစ္ဆာ သန်းတစ်ထောင် ထပ်အသတ်ခံရသည်ဟု သတင်းလွှင့်ပြန်သည်။ တတိအကြိမ်တွင်မူ အဆင့်နိမ့်မိစ္ဆာ သန်းတစ်ထောင့်ငါးရာ အသတ်ခံရကြောင်း သတင်းဖြန့်လိုက်လေသည်။

ထိုသတင်းများနှင့်ဆိုလျှင် ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့က တပ်သားဆယ်သန်းကျော်ကို ထိန်းချုပ်ထားနိုင်လိမ့်မည် မဟုတ်ဟု ကျန်းရီ ယုံကြည်သည်။ ဖုန့်နီထံတွင်သာ အကြံကောင်းတစ်ခု မရှိလျှင် စစ်တပ်သည် တစ်လအတွင်း သေချာပေါက် ပုန်ကုန်ပေလိမ့်မည်။

***

ယခုတွင် ဖုန့်နီတစ်ယောက် အမှန်ပင် ခေါင်းကိုက်နေရ၏။ သူမက တော်ဝင်မိသားစုမှဖြစ်သော်လည်း မီးမြေခွေးမျိုးနွယ်မှ မင်းသမီးများ၏ ဖိတ်ခေါ်ချက်များကို လက်မခဲဘဲ ရွှေကြေးခွံတောင်တွင်သာ အရှေ့ဒေသ မဟာမိတ်စစ်တပ်နှင့်အတူ နေထိုင်နေသည်။ ထို့ပြင် သူမသည် မည်သည့်ဧည့်သည်ကိုမှလည်း လက်ခံမတွေ့သဖြင့် အပြေးအလွှားရောက်လာကြသော မီးမြေခွေးမျိုးနွယ်မှ မင်းသားများ အရှက်ရကာ ပြန်သွားကြရသည်။

ဖုန့်နီသည် အခြားဂူများနှင့်စာလျှင် အတော်လေး သန့်ရှင်းသော ဂူတစ်လုံးထဲတွင် နေထိုင်နေသည်။ ထိုဂူမှာ ရွှေကြေးခွံမျိုးနွယ်၏ မျိုးနွယ်ဘုရင် နေထိုင်ခဲ့သော ဂူပင်။ ဖုန့်နီ၏ ငွေရောင်ဆံနွယ်များက ခပ်ဖွဖွ လွင့်နေသည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း တည်ငြိမ်နေသည်။ သူမက မျက်လုံးမှိတ်ထားရာ သူမ အဘယ်အကြောင်း တွေးနေသည်ကို မည်သူမှ မသိနိုင်ချေ။

ကော့ချန်မြို့မှနေ၍ ဆုတ်ခွာလာခဲ့ရခြင်းမှာ မည်သို့မှ မတတ်နိုင်ခဲ့၍ပင်။ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့က အခြေအနေကောင်းကို ဖျက်ဆီးခဲ့သည် မဟုတ်ပါလား။ ကျန်းရီက နိုင်ပွဲကို အမှီပြု၍ အလုံးအရင်းနှင့် တန်ပြန်တိုက်စစ်ထိုးခဲ့သည်။ သူမတို့ဘက်တွင် တပ်သားဆယ်သန်းကျော် ရှိနေသေးသော်လည်း ထိပ်သီးတပ်သားများမှာ ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမ ရွေးချယ်စရာ မရှိတော့ဘဲ စစ်တပ်၏ အင်အားကို ထိန်းသိမ်းရန် ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ဖုန့်နီထံ၌ မျှော်လင့်ချက်တစ်ခုလည်း ရှိနေခဲ့၏။ ၎င်းမျှော်လင့်ချက်မှာ ကျန်းရီ၏ စစ်တပ်ထဲတွင် အတွင်းရေး ပဋိပက္ခများ ဖြစ်လာရန်ဖြစ်သည်။ သို့သော် ဤအ‌တောအတွင်းမှ သတင်းများကြောင့် သူမ၏ မျှော်လင့်ချက်က ကျန်းရီကြောင့် ပျက်စီးသွားပြန်ပြီဖြစ်ကြောင်း သိခဲ့ရသည်။ ကျန်းရီက ပြန်၍လည်း ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့သည်။ မကြာသေးခင်က သူသည် အဆင့်နိမ့်မိစ္ဆာများကို တမင်လွှတ်ပေးနေခဲ့၏။ ထိုလွတ်လာသူများကြောင့် သူမတို့စစ်တပ်၏ စိတ်ဓာတ်က ပျက်ပြားလာနေသည်။ လက်ရှိတွင် စစ်တပ်၏ စိတ်ဓာတ်မှာ အောက်ဆုံးအထိ ကျနေပြီဖြစ်ပြီး အချိန်မရွေး ပုန်ကန်မှု ဖြစ်လာနိုင်နေပေသည်။

ဖုန့်နီသည် အရှေ့ဒေသ၏ အရှုပ်အထွေးများကြားတွင် ဆက်မပါတော့ဘဲ၊ ကော့ချန်ဘုရင်နှင့် သုံးစားမရသူများကို အရေးမစိုက်ဘဲ အချိန်မရွေး ထွက်သွားနိုင်ပါ၏။ သို့သော် သူမက စိတ်ဓာတ်မာကြောသူတစ်ယောက်ဖြစ်သည်။ ယခု ကျန်းရီနှင့် ယှဉ်ပြိုင်နေပြီဖြစ်ရာ အဘယ်သို့ လမ်းတစ်ဝက်တွင် အရှုံးပေးနိုင်ပါမည်နည်း။ သူမက တစ်သက်လုံး ကျော်ကြားခဲ့သူဖြစ်ရာ အဘယ်သို့ ဤတစ်ပွဲမှ သိက္ခာအကျခံရပါမည်နည်း။

ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များသည် ဖုန့်နီ၏ဂူအပြင်တွင် တစ်ရက်နှင့်တစ်ည စောင့်နေခဲ့၏။ လက်ရှိ အခြေအနေမှာ အရေးကြီးနေသည်။ သူမက အမိန့်မပေးသေးလျှင် မျိုးနွယ်များစွာသည် သူတို့၏ တပ်သားများကို ခေါ်၍ ထွက်သွားကြတော့မည်ဖြစ်သည်။ သို့သော် သူတို့၏ တပ်သားများနှင့် မည်သို့နေရာသို့ သွားနိုင်မည်နည်း။ သူတို့ အရှေ့ဒေသသို့ ပြန်ကာ အညံ့ခံရုံမှလွဲ၍ အခြားရွေးစရာ မရှိပါ။ မဟုတ်လျှင် သူတို့၏သာမန်မျိုးနွယ်ဝင်အားလုံး အသတ်ခံရပေလိမ့်မည်။

ကျန်းရီသည် ထွက်ပြေးလွတ်မြောက်သွားခဲ့သော အဆင့်နိမ့်မိစ္ဆာများနှင့် သတင်းစကားတစ်ခုလည်း မသိမသာ ပါးလိုက်သည်။ သူတို့သာ အညံ့ခံမည်ဆိုလျှင် အရာအားလုံးကို ခွင့်လွှတ်ပေးမည်ဖြစ်သည်။ ပြီးခဲ့သည်များကို မေ့ပစ်ကာ သူတို့၏မျိုးနွယ်ဝင်များကိုလည်း လွှတ်ပေးမည်ဖြစ်သည်။

ထိုသန်းထောင်ချီ‌သော အဆင့်နိမ့်မိစ္ဆာများမှာ သူတို့မျိုးနွယ်များ၏ အခြေခံအုတ်မြစ်ပင်။ ၎င်းအဆင့်နိမ့်မိစ္ဆာများ အားလုံး အသတ်ခံလိုက်ရမည်ဆိုလျှင် သူတို့စစ်တပ် တည်ရှိနေသေးလျှင်လည်း မည်သည့်အဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်ချေ။ မျိုးနွယ်ဝင်များနှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါက အသက်ရှင်နေရသည်မှာ မည်သည့်အဓိပ္ပာယ် ရှိပါတော့မည်နည်း။

“ဟူး...”

ဖုန့်နီသည် သက်ပြင်းရှည်တစ်ချက်ချ၍ ထရပ်လိုက်၏။ သူမ၏ မျက်ဝန်းများက ပြတ်သားလာသည်။ သူမ ဂူအပြင်သို့ ဖြည်းဖြည်းချင်း လျှောက်ထွက်သွားပြီး ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များကို ဝေ့ဝဲကြည့်လိုက်သည်။ ပြီးမှ တည်ငြိမ်စွာ ပြောလိုက်လေသည်။

“စစ်တပ်ကို စုစည်းပြီး ထွက်ခွာပါ။ ကျွန်မတို့ အရှေ့ဒေသကို ပြန်ပြီး ရန်သူစစ်တပ်နဲ့ အဆုံးအဖြတ်တိုက်ပွဲ တိုက်ကြမယ်”

“အဆုံးအဖြတ်တိုက်ပွဲလား”

ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် စိတ်ပျက်သည့် အရိပ်အယောင်များလည်း ထွက်ပေါ်လာသည်။ အဆုံးအဖြတ်တိုက်ပွဲကို တိုက်ကိုတိုက်ရမည်ဖြစ်ကြောင်း သိထားလျှင် သူတို့ အဘယ်ကြောင့် ယခုအထိ စောင့်နေခဲ့ပါမည်နည်း။ ကြည့်ရသည်မှာ ဖုန့်နီက အကြံကုန်နေပုံပင်။ သူမသည် အင်အားကို အင်အားနှင့်သာ ယှဉ်နိုင်တော့ပုံရပေသည်။

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့”

ဖုန့်နီ၏ မျက်ဝန်းများက ဆွဲဆောင်မှုရှိရှိ လင်းလက်လာ၏။ သူမ ယုံကြည်မှုနှင့် ပြောလိုက်သည်။

“ဒီအတောအတွင်း ကျွန်မ အအားနေခဲ့တာ မဟုတ်ပါဘူး။ အစီအစဉ်တွေ အများကြီး ဆွဲနေခဲ့တာပါ။ ဒီတစ်‌ခေါက် ကျွန်မတို့ သေချာပေါက် နိုင်မှာပါ။ အရှေ့ဒေသက... ရှင်တို့အပိုင် ဖြစ်လာမှာပါ”

***

All Chapters