နောက်ဆုံးတိုက်ပွဲ
Vol. 129 Ch. 1796
တပ်သားဆယ်သန်းကျော်သည် ရွှေကြေးခွံတောင်မှ ထွက်လာပြီး အရှေ့ဒေသသို့ ဦးတည်လာကြ၏။ သူတို့ အရှေ့ဒေသနယ်စပ်ကို ရောက်သောအခါ ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များသည် တပ်သားအရေအတွက် တစ်သန်းခွဲ တိုးလာကြောင်း သိလိုက်ကြရသည်။ ထိုတပ်သားတစ်သန်းခွဲစလုံးမှာ ထိပ်သီးတပ်သားများဖြစ်ကြရာ စစ်တပ်ထဲတွင် ထိပ်သီးအရေအတွက် ပိုတိုးလာပေသည်။
‘အဲ့ဒါက.. မင်းသမီးနီ စီစဉ်ထားတာလား’
ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ ဝမ်းသာသွားကြ၏။ ထိုတပ်သားတစ်သန်းခွဲမှာ အနောက်ရှေ့ဒေသ၊ တောင်ဒေသနှင့် မြောက်ဒေသတို့မှ တပ်သားများဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ထိုတပ်သားများကို မိစ္ဆအရှင်သုံးပါးက စေလွှတ်လိုက်ခြင်း မဟုတ်ပါ။ မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသ၏ အရေးကိစ္စများတွင် ပေါ်ပေါ်ထင်ထင် ဝင်မပါနိုင်သည် မဟုတ်ပါလား။ အရာအားလုံးကို ဖုန့်နီကပဲ လျှို့ဝှက်စီစဉ်ထားခြင်း ဖြစ်ရပေမည်။
တပ်သားဆယ့်နှစ်သန်းသည် ရုတ်တရက်ကြီး တပ်သားဆယ့်သုံးသန်းခွဲဖြစ်သွားသည်။ အသစ်ရောက်လာသော တပ်သားတစ်သန်းခွဲသည် သီးသန့်တပ်ဖွဲ့ မဖွဲ့ဘဲ တပ်ဖွဲ့အသီးသီးထဲတွင် ဖြန့်ကျက်ထားသည်။ တပ်သားဟောင်းများမှာလည်း အရူးများ မဟုတ်ကြပါ။ သူတို့သည် ဖုန့်နီ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြပြီး အတော်လေး စိတ်အားတက်သွားကြပေသည်။
ထိုတပ်သားတစ်သန်းခွဲသာ သီးသန့်တပ်ဖွဲ့ ဖွဲ့လိုက်လျှင် ရန်သူက သူတို့ကို အလွယ်တကူ သတိပြုမိပေလိမ့်မည်။ ထိုအခါ မိစ္ဆာအရှင်သုံးပါးက အပြစ်တင်ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ တပ်ဖွဲ့အသီးသီးကြား ရောနှေနေနေခြင်းပင်။
မူလတပ်သားဆယ့်နှစ်သန်းသည် ဖရိုဖရဲဖြစ်နေခဲ့ပြီး စိတ်အားလည်း ကျနေခဲ့သည်။ ထိုပုံစံနှင့် တိုက်ပွဲဖြစ်လျှင် သူတို့ သေချာပေါက် တပ်ပျက်ကာ သူသေကိုယ်သော တိုက်ရန် ချီတက်ဝံ့လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုတပ်သားတစ်သန်းခွဲမှာမူ ကွဲပြားသည်။ သူတို့သည် ကျန်းရီက မည်မျှအစွမ်းအစရှိကြောင်း မသိထားပေ။ တိုက်ပွဲစသည်နှင့် သူတို့က ကျားများကဲ့သို့ ခက်ထန်ကြပေလိမ့်မည်။ ထိုတပ်သားတစ်သန်းခွဲ၏ ဦးဆောင်မှုအောက်တွင် မူလတပ်သားဆယ့်နှစ်သန်းသည်လည်း ခက်ထန်လာမည်ဖြစ်သည်။ ယင်းမှာ ရှေ့ဆောင်လမ်းပြသူ၏ အရေးပါမှုပင်။ စစ်တပ်သည် အရှေ့ဒေသထဲ မဝင်ရသေးခင်မှာပင် စိတ်ဓာတ်အား တက်လာပြီဖြစ်သည်။
ဖုန့်နီသည် မျိုးနွယ်ဘုရင်အသီးသီးကို ဇာတ်လမ်းအမျိုးမျိုး ဖြန့်ရန် လျှို့ဝှက်ခိုင်းစေလိုက်သည်။ သို့ဖြင့် ဇာတ်လမ်းအမျိုးမျိုး ထွက်ပေါ်လာ၏။ ထိုဇာတ်လမ်းများမှာ အရှင်ကျိုး၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့၏ ရက်စက်ယုတ်မာမှုအကြောင်းများသာ ဖြစ်ပေသည်။
ဥပမာအားဖြင့် အရှင်ကျိုးက တစ်ရက်လျှင် နှလုံးသားရာကျော် စားသည်ဆိုသော ဇာတ်လမ်းမျိုးပင်။ သူက ကလေးများ၏ နှလုံးသားကို ဆွဲထုတ်၍ အစိမ်းအတိုင်း စားသည်။ ကန်းဟန့်ဘုရင်မှာ ခက်ထန်ပြီး စစ်သုံ့ပန်းများအား နှိပ်စက်ရခြင်းကို သဘောကျသည်။ ယခုတွင် သူက တစ်ရက်လျှင် မိစ္ဆာတစ်သောင်းကို နှိပ်စက်သတ်ဖြတ်နေသည်။ သတ်လျှင်လည်း ဓားနှင့် အချက်တစ်ထောင်လှီး၍ သတ်တတ်သည်။ ကြမ်းကြုတ်နဂါးဘုရင်မှာမူ သူ့ဘက်မှ မျိုးနွယ်ဘုရင်များအား အကယ်၍ ရန်သူတပ်သားများက အညံ့လာခံလျှင် နောင်ပြဿနာများ မရှိရအောင် အားလုံးကို သတ်ပစ်ရန် လျှို့ဝှက်မှာကြားထားပေသည်။
ထိုဇာတ်လမ်းများကို ဖြန့်ရသည့် ရည်ရွယ်ချက်မှာ ထင်ရှားသည်။ သူတို့သည် တပ်သားဆယ့်နှစ်သန်းကို ဒေါသထွက်စေပြီး သူသေကိုယ်သေ တိုက်ခိုက်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ဟု ထင်စေလိုခြင်းပင်။ သို့မှ စစ်တပ်က အစွမ်းကုန် တိုက်ခိုက်မည်ဖြစ်သည်။
သတ်ဖြတ်လိုစိတ်မရှိသော စစ်တပ်မှာ တိုက်ခိုက်စွမ်းအား မရှိသကဲ့သို့ပင်။ သို့သော် လွတ်လမ်းမရှိတော့၍ သူသေကိုယ်သေသာ တိုက်ရတော့မည်ဖြစ်ကြောင်း သိသွားချိန်တွင်မူ ထိုစစ်တပ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသွားပေလိမ့်မည်။
စစ်တပ်သည် အရှိန်အဝါအပြည့်နှင့် အရှေ့ဒေသထဲ ဝင်လိုက်၏။ ကျန်းရီက နယ်စပ်သို့ တပ်သားများ မစေလွှတ်ထားသဖြင့် အရှေ့ဒေသမှာ အကာအကွယ်မဲ့နေသည်။ သူသည် သူ့ထံ အချိန်မီ သတင်းရောက်စေရန် ထောက်လှမ်းရေးများကိုသာ လျှို့ဝှက်စေလွှတ်ထားပေသည်။
ဖုန့်နီက ထိုထောက်လှမ်းရေးများကို တပ်သားများ စေလွှတ်၍ မရှင်းလိုက်သဖြင့် ကျန်းရီတို့ နားမလည်နိုင် ဖြစ်သွားကြ၏။ ထောက်လှမ်းရေးများမှာ ဖုန့်နီ၏ စစ်တပ်၏ တည်နေရာကို ထောက်လှမ်းနိုင်ကာ ချက်ချင်း သတင်းပြန်ပို့လိုက်ကြလေသည်။
‘နောက်ဆုံးတိုက်ပွဲ စတော့မှာပဲ’
ကျန်းရီသည် တပ်ဖွဲ့အားလုံးနှင့် သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများကို ချက်ချင်း စုဝေးလိုက်သည်။ သူတို့က အဆုံးအဖြတ်တိုက်ပွဲတစ်ပွဲကို တိုက်ရတော့မည်ဖြစ်၍ နောက်တန်းကို အခြေခိုင်အောင်လုပ်ရန် လိုအပ်ပေသည်။
ဖုန့်နီက သူမဘက်မှ အခြေအနေကို ကျန်းရီအား ထောက်လှမ်းခွင့် ပေးခဲ့သည်။ သူမ၏ ရည်ရွယ်ချက်မှာ ရှင်းသည်။ သူမသည် မည်သည့်လှည့်ကွက်မှ မသုံးတော့ဘဲ သူမ၏စစ်တပ်နှင့်အတူ ချီလာကာ အဆုံးအဖြတ်တိုက်ပွဲ တိုက်လိုခြင်းပင်။
ဤအခြေအနေတွင် ကျန်းရီထံ၌ အခြားရွေးချယ်စရာ မရှိပေ။ သူ တပ်ဖွဲ့အားလုံးကို စုစည်း၍ သူသေကိုယ်သေ တိုက်ရန်သာ ရှိတော့သည်။ သူ၏စစ်တပ်က သေးရာ တပ်ဖွဲ့များခွဲ၍ မဖြစ်ပေ။ မဟုတ်လျှင် သူတို့ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီ ရှင်းပစ်ခံရပေလိမ့်မည်။
စစ်တပ်ကို တပ်ဖွဲ့များ မခွဲနိုင်ရာ မည်သည့်ဗျူဟာ၊ မည်သည့်လှည့်ကွက်မှ သုံးနေရန် မလိုတော့ပေ။ သူတို့သည် သူတို့၏အင်အားကိုသာ မှီခို၍ တိုက်ပွဲတွင် သူသေကိုယ်သေ တိုက်ခိုက်ရမည်ဖြစ်သည်။ တိုက်ပွဲထဲတွင်မှ သူတို့ တိုက်ကွက်ပုံစံများနှင့် ဗျူဟာငယ်အချို့ကို သုံးရပေမည်။
ကျန်းရီသည် သဲစားပွဲပေါ်မှ မြေပုံကို အဖန်ဖန် လေ့လာပြီးနောက် အဆုံးအဖြတ်တိုက်ပွဲ တိုက်ရန် နေရာကို ရွေးချယ်လိုက်၏။ ထိုနေရာမှာ ကော့ချန်မြို့နှင့် နဂါးတောင်ကြား ကြားရှိ မြေမျက်နှာသွင်ပြင်ထူးခြားသော နယ်မြေတစ်ခုပင်။
မြေမီးတောက်တောင်ကြား...
ထိုမြေမီးတောက်တောင်ကြားမှာ တောင်ကြားရှည်တစ်ခုဖြစ်သည်။ တောင်ကြားထဲတွင် မြေမီးတောက်များ မရှိသော်လည်း တောင်ကြားဘေးနှစ်ဘက်မှ ဧရာမတောင်တန်းကြီးနှစ်ခုက မြေမီးတောက်များကို ရံဖန်ရံခါ မှုတ်ထုတ်ပေသည်။ ထိုမီးတောက်များက သိပ်၍ ကြောက်စရာ မကောင်းပါ။ သို့သော် သာမန်တပ်သားများအတွက်မူ ထိုတောင်တန်းများကို ဖြတ်သွားရန်မှာ အလွန်အန္တရာယ်များသည်။ သူတို့ မြေမီးတောက် ထိမှန်ခံရလျှင် သေလျှင်သေ၊ မသေလျှင် အပြင်းအထန် ဒဏ်ရာရသွားနိုင်ပေသည်။
ရန်သူက အဆုံးအဖြတ်တိုက်ပွဲ တစ်ပွဲ တိုက်လိုနေရာ တိုက်ပွဲနေရာကို ကျန်းရီက ရွေးချယ်ရပေမည်။ သူတို့ဘက်က ခံစစ်ဆင်မည်ဖြစ်ရာ ရန်သူမှာ ရွေးချယ်စရာမရှိဘဲ သူတို့ရှိရာသို့ လာရမည်ဖြစ်သည်။
ထိုမြေမီးတောက်တောင်ကြားမှာ မသေးပါ။ ထို့ပြင် ထိုတောင်ကြားလမ်းမှာ လုံခြုံပြီး မည်သည့်မြေမီးတောက်မှ မမှုတ်ထုတ်ပေ။ ထို့ကြောင့် စစ်တပ်က ၎င်းတောင်တန်းနယ်မြေကို ဖြတ်ကျော်လိုလျှင် မြေမီးတောက်တောင်ကြားကို ဖြတ်ရမည်ဖြစ်သည်။
ရန်သူဘက်မှ တပ်သားအင်အားက ကျန်းရီတို့ဘက်မှ တပ်သားအင်အားထက် နှစ်ဆများသည်။ ထို့ကြောင့် တိုက်ပွဲကို မြေပြန့်ကျယ်တွင် တိုက်၍ မဖြစ်ချေ။ ၎င်းတောင်ကြားမှာ ကျန်းရီတို့အတွက် အားသာချက်အရှိဆုံး နေရာဖြစ်သည်။
ကျန်းရီတို့စစ်တပ်၏ စိတ်ဓာတ်က တက်ကြွနေသည်။ တပ်သားများသည် တိုက်ကွက်ပုံစံများ မည်သို့ဆင်ရမည်ကိုလည်း သိထားကြသည်။ သို့ဖြစ်၍ သူတို့၏ တိုက်ခိုက်အင်အားက ရန်သူထက် သာသည်။ ထို့ပြင် ၎င်းတောင်ကြားထဲ၌ ရန်သူဘက်မှ တပ်သားအင်အားက အားသာချက် ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ ရန်သူစစ်တပ်ကို အပြတ်ရှင်းပစ်ကာ ထိုတိုက်ပွဲကို အနိုင်ယူနိုင်ပေသည်။
အစီအစဉ်အကြမ်းဖျင်းချပြီးနောက် စစ်တပ်က စတင်ချီတက်၏။ ရှေးဦးစွာ ကန်းဟန့်ဘုရင်သည် ရန်သူဘက်မှ သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများကို မြေမီးတောက်တောင်ကြား အနီးဝန်းကျင်သို့ သွားစေလိုက်သည်။ သို့မှ ရန်သူက ရွေးချယ်စရာမရှိတော့ဘဲ သူတို့နှင့် တောင်ကြားထဲတွင် တိုက်ကို တိုက်ရမည်ဖြစ်သည်။
ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်အား ဆောင်းဥတုပုလဲကို သုံး၍ သူတို့ဘက်မှ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများကို အဝေးသို့ ရွှေ့ပြောင်းပေးရန် ခိုင်းလိုက်သည်။ ကြမ်းကြုတ်နဂါးဘုရင်က လျင်မြန်ပြီး ဆောင်းဥတုပုလဲက တစ်ကြိမ်လျှင် မိစ္ဆာဆယ်သန်းကို ခေါ်သွားနိုင်သည်။ ထိုနည်းဖြင့် သူတို့သည် အကြိမ်ဒါဇင်ကျော်အတွင်းမှာပင် မိစ္ဆာအားလုံးကို ရွှေ့ပြောင်းနိုင်လိုက်မည်ဖြစ်သည်။ အဆင့်နိမ့်မိစ္ဆာများ ဘေးကင်းမှ စစ်တပ်က စိတ်အေးလက်အေးနှင့် အစွမ်းကုန် တိုက်နိုင်မည် မဟုတ်ပါလား။
အဆင့်နိမ့်မိစ္ဆာများကို ရွှေ့ပြောင်းမည့်နေရာမှာ ကျတ်တီးမြေပင်ဖြစ်သည်။ လက်ရှိတွင် ကျတ်တီးမြေထဲ၌ အေးချမ်းနေသည်။ သူတို့ ထိုနေရာတွင် အချိန်တစ်ခုလောက် အခြေချနေနိုင်ပေသည်။ အဆုံးအဖြတ်တိုက်ပွဲမှာ သိပ်မကြာလောက်ပါ။ ထို့ပြင် ရန်သူက အဆင့်နိမ့်မိစ္ဆာများကို လိုက်ရှာရန်လည်း တပ်ဖွဲ့များ ခွဲမထုတ်လောက်ချေ။ ထိုသို့လုပ်လိုက်လျှင်လည်း အဆုံးအဖြတ်တိုက်ပွဲက တန်းပြီးသွားမည်ဖြစ်သည်။
အရာအားလုံး အသင့်ဖြစ်နေပေပြီ။ ကျန်းရီသည် စစ်တပ်ကို မြေမီးတောက်တောင်ကြားဆီသို့ ချီတက်စေလိုက်သည်။ အဆုံးအဖြတ်တိုက်ပွဲက ထိုနေရာတွင် ဖြစ်မည်ဖြစ်ကြောင်း ဖုန့်နီ သိအောင် လုပ်ရမည်။ မည်သည့်လှည့်ကွက်မှ သုံးရန် မကြံလေနှင့်။ တိုက်ပွဲတစ်ပွဲတည်းနှင့် အနိုင်၊ အရှုံးကို ဆုံးဖြတ်လိုက်ခြင်းက ပိုကောင်းပေသည်။
ဖုန့်နီက ကျန်းရီကို စိတ်မပျက်စေပါ။ သူမတို့စစ်တပ်ကလည်း မြေမီးတောက်တောင်ကြားဆီသို့ တိုက်ရိုက် ဦးတည်လာသည်။ ထိုအခါ ကျန်းရီသည် သူ၏ ဒုတိယအစီအစဉ်ကို စ၏။ ထိုအစီအစဉ်မှာ ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာများကို အသုတ်လိုက် လွှတ်ပေးရန်ပင်။ ဤတစ်ခေါက်တွင် သူ မိစ္ဆာထောင်ဂဏန်းလောက်သာ လွှတ်ပေးလိုက်သည်။ သူသည် ထိုမိစ္ဆာများအား အရှေ့ဒေသ မဟာမိတ်စစ်တပ်ကို ရှာ၍ သူ့သတင်းစကားကို ပါးပေးရန် ခိုင်းလိုက်သည်။
ထိုသတင်းစကားမှာ အညံ့ခံရန် ပြောခြင်းပင်။ အရှေ့ဒေသမှ အတွင်းရေးကိစ္စများကို အတွင်းမှာပင် ဖြေရှင်းနိုင်သည်။ သူတို့ ဆွေးနွေးလိုလျှင်ဖြစ်စေ၊ နယ်မြေခွဲလိုလျှင်ဖြစ်စေ အရာအားလုံးကို ညှိနှိုင်းနိုင်သည်။ ယင်းမှာ ပြင်ပအင်အားစုများ၏ အသုံးချမှု၊ ချယ်လှယ်မှုကို မခံရစေရန်ဖြစ်သည်။
ထိုအဆင့်နိမ့်မိစ္ဆာများကို လွှတ်လိုက်ခြင်းတွင် အခြားအကြောင်းတစ်ခုလည်း ရှိသေးသည်။ ရန်သူစစ်တပ်က ထိုမိစ္ဆာများကို လျစ်လျူမရှုနိုင်လောက်သည် မဟုတ်လော။ ထိုမိစ္ဆာများက သူတို့၏ မျိုးနွယ်ဝင်များပင်။ သူတို့ ထိုမိစ္ဆာများကို ကယ်တင်လိုက်လျှင် စစ်တပ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။
သို့သော် ကျန်းရီ၏ အစီအစဉ်မှာ များစွာအလုပ်မဖြစ်ပါ။
ဖုန့်နီက စစ်တပ်ကို ဦးနှောက်ဆေးထားပြီးဖြစ်သည်။ ထို့ပြင် အဆင့်နိမ့်မိစ္ဆာများက စစ်တပ်၏ ပင်မစစ်ကြောင်းအနီးပင် မကပ်နိုင်ချေ။ ရှေ့ပြေးတပ်များ၏ တားဆီးမှုကို ခံလိုက်ကြရသည်။ ထို့ကြောင့် ကျန်းရီ သူ့အစီအစဉ်ကို လက်လျှော့လိုက်ရလေသည်။
တပ်သားဆယ်သန်းကျော်မှာ ထက်ရှသော ဓားတစ်လက်အလား မြေမီးတောက်တောင်ကြားဆီသို့ ဦးတည်လာနေသည်။ သူတို့ ငါးရက်အတွင်း ရောက်လာကြမည်ဖြစ်သည်။
အဆုံးအဖြတ်တိုက်ပွဲ စပေတော့မည်။
***