← Chapters

အပြည့်အဝအညံ့ခံခြင်း

Vol. 129 Ch. 1801

အပြည့်အဝအညံ့ခံခြင်း

Vol. 129 Ch. 1801

“မရှုမလှ ရှုံးတာလား”

ကျန်းရီ ရင်ခုန်မြန်သွား၏။ သူ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ကျန်လက်တစ်ဘက်ဖြင့် ဖုန့်နီ၏ ဦးခေါင်းအား ရိုက်ကာ သူမကို သတိမေ့သွားစေလိုက်သည်။

ကျန်းရီသည် ထိုကဲ့သို့ ဉာဏ်နီဉာဏ်နက်များသော မိန်းမတစ်ယောက်၏ စကားများကို နားမ‌ထောင်လိုပေ။ အရင်ဆုံး ဤနေရာမှ အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီးမှ အခြားအရာများကို တွေးတောရပေမည်။

ကျန်းရီသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သတိလစ်နေသော ဖုန့်နီကို လက်တစ်ဘက်ဖြင့် မမြှောက်၍ လေထဲတွင် ရပ်နေသည်။ သူ ကြမ်းကြုတ်နဂါးဘုရင်တို့ထံ အသံပို့လွှတ်ကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထိုအခါ ကြမ်းကြုတ်နဂါးဘုရင်တို့သည် ရန်သူစစ်တပ်ထဲ ကျားရိုင်းများအလား ပျံဝင်သွားပြီး စတင်သတ်ဖြတ်ကြတော့သည်။ သူတို့သည် သတ်ဖြတ်ရင်းနှင့် အော်ဟစ်နေကြပေသည်။

“အရှုံးပေးရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်။ အရှုံးပေးရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်”

ဖုန့်နီက အဖမ်းခံလိုက်ရပြီဖြစ်ပြီး ရန်သူ၏ စိတ်ဓာတ်က သိသိသာသာ ကျဆင်းသွားပြီဖြစ်သော်လည်း သူတို့ အခြေအနေတစ်ခုလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ကျန်းရီနှင့် ကြမ်းကြုတ်နဂါးဘုရင်တို့ သတိလက်လွတ် မဖြစ်ဝံ့ကြချေ။ အရင်ဆုံး သူတို့ ရန်သူကို အနိုင်ယူရပေမည်။

တမန်တော်နှစ်ယောက်နှင့် ကော့ချန်ဘုရင်တို့ တွေဝေနေကြ၏။ သူတို့ ဖုန့်နီကို လျစ်လျူရှု၍ တန်ပြန်တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများနှင့် သူသေကိုယ်သေ တိုက်နိုင်သေးသည်။ သို့ဆိုလျှင် နောက်ဆုံး၌ နှစ်ဘက်စလုံး အဆုံးအရှုံး များပေလိမ့်မည်။ သို့သော် အရှင်ကျိုး၏ ရက်စက်မှုအရ သူတို့သာ တန်ပြန်တိုက်ခိုက်လျှင် အရှင်ကျိုးက ဖုန့်နီကို ချက်ချင်း သတ်ပစ်လိုက်လောက်သည်။

ဖုန့်နီသေလျှင် ထျန်းဖုန့်ဧကရာဇ် ‌ဒေါသထွက်သွားမည်ဖြစ်သည်။

ဧကရာဇ်များက အရှေ့ဒေသ၏ အတွင်းရေး ကိစ္စများတွင် ပေါ်ပေါ်ထင်ထင် ဝင်ပါ၍ မရပေ။ သို့သော် ဖုန့်နီ သေသွား၍ လက်စားချေခြင်းမှာ အရှေ့ဒေသ၏ အတွင်းရေး မဟုတ်ပါ။ ဧကရာဇ်တစ်ပါးက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်သဖြင့် ကော့ချန်ဘုရင် ကြောက်ပေသည်။

ထို့ကြောင့် မည်သူကမှ တန်ပြန်တိုက်ခိုက်ရန် အမိန့်မပေးဝံ့ပေ။ ကော့ချန်ဘုရင်နှင့် တမန်တော်နှစ်ယောက်ကပင် မည်သို့မှ မပြောဝံ့ရာ ကျန်သော မျိုးနွယ်ဘုရင်များမှာ စကားတစ်ခွန်းပင် မထွက်ဝံ့ကြချေ။

ခေါင်းဆောင်မရှိတော့၍ အရှေ့ဒေသ မဟာမိတ်စစ်တပ်မှာ ပို၍ပင် ပရမ်းပတာဖြစ်လာ၏။ အချို့မျိုးနွယ်များသည် အရှုံးပေးအညံ့ခံရန်ပင် ပြင်ဆင်လာကြသည်။

အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက လက်မရွံစတမ်း သတ်ဖြတ်နေကြသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့မှာလည်း ရန်သူတပ်သားများကို တစ်ကြိမ်လျှင် အစုလိုက်၊ အစုလိုက် သတ်နေကြပေသည်။

“ပြေးကြ...”

ဆယ့်ငါးမိနစ်ကြာပြီးသည်အထိ တမန်တော်နှစ်ယောက်နှင့် ကော့ချန်ဘုရင်တို့က မလှုပ်မယှက် ရှိနေကြသေး၍ မျိုးနွယ်ငယ်အချို့သည် တုန်လှုပ်လာကာ သူတို့၏မျိုးနွယ်ဝင်များကို ထွက်ပြေးခိုင်းလိုက်လေတော့သည်။ သူတို့မျိုးနွယ်များက သေးငယ်၏။ ထို့ကြောင့် သူတို့အနိုင်ရလျှင်ပင် နယ်မြေကောင်းကောင်း ရလိမ့်မည် မဟုတ်ချေ။

သူတို့ ဤနေရာ၌ ဆက်နေလျှင် အလကားသက်သက် အသတ်ခံလိုက်ရသလို ဖြစ်မည်ဖြစ်ရာ ထွက်ပြေးသည်က ပိုကောင်းမည်ဖြစ်သည်။ သူတို့ အခြားဒေသ တစ်ခုခုသို့ ထွက်ပြေးလျှင် သူရဲဘောကြောင်သူများဟု လှောင်ပြောင်ခံရနိုင်သော်လည်း သူတို့၏မျိုးနွယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။

မျိုးနွယ်တစ်ခုက စ၍ ထွက်ပြေးသောအခါ နောက်မျိုးနွယ်တစ်ခုလည်း နောက်မှ လိုက်ပြေးသည်။ ထို့နောက် ပလိပ်ရောဂါ ပျံ့နှံ့သကဲ့သို့ စစ်တပ်တစ်တပ်လုံး ထွက်ပြေးလေတော့သည်။ ဧကရာဇ်နှစ်ပါး၏ တမန်တော်နှစ်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ စိတ်ဆုံးဖြတ်လိုက်ကြ၏။ သူတို့သည် သူတို့ဒေသနှစ်ခုမှ တပ်သားများထံ လျှို့ဝှက်အသံပို့လွှတ်ကာ စုဝေးစေလိုက်သည်။ ပြီးနောက် သူတို့သည် မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ တပ်သားများနှင့်အတူ ထွက်သွားကြလေသည်။

ယခုတွင် တိုက်ပွဲက ဤအခြေအနေကို ရောက်နေပြီဖြစ်ရာ အရှုံးမှာ သေချာနေပေပြီ။ ဘုရားတစ်ပါးပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မည် မဟုတ်ချေ။ သို့ကြောင့် ဤနေရာတွင် ဆက်နေလျှင်လည်း အကျိုးမရှိတော့ပေ။ မိမိတို့၏ တပ်သားများကို ခေါ်၍ ထွက်သွားခြင်းက ပိုကောင်းပေသည်။ ကျန်းရီက ဖုန့်နီကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သူတို့နှင့် မသက်ဆိုင်ပါ။

တမန်တော်နှစ်ယောက် ထွက်သွားသောအခါ ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ ပို၍ တုန်လှုပ်သွားကြ၏။ ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့ထံတွင် သစ္စာခံထားသော မျိုးနွယ်ကြီးအချို့သည် တမန်တော်နှစ်ယောက်၏ လမ်းစဉ်အတိုင်း သူတို့၏တပ်သားများကို စုစည်း၍ ထွက်ပြေးကြသည်။ သူတို့ အနောက်ဒေသနှင့် မြောက်ဒေသတွင် သွားရောက်ခိုလှုံကြမည်ဖြစ်သည်။

အခြားမျိုးနွယ်များစွာလည်း အညံ့ခံလိုက်ကြသည်။ သူတို့သည် အရှေ့ဒေသကို မစွန့်ခွာလိုကြပါ။

ကော့ချန်ဘုရင်နှင့် ထျန်းဖုန့်ဧကရာဇ်ထံတွင် သစ္စာခံထားသော မျိုးနွယ်ကြီးများမှာမူ ထွက်မပြေးနိုင်ကြပေ။ ဖုန့်နီက ကျန်းရီ၏လက်ထဲတွင် ရှိနေသေးသည် မဟုတ်ပါလား။ သို့ဖြစ်ရာ သူတို့ မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။ ဖုန့်နီကို ပစ်ထားခဲ့ပြီး ‌တောင်ဒေသသို့သွားကာ ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်တွင် ခိုလှုံနိုင်ပါမည်လော။ ထိုသို့သွားလုပ်ရင် ထျန်းဖုန့်ဧကရာဇ်က သူတို့ကို ရိုက်သတ်ပစ်လိုက်မည် မဟုတ်ပါလော။

“ထားလိုက်တော့... ထားလိုက်တော့၊ ကြမ်းကြုတ်နဂါးဘုရင် ကျုပ်တို့ကို မသတ်ပါနဲ့။ ကျုပ်တို့ အညံ့ခံတယ်”

ကော့ချန်ဘုရင်သည် တွေးတောပြီးနောက် စိတ်ဆုံးဖြတ်လိုက်၏။ သူတို့ အညံ့ခံလိုက်လျှင် ကော့ချန်မျိုးနွယ်တွင် ရှင်သန်ရပ်တည်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်။ အညံ့မခံလျှင်မူ အရှေ့ဒေသတွင် ဆက်နေနေ၊ တောင်ဒေသသို့ သွားသွား ကော့ချန်မျိုးနွယ်က သေချာပေါက် ရှင်းပစ်ခံရပေလိမ့်မည်။

ကော့ချန်ဘုရင်က အညံ့ခံလိုက်သောအခါ တိုက်ပွဲ ပြီးသွားပြီဟု ဆိုနိုင်ပေသည်။ ခုခံနေကြသေးသော ကျန်မျိုးနွယ်များမှာ ထွက်ပြေးသည့်မျိုးနွယ်ပြေး၊ အညံ့ခံသည့်မျိုးနွယ်ကခံနှင့် ဖြစ်ကုန်ကြသည်။

သို့သော် အညံ့ခံလိုက်သည့် မျိုးနွယ်အများစုမှာ ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံထားသော မျိုးနွယ်များဖြစ်သည်။ သူတို့တွင် ပြေးစရာမြေ မရှိပေ။ သူတို့ အနောက်ဒေသ သို့မဟုတ် မြောက်ဒေသသို့ သွားလျှင်လည်း ထိုဒေသနှစ်ခုက သူတို့ကို လက်ခံကြမည် မဟုတ်ချေ။

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် အညံ့ခံလိုက်သော တပ်သားများကို ဒူးထောက်ရန် ညွှန်ကြားလိုက်ကြ၏။ ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များမှလွဲ၍ ရပ်နေဝံ့သူတိုင်း အသတ်ခံရမည်ဖြစ်သည်။

အောက်ဘက်ရှိ မြေပြင်ပေါ်တွင် သွေးများရွှဲနေပြီး ခြေပြတ်လက်ပြတ်များ ပြည့်နှက်နေသည်။ ဒူးထောက်လိုက်ရသော တပ်သားများသည် တောင်များ၊ မြေပြန့်များကို ဖုံးလွှမ်းထားသော အလောင်းများကို ကြည့်ရင်း ကြောက်ရွံ့လာကြ၏။ ကြမ်းကြုတ်နဂါးဘုရင်က သူတို့အားလုံးကို သတ်ပစ်လိုက်မည်ကို သူတို့ စိုးရိမ်နေကြပေသည်။

အညံ့ခံလိုက်သော တပ်သားများမှာ မများသော်လည်း မနည်းပေ။ စုစုပေါင်း တပ်သားသုံးသန်းနီးပါးရှိသည်။ ကျန်သော တပ်သားများမှာမူ သေသူသေ၊ ထွက်ပြေးသူပြေးနှင့်ပင်။

ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် စစ်သုံ့ပန်းများကို မည်သို့လုပ်ရမည်ကို မသိကြပေ။ ကန်းဟန့်ဘုရင်ကမူ အဝေးမှနေ၍ ခပ်ဖြည်းဖြည်း ပျံသန်းလာသော ကျန်းရီကို အရောင်လက်နေသော မျက်ဝန်းများနှင့် ကြည့်နေသည်။ ထို့နောက် သူ အသံပို့လွှတ်လိုက်သည်။

“အရှင်.. ကျုပ်တို့ ဒီတပ်သားတွေကို အရှင်ထားလို့ မဖြစ်ပါဘူး။ သူတို့ကို အရှင်ထားလိုက်ရင် ပြဿနာတွေက ဆုံး‌တော့မှာ မဟုတ်ဘူး”

ကျန်းရီသည် သတိလစ်နေသော ဖုန့်နီကို သယ်၍ ပျံသန်းလာ၏။ သူ ကန်းဟန့်ဘုရင်ကို လျစ်လျူရှုလိုက်ပြီး မျက်နှာသေနှင့် အောက်ဘက်ရှိ ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ခေတ္တမျှ တွေးတောကာ ပြောလိုက်လေ၏။

“ကော့ချန်ဘုရင်နဲ့ အုပ်ချုပ်သူအဆင့်နဲ့အထက်မှာရှိတဲ့ စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံးက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြ။ ခင်ဗျားတို့ အဲ့လိုလုပ်မယ်ဆိုရင် ကျွန်တော် အသက်ရှင်နေသ၍ ခင်ဗျားတို့မျိုးနွယ်တွေ မပျက်သုဉ်းစေရဘူးလို့ ကျွန်တော် ကတိပေးတယ်”

“အာ...”

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်အားလုံး အံ့အားသင့်သွားကြ၏။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် သေချာတွေးတောပြီးနောက် ဤအခြေအနေကို ကိုင်တွယ်ရန် ကျန်းရီ၏အကြံက အကောင်းဆုံးဖြစ်ကြောင်း လက်ခံလိုက်ကြသည်။

ကော့ချန်ဘုရင်နှင့် အုပ်ချုပ်သူအဆင့်နှင့်အထက်တွင်ရှိသည့် စွမ်းအားကြီး သိုင်းသမားအားလုံး သူတို့ကိုယ်သူတို့ သတ်သေလိုက်ကြမည်ဆိုလျှင် ကျန်သော တပ်သားသုံးသန်းမှာ အန္တရာယ်မဟုတ်တော့ပေ။ အရှေ့ဒေသသည်လည်း ပြန်၍ အေးချမ်းလာမည်ဖြစ်သည်။

သတ်ဖြတ်ခြင်းမှာ အဖြေမဟုတ်ပါ။ ယင်းက မိုးမြေကို ထိခိုက်စေသည်။ ဤတစ်ခေါက် စစ်ပွဲကြောင့် အရှေ့ဒေသ၏ အင်အားက ကြီးစွာထိခိုက်ခဲ့သည်။ သူတို့ ဆက်သတ်ဖြတ်နေဦးမည်ဆိုလျှင် အရှေ့ဒေသက ပြန်နလန်ထူနိုင်လိမ့်မည် မဟုတ်ချေ။

ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ကော့ချန်ဘုရင်က မသေလိုပါ။ သူ အဘက်ဘက်မှ တွေး‌တောပြီးနောက် အံကြိတ်၍ ဒူးတစ်ဘက်ထောက်လိုက်၏။

“အရှင်ကျိုး... ဒီတစ်ခေါက် ကျုပ် လုံးဝ ရှုံးသွားပါပြီ။ ကျုပ် အညံ့ခံချင်ပါတယ်၊ အပြည့်အဝ.. အညံ့ခံချင်ပါတယ်”

အခြားမျိုးနွယ်ဘုရင်များ မျက်နှာပျက်သွားကြ၏။ ကော့ချန်ဘုရင်က သတ္တိနည်းလွန်းနေသည် မဟုတ်လော။ သူ အပြည့်အဝအညံ့ခံလိုက်လျှင် ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်သွားရပေလိမ့်မည်။ သူ၏ဝိညာဉ်မျိုးစေ့ကိုလည်း ပေးလိုက်ရမည်ဖြစ်သည်။

သို့သော် သေချာပြန်တွေးကြည့်လျှင် ကော့ချန်ဘုရင်က အမှန်ပင် ဉာဏ်ကောင်းကြောင်း သိနိုင်သည်။ သေရခြင်းမှာ ကြောက်စရာမကောင်းပါ။ သူက သေရမည်ကို ကြောက်ခြင်းမဟုတ်ပါ။ သို့သော် သူ သေသွားလျှင် သူ့မျိုးနွယ်က အမှန်တကယ် ဆက်ရပ်တည်နိုင်ပါမည်လော။

ကျန်းရီက သူတို့သာ သတ်သေလိုက်လျှင် သူအသက်ရှင်နေသ၍ သူတို့၏ မျိုးနွယ်များက မပျက်သုဉ်းစေရဟု ကတိပေးခဲ့၏။ သို့သော် သူ့ကတိတွင် မပျက်သုဉ်းစေရဟုသာ ပါသည်။ ဖိနှိပ်မခံစေရဟု မပါပေ။ ကန်းဟန့်ဘုရင်နှင့် အခြားသူများက သူတို့၏ မျိုးနွယ်များကို အေးအေးသက်သာ နေစေမည် မဟုတ်ချေ။ ရေရှည်တွင် သူတို့၏မျိုးနွယ်များ အင်အား နည်း၍ နည်း၍ လာမည်ဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီ သေသည်နှင့် သူတို့မျိုးနွယ်များက ချက်ချင်း ရှင်းပစ်ခံရပေလိမ့်မည်။

သို့သော် ကျန်းရီ၏ ဝိညာဉ်ကျွန် လုပ်လိုက်လျှင် ကော့ချန်ဘုရင် ရှင်သန်နိုင်မည်ဖြစ်သည်။ ထို့ပြင် သူက ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်သွားလျှင် ကန်းဟန့်ဘုရင်တို့က ကော့ချန်မျိုးနွယ်ကို ဖိနှိပ်ဝံ့ပါဦးမည်လော။ အခြားမျိုးနွယ်ဘုရင်များသည် ထိုသို့တွေးမိသောအခါ အံကြိတ်၍ ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်ကြသည်။

“ကျုပ်တို့လည်း အပြည့်အဝအညံ့ခံချင်ပါတယ်”

အရှေ့ဒေသ၏ ထိပ်တန်းမိစ္ဆာအချို့သည် သူတို့မျိုးနွယ်မျာ ပြန်ဦးမော့နိုင်ရေးအတွက် ကျန်းရီထံတွင် အပြည့်အဝအညံ့ခံမည်ဟု ပြောနေကြပေသည်။ သို့သော် ကျန်းရီက ဉာဏ်ကောင်းကာ စွမ်းအားကြီးသူဖြစ်၍ ကျန်းရီ၏ ဝိညာဉ်ကျွန် လုပ်ရခြင်းမှာ အရှက်ရစရာတော့ မရှိပါ။ ဖုန့်နီပင် သူ့ထံတွင် ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် သူထံ၌ အညံ့ခံရခြင်းမှာ အဘယ်အရေးနည်း။

ကန်းဟန့်ဘုရင်၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် မည်သို့မှ ဝင်မပြောဝံ့ပေ။ ကျန်းရီက သူတို့၏ ခေါင်းဆောင်၊ အရှင်မချင်လင်း၏ တမန်တော် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီ ထိုဝိညာဉ်ကျွန်များကို ယူခွင့်ရှိပေသည်။

ကျန်းရီ ခေတ္တမျှ တွေးတောလိုက်၏။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားအချို့ကို ဝိညာဉ်ကျွန်အဖြစ် ယူခြင်းမှာ မဆိုးပါ။ အခြားမျိုးနွယ်ဘုရင်များမှာလည်း အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြပြီး ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်လုံတို့နှင့် ယှဉ်နိုင်ကြသည်။ ထိုအဆင့်များတွင်ရှိကြသည် ဝိညာဉ်ကျွန်များကို လက်မခံလျှင် သူ အရူးသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် သူ ကော့ချန်ဘုရင်နှင့် အခြားသူများကို လက်ခံလိုက်လျှင် ထိုတပ်သားသုံးသန်းက သူ၏ကိုယ်ပိုင်တပ်သားများ ဖြစ်သွားမည်ဖြစ်သည်။

***

All Chapters