တစ်ခုခု မှားနေပြီ
Vol. 129 Ch. 1799
တိုက်ပွဲမှာ အလွန်ပြင်းထန်၏။ မြေမီးတောက်တောင်ကြား အပြင်ဘက်ဧရိယာမှာ သားသတ်ကွင်းကြီး ဖြစ်သွားသည်။ နှစ်ဘက်စလုံးက အင်အားကြီးကြ၍ တိုက်ပွဲမှာ သူမသာ ကိုယ်မသာ အခြေအနေတွင် ရှိနေသည်။
အရှေ့ဒေသ မဟာမိတ်စစ်တပ်က အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ စစ်တပ်ထက် အင်အားနှစ်ဆလောက်ရှိသည်။ ထို့ပြင် အခြားဒေသသုံးခုမှ ထိပ်သီးတပ်သားများလည်း ပါလာသေးသည်။ စစ်တပ်သည် မူလတွင် စိတ်အားလျော့နေခဲ့သော်လည်း ဒေသသုံးခုမှ တပ်သားများက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသောအခါ သူတို့လည်း ပို၍ သတ္တိရှိလာပြီး အားကြိုးမာန်တက် တိုက်ခိုက်ကြလေသည်။
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများမှာလည်း လွတ်လမ်းမရှိတော့၍ ရဲရတော့သည်။ သူတို့ ဤတိုက်ပွဲကို ရှုံးသွားလျှင် အရာအားလုံးကို ဆုံးရှုံးရမည်ဖြစ်ပြီး သူတို့၏မျိုးနွယ်များလည်း ရှင်းပစ်ခံရမည်ဖြစ်သည်။
ထို့ပြင် ကျန်းရီက အနောက်တွင် ဗျပ်စောင်းတီးနေသည်။ သူက အလွန်ရဲရင့်ကာ အကြောက်တရားကင်းပေသည်။ ကျန်းရီသင်ပေးခဲ့သော ပူးပေါင်းတိုက်ကွက်ပုံစံများမှာလည်း စစ်တပ်၏ တိုက်ခိုက်စွမ်းအားကို များစွာတိုးတက်စေကြောင်း ဖော်ပြရပေမည်။ အကယ်၍ ရန်သူနှင့်သာ အင်အားတူခဲ့မည်ဆိုလျှင် သူတို့ ရန်သူကို သေချာပေါက် အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။
သို့သော် ရန်သူနှင့် သူတို့၏ အင်အားက မညီမျှပေ။ အရေးအကြီးဆုံးမှာ ရန်သူဘက်တွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေခြင်းပင်။
မူလတွင် ရန်သူစစ်တပ်၌ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ့်လေးယောက် ရှိခဲ့၏။ တမန်တော်သုံးယောက်ကိုပါ ထည့်ပေါင်းလျှင် ဆယ့်ခုနစ်ယောက်ဖြစ်သည်။ ထိုထဲမှ လေးယောက်မှာ ကျတ်တီးမြေထဲတွင် အသတ်ခံခဲ့ရ၍ ဆယ့်သုံးယောက် ကျန်သည်။ ယခုတွင်မူ အသစ်သုံးယောက် တိုးလာရာ စုစုပေါင်း ဆယ့်ခြောက်ယောက် ပြန်ဖြစ်သွားပေသည်။
ကျန်းရီတို့ဘက်တွင်မူ မူလကတည်းက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ခြောက်ယောက်သာ ရှိခဲ့သည်။ ကျန်းရီကိုပါ ထည့်တွက်မည်ဆိုလျှင်မူ ခုနစ်ယောက်ဖြစ်သည်။ လုံအောင်းက တိုက်ပွဲတွင် ကျသွားခဲ့ပြီဖြစ်၍ ယခု ခြောက်ယောက်သာ ကျန်တော့သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ၏ အဖျက်စွမ်းအားက အလွန်ကြီးသည်။ ဖုန့်နီမှလွဲ၍ ကျန်သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ့်ငါးယောက်စလုံး တိုက်ပွဲတွင် ဝင်တိုက်ကြသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားမှာ ကြောက်မက်ဖွယ်ပင်။ သူတို့က ရန်သူစစ်တပ်ကို အလွယ်တကူ ထိုးဖောက်နိုင်ပေသည်။
ရန်သူဘက်မှ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက စစ်တပ်ကို ထိုးဖောက်၍ ကျန်းရီထံသို့ ဦးတည်ပျံသန်းသွားကြောင်း တွေ့လိုက်ရသောအခါ မျိုးနွယ်ဘုရင်များစွာနှင့် အကြီးအကဲများ တုန်လှုပ်သွားကြ၏။ ကျန်းရီ သေသွားလျှင် သူတို့စစ်တပ်၏ စိတ်ဓာတ်အပေါ် ကြီးကြီးမားမား ထိခိုက်သွားပေလိမ့်မည်။
သို့သော်...
ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်တို့က ကျန်းရီအား ကြည့်ပင် မကြည့်ကြ၍ မျိုးနွယ်ဘုရင်များနှင့် အကြီအကဲများ အံ့အားသင့်သွားကြသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့သည် သူတို့မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်ကာ ရန်သူစစ်တပ်ကို ထိုးဖောက်နေကြသည်။ သူတို့၏ ဗျူဟာမှာ ရန်သူ၏ဗျူဟာနှင့် အတူတူပင်။ သူတို့က ရန်သူစစ်တပ်ထဲ ဖောက်ဝင်၍ ဖုန့်နီကို ဖမ်းလိုနေပုံပေါ်ပေသည်။
“အဲ့ဒါ... အဲ့ဒါက...”
မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများသည် ရန်သူတပ်သားများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင်း အံ့အားသင့်နေကြ၏။ ကြမ်းကြုတ်နဂါးဘုရင်တို့က စွမ်းအားကြီးသော်လည်း ရန်သူဘက်တွင် တပ်သားများစွာ ရှိနေသည်။ ထို့ပြင် ရန်သူဘက်မှ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အရေအတွက်က သူတို့ဘက်ထက် နှစ်ဆကျော်လောက် ပိုများသည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့က ရန်သူစစ်တပ်ကို မဖောက်နိုင်သေးခင်မှာပင် ကျန်းရီက အသတ်ခံလိုက်ရလောက်သည် မဟုတ်ပါလော။
ကျန်းရီ သေသွားသည်နှင့် စစ်တပ်၏ စိတ်ဓာတ်က ပျက်ပြားသွားမည်ဖြစ်ရာ ထိုအခါကျ ကြမ်းကြုတ်နဂါးဘုရင်တို့က ဖုန့်နီကို မည်သို့ သတ်နိုင်ပါတော့မည်နည်း။
ဖုန့်နီဘေးတွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ ရှိမနေသော်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော် ရှိနေသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့က ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်နိုင်သော်လည်း ထိုသို့သတ်နိုင်ရန် အချိန်တစ်ခု လိုမည်ဖြစ်သည်။ သူတို့ စစ်တပ်ကို ထိုးဖောက်၊ အုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်ပြီးချိန်တွင် ကော့ချန်ဘုရင်တို့က ကျန်းရီကို သတ်ပြီးသည့်အပြင် ပြန်လှည့်လာ၍ပင် စစ်ကူ ပေးနိုင်ပေလိမ့်မည်။
မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများ နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့သည် ကျန်းရီ၏ တိုက်ပွဲဗျူဟာကို သိရရန် အဆင့်မမီကြပေ။ ထို့ကြောင့် ကြိုးစားပမ်းစားသာ ဆက်တိုက်ခိုက်၍ ကော့ချန်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများက စစ်တပ်ကို တဖြည်းဖြည်း ထိုးဖောက်၍ ကျန်းရီအနီးသို့ ကပ်နေသည်ကို ကြည့်၍သာ နေကြရလေသည်။
ကျန်းရီက မျက်လုံးမှိတ်၍ ဗျပ်စောင်းတီးနေဆဲပင်။ အန္တရာယ်က ချဉ်းကပ်လာနေသည်ကို သိသည့်ပုံလည်း မပေါ်။ ကော့ချန်ဘုရင်တို့က လမ်းတစ်ဝက်သို့ ရောက်သောအခါ လီရှန်းအာ စတင်လှုပ်ရှားလိုက်သည်။ သူမ စစ်ရထားလုံးကို ခြေတစ်ဘက်ဖြင့် ကန်အားပြု၍ မြေမီးတောက်တောင်ကြားထဲ ပြန်ဆုတ်သွားသည်။ သူမသည် ကျန်းရီကိုပင် အရေးမစိုက်တော့ဘဲ တောင်ကြားအတွင်း ဝင်ရောက်ပျောက်ကွယ်သွားပေသည်။
“ဟမ်...”
ထိုအဖြစ်ကြောင့် ကျန်းရီဆီကို အာရုံစိုက်နေခဲ့သော မျိုးနွယ်ဘုရင်အချို့ ပို၍ ခေါင်းရှုပ်သွားကြ၏။ လီရှန်းအာမှာ ကျန်းရီ၏ အမျိုးသမီးဖြစ်သည်။ သူက အန္တရာယ်နှင့် ကြုံနေရချိန်တွင် အဘယ်ကြောင့် သူမက သူ့ကိုစွန့်ပစ်ကာ တစ်ယောက်တည်း ထွက်ပြေးသွားရပါသနည်း။
ကော့ချန်ဘုရင်တို့ကလည်း ကျန်းရီရှိနေရာကို ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံနေကြ၍ လီရှန်းအာ၏ ထူးဆန်းသော အပြုအမူကို သတိပြုမိလိုက်ကြသည်။ သို့သော် သူတို့ အရေးမစိုက်ပေ။ သူမက မျိုးနွယ်အသေးလေးတစ်ခုမှ မင်းသမီးသာဖြစ်သည်။ သူမ ထွက်ပြေးပြေး၊ ဆက်နေနေ အရေးမပါချေ။
“တစ်ခုခု မှားနေပြီ...”
ကီလိုမီတာ ထောင်ကျော်အကွာမှ ဖုန့်နီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ တစ်စုံတစ်ခု မှားနေပြီဟု သူမ ခံစားနေရသည်။ ကျန်းရီက တည်ငြိမ်လွန်းနေပြီး ကြမ်းကြုတ်နဂါးဘုရင်တို့ကလည်း ကျန်းရီကို အရေးမစိုက်ကြချေ။ ထို့ပြင် လီရှန်းအာ ထွက်သွားမှုကလည်း အလွန်ထူးဆန်းနေသည်။
အရာအားလုံးက ဖုန့်နီကို မကောင်းသောနမိတ် ခံစားနေရစေ၏။ သို့သော် ထိုအခိုက်တွင် ပြဿနာက မည်သည့်နေရာတွင် ရှိနေကြောင်း သူမ မသိပေ။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံ၍သာ ထူးဆန်းသည့် အရာများကို ရှာဖွေလိုက်ရသည်။
အရာအားလုံးမှာ ပုံမှန်အတိုင်းပင်။
ကော့ချန်ဘုရင်တို့က ကျန်းရီနှင့် ငါးကီလိုမီတာသာ ဝေးတော့သည်။ ငါးမိနစ်အတွင်း သူတို့ ကျန်းရီဆီ ရောက်သွားတော့မည်ဖြစ်သည်။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးကြောင်း ပြောကြသော်လည်း သူက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ မရောက်သေးပေ။ သို့ဖြစ်ရာ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက ဝိုင်းတိုက်လျှင် ကျန်းရီကို မည်သို့ မနိုင်ဘဲ ရှိပါမည်နည်း။
ကြမ်းကြုတ်နဂါးဘုရင်တို့မှာမူ အစွမ်းကုန် ကြိုးစားနေသော်လည်း ရန်သူဘက်တွင် တပ်သားများစွာရှိရာ ဖုန့်နီနှင့် ကီလိုမီတာငါးဆယ်လောက် ဝေးနေပေသေးသည်။ ထို့ပြင် ဖုန့်နီဘေး၌ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ရှိသည်။ သူတို့ တပ်သားများကို ထိုးဖောက်၍ ဖုန့်နီအား တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် အရင် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအခါကျလျှင် ကော့ချန်ဘုရင်တို့က ကူညီရန် ပြန်လာနေလောက်ပေပြီ။
နှစ်ဘက်စလုံးတွင် အကျအဆုံးများနေသည်။ သို့သော် အရှေ့ဒေသ မဟာမိတ်စစ်တပ်ဘက်က နှစ်ဆလောက် အကျအဆုံး ပိုများသည်။ သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများကြောင့် သူတို့စစ်တပ်က အတန်ငယ်တော့ ဖရိုဖရဲ ဖြစ်သွားသေးသည်သာ။
သို့သော် ဖုန့်နီ မကြောက်ပါ။ သူမတို့ဘက်တွင် တပ်သားများစွာ ရှိသည်။ သူမတို့က တပ်သားများကို အဆုံးရှုံး ခံနိုင်သော်လည်း အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အဆုံးရှုံး မခံနိုင်ပေ။
မိစ္ဆာတပ်သားများမှာ စက္ကန့်မလပ် သေဆုံးနေကြသည်။ မြေပြင်တွင်လည်း သွေးချင်းချင်းရဲနေသည်။ ခြေပြတ်လက်ပြတ်များမှာလည်း မိုးရွာသကဲ့သို့ တဖွဲဖွဲ ပြုတ်ကျနေကြသည်။
အော်သံများ၊ ပေါက်ကွဲသံများ၊ ဒေါသတကြီး ကြုံးဝါးသံများနှင့် ဟိန်းသံများကို အဆက်မပြတ် ကြားနေရသည်။ သိပ်သည်းသော သတ်ဖြတ်အရှိန်အဝါများနှင့် မိစ္ဆာတိုင်း၏ ခန္ဓာကိုယ်များမှနေ၍ ထွက်လာကြသော သားရဲစွမ်းအားများမှာ ကီလိုမီတာငါးထောင်ပတ်လည်ကို လွှမ်းခြုံထားသည်။ လေထုမှာလည်း မာကြောသွားသလိုပင် ထင်ရပေသည်။
“ငါ့လမ်းကို ပိတ်တဲ့သူတိုင်း သေရမယ်...”
ကော့ချန်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများသည် အတူပူးပေါင်း၍ နောက်ဆုံးခံစစ်ကို ထိုးဖောက်လိုက်ကြ၏။ ထို့နောက် အလင်းတန်း ဆယ့်ငါးတန်းက တောင်ကြားဝရှိ စစ်ရထားလုံးဆီသို့ လျင်မြန်စွာ ပျံဝင်သွားကြသည်။
ရွှစ်...ရွှစ်...
ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက အာကာပြင်ကို တုန်ခါသွားစေ၏။ အာကာပြင်တွင် အက်ကြောင်းများ ပေါ်လာသည်။ ကျန်းရီကမူ စစ်ရထားလုံးပေါ်တွင် ဗျပ်စောင်းကို စိတ်နှစ်၍ တီးခတ်နေဆဲပင်။ သူသည် မည်သို့မှ မတုံ့ပြန်သလို ရှောင်လိုစိတ်လည်း ရှိပုံမပေါ်ချေ။ ထိုအခိုက်တွင် သူ့နှုတ်ခမ်းစွန်း၌ အပြုံးရေးရေး ထွက်ပေါ်လာ၏။ သူ့မျက်နှာထားမှာ စိတ်သက်သာရာရသွားသည့် ပုံစံမျိုးပင်။
ဝုန်း...
အလင်းတန်းဆယ့်ငါးတန်းက ကျန်းရီ၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ပထမဆုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်မှာ ဗျပ်စောင်းပင်။ ထို့နောက် စစ်ရထားလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ နောက်ဆုံးမှ ကျန်းရီက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ပြီးလျှင် တောင်ကြားဝလည်း ပြိုကျသွားသည်။ ကောင်းကင်ထဲတွင် ဖုန့်မှုန့်များ၊ မီးခိုးများ ဝေသွားလေသည်။
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများ မှင်တက်သွားကြ၏။ သူတို့သည် ထိုအခိုက်တွင် ရန်သူ၏ တိုက်ခိုက်မှုများကို ခုခံရန်ပင် မေ့လျော့သွားကြပြီး မီးခိုးများ၊ ဖုန့်မှုန်များကြားကို ပြူးပြုဲကြည့်လိုက်ကြသည်။ ကျန်းရီ၏ အသွေးအသားများက နေရာအနှံ့သို့ လွင့်ပျံနေ၏။ သူတို့ အတည်ပြုရန် ကောင်းကင်စိတ်အာရုံများနှင့် အကြိမ်ကြိမ် အာရုံခံကြည့်လိုက်ကြလေသည်။
ကျန်းရီ၏ ခန္ဓာကိုယ်က အမှန်တကယ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြောင်း သိလိုက်ရသောအခါ သူတို့ တုန်လှုပ်သွားကြသည်။ ကျန်းရီ၏ အူအပိုင်းအစများ၊ သွေးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ခြေပြတ်လက်ပြတ်များက နေရာအနှံ့သို့ လွင့်ပျံနေသည်။ ယင်းမှာ သေချာပေါက် ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။ သူ အမှန်ပင် သေသွားပေပြီ။
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”
မျိုးနွယ်ဘုရင်အချို့သည် စတင် စိတ်ခြောက်ခြားလာကာ ရေရွတ်လိုက်ကြသည်။ သူတို့ရင်ထဲမှ ဘုရားက အဘယ်သို့ ထိုမျှအလွယ်တကူ သေနိုင်ပါမည်နည်း။ ကျန်းရီပင် သေသွားလျှင် သူတို့ရော ရှင်သန်နိုင်ပါမည်လော။
ဝုန်း...ဝုန်း...ဝုန်း...
ထိုအခိုက်တွင် အဝေးမှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုမျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများ အသိပြန်ကပ်သွားကြသည်။ သူတို့ ချက်ချင်း ကောင်းကင်စိတ်အာရုံကို သုံး၍ အာရုံခံလိုက်ကြသော်လည်း မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြပေ။
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား လေးယောက်တို့သည် သူတို့ဘက်မှ အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်ကို ဦးဆောင်ခေါ်သွားခဲ့သည်။ ထိုအခိုက်တွင် ၎င်းအုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့တို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြပေ၏။
“ဘာတွေ ဖြစ်နေတာလဲ...”
အရှင်မချင်းလင်း၏ လက်အောက်ခံဟောင်းများသာမက အရှေ့ဒေသ မဟာမိတ်စစ်တပ်သည်ပင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြတော့ချေ။ ကျန်းရီက အမှန်တကယ် သေသွားပြီလော။ ထို အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း အဘယ်အတွက်နှင့် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ရသနည်း။ ကျန်းရီ သေသွားပြီဖြစ်၍ သူတို့ ဆက်ရှင်သန်နေလျှင်လည်း အဓိပ္ပာယ်မရှိတော့ဟု တွေးခဲ့၍လော။
“တကယ်ကို တစ်ခုခု မှားနေပြီ၊ ပြန်ဆုတ်ကြ...”
ဖုန့်နီ ရုတ်တရက် ဆတ်ခနဲတုန်သွားပြီး သူမဘေးမှ အုပ်ချုပ်သူအဆင့် သိုင်းသမားများကို အော်ပြောလိုက်သည်။ ထို့နောက် သူမသည် စစ်ရထားလုံးထဲမှ ပျံထွက်ကာ အဝေးသို့ ပြန်ဆုတ်ခွာသွားလေသည်။
***