← Chapters

မိစ္ဆာမျိုးနွယ်၏ ဧကရာဇ်

Vol. 129 Ch. 1803

မိစ္ဆာမျိုးနွယ်၏ ဧကရာဇ်

Vol. 129 Ch. 1803

အပေးအယူ လုပ်ရမည်လော။

ကျန်းရီ နှုတ်ဆိတ်သွား၏။ သူ ဖုန့်နီနှင့် အပေးအယူ လုပ်လိုက်လျှင် ကောင်းကင်မိစ္ဆာဘုံအပြင်သို့ ဘေးကင်းကင်းနှင့် ထွက်သွားနိုင်လောက်သည်။ သူမက ထျန်းဖုန့်ဧကရာဇ်၏ အချစ်တော်ဖြစ်၍ အလွန်အရေးပါသူတစ်ယောက် မဟုတ်ပါလား။

ဖုန့်နီကို မီးနဂါးဓား ပေးလိုက်ရမည်လော။

မီးနဂါးဓား မရှိတော့လျှင် နောင်တွင် ကျန်းရီသည် မိုးပြာမဟာဧကရာဇ်ကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။ သူ ကောင်းကင်မိစ္ဆာဘုံထဲမှ ထွက်သွားသည်နှင့် သေလိမ့်မည် မဟုတ်ပါလော။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ဖုန့်နီ၏ လည်ဂုတ်ကို ရိုက်ကာ သူမကို သတိမေ့သွားစေပြီး ဆောင်းဥတုပုလဲထဲ ထည့်လိုက်သည်။ ထို့နောက် မျက်လုံးအရောင် တလက်လက်နှင့် ခြေထောက်ကျောက်ချကာ ရပ်နေသော ကော့ချန်ဘုရင်ကို လျစ်လျူရှု၍ နည်းလမ်းတစ်ခုကို အသည်းအသန် တွေးတောလိုက်သည်။

ကော့ချန်ဘုရင်က သူ၏ ဝိညာဉ်ကျွန်ဖြစ်၍ သူ သေလျှင် ကော့ချန်ဘုရင်လည်း သေရပေလိမ့်မည်။ ထို့ပြင် ကော့ချန်ဘုရင်က သူ့ကို ထိခိုက်အောင်လုပ်ရန် တွေးဝံ့မည် မဟုတ်ချေ။ သူ့အား ကူညီရန်သာ တွေးပေလိမ့်မည်။ ထို့ကြောင့် ကော့ချန်ဘုရင်က သူ လူသားဖြစ်ကြောင်း သိသွားလျှင်လည်း အရေးမကြီးပေ။

ကျန်းရီသည် သေရေးရှင်ရေး အခြေအနေနှင့် ထပ်မံ ရင်ဆိုင်နေရပြန်ပေပြီ။ သူ လက်မလျှော့လိုပါ။ အရှင်မချင်လင်းက သူ့ကို ကောင်းကင်မိစ္ဆာဘုံဆီ ပို့ရန် တန်ကြေးကြီးကြီး ပေးခဲ့ရသည်။ ထို့ပြင် သူ ကောင်းကင်မိစ္ဆာဘုံတွင် ခြေကုပ်ယူနိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ၏။ ယခု စစ်ပွဲကို နိုင်သွားပြီဖြစ်၍ သူ အေးအေးချမ်းချမ်း ကျင့်ကြံနိုင်တော့မည်ဟု ထင်ခဲ့သည်။ သို့သော် သူက လူသားဖြစ်ကြောင်း ပေါ်သွားပေပြီ။

ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံထဲမှ မည်သို့ထွက်ရမည်ကို မသိပါ။ ကော့ချန်ဘုရင်ကလည်း မသိလောက်ပါ။ ဖုန့်နီကို စစ်မေးလျှင်မူ အဖြေတစ်ခု ရနိုင်သည်။ သို့သော် သူ နည်းလမ်းကို သိလျှင်ပင် လွတ်မြောက်နိုင်ပါမည်လော။

ဧကရာဇ်အဆင့် သိုင်းသမားနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများမှာ လုံးဝအဆင့်ကွာခြားသည်။ ကွာခြားမှုမှာ နတ်ဘုရားဧကရာဇ်များနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ကွားခြားပုံကဲ့သို့ပင်။ အတိတ်တွင် မိုးပြာမဟာဧကရာဇ်က ကျန်းရီကို ကီလိုမီတာသန်းဆယ်ချီ အကွာမှ လက်ဝါးချက်တစ်ချက်နှင့် သတ်ပစ်နိုင်လုနီးနီး ဖြစ်ခဲ့သည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်သာ လုံလောက်အောင် နီးကပ်လာနိုင်လျှင် ကျန်းရီကို ရုတ်ခြည်း သတ်ပစ်နိုင်မည်ဖြစ်သည်။

ကျန်းရီ၏ စိတ်ဝိညာဉ်က သူ့အားနည်းချက်ဖြစ်သည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ စိတ်ဝိညာဉ်က အလွန်အားကောင်းလွန်းသည်။ ထျန်းဖု်န့ဧကရာဇ်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများတွင် မကျွမ်းကျင်လျှင်ပင် အနည်းငယ်လောက်တော့ သိထားပေလိမ့်မည်။ သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုများ မသုံးဘဲ ကျန်းရီကို ပေါ်တင်သတ်လိုလျှင်ပင် သူ့အမြန်နှုန်းကြောင့် ကျန်းရီတစ်ယောက် ပြန်ပင်တုံ့ပြန်နိုင်လိုက်မည် မဟုတ်ချေ။

ထို့ကြောင့် ဖုန့်နီကို ဓားစာခံလုပ်ထားခြင်းမှာလည်း အဖြေမဟုတ်ပေ။ ထျန်းဖုန့်ဧကရာဇ်ကို တားနိုင်မည့် နည်းလမ်း မရှိပါ။ သူ အသက်ရှင်လိုလျှင် ဖုန့်နီနှင့် အပေးအယူ လုပ်မှသာ ရမည်ဖြစ်သည်။

ဖုန့်နီက အရာအားလုံးကို တွက်ချက်ထားပြီး ဖြစ်ရပေမည်။ ထို့ကြောင့်လည်း သူမ ဝှက်ဖဲအားလုံးကို ထုတ်ပြခဲ့ခြင်းပင်။ သူမက မီးနဂါးဓားကို တောင်းဆိုသည်။ ကျန်းရီ မပေးလိုလျှင် သူမနှင့်အတူ သေရန်သာ ရှိတော့သည်။

မည်သူမှ မသေလိုပါ။ ထို့ပြင် လူတိုင်းတွင် သူတို့ ကာကွယ်လိုသော အရာများ ရှိကြသည်။ ဥပမာအနေဖြင့် ကော့ချန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များကို ကြည့်ပါ။ သူတို့က သေရမည်ကို မကြောက်ကြပေ။ သို့သော် သူတို့မျိုးနွယ်များ ရှင်းပစ်ခံရမည်ကို စိုး၍ ကျန်းရီထံတွင် အပြည့်အဝ အညံ့ခံခဲ့ကြရသည် မဟုတ်ပါလား။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ ဆယ့်ငါးမိနစ်ရှိသွားပြီဖြစ်သော်လည်း ကျန်းရီ စိတ်မဆုံးဖြတ်နိုင်သေးချေ။ သူ ကော့ချန်ဘုရင်ကို ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားဆီမှာ ထျန်းဖုန့်ဧကရာဇ်ကို တားနိုင်မဲ့နည်းလမ်း ရှိလား”

ကော့ချန်ဘုရင်သည် ခါးသက်သက်ပြုံး၍ ပြန်ဖြေ၏။

“ထျန်းဖုန့်ဧကရာဇ်က မိစ္ဆာအရှင်လေးပါးထဲမှာ စွမ်းအားအကြီးဆုံးပါပဲ။ သခင်... သခင် မင်းသမီးဖုန့်နီနဲ့ အပေးအယူ မလုပ်ရင် တခြားနည်းလမ်း မရှိပါဘူး။ သခင် ဘယ်ကိုပဲ ပြေးပြေး သေရပါလိမ့်မယ်’

ကျန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ ဖုန့်နီနှင့် အပေးအယူ မလုပ်လိုပေ။ မီးနဂါးဓားကို ပေးလိုက်ပြီး ကောင်းကင်မိစ္ဆာဘုံထဲမှ ခွေး‌မောင်းသလို မောင်းထုတ်ခံရမည်လော။ အပြင်ရောက်လျှင်လည်း မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ၏ လိုက်သတ်ခြင်းကို ခံရမည်လော။

“မဖြစ်ဘူး...”

ကျန်းရီသည် သူ သေရလျှင်ပင် မီးနဂါးဓားကို မစွန့်လွှတ်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ကတိပေးခဲ့သည်။ တိရှအရှင်ကလည်း မီးနဂါးဓားကို အသက်နှင့်ရင်း၍ ကာကွယ်ရန် ပြောခဲ့သည်။

‘ငါ ဘယ်ကိုပြေးပြေး သေရမှာလား’

ကျန်းရီသည် ရုတ်တရက် ကော့ချန်ဘုရင်၏ စကားကို ပြန်တွေးမိသွား၏။ သူ တန်လှုပ်သွားသည်။ ဆယ်စက္ကန့်ကြာမှ သူ အော်ပြောလိုက်သည်။

“ကော့ချန်ဘုရင်... မျိုးနွယ်ဘုရင်အကုန်လုံးကို အထဲခေါ်လိုက်။ လီရှန်းအာကိုလည်း ဝင်လာခိုင်းလိုက်”

လီရှန်းအာတစ်ယောက် သွက်လက်စွာ ဝင်လာ၏။ ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားက လင်းလက်လာပြီး ရွှေရောင် ဝိညာဉ်မျိုးစေ့တစ်စေ့ ပျံထွက်လာကာ လီရှန်းအာ၏ ဦးခေါင်းထဲ ဝင်သွားသည်။ လီရှန်းအာ အံ့အားသင့်သွား၏။ သူမ ကျန်းရီ၏လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

“သခင်... ဘာဖြစ်လို့လဲ”

ကိစ္စကြီးတစ်ခု ဖြစ်မလာလျှင် အဘယ်ကြောင့် ကျန်းရီက ဝိညာဉ်မျိုးစေ့ကို သူမအား ပြန်ပေးမည်နည်း။ လီရှန်းအာက ကျန်းရီအပေါ် အကြွင်းမဲ့ သစ္စာရှိသည်။ သူမ ဝိညာဉ်မျိုးစေ့ ပြန်ရရ၊ မရရ အရေးမစိုက်ပေ။ ကိစ္စကြီးတစ်ခုခု ဖြစ်နေမည်ကိုသာ စိုးရိမ်ပေသည်။

“ဘာမှ မဖြစ်ပါဘူး”

ကျန်းရီက ပြုံး၍ လီရှန်းအာ၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်၏။ ပြီးမှ တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“ငါ့မှာ အရေးကြီးလုပ်စရာကိစ္စတစ်ခု ရှိတယ်။ ချက်ချင်း ကြမ်းကြုတ်နဂါးဘုရင်ကို ဆက်သွယ်ပြီး ပြန်လာဖို့ ပြောလိုက်ပါ။ ငါ မရှိရင် သူက အရှေ့ဒေသရဲ့ ဘုရင်လုပ်ရမယ်။ သူ့ကို ကူညီပေးဖို့ ငါ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်နဲ့ တပ်သားသုံးသန်း ထားပေးခဲ့မယ်။ သူ့အမိန့်ကို မနာခံတဲ့သူတွေ ရှိရင် သူ သူတို့ကို သတ်ပစ်ခွင့်ရှိတယ်”

ကျန်းရီသည် စာရွက်တစ်ရွက်နှင့် စုတ်တံကို ထုတ်၍ စာတစ်စောင်ရေးကာ လီရှန်းအာအား ပေးလိုက်သည်။ ထိုစဉ် ကော့ချန်ဘုရင်က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား သုံးယောက်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်စုကို ခေါ်ကာ ပြန်ဝင်လာသည်။ သူတို့အားလုံးက ကျန်းရီ၏ ဝိညာဉ်ကျွန်များဖြစ်သည်။ ကျန်းရီသည် အချိန်ဖြုန်းမနေတော့ဘဲ သူ အဝေးသို့ အချိန်တစ်ခုမျှ သွားရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ သူ မရှိချိန်အတွင်း အားလုံးက ကြမ်းကြုတ်နဂါးဘုရင်၏ အမိန့်များကို နာခံရမည်ဖြစ်သည်။

“သခင်...”

ယခုတွင် လီရှန်းအာ ပို၍ပင် စိတ်လှုပ်ရှားလာပေပြီ။ သို့သော် သူမ မေးခွန်းများ ထပ်မမေးဝံ့သဖြင့် ကျန်းရီကိုသာ စိုးရိမ်တကြီး ကြည့်နေရသည်။

ကျန်းရီက ရှင်းမပြပေ။ သူ လီရှန်းအာ၏ ပခုံးကို ပုတ်လိုက်ပြီး ကော့ချန်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်၍ အပြင်သို့ ပျံထွက်သွားသည်။ သူ နဂါးတောင်ကြားအပြင်သို့ ရောက်သောအခါ လီရှန်းအာထံ အသံပို့လွှတ်လိုက်၏။

“လီရှန်းအာ.. မစိုးရိမ်ပါနဲ့။ ငါ နှစ်ဝက်အတွင်း ပြန်လာမှာပါ။ အရှေ့ဒေသကလည်း အဆင်ပြေမှာပါ။ ကြမ်းကြုတ်နဂါးဘုရင် ရှိနေရင် မင်းတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မင်းတို့ ဒီမှာ အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါတယ်”

ထို့နောက် ကျန်းရီသည် အလင်းတန်း တစ်တန်းအလား အရှေ့ဘက် ကောင်းကင်ဆီ ပျံသန်းပျောက်ကွယ်သွားသည်။ လီရှန်းအာသည် ကျန်းရီ ထွက်သွားသည်ကို ကြည့်ရင်း အမျိုးမျိုးတွေးကာ စိုးရိမ်ပူပန်လာ၏။ နောက်ဆုံးတွင် ရွေးချယ်စရာ မရှိတော့သဖြင့် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကို ဆက်သွယ်ကာ ချက်ချင်း ပြန်လာခိုင်းလိုက်ရလေသည်။

ကျန်းရီက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်၊ အုပ်ချုပ်သူအဆင့် သိုင်းသမား ဒါဇင်ကျော်နှင့် တပ်သားသုံးသန်း ထားပေးခဲ့၏။ သူတို့အားလုံးက ဝိညာဉ်ကျွန်များ ဖြစ်ကြရာ ကျန်းရီ၏ အမိန့်များအား မနာခံမည်ကို စိုးရိမ်စရာ မရှိပေ။ ထို့ကြောင့် ကျန်းရီက ကော့ချန်ဘုရင်၊ ဖုန့်နီတို့နှင့်အတူ ထွက်သွားပြီဖြစ်သော်လည်း နဂါးတောင်ကြားထဲတွင် သိပ်၍ ရုတ်ရုတ်သဲသဲ ဖြစ်မသွားပါ။

ကျန်းရီက လူသားဆိုသည်ကို သိကြောင်း ဖုန့်နီ မပြောရသေးခင်တွင် သူမက အပြင်ထွက်သွားခဲ့ရ၍ မည်သည့်ကိစ္စဖြစ်ပျက်ခဲ့ကြောင်းကို လီရှန်းအာ မသိပေ။ မည်သို့ပင်ဖြစ်စေ ဖုန့်နီနှင့် ပြောခဲ့သော စကားများကြောင့် ကျန်းရီ ထွက်သွားခြင်းဖြစ်ကြောင်းမှာတော့ သေချာပေသည်။

အရှေ့ဘက်တွင် ကျတ်တီးမြေသာ ရှိသည်။ လက်ရှိတွင် ကျတ်တီးမြေထဲ၌ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများ ရှိနေသည်။ ကျန်းရီက ရုတ်တရက် ထိုဘက်သို့ ထွက်သွားခဲ့သည်။ ကျတ်တီးမြေတွင် ကိစ္စတစ်ခုခု ဖြစ်နေ၍လော။ ဖုန့်နီက အဆင့်နိမ့်မိစ္ဆာများကို တိုက်ခိုက်ရန် စစ်တပ်တစ်ခု ပြင်ဆင်ထားခဲ့၍လော။

လီရှန်းအာ ကောက်ချက်မချနိုင်ပေ။ သူမ ခန်းမထဲတွင် ထိုင်၍သာ ကြမ်းကြုတ်နဂါးဘုရင်တို့ ပြန်ရောက်လာမည်ကို စောင့်နေရသည်။ အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ နေ့ဝက်ကြာပြီးနောက် မည်သည့်ကိစ္စဖြစ်ခဲ့ခြင်းဖြစ်ကြောင်း လီရှန်းအား သဘောပေါက်သွားသည်။

ဝှစ်...

နဂါးတောင်ကြားအထက်မှ အာကာပြင်က ရုတ်တရက် အတန်ငယ် တုန်ယင်သွား၏။ ထို့နောက် ကောင်းကင်ထဲတွင် ဝေဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကလည်း နဂါးတောင်ကြားတစ်ခုလုံးကို လွှမ်းခြုံဖိနှိပ်လိုက်သည်။

ကျန်းရီချန်ခဲ့သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက် လန့်သွားကြ၏။ သူတို့ ချက်ချင်း အပြင်သို့ ပျံထွက်လိုက်ကြသည်။ သို့သော် ကောင်းကင်ထဲရှိ ပုံရိပ်ကို မြင်သောအခါ သူတို့ ကြောက်ရွံ့သွားကြပြီး မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်လိုက်ကြလေသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်ပင် ဒူးထောက်လိုက်သောအခါ အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် တပ်သားသုံးသန်းစလုံး ဒူးထောက်လိုက်ကြသည်။ ထို့နောက် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်က အော်ပြောလိုက်ကြ၏။

“ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

“ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

တပ်သားသုံးသန်းသည်လည်း ကြောက်ကြောက်ရွံ့ရွံ့နှင့် လိုက်အော်လိုက်ကြ၏။ သူတို့သည် ကောင်းကင်ထဲရှိ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပါ။ သို့သော် စွမ်းအားကြီး သိုင်းသမား တစ်ယောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါကိုတော့ သူတို့အားလုံး ခံစားနေကြရသည်။ ထိုကဲ့သို့ စွမ်းအားကြီး အရှိန်အဝါမှာ မိစ္ဆာအရှင်သုံးပါးထဲမှ တစ်ပါးပါး၏ အရှိန်အဝါသာ ဖြစ်နိုင်ပေသည်။

ဝေဝါးဝါးပုံရိပ်က မည်သို့မှ မပြောပေ။ ထိုအစား သူ့ကိုယ်မှနေ၍ လေပြေတစ်ချက် တိုက်ခတ်လာသည်။ ထိုလေပြေသည် နဂါး‌တောင်ကြား တစ်ခုလုံးကို လှည့်ပတ်တိုက်ခတ်လိုက်ပြီး လီရှန်းအာ၏ ခန္ဓာကိုယ်ကိုလည်း ဖြတ်သန်းတိုက်ခတ်သွား၏။ ထိုအခိုက်တွင် လီရှန်းအာသည် သူမထံတွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့သလို ခံစားလိုက်ရသည်။ သူမ၏စိတ်ဝိညာဉ်ထဲရှိ အရာအားလုံးကို ထိုဧကရာဇ်က သိသွားသကဲ့သို့ပင်။

“ထွက်ပြေးသွားတာလား.. ဟွန်း...”

ဝေဝါးဝါးပုံရိပ်က အေးစက်စက် ပြောလိုက်၏။ ထို့နောက် ပုံရိပ်သည် သက်တံတစ်ခုအလား ပျံသန်းသွားကာ အသက်တစ်ရှူစာအတွင်းမှာပင် အရှေ့မိုးကုန်စက်ဝိုင်းဆီတွင် ပျောက်ကွယ်သွားလေသည်။

All Chapters