← Chapters

အဆင့်နိမ့်သောအမှားတစ်ခု

Vol. 129 Ch. 1797

အဆင့်နိမ့်သောအမှားတစ်ခု

Vol. 129 Ch. 1797

“တင်ပြပါတယ်... ရန်သူက တစ်ရက်နေရင် ရောက်လာပါတော့မယ်”

“တင်ပြပါတယ်... ရန်သူက နေ့ဝက်နေရင် ရောက်လာပါတော့မယ်”

မြေမီးတောက်တောင်ကြားထဲတွင် တပ်သားများ ဖွေးဖွေးလှုပ်နေသည်။ သူတို့၏ လက်နက်များနှင့် ချပ်ဝတ်များက တလက်လက် တောက်ပနေကြသည်။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများကလည်း တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထောက်လှမ်းရေးများကလည်း တစ်ယောက်ပြီးတစ်ယောက် မပြတ် သတင်းလာပို့နေကြသည်။

တောင်ကြားမှာ အလွန်ကျယ်၏။ အနည်းဆုံး မိုင်အနည်းငယ်လောက် ကျယ်သည်။ တပ်သား တစ်သောင်းကျော် နှစ်‌သောင်းလောက်က ဘေးချင်းယှဉ်ရပ်နိုင်သည်။ ယခုတွင် တောင်ကြားထဲ၌ တပ်သားများ ပြည့်နှက်နေသည်။ ထိုတပ်သားများအထက်ရှိ လေထဲတွင် စစ်ရထားလုံး တစ်စီးရှိနေ၏။ ကျန်းရီက ထိုစစ်ရထားလုံးထဲတွင် ထိုင်နေသည်။ ကြမ်းကြုတ်နဂါးဘုရင်၊ လီရှန်းအာနှင့် အခြားသူများလည်း ရှိနေကြသည်။

ရက်များစွာ ကြာခဲ့ပေပြီ။ ကန်းဟန့်ဘုရင်က ရန်သူဘက်မှ သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများကို တော်ကြားအနောက်ဘက်သို့ ပို့ထားပြီးပြီဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်ကလည်း သူတို့ဘက်မှ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများကို ကျတ်တီးမြေထဲ သွားပို့ထားပြီးပေပြီ။

ဖုန့်နီက ကျန်းရီတို့ဘက်မှ ထောက်လှမ်းရေးများကို ရှင်းမပစ်ချေ။ ထို့ကြောင့် သူမတို့စစ်တပ်၏ တည်နေရာကို ကျန်းရီတို့က မျက်ခြည်မပြတ် သိနေရပေသည်။ သူမတို့စစ်တပ်သည် တပ်ဖွဲ့များလည်း မခွဲသလို မည်သည့်အစီအစဉ်မှလည်း မလုပ်ပေ။ သူတို့က တောင်ကြားဆီသို့သာ အလုံးအရင်း ချီတက်လာကြပေသည်။

“အရှင်ကျိုး... ရန်သူက တစ်ခုခု ကြံနေတာပါလား”

ကြမ်းကြုတ်နဂါးဘုရင်သည် ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးမှ မေးလိုက်၏။ လီရှန်းအာ၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် ကန်းဟန့်ဘုရင်တို့ကလည်း ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီက ခေါင်းခါ၍ ပြန်ပြောလိုက်၏။

“ထောက်လှမ်းရေးတွေ အကုန်လုံးက အရှေ့ဒေသထဲမှာ အရာအားလုံး အေးချမ်းနေတယ်လို့ သတင်းပို့ကြတယ် မဟုတ်လား။ ပြီးတော့ သူတို့ ရန်သူစစ်တပ်နားကို မကပ်နိုင်ပေမဲ့ စစ်တပ်က အင်အားဆယ်သန်းကျော် ရှိတယ်တာတော့ သေချာတယ်။ ဒီတစ်ခေါက် ရန်သူက တပ်မခွဲဘဲ အဆုံးအဖြတ်တိုက်ပွဲ တိုက်ဖို့ ဆုံးဖြတ်ထားတာပဲ။ သူတို့မှာ ဘာဝှက်ဖဲတွေ ရှိလဲတော့ လောလောဆယ် ကျွန်တော် မပြောနိုင်သေးဘူး”

“ကောင်းပါပြီ... အဲ့လိုဆိုလည်း သူသေကိုယ်သေ တိုက်ကြတာပေါ့”

ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုသည့် အရိပ်အယောင်များ ရှိနေသည်။ သေရေးရှင်ရေး အခိုက်အတန့် ရောက်ရှိလာပေပြီ။ အရာအားလုံးက ဤတိုက်ပွဲအပေါ်တွင် မူတည်နေသည်။

နေ့ဝက်ကြာပြီးနောက် ဖုန့်နီ၏စစ်တပ် ရောက်ရှိလာ၏။ တပ်သားဆယ်သန်းကျော်က တောင်ကြားအပြင်ဘက်တစ်ခွင်လုံးတွင် နေရာယူလိုက်ကြသည်။ ထောက်လှမ်းရေးများသည် အနီးသို့ မကပ်နိုင်သဖြင့် အဝေးမှသာ ထောက်လှမ်းကြရလေသည်။

ဖုန့်နီသည် နာရီအနည်းငယ် အနားယူပြီးနောက် စစ်တပ်ကို တောင်ကြားထဲ ဆက်ချီစေ၏။ ဤတစ်ကြိမ်တွင် သူမသည် တစ်တပ်လုံးကို ချီစေခြင်း မဟုတ်ဘဲ တပ်သားငါးသိန်းကိုသာ ချီစေလိုက်သည်။ သူမက အရင်ဆုံး အခြေအနေကို စမ်းသပ်လိုခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“ကန်းဟန့်ဘုရင်... တပ်သားငါးသိန်းကို ဦးဆောင်ပြီး တိုက်ခိုက်လိုက်ပါ”

ကျန်းရီသည်လည်း တပ်သားအားလုံးကို မစေလွှတ်လွတ်ဘဲ ကန်းဟန့်ဘုရင်အား တပ်သားငါးသိန်းကို ဦးဆောင်၍ တိုက်ပွဲထွက်စေလိုက်သည်။ သူကလည်း တစ်ဘက်’ အခြေအနေကို စမ်းသပ်လိုပေသည်။

တောင်ကြားဘေးနှစ်ဘက်ရှိ တောင်တန်းများက ရံဖန်ရံခါ မီးတောက်များ မှုတ်ထုတ်နေရာ တောင်ကြားထဲမှ အပူချိန်က အလွန်မြင့်သည်။ အာကာပြင်မှာလည်း အလွန်ပူကာ လှောင်အိုက်နေသည်။

နှစ်ဘက်စလုံးမှ တပ်သားငါးသိန်းစီသည် အရှေ့သို့ ချီတက်နေကြ၏။ ကောင်းကင်ထဲတွင် ဆန်းကြယ်စွမ်းရည်အမျိုးမျိုး ပြည့်နှက်သွားသည်။ လေထုကလည်း ပို၍ ပူလာပြီး တပ်သားများကို အသက်ရှူရခက်လာစေသည်။

ရန်သူဘက်မှ တပ်သားငါးသိန်းကို ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်က ဦးဆောင်လာ၏။ ခေတ္တနေပြီးနောက် နှစ်ဘက်စလုံး အနီးကပ်တိုက်ပွဲ စတိုက်ကြသည်။ တောင်ကြားမှာ အပြင်နှင့်ယှဉ်လျှင် ကျဉ်းသဖြင့် တစ်ကြိမ်လျှင် တပ်သားသောင်းကျော်သာ တိုက်ခိုက်နိုင်သည်။ ရှေ့တန်းမှ တပ်သားများ ကျသွားသောအခါမှ အ‌နောက်မှ တပ်သားများက ဆက်တိုက်ခိုက်ကြသည်။

တောင်ကြားက အလွန်ရှည်လျား၏။ အနည်းဆုံး မိုင်တစ်သောင်းရှည်သည်။ နှစ်ဘက်လုံးမှ တပ်သားများက အတန်းရှည်ကြီးဖြစ်နေရာ ဧရာမနဂါးကြီးနှစ်ကောင် တိုက်ခိုက်နေသကဲ့သို့ပင်။ နဂါးဦးခေါင်းပိုင်းမှာ လျင်မြန်စွာ ပျက်ပျက်သွားသည်။ ထိုအခါ ကိုယ်ပိုင်းက ခေါင်းပိုင်းအဖြစ် ချက်ချင်း ပြောင်းသွားသည်။

ထိုကဲ့သို့သော တိုက်ပွဲမျိုးမှာ အလွန်ကြမ်းတမ်းပေသည်။

နှစ်ဘက်စလုံးက ထပ်သီးများဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်ဘက်ကမှ အသာစီ ရမနေပါ။ ရန်သူဘက်မှ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားမှာ ကော့ချန်မျိုးနွယ်၏ မဟာအကြီးအကဲဖြစ်သည်။ သူ၏တိုက်ခိုက်စွမ်းအားက ကန်းဟန့်ဘုရင်ထက် များစွာမနိမ့်ချေ။ နှစ်ဘက်စလုံးသည် သူတင်ကိုယ်တင် အနိုင်မခံ အရှုံးမပေး တိုက်ခိုက်နေကြလေသည်။

ခြောက်နာရီကြာ တိုက်ခိုက်ပြီးနောက် ဖုန့်နီဘက်က အရင်ဆုံး ဆုတ်ခွာသွား၏။ ကျန်းရီကလည်း ကန်းဟန့်ဘုရင်ထံသို့ တပ်ပြန်ဆုတ်ရန် အသံပို့လွှတ်လိုက်သည်။ အခြေအနေကို စစ်ဆေးပြီးနောက် နှစ်ဘက်စလုံးတွင် အကျအဆုံးများခဲ့ကြောင်း အတည်ပြုလိုက်၏။ သို့သော် ကျန်းရီဘက်က ပိုသာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ပူးပေါင်းတိုက်ကွက်ပုံစံများကို တတ်ထား၍ပင်။ သူတို့ဘက်က တစ်သိန်းလောက်သာ ကျဆုံးခဲ့ပြီး ရန်သူဘက်မှာ နှစ်သိန်းကျော် ကျဆုံးခဲ့ပေသည်။

လေးနာရီကြာပြီးနောက် ဒုတိယအချီ ဆက်တိုက်ကြ၏။ ဤတစ်ခေါက်တွင် တစ်ဘက်က တပ်သားတစ်သန်း စေလွှတ်လိုက်သည်။ ကျန်းရီသည် ကန်းဟန့်ဘုရင်အား ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာ သိန်းကျော်ကို လွှတ်ပေးပြီး ရန်သူ၏တပ်ကို ဖျက်ရန် စေခိုင်းလိုက်၏။

ထိုနည်းလမ်းမှာ အလွန်အရှက်မဲ့သော နည်းလမ်းပင်။ သို့သော် အလွန်လည်း ထိရောက်မှုရှိသည်။

စစ်ပွဲများမှာ အမြဲ အရှက်မဲ့ခဲ့ပေသည်။ ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များက သူတို့၏ ကောင်းကျိုးအတွက် စစ်ပွဲများကို စခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ပွဲများတွင် မတရားသည်ဟူ၍ မရှိတော့ပေ။ အကယ်၍ တရားလိုလျှင် စစ်ပွဲကို စပင် မစသင့်ချေ။ စစ်ပွဲအားလုံးကို မိမိတို့၏ လောဘနှင့် အကျိုးကျေးဇူးများကြောင့် တိုက်ရခြင်းသာ ဖြစ်သည်။

အရှင်မချင်လင်းအပေါ် သစ္စာရှိသေးသော မျိုးနွယ်များမှာ တစ်ထောင်ကျော်သာ ကျန်တော့သည်။ သို့သော် အခြားတစ်ဘက်မှာမူ အင်အားစုသုံးစု ပူးပေါင်းထားခြင်းဖြစ်ရာ မျိုးနွယ်ပေါင်း တစ်‌သောင်းလောက်ရှိသည်။ ထို့ပြင် အခြားဘက်ကို မိစ္ဆာအရှင်သုံးပါးကလည်း ထောက်ပံ့ပေးနေသည်။ သို့ဖြစ်ရာ တရားသည်၊ မတရားသည်ကို ပြောနေလျှင် အခြားတစ်ဘက်က ပို၍ပင် မတရားသေးသည်။ ထို့ကြောင့် ကျန်းရီသည် ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် စိတ်ဆုံးဖြတ်လိုက်ခြင်းပင်။

စစ်ပွဲတွင် ရလဒ်ကသာ အရေးပါသည်။ သမိုင်းကိုလည်း အနိုင်ရသူကသာ ရေးရသည်။ ထိုအချက်မှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်ဖြစ်စေ၊ အထက်ဘုံတွင်ဖြစ်စေ၊ ကောင်းကင်ဘုံတွင်ဖြစ်စေ၊ ကောင်းကင်မိစ္ဆာဘုံတွင်ဖြစ်စေ အတူတူသာ။

ကျန်းရီ၏ အစီအစဉ်ကို စလိုက်သည်နှင့် ရန်သူဘက်က တောင့်မခံနိုင်တော့ပေ။ ကန်းဟန့်ဘုရင်နှင့် တပ်သားများက ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာများကြားတွင် ရော‌နှော၍ လိုက်သွား၏။ ရန်သူတပ်သည် တိုက်ရကောင်း၊ မတိုက်ရကောင်း ဝေခွဲမရဖြစ်သွားသည်။ သူတို့ တိုက်လိုက်လျှင် မိမိတို့၏ မျိုးနွယ်ဝင်များကိုပါ သတ်မိပေလိမ့်မည်။ မတိုက်လျှင်လည်း ကန်းဟန့်ဘုရင်တို့ လာသတ်မည်ကို ခံရမည်ဖြစ်သည်။ ထို့ပြင် အဆင့်နိမ့်မိစ္ဆာများက သူတို့တပ်ထဲ ကြောက်လန့်တကြား ပြေးဝင်လာရာ တပ်ဖွဲ့စည်းပုံ ပျက်သွား၏။ သို့ဖြစ်ရာ သူတို့ မည်သို့ တိုက်ခိုက်နိုင်တော့မည်နည်း။

သို့ဖြင့် ရန်သူတပ်သည် လှည့်ပြေးရတော့၏။ ကန်းဟန့်ဘုရင်တို့က ရန်သူတပ်နောက်ကို တောင်ကြားအဆုံးအထိ လိုက်၍ တပ်သားတစ်သိန်းကျော်ကို သတ်ပစ်လိုက်သည်။ ကန်းဟန့်ဘုရင်သည် တောင်ကြားအပြင်အထိ ထွက်မလိုက်ဝံ့ပါ။ အပြင်တွင် ရန်သူ၏ ပင်မစစ်တပ်ကြီး ရှိနေသည် မဟုတ်ပါလား။ ထိုစစ်တပ်ထဲတွင် သန်းသားဆယ်သန်းကျော် ရှိပေသည်။

ထိုတိုက်ပွဲပြီးသောအခါ...

ဖုန့်နီတို့ဘက်သည် နာရီနှစ်ဆယ်ကျော် အနားယူပြီးနောက် ထပ်မံ တိုက်စစ်ထိုးပြန်၏။ သို့သော် ဤတစ်ကြိမ်တွင် သူမက တပ်သားငါးသောင်းကိုသာ စေလွှတ်လိုက်သည်။ ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်ကို စေလွှတ်ကာ ထုံးစံအတိုင်း ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာများကို လွှတ်စေလိုက်သည်။ သို့ဖြင့် ရန်သူဘက်က ရှုံးသွားပြန်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...

သုံးကြိမ်စလုံး ဖုန့်နီတို့ဘက်က ရှုံးခဲ့သည်။ ကျန်းရီတို့ဘက်က တပ်သားငါးသိန်းကျော်၊ ခြောက်သိန်းလောက်ကို သတ်ပစ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဖုန့်နီသည် တပ်သားများ ဆက်မစေလွှတ်တော့ပေ။

နာရီနှစ်ဆယ်ကျော်ကြာပြီးနောက် ဖုန့်နီတို့ဘက်က လှုပ်ရှားလာပြန်၏။ သူမတို့သည် အနောက်သို့ ဆုတ်သွားပြီး တောင်တန်းများကို ကွေ့ပတ်ကာ ကျန်းရီ၏ ပင်မစခန်းကို အနောက်မှ ဝင်တိုက်ရန် ပြင်ဆင်နေကြသည်။

သို့သော်...

ကျန်းရီသည် တပ်သားအားလုံးကို တောင်ကြားအပြင်သို့ ထွက်စေလိုက်ပြီး ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာများကိုလည်း အခြားတစ်ဘက်သို့ ရွှေ့ပြောင်းစေလိုက်သည်။ ထို့ကြောင့် နှစ်ဘက်က နေရာပြောင်းလိုက်သလိုသာ ဖြစ်သွားပေသည်။ ရန်သူဘက်က ကျန်းရီတို့ကို တိုက်လိုလျှင် တောင်ကြားကို ပြန်ဖြတ်ရဦးမည်သာ။

တောင်ကြားဘေးနှစ်ဘက်မှ တောင်တန်းများကလည်း ရံဖန်ရံခါ မီးတောက်များ မှုတ်ထုတ်နေသည်။ ထို့ပြင် ကောင်းကင်မိစ္ဆာဘုံ၏ အာကာပြင်က အလွန်ခိုင်မာပြီး မြေဆွဲအားမှာ ကြောက်မက်ဖွယ်ကောင်းသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် ကောင်းကင်ပေါ် ကီလိုမီတာသုံးဆယ်ထက်ပို၍ ပျံမတက်နိုင်ကြပေ။ သာမန်တပ်သားများမှာ သိပ်မြင့်မြင့် မပျံနိုင်ကြချေ။ တောင်တန်းများအပေါ် ဖြတ်ပျံရန်မှာလည်း အလွန်အန္တရာယ်များသည်။ သူတို့၏ အမြန်နှုန်းက အလွန်နှေးရာ အောက်ဘက်မှ ရန်သူ၏ ပစ်မှတ်များ ဖြစ်သွားနိုင်ပေသည်။

“တင်ပြပါတယ်...”

နာရီအနည်းငယ် ကြာပြီးနောက် ထောက်လှမ်းရေးများသည် ဖုန့်နီ၏ စစ်တပ်က ထပ်မံလှုပ်ရှားလာကြောင်း တင်ပြလာကြ၏။ ဖုန့်နီသည် တောင်ကြားဝတစ်ဘက်တွင် တပ်သားလေးသန်း ချန်ခဲ့ပြီး ကျန်တပ်သားများနှင့် တောင်ကြား၏ အခြားအဝဆီ ကွေ့ပတ်လာနေပေသည်။

“ဟုတ်ပြီ...”

ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် ထိုသတင်းကို ကြားလိုက်သောအခါ မျက်လုံးများ အရောင်လက်သွားကြ၏။ သို့သော် ကျန်းရီက မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။ ဖုန့်နီ၏ အစီအစဉ်က အလွန်ပါးနပ်သည်ဟု ထင်ရသော်လည်း ကျန်းရီကမူ ၎င်းက အလွန်ရူးမိုက်သည်ဟု ခံစားရ၏။ ယခုအစီအစဉ်က သူမ၏ ယခင်မှ အစီအစဉ်များလောက် မပြောင်မြောက်ချေ။

အင်အားဆယ်သန်းကျော်ရှိသော စစ်တပ်ကို တပ်နှစ်တပ် ခွဲထုတ်လိုက်သည်လော။ သူမတို့က တောင်ကြားဝတစ်ဘက်ကို ပိတ်ဆို့ထားပြီး ကျန်တစ်ဘက်ကိုပါ ပိတ်ဆို့ရန် သွားလျှင်လည်း ကျန်းရီတို့ဘက်က သူမတို့ ကျန်တစ်ဘက်ကို မရောက်သေးခင် ပိတ်ထားသောဘက်ကို ဖောက်ထွက်နိုင်သည်။ သူမတို့သည် မည်သို့မှ တောင်ကြားဝနှစ်ဘက်စလုံးကို ပိတ်ဆို့နိုင်မည် မဟုတ်ပေ။

ကျန်းရီကသာ ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာများကို လွှတ်ပေးလိုက်လျှင် တောင်ကြားဝကို ပိတ်ဆို့ထားသော တပ်သားလေးသန်းမှာ ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။ ထိုအခါ ကျန်းရီတို့က ထိုတပ်သားလေးသန်းကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။ သူတို့ တပ်သားလေးသန်းကို ဖရိုဖရဲဖြစ်သွားအောင် မလုပ်နိုင်လျှင်ပင် သူတို့ဘက်က တပ်သားရှစ်သန်းရှိရာ ထိပ်တိုက် တိုက်ခိုက်ရန်လည်း ကြောက်နေစရာ မရှိချေ။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ မျက်လုံးအရောင်လက်လာခြင်းဖြစ်သည်။

သို့ရာတွင်...

ရန်သူဘက်မှ ခေါင်းဆောင်က ကော့ချန်ဘုရင်ဖြစ်စေ သို့မဟုတ် အခြားမျိုးနွယ်ဘုရင်တစ်ပါးပါး ဖြစ်နေလျှင်ဖြစ်စေ ကျန်းရီ ချက်ချင်းတိုက်ခိုက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် ရန်သူခေါင်းဆောင်က အလွန်ဉာဏ်ကောင်းသော ဖုန့်နီဖြစ်သည်။ သူမက အဘယ်သို့ အဆင့်နိမ့်သောအမှားတစ်ခုကို လုပ်မိမည်နည်း။

***

All Chapters