များလာသော တပ်သားများ
Vol. 129 Ch. 1798
ကျန်းရီသည် စိတ်ထဲတွင် မတင်မကျဖြစ်နေသော်လည်း အမိန့်ပေးလိုက်သည်။ ရန်သူက တောင်ကြားကို ကွေ့ပတ်သွားရန် အချိန် ခြောက်နာရီမှ ရှစ်နာရီလောက်သာ လိုသည်။ ကျန်းရီ ဆက်တုံ့ဆိုင်းနေလျှင် ရန်သူက တစ်ဘက်တောင်ကြားဝသို့ ရောက်လာပေလိမ့်မည်။
ကျန်းရီသည် တောင်ကြားဝတစ်ဘက်တွင် ပိတ်ဆို့ထားသော တပ်သားလေးသန်းကို တိုက်ခိုက်ရန် မဆုံးဖြတ်ခဲ့ပေ။ ထိုအစား တစ်ဘက်တောင်ကြားဝတွင် တပ်ပြင်၍ ကွေ့ပတ်လာသည့် ရန်သူတပ်သား ခုနစ်သန်းကျော်ကို စီးတိုက်ရန် ပြင်ဆင်စေလိုက်သည်။ တောင်ကြားမှာ ရှည်လျားသော်လည်း တပ်သားသန်းချီ တစ်ပြိုင်တည်း ဝင်လာလျှင် ပြည့်ကြပ်သွားပေလိမ့်မည်။ အကယ်၍ တောင်ကြားဝကို ပိတ်ဆို့ထားသည့် တပ်သားလေးသန်းက ချက်ချင်း တပ်မပျက်ဘဲ အချိန်တစ်ခုအထိ တောင့်ခံနေနိုင်လျှင် အကျိုးဆက်များက ဆိုးသွားပေလိမ့်မည်။
ကျန်းရီ၏လက်ထဲတွင် ရန်သူဘက်မှ အဆင့်နိမ့်မိစ္ဆာများ ရှိနေသေးသည်။ ယင်းမှာ သူတို့ဘက်မှ အကောင်းဆုံး ဖဲချပ်ပင်။ အကယ်၍ တပ်သားလေးသန်းက တောင်ကြားဝတွင် စောင့်မနေတော့ဘဲ တောင်ကြားထဲ ဝင်တိုက်မည်ဆိုလျှင် သူ ထိုအဆင့်နိမ့်မိစ္ဆာများကို သက်ရှိဒိုင်းအဖြစ် အသုံးချရပေမည်။ မဟုတ်လျှင် သူတို့ ကြားညှပ်အတိုက်ခံရမည်ဖြစ်သည်။
ကျန်းရီသည် လခြမ်းပုံ တိုက်ကွက်ကို ဆင်၍ တောင်ကြားဝကို စောင့်ကြည့်နေသည်။ တပ်သားခြောက်သန်းကို တပ်ဖွဲ့သုံးဖွဲ့ ခွဲထားသည်။ ကြမ်းကြုတ်နဂါးဘုရင်က အလယ်၊ ကန်းဟန့်ဘုရင်က ဘယ်ဘက်၊ ကောင်းကင်ဂဠုန်ဘုရင်က ညာဘက်ဟူ၍ အသီးသီး နေရာယူထားကြသည်။ လခြမ်းပုံစံ အရှေ့ဆုံးတွင်မူ အဆင့်နိမ့်မိစ္ဆာများ ရှိနေသည်။ ထိုမိစ္ဆာများသည် မလှုပ်ဝံ့ကြဘဲ တဆတ်ဆတ်တုန်ယင်စွာ ရပ်နေကြရသည်။ အဆင့်မြင့်မိစ္ဆာများ၏ အရှိန်အဝါများက သူတို့ကို ဖိနှိပ်ထားသည်။ ထို့ပြင် ထွက်ပြေးလျှင် ချက်ချင်းအသတ်ခံရမည်လည်းဖြစ်၍ သူတို့ ထွက်မပြေးဝံ့ကြခြင်းဖြစ်သည်။
ကျန်းရီသည် စစ်ရထားလုံး၏ အကာအရံများကို ပိတ်၍ တင်ပျဉ်ခွေထိုင်ကာ ဗျပ်စောင်းကို ပေါင်ပေါ်တွင်တင်လျက် အေးအေးလူလူ ဗျပ်စောင်းတီးနေလိုက်၏။ ဗျပ်စောင်းသံမှာ အလွန်နားဝင်ပီယံချို၏။ ထို့ပြင် ကောင်းကင်စွမ်းအားသုံး၍ တီးနေခြင်းဖြစ်ရာ ဗျပ်စောင်းသံက တပ်သားအားလုံး၏ နားသို့ ရောက်ရှိသွားသည်။ အနီးရှိ တပ်သားခြောက်သန်းစလုံး၏ စိတ်ဓာတ်က ချက်ချင်း ထိုးတက်သွား၏။ ကျန်းရီ၏ ဗျပ်စောင်းသံက စစ်ဗုံသံကဲ့သို့ သွေးများကို ဆူပွက်စေပေသည်။
ကျန်းရီသည် သူ၏ စစ်နတ်ဘုရားပုံရိပ်ကို အကြိမ်များစွာ အရောင်တင်ခဲ့သည်။ သူက ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ချိုးနှိမ်၍ အေးအေးလူလူ ဗျပ်စောင်းတီးပြသောအခါ တပ်သားများမှာ အရှင်ကျိုးက သူတို့အနောက်တွင် ရှိသည်ဟု တွေးကာ စိတ်အားတက်လာကြခြင်းဖြစ်သည်။ သူတို့၏ လှုပ်ရှားနေသော စိတ်မှာလည်း တည်ငြိမ်သွားကြသည်။
လီရှန်းအာက ကျန်းရီဘေးတွင် ရပ်နေ၏။ သူမ မျက်မှောင်ကြုတ်ထားပြီး မျက်နှာကလေး ညှိုးနေသည်။ ဤတိုက်ပွဲက အရှေ့ဒေသတစ်ခုလုံး၏ အခြေအနေ၊ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအားလုံး၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည်။ ကော့ချန်ဘုရင်တို့က ရှုံးသွားလျှင်လည်း မြောက်ဒေသ၊ တောင်ဒေသနှင့် အနောက်ဒေသတို့ဆီ ထွက်ပြေးခိုလှုံနိုင်သေးသည်။ သို့သော် သူမတို့ ရှုံးလျှင်မူ ပြေးရန်မြေမရှိပေ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ အဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင်အစက်အပျောက်လေးများ တစ်ပျောက်ပြီးတစ်ပျောက် ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ကောင်းကင်တစ်ခွင်လုံး အနက်ရောင်အစက်အပျောက်များ ပြည့်သွားသည်။ ရန်သူ ရောက်လာပေပြီ။
အင်အားတစ်သန်းစစ်တပ်က ဖိအားကို ခံစားရစေနိုင်သည်၊ အင်အားသုံးသန်းစစ်တပ်က မွန်းကြပ်ခံစားရစေနိုင်သည်။ အင်အားခြောက်သန်းကျော်သော စစ်တပ်မှာမူ အလွန်ကြောက်ရွံ့စေပေသည်။
တပ်သားအုပ်ကြီး ပျံသန်းလာသည်ကို တွေ့ရသူတိုင်း သန်းချီသော တပ်သားများ၏ သတ်ဖြတ်အရှိန်အဝါများကို ခံစားရပြီး အလိုလို ကြောက်ရွံ့သွားကြမည်သာ။
“မဟုတ်သေးဘူး...”
လီရှန်းအာ မျက်မှောင်ပိုကြုတ်သွား၏။ သူမ စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
“အဲ့ဒါက အင်အားခြောက်သန်းကျော် ခုနစ်သန်းလောက်ပဲ ရှိတဲ့ စစ်တပ် မဟုတ်ဘူး။ အင်အားဆယ်သန်းကျော် ရှိတဲ့ စစ်တပ်ပဲ”
ကြမ်းကြုတ်နဂါးဘုရင်တို့က ထိုအချက်ကို သတိပြုမိထားသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ မျက်နှာထားများ အလွန်အရုပ်ဆိုးနေကြသည်။ သူတို့သည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ရန်သူစစ်တပ်က အမှန်ပင် အင်အားဆယ်သန်းကျော်ရှိကြောင်း အတည်ပြုလိုက်ကြသည်။
အရှေ့ဒေသ မဟာမိတ်စစ်တပ်သည် အနောက်ဒေသထဲ ထွက်ပြေးသွားခဲ့စဉ်က အင်အားဆယ့်နှစ်သန်း ပါသွားခဲ့သည်။ ယခု အစောမှ တိုက်ပွဲများကြောင့် တပ်သားတစ်သန်းနီးပါး သေသွားခဲ့ပြီဖြစ်ရာ တပ်သားဆယ့်တစ်သန်းသာ ကျန်သင့်သည်။ တောင်ကြား၏ အခြားတစ်ဘက်တွင် တပ်သားလေးသန်း ရှိနေသေးသည်။ သို့ဖြစ်ရာ ဤဘက်တွင် တပ်သားအရေအတွက်က ခုနစ်သန်းသာ ရှိသင့်သည် မဟုတ်လော။ သို့သော် အဘယ်ကြောင့် တပ်သားဆယ်သန်းကျော် ရှိနေရသနည်း။ ထို့ပြင် တပ်သားအရေအတွက် ဆယ့်တစ်သန်းသာ မဟုတ်၊ ဆယ့်နှစ်သန်းပင် ကျော်လောက်သေးသည်။
ထိုအတွက် ရှင်းပြချက်နှစ်ခုသာ ရှိသည်။ တောင်ကြား အခြားတစ်ဘက်မှ တပ်သားလေးသန်းက အတုဖြစ်ပြီး ထောက်လှမ်းရေးများ အမြင်မှားအောင်လုပ်ထားသည့် ပုံရိပ်ယောင်တစ်မျိုးမျိုးဖြစ်လျှင်ဖြစ် မဟုတ်လျှင် ဖုန့်နီက အနောက်ဒေသ၊ တောင်ဒေသနှင့် မြောက်ဒေသတို့မှ တပ်သားများကို ခေါ်လာခဲ့ခြင်း ဖြစ်မည်။ သို့သော် တပ်သားလေးသန်းက အတုဖြစ်လျှင်ပင် ယခု သူတို့ရှေ့တွင် ရှိနေသည့် တပ်သားအရေအတွက်က ရှိသင့်သည်ထက် ပိုများနေရာ ဖုန့်နီက အခြားဒေသများမှ တပ်သားများကို ခေါ်လာခဲ့ခြင်းသာ ဖြစ်နိုင်ပေသည်။
“ထင်ထားသလိုပဲ”
ကြမ်းကြုတ်နဂါးဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် ကန်းဟန့်ဘုရင်တို့သည် ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံလိုက်ပြီးနောက် မရင်းနှီးသော စွမ်းအားကြီး သိုင်းသမားများစွာကို တွေ့လိုက်ကြသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားအသစ် သုံးယောက် ရှိနေပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း တစ်ရာကျော်နေသည်။ ထို့ပြင် အနောက်ဒေသ၊ တောင်ဒေသနှင့် မြောက်ဒေသတို့မှ ဖြစ်ကြောင်း ထင်ရှားသည့် ထူးခြားသော မျိုးနွယ်ဝင်အချို့လည်း ပါလာသည်။
“ဖုန့်နီ... မင်းက မုန်းစရာကောင်းလွန်းတယ်”
ကြမ်းကြုတ်နဂါးဘုရင်က အံကြိတ်၍ အော်လိုက်၏။ ထိုအခိုက်တွင် သူ၏ကောင်းကင်စိတ်အာရုံက စစ်တပ်အနောက်မှနေ၍ ခပ်ဖြည်းဖြည်း မောင်းနှင်လာသော လှပသည့် စစ်ရထားလုံးတစ်စင်းပေါ်တွင် ရှိနေသည်။ ရထားလုံး၏ အကာအရံများကို နှိုးမထားသဖြင့် အတွင်း၌ ထိုင်နေသော ပန်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်၊ ငွေရောင်မျက်ဝန်းများရှိသည့် မိန်းမလှလေးကို အာရုံခံနိုင်နေပေသည်။
ကြမ်းကြုတ်နဂါးဘုရင်သည် ထိုမိန်းမလှလေးက ဖုန့်နီဖြစ်ကြောင်း ချက်ချင်းမှတ်မိသွား၏။ ထိုရုပ်သွင်မှာ သူမ၏ ရုပ်သွင်အစစ်ပင်။ သူမ၏ အရှိန်အဝါကိုလည်း တုပ၍ မရနိုင်ပေ။ ထိုအရှိန်အဝါမှာ ကောင်းကင်မိစ္ဆာဘုံထဲရှိ ထိပ်တန်းသခင်မလေးတစ်ယောက်၏ အရှိန်အဝါပင်။ လီရှန်းအာကဲ့သို့ လှပသူတစ်ယောက်ပင် သူမနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားရပေလိမ့်မည်။
ဖုန့်နီ၏အကြည့်က ကြမ်းကြုတ်နဂါးဘုရင်အပေါ်တွင် ရှိမနေပေ။ ထိုအစား သိပ်သည်းသော တပ်ကို ဖြတ်၍ လေထဲရှိ စစ်ရထားလုံးပေါ်၌ ဗျပ်စောင်းတီးနေသော ကျန်းရီကိုသာ ကြည့်နေသည်။
ကျန်းရီက မျက်လုံးမှိတ်ထားပြီး ဗျပ်စောင်းကို စိတ်နှစ်၍ တီးခတ်နေသည်။ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိချေ။ သူ၏ ထီမထင်သော အငွေ့အသက်က ကော့ချန်ဘုရင်တို့ကို အလွန်အထင်ကြီးမိသွားစေပေသည်။
သို့သော်...
ဖုန့်နီ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်တစ်ချက် လက်သွား၏။ သူမသည် ကျန်းရီကို ယခင်က မတွေ့ဖူးပေ။ သို့သော် သူက ပြိုင်ဘက်ကင်းကာ ခံ့ညားသော ယောက်ျားတစ်ယောက်ဟုတော့ ကြားဖူးထားသည်။ ယခု မြင်ရသည်မှာတော့ သူ့တွင် မည်သည့်ထူးခြားမှုမှ ရှိမနေပါ။ ထို့ကြောင့် သူမ အတန်ငယ် စိတ်ပျက်သွားခြင်းဖြစ်သည်။
“မင်းသမီးဖုန့်နီ...”
ကြမ်းကြုတ်နဂါးဘုရင်က အော်ပြောလိုက်၏။
“ဒါက အရှေ့ဒေသရဲ့ အတွင်းစစ်ပွဲပဲ။ ကျုပ်တို့ရဲ့ ကိစ္စပဲ။ အရှင်လေးပါးရဲ့ သဘောတူညီချက်အရ မင်းတို့က ကျုပ်တို့ရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်ပါခွင့် မရှိဘူး။ အခုတော့ မင်းက ကော့ချန်ဘုရင်တို့ကို နောက်ကွယ်က ကူညီပေးရုံတင်မကဘူး တခြားဒေသတွေက စစ်တပ်တွေကိုပါခေါ်ပြီး လာတိုက်နေပြီပေါ့လေ။ မင်းတို့က သဘောတူညီချက်ကို ဖောက်ပြီး ငြိမ်းချမ်းရေးယူထားတာကို ဖျက်ချင်နေတာလား”
“ဟင်းဟင်း...”
ဖုန့်နီက ခပ်ရေးရေးပြုံးလိုက်ပြီး သိမ်မွေ့သော အသံလေးနှင့် ပြန်ပြောလိုက်၏။
“ကြမ်းကြုတ်နဂါးဘုရင်... အထင်မလွဲပါနဲ့။ ဒီမင်းသမီးက ဒီကို ပျော်ရအောင် လာတာပါ။ ရှင်တို့ရဲ့ အတွင်းစစ်ပွဲထဲ ဝင်ပါဖို့ မဟုတ်ပါဘူး။ ပြီးတော့... ဒီတပ်သားတွေကိုလည်း ကျွန်မ ခေါ်လာတာ မဟုတ်ဘူး။ မယုံရင် ရှင် သူတို့ကို မေးကြည့်လို့ရတယ်။ သူတို့က သူတို့သဘောနဲ့သူတို့ တိုက်ပွဲထဲ ဝင်ပါလာတာပဲ.. ဟုတ်တယ်မလား။ အဲ့ဒါအပြင် အရှင်သုံးပါးက သူတို့ကို သူတို့ရဲ့ ဒေသတွေထဲကနေပြီး မောင်းထုတ်လိုက်ပြီးပြီ။ အခု သူတို့က ကြိုက်တာ လုပ်ခွင့်ရှိတယ်၊ သူတို့ လုပ်တာတွေက ကျွန်မတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး”
“ကြမ်းကြုတ်နဂါးဘုရင်... ခင်ဗျားက ဘာလို့ အဲ့မိန်းမပျက်နဲ့ အပိုစကားတွေ ပြောနေရတာလဲ။ သူက အဲ့လောက် မျက်နှာအရေထူမှတော့ စကားနဲ့ပြောနေလည်း ဘာအသုံးဝင်မှာလဲ။ သူ့ကို သတ်သာ သတ်ပစ်လိုက်”
ကန်းဟန့်ဘုရင်က အမျက်ချောင်းချောင်းနှင့် အော်ပြောလိုက်ပြီး စစ်တပ်တစ်ခုလုံးကို တိုက်ရန် အမိန့်ပေးလိုက်၏။ ထိုအခါ အရှေ့ဆုံးတွင် ရပ်နေသော အဆင့်နိမ့်မိစ္ဆာများက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေသည်။ သူတို့ ထွက်မပြေးသေးလျှင် စစ်တပ်၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ခံရမည် မဟုတ်ပါလား။
“တိုက်ကွက်ပုံစံပြောင်း”
ကော့ချန်ဘုရင်က အော်ပြောလိုက်သောအခါ အင်အားဆယ်သန်းကျော်သော စစ်တပ်က လျင်မြန်စွာ တိုက်ကွက်ပုံစံပြောင်းလိုက်ကြ၏။ မူလတွင် တိမ်မည်းအုပ်ကြီးတစ်အုပ်ကဲ့သို့ ရှိနေခဲ့သော စစ်တပ်သည် ယခုတွင် ထက်ရှသော ဓားများအလား ပြောင်းလဲသွားသည်။ သူတို့သည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြသော အဆင့်နိမ့်မိစ္ဆာများကို လျစ်လျူရှု၍ တောင်ကြားဆီသို့သာ တိုက်ရိုက် ဦးတည်သွားကြလေသည်။
ကော့ချန်ဘုရင်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားအားလုံးက သတ်ဖြတ်အရှိန်အဝါ အပြည့်နှင့် ရှေ့ဆုံးမှ ဦးဆောင်လာကြ၏။ သူတို့၏ အကြည့်များက တောင်ကြားဝလေထဲရှိ စစ်ရထားလုံးပေါ်တွင် ဗျပ်စောင်းထိုင်တီးနေသော အမျိုးသားအပေါ်တွင် ရှိနေကြသည်။ ထို့ကြောင့် သူတို့၏ ပစ်မှတ်မှာ ကျန်းရီဖြစ်ကြောင်း ထင်ရှားပေသည်။
‘ဟုတ်လိုက်တာ...’
ကြမ်းကြုတ်နဂါးဘုရင်တို့ စိတ်ထဲမှ အထင်ကြီးသွားကြရ၏။ ရန်သူ၏ တိုက်ကွက်ပုံစံမှာ အကျအဆုံးကို လျှော့ချနိုင်၏။ ထိုပုံစံနှင့်ဆိုလျှင် တပ်ပျက်ရန်လည်း ခက်ပေသည်။ ရန်သူသည် ထွက်ပြေးလာကြသော အဆင့်နိမ့်မိစ္ဆာများကိုလည်း အရေးမစိုက်ချေ။ ဖုန့်နီမှာ ရက်စက်လွန်းပေသည်။ သူမသည် အခြားဒေသသုံးခုမှ တပ်သားများကို ရှေ့တန်းတွင် နေခိုင်းထားသည်။ သို့ဖြစ်ရာ ထိုတပ်သားများသည် အရှေ့ဒေသမှ အဆင့်နိမ့်မိစ္ဆာများ၏ အသက်ကို အရေးမထားကြပေ။ နောက်မှ တပ်သားများကလည်း ရှေ့မှတပ်သားများက ပိတ်နေသဖြင့် အဆင့်နိမ့်မိစ္ဆာများကို ကယ်လိုလျှင်ပင် မကယ်နိုင်ကြချေ။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ အရှေ့မှ တပ်သားများအနောက်သာ လိုက်သွားကြရလေသည်။
တင်...တောင်...တုန်...
ခါးသီးသော တိုက်ပွဲကြီး စတင်ပေပြီ။ သို့သော် ကျန်းရီမှာ အမှုမထားပေ။ သူသည် ဗျပ်စောင်းကိုသာ ဆက်တီးခတ်နေသည်။ ဗျပ်စောင်းသံက သာယာငြိမ့်ငြောင်းပြီး မိုင်တစ်ရာပတ်လည်အတွင်း ပဲ့တင်ထပ်နေပေသည်။
***