← Chapters

သိသွားပြီ

Vol. 129 Ch. 1802

သိသွားပြီ

Vol. 129 Ch. 1802

ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား လေးယောက်နှင့် တပ်သားသုံးသန်းကို သိမ်းသွင်းပြီးနောက် ထိုတိုက်ပွဲမှာ ကျန်းရီတို့ဘက်က အနိုင်နှင့် အဆုံးသတ်သွားသည်။

ထို့နောက် ကျန်းရီသည် တပ်သားသုံးသန်းကို နဂါးတောင်ကြားသို့ ခေါ်သွား၏။ ကန်းဟန့်ဘုရင်၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကလည်း သူတို့၏ တပ်များကို ဦးဆောင်၍ အရှေ့ဒေသတစ်ခွင်လုံးကို လှည့်ပတ်သွား၍ ထွက်ပြေးသွားသူများကို လိုက်ရှင်းလိုက်လေသည်။

တိုက်ပွဲကြီးပြီးသွားနောက်တွင် ကျန်းရီက ဖုန့်နီကို အနိုင်ယူနိုင်လိုက်ပြီး အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အရှေ့ဒေသ၏ အရှင်သခင်များ ဖြစ်သွားကြသည်။ မိစ္ဆာအရှင်သုံးပါးသာ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းလိုသေးလျှင် အရှေ့ဒေသ၏ အတွင်းရေးကိစ္စများတွင် ထပ်၍ ဝင်ရှုပ်ကြတော့မည် မဟုတ်ပေ။

ဤဒေသတွင်းစစ်ပွဲက တစ်နှစ်ကျော် ကြာခဲ့၏။ အရှေ့ဒေသ၏ အင်အားမှာလည်း အတော်လေး ထိခိုက်သွားခဲ့သည်။ စစ်ပွဲတွင် သန်းဆယ်ချီသော တပ်သားများ ကျဆုံးသွားခဲ့ပြီး မရေမတွက်နိုင်သော အဆင့်နိမ့်မိစ္ဆာများ သေခဲ့သည်။ မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသကို ဒေသသေကြီးတစ်ခု မဖြစ်စေလိုလျှင် ထပ်မံ၍ ဝင်ပါလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် စစ်ပွဲက လုံးဝအဆုံးသတ်သွားပြီဟု မျှော်လင့်ရပေသည်။

အရှေ့ဒေသ မဟာမိတ်စစ်တပ်က မရှုမလှ ရှုံးသွားခဲ့ပြီး အင်အားများစွာ ဆုံးရှုံးလိုက်ရသည်။ အကယ်၍ မိစ္ဆာအရှင်တစ်ပါးက လက်စားချေလိုလျှင်လည်း အရှေ့ဒေသ မဟာမိတ်စစ်တပ်ကို သူ့ဒေသဆီလာပြီး သူ့စစ်တပ်နှင့် ပေါင်းခိုင်းမှသာ ရပေလိမ့်မည်။

သို့သော် ထိုသို့လုပ်လိုက်လျှင် မိစ္ဆာအရှင်သုံးပါး၏ ဂုဏ်သတင်းက လုံးဝညစ်နွမ်းသွားမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတို့ တပ်သားများ စေလွှတ်ပေးခဲ့သော်လည်း ဖုန့်နီက ထိုတပ်သားများမှာ ဒေသထဲမှ မောင်းထုတ်ခံသည့် တပ်သားများဖြစ်၍ သူတို့ကြိုက်ရာ လုပ်နိုင်သည်ဟု ပြောကာ မိစ္ဆာအရှင်သုံးပါး၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့သည်။ သို့သော် ယင်းမှာ တစ်ကြိမ်သာ ကောင်းသည်။ ဒုတိယအကြိမ် ထပ်လုပ်လျှင် သူတို့ အမှန်တရားကို မည်သို့ကြိုးစား၍ ဖုံးကွယ်ပါစေ သူတို့၏ ဂုဏ်သတင်းမှာ ညစ်နွမ်းသွားရမည်သာ။ သို့သော် သူတို့၏ အဆင့်အတန်းအရ ထိုသို့ ထပ်လုပ်မည့်ပုံ မပေါ်ပါချေ။

ထို့ကြောင့် ဤတစ်ခေါက်တွင် ကျန်းရီတို့ အပြည့်အဝ အနိုင်ရသွားပြီဟု ဆိုရပေမည်။

သို့သော်...

ကျန်းရီသည် နဂါးတောင်ကြားသို့ ပြန်ရောက်ပြီးနောက် စိတ်ထဲတွင် ရှင်းပြ၍မရသော မသက်မသာခံစားချက်တစ်ခုကို ခံစားလာရ၏။ ဖုန့်နီ သတိလစ်မသွားခင်က ပြောခဲ့သော စကားများက သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။

“အရှင်ကျိုး.. ရှင်က ရှင်နိုင်သွားပြီလို့ ထင်နေတာလား။ တကယ်‌တော့ ဒီတစ်ခေါက် ရှင် မရှုမလှ ရှုံးသွားပြီ”

ကျန်းရီသည် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားသုံးယောက်အား အညံ့ခံလိုက်သည့် တပ်သားများကို ထိန်းချုပ်ရန် စေခိုင်းလိုက်၏။ ထို့နောက် ကော့ချန်ဘုရင်နှင့် လီရှန်းအာတို့ကို ခေါ်၍ နဂါးတောင်ကြားထဲရှိ နန်းတော်ကြီးတစ်လုံးထဲ ဝင်သွားလိုက်သည်။ ထိုနန်းတော်မှာ ကြမ်းကြုတ်နဂါးမျိုးနွယ်၏ တော်ဝင်နန်းတော်ပင်။

ရွှီး...

ကျန်းရီသည် သူ၏ဟွင့်သွမ့်ချီပုလဲထဲမှနေ၍ ဖုန့်နီကို ထုတ်လိုက်၏။ သူ ကောင်းကင်စိတ်အာရုံသုံး၍ ဖုန့်နီ၏ နတ်ဘုရားအမြုတေကို စစ်ဆေးထားပြီးဖြစ်သည်။ သူမ၏ နတ်ဘုရားအမြုတေမှာ ချိပ်ပိတ်ခံထားရဆဲပင်။ ဝိညာဉ်ကျွန် ဖြစ်နေပြီဖြစ်သော ကော့ချန်ဘုရင်လည်း ရှိနေရာ ကျန်းရီဘက်က အင်အားကြီးနေသည်။ ထို့ကြောင့် ဖုန့်နီ လှည့်ကွက်များ မသုံးဝံ့လောက်ပေ။

ဖုန့်နီသည် အပြင်ရောက်လာသောအခါ မျက်နှာထား တည်တည်ငြိမ်ငြိမ်နှင့် ရှိနေ၏။ သူမ၏ ငွေရောင်မျက်ဝန်းများက ခန်းမကျယ်ကြီးကို ဝေ့ဝဲကြည့်ပြီးနောက် နောက်ဆုံးတွင် ကော့ချန်ဘုရင်အပေါ်သို့ ကျရောက်သွား၏။

ကော့ချန်ဘုရင် အတန်ငယ် မျက်နှာပျက်သွားပြီး ခေါင်းငုံ့လိုက်သည်။ ဖုန့်နီက ကျန်းရီကို ဆက်ကြည့်ကာ ပြောလိုက်သည်။

“အရှင်ကျိုး... ဘယ်လိုတောင် ပြောင်မြောက်တဲ့ ရွှေ့ကွက်လဲ။ ရှင်က ကော့ချန်ဘုရင်ကိုတောင် သိမ်းသွင်းနိုင်လိုက်ပြီပေါ့လေ”

ကျန်းရီသည် ဖုန့်နီနှင့် အပိုစကားများ ပြောမနေလိုပါ။ သူ ဖုန့်နီကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်ကာ မေးလိုက်သည်။

“မင်းသမီးဖုန့်နီ... ဒီတစ်ခေါက် ကျွန်တော် မရှုမလှ ရှုံးသွားပြီလို့ ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒါကို ကျွန်တော် သိချင်နေတယ်၊ ကျွန်တော်က ဘယ်လိုရှုံးသွားတာလဲ”

ဖုန့်နီ ခပ်ရေးရေး ပြုံးလိုက်ပြီး ဘေးသို့ လျှောက်သွားလိုက်၏။ ထို့နောက် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက် ငှဲ့၍ တစ်ငုံ သောက်လိုက်ပြီးမှ ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ခန့်မှန်းကြည့်လေ”

ကျန်းရီ၏ ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာ၏။ သူ အေးစက်စက် ပြောလိုက်သည်။

“မင်းသမီးဖုန့်နီ... ကျွန်တော်က မိန်းမတွေကို သတ်ရတာ မကြိုက်ပေမဲ့ ခင်ဗျား ကျွန်တော့်ကို ဖိအားပေးရင်တော့...”

“ရှင် ကျွန်မကို မသတ်ရဲပါဘူး”

ဖုန့်နီသည် မြေခွေးမလေးကဲ့သို့ ချိုသာစွာ ပြုံးလိုက်၏။ သူမ၏ မျက်လုံးလေးများက ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူမ သိမ်မွေ့စွာ ခေါင်းခါ၍ ဆက်ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... ရှင် မကြာခင် သိရမှာပါ”

“လီရှန်းအာ ထွက်သွား”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ လီရှန်းအာ သွက်လက်စွာ ထွက်သွားလိုက်၏။ လီရှန်းအာ အပြင်ရောက်သွားသောအခါ ကျန်းရီသည် ဖုန့်နီ၏ လည်ပင်းကို ဆုပ်ကိုင်၍ သူမကို လေထဲ မမြှောက်လိုက်၏။ ပြီးနောက် သူမကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်။ ခင်ဗျား ပြောမှာလား၊ မပြောဘူးလား”

ကျန်းရီက သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားသော်လည်း ဖုန့်နီ၏ မျက်နှာထားက ပြောင်းမသွားပါ။ သူမ မျက်လွှာချ၍ ကျန်းရီကို ကြည့်ကာ ပြန်ပြောသည်။

“ရှင်က မိန်းမတွေကို မနှိပ်စက်တတ်ပါဘူး။ ဘာလဲ... ကျွန်မက မိစ္ဆာမျိုးနွယ်က ဖြစ်နေလို့ ချွင်းချက်ထားတာလား။ အဲ့လိုလုပ်တာ မကောင်းဘူး မဟုတ်လား ကျန်းရီရဲ့”

ဂျိန်း...

ကျန်းရီတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလို တစ်ကိုယ်လုံး တုန်ယင်သွား၏။ ကော့ချန်ဘုရင်ကလည်း ဖုန့်နီ၏ ဆိုလိုရင်းကို ခပ်ရေးရေး နားလည်သည့်အလား မျက်မှောင်ကြုတ်သွားသည်။

“ရှင်က လူသားမျိုးနွယ်က မဟုတ်လား... ကျန်းရီ”

ကော့ချန်ဘုရင်သည် ‘ကျန်းရီ’ဆိုသော စကာလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို မသိလောက်ပါ။ သို့သော် ဖုန့်နီက သူမဦးရီးတော်၏ သတ်ဖြတ်မှုကို ခံရလုနီပါးဖြစ်ခဲ့ကြောင်းကိုမူ သိသည်။ ထိုကိစ္စဖြစ်ပြီးနောက်တွင် သူမသည် စိတ်ဓာတ်ကျကာ ထျန်းဖုန့်မြို့မှ ထွက်သွားခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်း သူမ၏ သတင်းများကို မကြားခဲ့ရ‌ပေ။ အဘယ်ကြောင့်ဆိုသော် ဖုန့်နီမှာ ကောင်းကင်မိစ္ဆာဘုံထဲတွင် ရှိမနေခဲ့၍ဖြစ်သည်။

ဖုန့်နီက ကောင်းကင်ဘုံသို့ ထွက်သွားခဲ့ခြင်းပင်။ သူမ မကြာသေးခင်ကမှ ကောင်းကင်မိစ္ဆာဘုံကို ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆန်းကြယ်သော အရှင်ကျိုးကလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ ခေါင်းဆောင် ဖြစ်နေပေသည်။

ယင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။

ကျန်းရီက အရှင်မချင်လင်း၏ တမန်တော် ဖြစ်နိုင်သည်ဆိုသော အဓိပ္ပာယ်ပင်။ သူ အရှင်မချင်လင်းနှင့် တွေးဖူးခဲ့လောက်သည်။ သို့ဖြစ်ရာ သူက မိစ္ဆာမျိုးနွယ်မှ မဟုတ်ဘဲ အပြင်မှ ရောက်လာခြင်းဟု ကောက်ချက်ချနိုင်သည်။ သူက... လူသားမျိုးနွယ်မှပင်။

‘မရှုမလှရှုံးသွားပြီ’

နောက်ဆုံးတွင် ကျန်းရီသည် ဖုန့်နီ၏ ထိုစကားကို နားလည်သွားပေပြီ။ သူက လူသားဖြစ်ကြောင်းကို ဖုန့်နီ သိသွားပြီဖြစ်သည်။ သူမသည် ထိုအကြောင်းကို ထျန်းဖုန့်ဧကရာဇ်ထံ လျှို့ဝှက်သတင်းပို့ပြီးနေလောက်ပြီလည်း ဖြစ်သည်။

အတိတ်တွင် မိစ္ဆာအရှင်လေးပါးသည် တစ်ယောက်နှင့်တစ်ယောက်၏ အတွင်းရေးကိစ္စများတွင် ဝင်မစွက်ဖက်ရန် သဘောတူညီချက်တစ်ခု ယူခဲ့ကြသည်။ ထို့ကြောင့် ကျန်းရီသည် မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသ၏ အတွင်း‌ရေးကိစ္စများတွင် ကိုယ်တိုင်ဝင်ပါကြလိမ့်မည် မဟုတ်ဟု သေချာနေခဲ့ပြီး သူ အရှေ့ဒေသထဲတွင် အေးအေးလူလူ ဆက်ကျင့်ကြံနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော်...

ထိုအရာအားလုံးမှာ သူက လူသားဖြစ်ကြောင်း မပေါ်သွားမှသာ ဖြစ်နိုင်မည့်အရာများပင်။ ယခု သူက လူသားဖြစ်ကြောင်း ပေါ်သွားပြီဖြစ်ရာ ထျန်းဖုန့်ဧကရာဇ်က အရှေ့ဒေသဆီ ကိုယ်တိုင်လာ၍ သူ့ကို သတ်ပစ်နိုင်ပြီဖြစ်သည်။ အရှေ့ဒေသ၏ အတွင်းရေးကိစ္စများတွင် မစွက်ဖက်နိုင်သော်လည်း ကျန်းရီက မိစ္ဆာမဟုတ်ဘဲ လူသားဖြစ်ရာ မည်သည့်မိစ္ဆာမျိုးနွယ်ကမဆို သူ့ကို သတ်ပစ်ခွင့်ရှိပေသည်။

“ခင်ဗျား ထျန်းဖုန့်ဧကရာဇ်ဆီ သတင်းပို့ပြီးသွားပြီလား”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်လာ၏။ ဖုန့်နီ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်မှာလည်း အတန်ငယ် တုန်ယင်လာသည်။ သူ ထိုလှပသော လည်ပင်းကလေးကို ချိုးပစ်မိတော့မလိုပင်။

“အင်း...”

ဖုန့်နီ၏ မျက်နှာက အတန်ငယ် ရှုံ့မဲ့လာ၏။ ကျန်းရီက သူမလည်ပင်းကို ခပ်တင်းတင်း ညှစ်နေကြောင်း ထင်ရှားသည်။ သို့သော် သူမ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“အရင်ကတည်းက ကျွန်မ ရှင့်ကို သံသယဖြစ်နေခဲ့တာ။ ကျွန်မ ရှင့်ကို တွေ့လိုက်တော့ ရှင်ကဘယ်သူဆိုတာ သေချာသွားတယ်။ မဟာနတ်ဘုရားအတတ်၊ မီးတောက်တွေ၊ နတ်ဘုရားအသံ ကောင်းကင်အတတ်နဲ့ နတ်ဘုရားသစ်ရွက်... အဲ့ဒါတွေ အကုန်လုံးက ကျန်းရီရဲ့ စွမ်းရည်တွေပဲ။ ရှင့်ကို နောက်ဆုံး တွေ့ခဲ့ရတာက အဆိပ်နတ်ဆိုးမြေရိုင်းမှာပဲ။ အဲ့နေရာက ကောင်းကင်မိစ္ဆာဘုံထဲ ဝင်နိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း မဟုတ်လား။ ကျွန်မ ရှင်ဘယ်သူဆိုတာ အတည်ပြုပြီးတာနဲ့ ထျန်းဖုန့်မျိုးနွယ်ရဲ့ စွမ်းရည်ကို သုံးပြီး ဧကရာဇ်ဆီ သတင်းလှမ်းပို့လိုက်တယ်။ အခု သူက ဒီကို လာနေလောက်ပြီ”

ဖုန့်နီက ကောင်းကင်ဘုံထဲတွင် နှစ်အနည်းငယ် နေခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် သူမက သူမည်သူဖြစ်‌ကြောင်း ခန့်မှန်းနိုင်ခြင်းကို မအံ့ဩပေ။ သူ စိတ်ဝင်စားသည်မှာ အဘယ်ကြောင့် ဖုန့်နီက ထိုအကြောင်းများကို သူ့အား ပြောပြဝံ့ရသနည်းဆိုသည်ကိုပင်။ သူမက သူ သူမကို သေရွာသို့ အပါခေါ်သွားမည်ကို မကြောက်သည်လော။

ကျန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ကျွန်တော်က ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေတာလား။ ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာပဲ။ ကျွန်တော်က တောက်ဖုန့်ကိုတောင် သတ်ရဲတယ်၊ မိုးပြာမဟာဧကရာဇ်ကို‌တောင် စော်ကားရဲတယ်။ ခင်ဗျားက ဘာမို့လို့လဲ။ ကျွန်တော် ခင်ဗျားကို ဘာလို့ မသတ်ရမှာလဲဆိုတဲ့ အကြောင်းတစ်ခုလောက် ပြောစမ်းပါဦး”

ဖုန့်နီသည် ကျန်းရီကို ထိုအကြောင်းများ မပြော၍မရပါ။ ထျန်းဖုန့်ဧကရာဇ် ရောက်လာသည်အထိ စောင့်ရဦးမည် မဟုတ်ပါလား။ ထိုအခါ သူမ လွတ်မြောက်သွားမည်ဖြစ်သော်လည်း ယခုတွင်မူ အသက်ဆက်နိုင်ရန် ကျန်းရီမေးသည်များကို ဖြေရပေမည်။

“အကြောင်းကတော့ ရိုးရှင်းပါတယ်”

ဖုန့်နီ၏ မျက်နှာထားက လေးနက်သွား၏။ သူမ အလေးအနက် ပြောလိုက်သည်။

“ကျန်းရီ... ရှင်က ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ တမလွန်ဘုံက ကောင်းကင်ကမ္ဘာဦးဘုံကို ကျူးကျော်‌တော့မှာ။ လူသားမျိုးနွယ် ပျက်သုဉ်းသွားတာနဲ့ မိစ္ဆာမျိုးနွယ်မလှည့် ရောက်လာလိမ့်မယ်။ ကျွန်မ ရှင်လို့ ပါရမီရှင်တစ်ယောက်ကို ကောင်းကင်မိစ္ဆာဘုံထဲမှာ မသေစေချင်ဘူး။ ရှင် ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်ဖို့ ကျွန်မ မျှော်လင့်တယ်...”

ဘုန်း...

ဖုန့်နီ၏စကား မဆုံးသေးခင်မှာပင် ကျန်းရီသည် ကျန်လက်တစ်ဘက်နှင့် ဖုန့်နီ၏ ဝမ်းဗိုက်ကို ထိုးလိုက်၏။ ဖုန့်နီမှာ နာကျင်လှသဖြင့် ကိုယ်ကိုင်းသွားသည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် ခက်ထန်မှုများ ပြည့်နှက်နေသည်။ သူ ခက်ထန်စွာ ပြောလိုက်သည်။

“လိုရင်းကိုပြောစမ်း၊ ခင်ဗျား ဝေ့ဝိုက်နေဦးမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို အဓမ္မကျင့်ပြီး သတ်ပစ်မယ်”

“ကောင်းပါပြီ၊ ပြောပါမယ်...”

ဖုန့်နီ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်း၍ တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်မ ရှင်နဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်။ ကျွန်မ ရှင့်ကို ကောင်းကင်မိစ္ဆာဘုံထဲကနေ ဘေးကင်းကင်းနဲ့ ထွက်သွားခွင့် ပေးမယ်။ ဒါပေမဲ့ ရှင် ကျွန်မကို... ဟိုဓား ပေးရမယ်”

“အရူးပဲ”

ကျန်းရီသည် ဖုန့်နီက မီးနဂါးဓားအကြောင်းကို မည်သည့်နေရာမှ သတင်းရခဲ့ကြောင်း မသိသော်လည်း ဖုန့်နီ၏ ရူးသွပ်မှုကြောင့် အံ့ဩရပေသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီ သေသည်နှင့် မီးနဂါးဓားက နောက်ပိုင်ရှင်ကို အလိုလို လိုက်ရှာလိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် သူ မသေသေးဘဲ မီးနဂါးဓားနှင့် ဝိညာဉ်ချိတ်ဆက်မှုကို ဖြတ်ကာ ဓားကို သူမအား ပေးလိုက်လျှင် မည်သို့ ဖြစ်မည်နည်း။ မီးနဂါးဓားက သူ့နောက်သို့ ပြန်လိုက်လာလောက်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ဖုန့်နီက မီးနဂါးဓားကို သန့်စင်လိုက်နိုင်ပြီး ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူအသစ် ဖြစ်လာနိုင်လောက်သည်။

ဖုန့်နီသည် ကျန်းရီက အပြင်ပြန်ထွက်နိုင်ရေးအတွက် သူမအား မီးနဂါးဓားပေးလိမ့်မည်ဟု သူမ၏အသက်နှင့် လောင်းကြေးထပ်နေခြင်းပင်။ ထျန်းဖုန့်ဧကရာဇ် ရောက်လာသည်နှင့် ကျန်းရီ သေချာပေါက် သေရမည်ဖြစ်သည်။ သူ ကောင်းကင်မိစ္ဆာဘုံထဲမှလည်း ပြန်ထွက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူ သေရန် ရွေးလျှင်ရွေး၊ မဟုတ်လျှင် အပေးအယူလုပ်ရန်သာ ရွေးနိုင်တော့ပေသည်။

***

All Chapters