← Chapters

အစားထိုးခြင်း

Vol. 129 Ch. 1800

အစားထိုးခြင်း

Vol. 129 Ch. 1800

ဝုန်း...ဝုန်း...ဝုန်း...

အုပ်ချုပ်သူအဆင့် သိုင်းသမားများက မီးရှူးမီးပန်းများကဲ့သို့ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြ၏။ သူတို့သည် အရှေ့ဒေသ မဟာမိတ်စစ်တပ်ထဲ တိုးဝင်သွားခဲ့သည်။ ထို့ကြောင့် ၎င်းပေါက်ကွဲမှုများက အရှေ့ဒေသ မဟာမိတ်စစ်တပ်ကို ထိတ်လန့်ကြောက်ရွံ့သွားစေလေသည်။

တပ်သားများနှင့် စွမ်းအားကြီး သိုင်းသမားများသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။ သို့သော် တပ်သားများက အလွန်များရာ ပေါက်ကွဲမှုများကြောင့် သေဆုံးသွားသူများ များစွာ ရှိနေသည်။ တပ်သားများစွာက အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားကြသောအခါ ပတ်ဝန်းကျင်တွင်လည်း နေရာလွတ်တစ်ခု ပေါ်လာသည်။

ကြမ်းကြုတ်နဂါးဘုရင်တို့က နေရာကောင်းတွင် ရှိနေခဲ့သည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ကြသော အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အရှေ့တွင် ရှိနေရာ ပေါက်ကွဲမှုအဟုန်များကို အသုံးချ၍ ဖုန့်နီဆီသို့ လျင်မြန်စွာ ပျံဝင်သွားကြသည်။

အစတွင် တပ်သားများနှင့် စွမ်းအားကြီး သိုင်းသမားများက ကြမ်းကြုတ်နဂါးဘုရင်တို့ကို တားဆီးရန် ကြိုးစားခဲ့ကြ၏။ ယခုတွင်မူ ကြမ်းကြုတ်နဂါးဘုရင်တို့သည် အတားမခံရတော့ရုံသာမက ပေါက်ကွဲမှုအဟုန်များကြောင့် ပိုမြန်သွားကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့ စစ်တပ်ကို ဖောက်ထွက်နိုင်လိုက်လေသည်။

“ပြန်ဆုတ်ကြ...”

ဖုန့်နီ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။ သူမသည် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်ကို ဦးဆောင်၍ ထွက်ပြေးနေသည်။ သူမသည် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများထက် ကျန်းရီကြောင့် ပို၍ စိုးရိမ်နေပေသည်။

ဟုတ်၏။

ဖုန့်နီသည် ကျန်းရီက သေသွားပြီဟု မထင်ပေ။ ထိုဆန်းကြယ်သော အရှင်ကျိုးက အလွန်စွမ်းအားကြီးရာ အဘယ်သို့ အလွယ်တကူ သေနိုင်ပါမည်နည်း။ သူမသည် ပြေးရင်းနှင့် ကောင်းကင်စိတ်အာရုံ သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ မကြာခင်မှာပင် သူမ ပြဿနာကို ရှာတွေ့သွားသည်။

အစောမှ ပေါက်ကွဲမှုများကြောင့် တပ်သားများစွာ လွင့်ထွက်သွားခဲ့သည်။ တပ်သားအချို့က ဖုန့်နီတို့ဘက်သို့ လွင်လာသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့က စစ်တပ်ကို ဖောက်ထွက်ပြီးနောက် တပ်သားအချို့နှင့် စွမ်းအားကြီး သိုင်းသမားများက သူမဆီသို့ ပျံသန်းလာကြသည်။ ထိုသူတို့က သူမကို ကာကွယ်ပေးလို၍လော သို့မဟုတ် ဝိုင်းထားလို၍လောကို သူမ မသိပေ။

စွမ်းအားကြီး သိုင်းသမား တစ်ယောက်က အလွန်လျင်မြန်သည်။ ထိုအခိုက်တွင် သူသည် ဖုန့်နီနှင့် ပေထောင်ကျော်သာ ဝေးတော့သည်။ ထိုစွမ်းအားကြီး သိုင်းသမား၏ မျက်နှာပေါ်တွင် အကြောက်တရား ပြည့်နှက်နေသည်။ သူ့ကိုယ်ပေါ်တွင် သွေးများလည်း ရှိနေသည်။ သူက ကော့ချန်စစ်တပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပေသည်။

ဖုန့်နီသည် ကျန်းရီက မသေလောက်သေးဟု သံသယမရှိလျှင် ထို စွမ်းအားကြီး သိုင်းသမားကို အရေးစိုက်မည် မဟုတ်ချေ။ ယင်းအခိုက်တွင်မူ သူမသည် ထို စွမ်းအားကြီး သိုင်းသမားကို အကြိမ်အနည်းငယ် အာရုံခံပြီးနောက် ထိုသူက မည်သူဖြစ်ကြောင်း အတည်ပြုလိုက်သည်။

“သူ့ကိုတား... သူက ကျွန်မတို့ဘက်က မဟုတ်ဘူး၊ အရှင်ကျိုးပဲ”

ဖုန့်နီ အော်ပြောလိုက်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော် မျက်နှာပျက်သွားကြသည်။ သူတို့သည်လည်း ကောင်းကင်စိတ်အာရုံများ သုံး၍ သူတို့ထံ ပျံသန်းလာသော စွမ်းအားကြီး သိုင်းသမားများကို အာရုံခံလိုက်ကြသည်။ သို့သော် မည်သည့် မူမမှန်မှုကိုမှ အာရုံမခံမိပေ။ သို့သော် ဖုန့်နီက အမိန့်ပေးလိုက်ပြီဖြစ်၍ သူတို့ သတိလက်လွတ် မဖြစ်ဝံ့ပါချေ။

ရွှီး...

အဖြူရောင်အလင်းတစ်ချက် လင်းလက်လာပြီး ထို စွမ်းအားကြီး သိုင်းသမား၏ စစ်ချပ်ဝတ်က အစိမ်းရောင်အဖြစ် ပြောင်းလဲသွား၏။ သူ့မျက်နှာကလည်း အလွန်ချောမောခံ့ညားသွားသည်။ သူ့မျက်ဝန်းထဲမှ အကြောက်တရားများလည်း ပျောက်သွားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာလေသည်။

“မင်းသမီးဖုန့်နီ.. ခင်ဗျားက အရမ်းဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့... အရမ်းနောက်ကျသွားပြီ”

“ရှင်က တကယ်ပဲ မသေဘူးကိုး”

ဖုန့်နီသည် ပျံပြေးရင် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူမ စစ်ရထားလုံးပေါ်တွင် ဗျပ်စောင်းတီးနေသော “အရှင်ကျိုး”ကို ပထမဆုံး မြင်ခဲ့စဉ်က တစ်ခုခု မှားနေကြောင်း ခံစားခဲ့ရသည်။ ထိုစဉ်က “အရှင်ကျိုး”ထံတွင် ပညာရှင်အစစ်အမှန်တစ်ယောက်၊ ဉာဏ်ကောင်းသူတစ်ယောက်၏ ထူးကဲသော အရှိန်အဝါ မရှိသဖြင့် သူမ အတန်ငယ်ပင် စိတ်ပျက်ခဲ့ရသေးသည် မဟုတ်ပါလား။ ယခုတွင်မူ သူမ အရှင်ကျိုးအစစ်ကို တွေ့လိုက်မှ အစောမှ “အရှင်ကျိုး”က အတုဖြစ်ကြောင်း သဘောပေါက်သွားပေသည်။

“တစ်ယောက်ကို တစ်ယောက်နဲ့ အစားထိုးတာ။ ရှင်က တကယ့်ကို မယုံနိုင်စရာပဲ”

ဖုန့်နီ၏ မျက်ဝန်းများထဲတွင် လေးစားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ စစ်ရထားလုံးပေါ်မှ ကျန်းရီမှာ အတုဖြစ်သည်။ သူသည် အားလုံး၏ အာရုံကို ဆွဲဆောင်ရန်နှင့် ကော့ချန်ဘုရင်တို့ကို မျှားခေါ်ရန် အတုတစ်ယောက်ကို အသုံးပြုခဲ့ခြင်းပင်။ သူကမူ စစ်တပ်ထဲတွင် ပုန်းအောင်းနေခဲ့သည်။ ထို့ကြောင့် လီရှန်းအာက ရုတ်တရက် ထွက်သွားခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။ သူမ ဘေးမှ “ကျန်းရီ”က အသေခံတပ်သားတစ်ယောက်သာ မဟုတ်ပါလား။ သို့ဖြစ်ရာ လီရှန်းအာက အဘယ်ကြောင့် အသေခံရန် စောင့်နေရပါမည်နည်း။

ဝုန်း...ဝုန်း...ဝုန်း...

အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်က တိုက်ခိုက်လိုက်ရာ ကောင်းကင်ထဲတွင် အလင်းတန်းများ ပြည့်နှက်သွားသည်။ သို့သော် ကျန်းရီ၏ ရုပ်ခန္ဓာက အလွန်သန်မာနေရာ ထိုတိုက်ခိုက်မှုများက သူ့ကို မသတ်နိုင်ကြပေ။ သူ့လက်ထဲရှိ နတ်ဘုရားသစ်ရွက်က တောက်ပလာပြီး သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများ ပျောက်သွားသည်။ ထို့နောက် သူသည် သားရိုင်းတစ်ကောင်အလား အရှေ့သို့ ပျံသန်းကာ အုပ်ချုပ်သူအဆင့် သိုင်းသမားများကြား အလွယ်တကူ တိုးဝင်လိုက်လေသည်။

“သတ်ကြ...”

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများသည် ဖုန့်နီဆီသို့ ယပ်တောင်ပုံစံ လူဖြန့်၍ ပျံသွားလိုက်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ထင်ရှားသည်။ သူတို့သည် ရန်သူ၏ခေါင်းဆောင်ဖြစ်သော ဖုန့်နီကို ဖမ်းဆီးလိုနေခြင်းပင်။

ဖုန့်နီ၏ အဆင့်အတန်းက အလွန်မြင့်သည်။ သူမက ထျန်းဖုန့်ဧကရာဇ်၏ အချစ်ဆုံး သမီးတော်ဖြစ်သည်။ အတိအကျဆိုရလျှင်မူ သူမသည် ထျန်းဖုန့်ဧကရာဇ်၏ မြေးသာဖြစ်၏။ သို့သော် ထျန်းဖုန့်ဧကရာဇ်က သူမကို အချစ်ဆုံးဖြစ်၍ သမီးတော်အဖြစ် မွေးစားကာ မင်းသမီးဘွဲ့ပေးခဲ့ခြင်းဖြစ်သည်။ မည်သူကမှ သူမကို မထိခိုက်စေဝံ့ပေ။ ပူနီဧကရာဇ်၏ တမန်တော်၊ မီးမြေခွေးဧကရာဇ်၏ တမန်တော်နှင့် ကော့ချန်ဘုရင်တို့လည်း သူမကို မထိခိုက်စေဝံ့ချေ။

အရေးအကြီးဆုံးမှာ ဖုန့်နီ၏ အရှေ့ဒေသ မဟာမိတ်စစ်တပ်၏ ခေါင်းဆောင် ဖြစ်နေခြင်းပင်။ အကယ်၍ ခေါင်းဆောင်က အဖမ်းခံရလျှင် စစ်တပ်၏ စိတ်ဓာတ်က ပျက်ပြားသွားပေလိမ့်မည်။ တပ်သား ဆယ်သန်းကျော် ရှိနေသေးလျှင်လည်း အသုံးဝင်တော့မည် မဟုတ်ဘဲ နောက်ဆုံးတွင် သူတို့ ရှုံးနိမ့်သွားမည်သာ။

ဖုန့်နီနှင့် ကျန်းရီတို့၏ ဗျူဟာက ရန်သူဘက်မှ ခေါင်းဆောင်ကို တိုက်ခိုက်ရန် ဖြစ်နေခြင်းမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။ ယခုတွင် ကျန်းရီဘက်က အသာစီး ရထားကြောင်း ထင်ရှားသည်။ သူက ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို ဦးဆောင်၍ ဖုန့်နီအနီးသို့ အောင်အောင်မြင်မြင် ကပ်သွားနိုင်ပြီဖြစ်သည်။ ကော့ချန်ဘုရင်တို့ လာကူရန်အတွက်မူ အလွန်နောက်ကျနေပေပြီ။

ထိုကဲ့သို့သော အခြေအနေကိုရရန် အရာနှစ်ခု ရှိရမည်ဖြစ်သည်။ ပထမမှာ ကျန်းရီအဖြစ် ရုပ်ဖျက်ထားသော မိစ္ဆာက ရုပ်ဖျက်စွမ်းရည်တွင် အစွမ်းထက်ရပေမည်။ ကံအားလျော်စွာ ကျန်းရီဘက်တွင် မျိုးနွယ်တစ်ခု ရှိနေ၏။ မိစ္ဆာမြေခွေးမျိုးနွယ်။ ထိုမျိုးနွယ်၏ ရုပ်ဖျက်စွမ်းရည်က အလွန်အစွမ်းထက်သည်။ ဤတစ်ခေါက်တွင် ကျန်းရီအဖြစ် ရုပ်ဖျက်ခဲ့သူမှာ မိစ္ဆာမြေခွေးမျိုးနွယ်၏ မျိုးနွယ်ဘုရင်ပင်။ သူသည် မိစ္ဆာမြေခွေးမျိုးနွယ်၏ အနာဂတ်အတွက် သူ့ကိုယ်သူ စတေးလိုခဲ့သည်။ ကျန်းရီက မိစ္ဆာမြေခွေးမျိုးနွယ်ကို အနှစ်တစ်သောင်း ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည် မဟုတ်ပါလား။

ဒုတိယအရာမှာ ကျန်းရီကိုယ်တိုင်တွင်လည်း အစွမ်းထက်သော ရုပ်ဖျက်စွမ်းရည် ရှိရမည်ဖြစ်သည်။ တိုက်တိုင်ဆိုင်ဆိုင်ပင် အရှင်မချင်လင်းက သူ့ကို ဝိညာဉ်တံလျှပ်အတတ်ဟုခေါ်သော ဆန်းကြယ်စွမ်းရည်တစ်ခု ပေးခဲ့ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီက လက်သီးချက်များ ပစ်သွင်းလိုက်တိုင်း အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ဦးခေါင်းများ ပေါက်ကွဲထွက်သွားသည်။ သူ့ကို ရပ်တန့်၍ မရနိုင်ပေ။ သူသည် အုပ်ချုပ်သူအဆင့် သိုင်းသမား လေး၊ ငါးယောက်ကို သတ်ပြီးနောက် ကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမားများကို အရေးမစိုက်တော့ဘဲ ဝိုင်းရံထားမှုကို လျင်မြန်စွာ ဖောက်ထွက်ကာ ဖုန့်နီဆီ ဦးတည်ပျံသန်းသွားလိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အဝေးမှနေ၍ ကြမ်းကြုတ်နဂါးဘုရင်၏ တိုက်ခိုက်မှု ရောက်ရှိလာ၏။ ဧရာမလက်ဝါးရာကြီး ကျဆင်းလာကာ ကျန်းရီနောက်သို့ လိုက်နေကြသည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို အလွန်နှေးသွားစေလိုက်သည်။ ကောင်းကင်ဂဠုန်ဘုရင်နှင့် ကန်းဟန့်ဘုရင်တို့ကလည်း ထက်ရှသော ဓားနှစ်လက်အလား ဖုန့်နီဆီသို့ ဘေးဘယ်ညာတစ်ဘက်စီမှ ပျံသန်းသွားနေကြပေသည်။

ဖုန့်နီက အလွန်ပါရမီထူးသည်။ သူမသည် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေပြီးဖြစ်သည်။ သို့သော် ထိုအဆင့်သို့ ရောက်သည်မှာ ဆယ်နှစ်ပင် မပြည့်သေး၍ သူမ၏ အမြန်နှုန်းက ကန်းဟန့်ဘုရင်၏ အမြန်နှုန်းထက်ပင် နှေးနေသည်။ ကျန်းရီကမူ ကောင်းကင်ဂဠုန်ဘုရင်ထက်ပင် ပိုမြန်ရာ သူမ မည်သို့ ထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း။

“ကျွန်မကို မတိုက်နဲ့တော့။ ကျွန်မ အရှုံးပေးတယ်”

ကျန်းရီက ကြယ်တာရာတစ်စင်းအလား ပျံသန်းလာသည်ကို တွေ့လိုက်သောအခါ ဖုန့်နီသည် ဆက်မပြေးတော့ရန် ဆုံးဖြတ်လိုက်၏။ သူမ တည်ငြိမ်သော မျက်နှာထားနှင့် လေထဲတွင် ရပ်နေလိုက်သည်။ ကျန်းရီ၏ လက်သီးက သူမ၏မျက်စိရှေ့တွင် ကြီး၍ ကြီး၍လာသော်လည်း သူမ ရှောင်ရန်၊ ခုခံရန် မလုပ်ချေ။ ထိုအစား ကျန်းရီကိုသာ တည်ငြိမ်စွာ ကြည့်နေပေသည်။

နောက်ဆုံးအခိုက်တွင် ကျန်းရီ၏ လက်သီးက ပြန့်သွားပြီး ဖုန့်နီ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ သူ့ကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ဖုန့်နီကိုယ်ထဲ ဝင်သွားပြီး ဖုန့်နီ၏ နတ်ဘုရားအမြုတေကို ချိပ်ပိတ်လိုက်သည်။

“ကော့ချန်ဘုရင်နဲ့ တခြားမျိုးနွယ်ဘုရင်တွေ... ခင်ဗျားတို့ရဲ့ ခေါင်းဆောင်က အရှုံးပေးသွားပြီ။ ခင်ဗျားတို့က ဘာကို စောင့်နေကြတာလဲ။ တကယ်လို့ တစ်ယောက်ယောက်က တိုက်ခိုက်ဖို့ လုပ်မယ်ဆိုရင် ကျွန်တော် ဖုန့်နီကို သတ်ပစ်လိုက်မယ်”

ကျန်းရီသည် ဖုန့်နီ၏ လည်ပင်းကို လက်တစ်ဘက်နှင့် ဆုပ်ကိုင်၍ နောက်လှည့်ကာ အော်ပြောလိုက်၏။ သူ့အသံက မိုးမြေကို တုန်ခါသွားစေပြီး တိမ်များကို ဖြတ်၍ ပဲ့တင်ထပ်သွားသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့ ဝမ်းသာအားရ ဖြစ်သွားကြ၏။ သူတို့သည်လည်း ကျန်းရီအတိုင်း လိုက်အော်လိုက်ကြသည်။

“အရှုံးပေးရင် ခင်ဗျားတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ခင်ဗျားတို့ရဲ့ မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်မယ်”

တမန်တော်နှစ်ယောက် မှင်တက်သွားကြ၏။ ကော့ချန်ဘုရင်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားအုပ်စုလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အရှေ့ဒေသ မဟာမိတ်စစ်တပ်မှာမူ ပို၍ပင် အံ့အားသင့်သွားကြသည်။ ယခု သူတို့၏ ခေါင်းဆောင်က အဖမ်းခံလိုက်ရပြီဖြစ်ရာ သူတို့ ဘာလုပ်နိုင်ဦးမည်နည်း။

“သတ်ကြ...”

ထိုသူများ မှင်တက်အံ့ဩနေချိန်တွင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက စိတ်အားတက်ကြွလာကြ၏။ အရှင်ကျိုးမှာ သတ်၍မရနိုင်သော ဘုရားတစ်ပါးပင်။ ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားပင်။ ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးတွင် ကျော်ကြားသော မင်းသမီးဖုန့်နီပင် သူ့ကို မယှဉ်နိုင်ခဲ့ချေ။ သို့ဖြစ်ရာ သူ့ကို မည်သူက ယှဉ်နိုင်ပါဦးမည်နည်း။

ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်တို့သည် ဆက်တိုက်ခိုက်ရန် အမိန့်မပေးဝံ့ကြတော့ပါ။ မဟုတ်လျှင် ဖုန့်နီ၏ သေဆုံးမှုအတွက် သူတို့ တာဝန်ခံရနိုင်သည်။ ထို့ကြောင့် အရှေ့ဒေသ မဟာမိတ်စစ်တပ်လည်း တွေဝေသွားကြသည်။ သူတို့က တိုက်၍လည်းမရ၊ ထွက်ပြေး၍လည်းမရ၊ အရှုံးပေး၍လည်းမဖြစ် ဖြစ်နေကြသည်။ သူတို့ မည်သို့ဆက်လုပ်ရမည်ကို မသိကြတော့ပေ။

အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကမူ စိတ်အားတက်ကြွစွာနှင့် ရန်သူတပ်သားများကို စတင်သတ်ဖြတ်ကြ၏။ အခြေအနေက ထိုအတိုင်းသာ ဆက်သွားလျှင် မကြာခင်တွင် ဤတိုက်ပွဲ၏ ရလဒ် ထွက်ပေါ်လာပေလိမ့်မည်။

“ဟင်းဟင်း...”

ဖုန့်နီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်တစ်ခွင်လုံးကို အာရုံခံလိုက်သည်။ သူမသည် လည်ပင်းမှ ဆုပ်ကိုင်ခံထားရသော်လည်း ခပ်ရေးရေး ပြုံးလိုက်သေးသည်။ ထို့နောက် သူမ ကျန်းရီကို ကြည့်ကာ ချိုသာစွာ ပြောလိုက်လေသည်။

“အရှင်ကျိုး... ရှင်က ရှင်နိုင်သွားပြီလို့ ထင်နေတာလား။ တကယ်တော့ ဒီတစ်ခေါက် ရှင် မရှုမလှ ရှုံးသွားပြီ”

***

All Chapters