← Chapters

ဘယ်သူက လူမှားရွေးသလဲ

Vol. 006 Ch. 525

ဘယ်သူက လူမှားရွေးသလဲ

Vol. 006 Ch. 525

မျက်လုံး တစ်မှိတ်အတွင်း တစ်လခန့် ကုန်ဆုံးသွားသည်။ တစ်လအတွင်း အာရုဏ်လမ်းတွင် ကိစ္စအများအပြား ဖြစ်ပျက်ခဲ့သည်။ ထိပ်သီး အင်အားစုများ အားလုံးက မြို့တစ်မြို့စီ အပိုင်သိမ်းခဲ့ကြသည်။ အဆိပ်မီးတောက်မြို့မှ ဧရာမရှေးဟောင်း နယ်မြေကြီးအား ရီဖူရှင်းက ဖွင့်လှစ်ခဲ့ရာ မြို့အား ရီဖူရှင်း အပိုင်ရသည်။

တခြား ထိပ်သီး အဖွဲ့အစည်းများက ရီဖူရှင်း၏နည်းကို ပုံတူယူကာ သူတို့၏မြို့ထဲမှ လူများအား တံဆိပ်ပြားများကို ပေးအပ်စေသည်။ ရီဖူရှင်းက ရှေ့မှ နမူနာပြထားခဲ့ရာ လူအများအပြားက ကြိုးစား ကြည့်လိုကြသည်။ ထို့ကြောင့် သူတို့က တံဆိပ်ပြားများကို ပေးအပ်ကာ ထိပ်သီး အင်အားစုများသို့ ပူးပေါင်းသည်။

မြို့များ၏ အပြင်ဘက် တောထဲတွင် ရှောင်ကျွမ်ရီက လူအများအပြားကို သတ်ကာ သူတို့၏တော်ဝင် တံဆိပ်ပြားများကို လုယက်နေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ရှီတန်ခိုးရှင် တူရန်ထျန်း၏ တပည့်များနှင့် ပြဿနာ တက်ခဲ့သည်။ ရှောင်ကျွမ်ရီက မှော်နက် စစ်တပ်ကြီးကို အုပ်ချုပ် တိုက်ခိုက်သော အချိန်တွင် ကုဖေးရန်ကလည်း သူ၏စုဆောင်းသော လူများဖြင့် ပြန်လည်ခုခံသည်။ တန်ခိုးရှင်များက အဆက်မပြတ် သေဆုံးနေကြကာ လူသေများမှ ဖြစ်လာသော မှော်နက်များက ပိုမို များပြားလာပြီး ရှောင်ကျွမ်ရီ၏ စစ်တပ်ကလည်း ပိုမို အားကောင်း လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လူအများအား ဆွဲဆောင်ရမည့်အစား ထိပ်သီး အင်အားစုများက နန်ဟောင်၏ နည်းလမ်းအတိုင်း အတင်းပေးအပ် စေသည် များလည်း ရှိသည်။ နန်ဟောင်မူကား သူ၏တစ်မြို့လုံးကို လုံးဝ အပြည့်အဝ အစိုးရထားသည်ဟု ပြော၍ ရသည်။ သူ စတည်းချသော ကျန်ရှောင်မြို့က လူတစ်သောင်း မပြည့်သော်လည်း လူတိုင်းက သူ၏အမိန့်ကို နာခံရသည်။ တစ်မြို့လုံးက သူ၏စစ်တပ်ဖြစ်ကာ မိုကျွမ်က ဗိုလ်ချုပ် ဖြစ်သည်။

တော်ဝင်လမ်း စမ်းသပ်မှု မပြီးဆုံးမီတွင်ပင် နန်ဟောင်က လုံလောက်သော တံဆိပ်ပြားများကို စုဆောင်း နိုင်မည်ဟု လူအများအပြားက ခန့်မှန်းကြသည်။ မသေချာသည်ကား သူ၏ နောက်လိုက်များက မည်မျှ အကျိုးအမြတ် ရရှိမည် ဟူသည်ကိုပင်။ ထို့အပြင် နန်ဟောင်က တခြား မြို့များကိုလည်း တိုက်ခိုက်မည်ဟု လူအများက ကောက်ချက် ချကြသည်။

လက်ရှိ ကျန်ရှောင်မြို့ရှိ ဘုရားကျောင်း တစ်ကျောင်းထဲတွင် နန်ဟောင်က မြင့်မားသော နေရာတစ်ခု၌ ဟန်ကျပန်ကျ ထိုင်နေပြီး သူ့အနီးတွင်လည်း လူအများအပြားက အစီရင်ခံ နေကြသည်။

“မြို့တွေ အကုန်လုံးက တော်ဝင် တံဆိပ်ပြားကို စုဆောင်း နေကြတယ်… အခု ရှောင်ကျွမ်ရီက တံဆိပ်ပြား အများဆုံး ရထားတဲ့လူ ဖြစ်လိမ့်မယ်… သူ့နည်းလမ်းက အရက်စက်ဆုံးပဲ … သူက အခု ကုဖေးရန်နဲ့ စစ်ဖြစ်နေတယ်… တကယ်လို့ တစ်ဖက်က စစ်နိုင်သွားတာနဲ့ သူက ဧရာမ ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်ဖို့ လုံလောက်တဲ့ တံဆိပ်ပြားတွေကို ရသွားမှာပဲ…” တစ်ယောက်က ပြောသည်။ ရှောင်ကျွမ်ရီနှင့် ကုဖေးရန်တို့ နှစ်ဦးလုံးတွင် များပြားသော တံဆိပ်ပြားများ ရှိနေမည်မှာ သေချာသည်။

“အဆိပ်မီးတောက် မြို့ထဲမှာ ရီဖူရှင်းက ရှေးဟောင်း နယ်မြေထဲ လေ့ကျင့်နေတုန်းပဲ… သူက တခြား လူတွေကိုလည်း နားလည်အောင် ကူညီပေးလို့ လူတွေက တဖြည်းဖြည်း အဆင့်တက် နေကြတယ်… တချို့က ကျင့်ကြံပြီးလို့ အဲဒီနေရာက ထွက်သွားနေကြပြီ…”

နန်ဟောင်၏အမူအရာက တင်းမာသွားသည်။ ရီဖူရှင်း၏အလိမ်ကို ခံရကာ ဧရာမ ရှေးဟောင်း နယ်မြေအား ဖွင့်ခွင့် ပေးလိုက်ရခြင်းက သူ့အတွက် အမှန်ပင် အရှက်ရစရာ ကောင်းလွန်းလှသည်။

“ရီဖူရှင်းက ရှေးဟောင်း နယ်မြေထဲက ထွက်မှာ မဟုတ်လောက်ဘူး…” နောက်တစ်ယောက်က ပြောသည်။ ရီဖူရှင်းက ထိပ်သီး အဖွဲ့အစည်းများကို အပြစ်လုပ်ထားရာ သူက အပြင်ကို ထွက်မည် မဟုတ်သည်က သေချာသည်။

“သခင်လေးနင်… ကျုပ်မှာ အကြံတစ်ခု ရှိတယ်…” ထိုစဉ်မှာပင် လူတစ်ယောက်က လူအုပ်ထဲမှ ထွက်လာကာ ပြောသည်။ သူကား သူရိယနေမင်းကျောင်းမှ ချန်းဝမ်ဖြစ်သည်။ သူက ရှေးဟောင်း နယ်မြေမှ အဖြစ်အပျက်များ အားလုံးကို မြင်ခဲ့သည်။

“ပြောပါ…” နန်ဟောင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။

“ကျုပ် သိသလောက်ကတော့ ရီဖူရှင်းက မိုးမြေကောင်းကင်မြို့က ဖြစ်ပြီး သူ့မှာ မိတ်ဆွေတွေ အများကြီး ရှိတယ်… သခင်လေးနင်က သူ့မိတ်ဆွေတွေကို ဖမ်းချုပ်လိုက်တာနဲ့ သူက ကျန်းရှောင်မြို့ကို အလိုလျောက်လာပြီး ဒူးထောက်လိမ့်မယ်…” ချန်းဝမ်က ပြောသည်။

နန်ဟောင် မျက်မှောင်ကြုတ် လိုက်သည်။ သည်နည်းကား အမှန်ပင် အောက်တန်းကျသည်။ သူ၏ အဆင့်အတန်းဖြင့် ရီဖူရှင်းကို သတ်မည် ဆိုပါကလည်း ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ကာ သတ်ဖြတ်မည် ဖြစ်သည်။

နန်ဟောင်၏ အမူအရာကို ချန်းဝမ်က မြင်ကာ နန်ဟောင်က အလွန် မာနကြီးပြီး ဤသို့သော နည်းလမ်းများကို လက်ခံမည် မဟုတ်သည်ကို ရိပ်စားမိသည်။ သူက ဆက်ပြောသည်… “သခင်လေးနန်က ပါရမီရှင်ဖြစ်ပြီး ဒီလို နည်းလမ်းကို သုံးမှာ မဟုတ်ဘူး… ဒါပေမဲ့ သူ့လို လိမ်လည် လှည့်ဖြားတတ်တဲ့လူနဲ့ ရင်ဆိုင်ဖို့ဆိုရင် ကျုပ်တို့က အမြဲတမ်း ဖြောင့်မတ်နေလို့ မရဘူး… သခင်လေးနင်က ဒီကိစ္စမှာ တိုက်ရိုက် ပါဝင်ပတ်သက်စရာ မလိုပါဘူး… အမိန့်သာ ပေးလိုက်ပါ… ကျုပ်တို့က ဒီကိစ္စကို အကောင်အထည် ဖော်ပြီး ရီဖူရှင်းရဲ့ ခေါင်းကို သခင်လေးနင်ဆီကို လာပို့မှာပါ…”

ဘေးမှ လီစွမ်းကလည်း ချန်းဝမ်ကို ကြည့်သည်။ သူသည်လည်း ရီဖူရှင်းအား သေစေလိုပုံရသည်။ သို့သော် သူက ထိုလူကို မသိပေ။

သူက ရီဖူရှင်းနှင့် ရန်စရှိသည်ကို သတိရမိကာ သူသာ ရီဖူရှင်းကို မသတ်ပါက နောင်တွင် ရီဖူရှင်းက သူ့ကို သတ်မည်မှာ သေချာနေသည်။ လီစွမ်းကလည်း ရှေ့ကို တက်လာကာ ပြောသည်… “သခင်လေးနင်… သူပြောတာ ဟုတ်တယ်… ရီဖူရှင်းလို လူလိမ်လူကောက်က သခင်လေးနင်ကို လိမ်ညာ လှည့်စားရဲတယ်… အခု ရီဖူရှင်းက ဧရာမ ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်ခဲ့တယ်… လူတွေက သူ့ကို အရမ်း ချီးကျူးနေကြ ပြီးတော့ ရီဖူရှင်းရဲ့ တန်ခိုးအဆင့်က မကြာခင် နိုဘယ်အဆင့်ကို ရောက်လာတော့မယ်လို့ ပြောနေကြတယ်… သူက နိုဘယ်အဆင့် ရောက်ရင်လည်း တခြား ပါရမီရှင်တွေကို ဂရုမစိုက်တော့ဘူးလို့ မှတ်ချက်တွေ ချနေကြတယ်…”

နန်ဟောင်က မျက်ခုံးကို ပင့်လိုက်သည်။ သူ၏မျက်လုံးတွင် အရောင်တချို့ လက်သွားသည်။

“မှန်တယ်… ရီဖူရှင်းနောက်ကို လိုက်နေတဲ့လူတွေက ရီဖူရှင်းရဲ့ ပါရမီက တော်ဝင်လမ်းမှာ ပြိုင်ဘက် ကင်းတယ်လို့ တမင် ပြောနေကြသလိုပဲ…” ချန်းဝမ်ကလည်း ဝင်ပြောသည်။ နန်ဟောင်က မာနကြီးမှတော့ ဤသို့သော စကားများကို ကြားကာ ပျော်ရွှင်မည် မဟုတ်သည်မှာ သေချာသည်။ သူသာလျှင် တော်ဝင်လမ်းတွင် ပြိုင်ဘက်ကင်းသည်ဟု ယူဆမည်မှာ သေချာသည်။ ယခု အကာနာတန်ခိုးရှင် တစ်ယောက်က သူ့အား လိမ်လည် လှည့်စားခဲ့ရာ သူ့အား အလွန် အရှက်ရစေခဲ့သည်။

“အဆိပ်မီးတောက်မြို့မှာ တော်ဝင် တံဆိပ်ပြားတွေ အများကြီးရှိမှာ သေချာတယ်… ကျုပ်တို့ ကျန်းရှောင်မြို့မှာ တော်ဝင် တံဆိပ်ပြားက ထပ်ရဖို့ မရှိတော့ဘူး… ဒါကြောင့် ကျုပ်တို့က တခြားလူတွေဆီက လုဖို့လိုတယ်… အဆိပ်မီးတောက်မြို့က လူတွေကို တော်ဝင်လမ်းမှာ ဘယ်သူက တကယ့်ဘုရင်လဲ ဆိုတာကို သိအောင် ပြရမယ်…” လီစွမ်းက ဆက်လက်၍ အကြံပေးသည်။

နန်ဟောင်၏ အကြည့်က လီစွမ်းနှင့် ချန်းဝမ်တို့ထံကို ရောက်လာသည်။ သည်လူနှစ်ယောက်က ရီဖူရှင်းကို သတ်လိုသည်ကို သူရိပ်မိသည်။ သူက ထိုလူနှစ်ယောက်အား လှောင်ပြုံး ပြုံးကာ ကြည့်သည်။ သူတို့က သူ့အား အောက်တန်းကျသော အလုပ်ကို သူတို့အတွက် လုပ်ပေးစေလိုဟန် ရသည်။

လီစွမ်းနှင့် ချန်းဝမ်တို့က နန်ဟောင်၏ အမူအရာကို မြင်ကာ ခေါင်းငုံ့လိုက်ကြသည်။

“မိုကျွမ်… မင်းက ဒီကိစ္စကို တာဝန်ယူလိုက်…” နန်ဟောင်က ထူးမခြားနားစွာ ပြောသည်။ လီစွမ်းနှင့် ချန်းဝမ်တို့ နှစ်ယောက်လုံးက ခေါင်းမော့ကာ နန်ဟောင်ကို ကြည့်ကြသည်။ သို့သော် နန်ဟောင်က သူတို့နှစ်ယောက်အား အေးစက်စွာ ပြောသည်… “မင်းတို့ နှစ်ယောက်က မိုကျွမ်ကို ကူညီပေးရမယ်… တကယ်လို့ ဒီတစ်ခေါက်မှာ ရီဖူရှင်း မသေဘူးဆိုရင် မင်းတို့နှစ်ယောက် သေရမယ်…”

ထိုသို့ ပြောပြီးနောက် နန်ဟောင်က ထရပ်ကာ အဝေးကို ထွက်သွားသည်။ သူက ဤသို့လုပ်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်က ရီဖူရှင်းကလည်း သေသင့်သည်ဟု သူ ယူဆ၍ ဖြစ်သည်။

သူတို့နှစ်ယောက်က သူ့အား မကောင်းသော အလုပ်ကို လုပ်စေလိုကြသည်။

ပြဿနာ မရှိပေ။ အကယ်၍ သူတို့နှစ်ယောက်က မအောင်မြင်ပါက သူတို့၏အသက်ဖြင့် ပေးဆပ်ရမည်။

လီစွမ်းနှင့် ချန်းဝမ်တို့က ကျောများပင် စိမ့်သွားအောင် တုန်လှုပ်ကြရသည်။ အကယ်၍ ရီဖူရှင်း မသေလျှင် သူတို့ သေရမည်။

ဘယ်လောက် ရက်စက်လိုက်သလဲ။

သူတို့နှစ်ယောက်က ပိုမို၍ ဆုံးဖြတ်ချက် ခိုင်မာသည့်ဟန်ဖြင့် လက်သီးကို တင်းတင်း ဆုပ်ကြသည်။ သူတို့က ရီဖူရှင်းက မည်သည့် နည်းဖြင့်မဆို သတ်ကြရမည်။

လီစွမ်းကလည်း ထွက်သွားကာ သူ၏မြို့ရိုးဖြူမြို့မှ အုပ်စုထံသို့ ပြန်ရောက် သွားသည်။ လီချန်းရီက သူ့အား​ အေးစက်စွာ ကြည့်နေသည်ကို မြင်သည်။ သူမက ပြောသည်… “ရှင်က ဘယ်လိုလုပ် ဒီလောက် ယုတ်မာရတာလဲ…”

ယခုမှ​ သူမအစ်ကို၏ တကယ့် ကောက်ကျစ် ယုတ်မာသော စိတ်နေ သဘောထားကို မြင်ရသည်။

လီစွမ်းက လီချန်းရီကို ကြည့်ကာ အေးစက်စက် တစ်ချက် ရယ်သည်။

“မင်းနဲ့ ရီဖူရှင်းရဲ့ ဆက်ဆံရေးက တော်တော် ကောင်းပုံရတယ်… သူက မင်းအတွက် ဂရုစိုက်မလား ငါ သိချင်တယ်…” လီစွမ်းက နှာခေါင်းရှုံ့လျက် ပြောသည်။

လီချန်းရီ တုန်လှုပ်သွားသည်။ ပထမ တစ်ခေါက်ကလည်း လီစွမ်းက သူမကို အသုံးချကာ ရီဖူရှင်းအား လုပ်ကြံပြီး ဖြစ်သည်။ ယခု နောက်တစ်ခေါက် အသုံးချ ပြန်တော့မည်လော။

***

ကျင်းရှောင်မြို့မှ ဆွေးနွေးမှုများကို ရီဖူရှင်းက သိသည် မဟုတ်ပေ။ သို့သော် တော်ဝင်လမ်းမှ လူအများအပြားက သူ့အား သတ်လိုသည်ကို သူသိသည်။ ထို့ကြောင့် သူက ရှေးဟောင်း နယ်မြေမှ အလျင်စလို ထွက်ခွာခြင်း မရှိပေ။ အမှန်က ထိုလူများကို ရှောင်ဖယ် လိုခြင်းကြောင့် အပြင်ကို မထွက်ခြင်း မဟုတ်ဘဲ သူ၏ကျင့်ကြံမှုတွင် ပိုမို အာရုံစိုက် လိုသောကြောင့် ဖြစ်သည်။

သည်အချိန် အတောအတွင်း၌ သူ၏မှော်ပညာနှင့် သိုင်းပညာ နှစ်ခုလုံးက အကာနာ အဆင့်ရှစ်၏ အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ ထို့အပြင် သူက ကိုယ်ပိုင် နိုဘယ်အသိကို မွေးဖွားနိုင်ခဲ့ပြီး ဖြစ်ရာ သူ၏နိုဘယ်အဆင့်နှင့် သိပ်မဝေးတော့ဟု ပြော၍ ရသည်။

ထို့နောက် သူက ယူချင်းနှင့် ရီဝူချင်းတို့အပြင် တခြားလူများကိုလည်း ရှေးဟောင်း နယ်မြေမှ မီးဓာတ်ကို အသုံးပြု၍ သူတို့၏ ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်စေခဲ့သည်။ သူ့ကဲ့သို့ပင် ယူချင်းကလည်း အကာနာ အဆင့်ရှစ်ကို တက်ရောက်နိုင်ခဲ့ပြီး ရီဝူချင်းမူကား အကာနာ အဆင့်ကိုးသို့ တက်ရောက်ခဲ့သည်။ သို့သော်လည်း သူတို့က ကိုယ်ပိုင်နိုဘယ်အသိ မမွေးဖွားသေးရာ ရီဖူရှင်းက သူတို့အား စမ်းကြည့်ရန် အကြံပေးထားသည်။

ရီဖူရှင်းက ချင်ရန်တို့ အုပ်စုကိုလည်း အထူး အလေးထားကာ သူတို့၏ တန်ခိုးကျင့်ခြင်းများတွင် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူတို့အုပ်စု၏တိုးတက်မှုမှာလည်း မြန်ဆန်ခဲ့သည်။

“ရှေးဟောင်းနယ်မြေက ကျွန်မအတွက် သိပ်ပြီး သက်ရောက်မှု မရှိတော့ဘူး… ကျွန်မ အပြင်ထွက်ပြီး လေ့ကျင့်ချင်တယ်… ရှင်တို့ကရော…” ချင်ရန်က စီဝူကျိ၊ ရွယ်ယွန်ပိုကျင်နှင့် ကျန်သော လူများကို မေးသည်။

“သဘောတူတယ်… ရီဖူရှင်းက ကျုပ်တို့ကို ကူညီပေးလို့ ကျုပ်က အရင်ထက်ပိုပြီး နားလည် လာတာတွေ ရှိတယ်… ကျုပ်က အဆင့်တက်တော့မယ် လို့တောင် ခံစားနေရတယ်... အခုနေ တိုက်ပွဲတစ်ခု နှစ်ခုလောက် တိုက်ခိုက်ရရင် ကောင်းမယ်…” ရွယ်ယွန်ပိုကျင်က ပြောသည်။

သူတို့ကိုယ်စီက ဉာဏ်အလင်းများ ရထားကြသော်လည်း သူတို့၏တိုးတက်မှုက ရီဖူရှင်းလောက် မများပေ။ မည်သို့ဆိုစေ ရီဖူရှင်းက ရှေးဟောင်းနယ်မြေ တစ်ခုလုံးကို ဆက်ခံရရှိခဲ့ကာ သူ၏တန်ခိုး အဆင့်ကလည်း ချင်ရန်တို့ထက် များစွာ နိမ့်ပေသည်။ ထို့အပြင် သူက မီးဓာတ်တွင် အားကောင်းကာ ရှေးဟောင်းနယ်မြေ၏ သဘာဝနှင့် အလွန် လိုက်ဖက်ပေသည်။

“သွားစို့…” သူတို့က ရီဖူရှင်း တန်ခိုး ကျင့်နေသည်ကို ကြည့်ကာ သူ့အား မနှောင့်ယှက်လို ကြတော့ပေ။ သူတို့က လို့လန်ရွှီကို ခေါင်းညိတ် ပြသည်တွင် လို့လန်ရွှီက သူတို့၏ တံဆိပ်ပြားများကို ပြန်ထုတ်ပေးသည်။ ယခု သူတို့၏လက်ထဲမှ တော်ဝင် တံဆိပ်ပြားများကား အရောင်မှိန် သွားပြီဖြစ်ကာ ယခင်ကလို ရှေးဟောင်း နယ်မြေများကို ဖွင့်လှစ်နိုင်သော စွမ်းအား မရှိတော့ပေ။ သို့တိုင်အောင် တော်ဝင်လမ်းမှ တော်ဝင်ကျဲ နန်းတော်ကို ဝင်ရန်မူကား သည်တံဆိပ်ပြားများကို လိုအပ်နေဆဲ ဖြစ်သည်။

ရှေးဟောင်းနယ်မှ ထွက်ခွာ လာပြီးနောက် အဆိပ်မီးတော်မြို့က ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မြင်ရသည်။ နေရာတိုင်းတွင် တော်ဝင် တံဆိပ်ပြားများ အတွက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

“ဘာဖြစ်တာလဲ…” ချင်ရန်က အနီးမှ​ လူတစ်ယောက်ကို မေးသည်။

“အဆိပ်မီးတောက် မြို့ထဲမှာ လတ်တလောကမှ လူတစ်စု ပေါ်လာပြီး လူတွေရဲ့ တံဆိပ်ပြားတွေကို လိုက်လုနေတယ်… ဒါကြောင့် တံဆိပ်ပြား ဆုံးရှုံးသွားတဲ့ လူတွေက တခြားလူတွေဆီက ပြန်ပြီး လုယူနေကြတာပဲ…” ထိုလူငယ်က ပြောသည်။ သို့သော် သူက ချင်ရန်တို့ အုပ်စုနှင့် အနည်းငယ် ဝေးဝေးနေကာ သတိထားနေဟန် ရသည်။

ချင်ရန်၏အမူအရာ ပြောင်းလဲသွားသည်။ တော်ဝင်လမ်း စမ်းသပ်မှုက ပိုမို၍ ပြင်းထန် လာနေသည်။

ထိုအခိုက်တွင် တန်ခိုးရှင် တစ်စုက ချင်ရန်တို့ အုပ်စုရှေ့ကို ရောက်လာကာ ဝိုင်းလိုက်သည်။ ချင်ရန်က မျက်မှောင်ကြုတ်ကာ မေးသည်… “ကျွန်မတို့ရဲ့ တော်ဝင် တံဆိပ်ပြားတွေက အသုံးမဝင်တော့ဘူး…”

“ကျုပ်တို့ သိတယ်…” ရှေ့ဆုံးမှ လူတစ်ယောက်က ပြောသည်။ သူက လက်ဝှေ့ယမ်းသည်တွင် တိုက်ပွဲက စတင်ဖြစ်ပေါ်သည်။ ချင်ရန်တို့ အုပ်စုကလည်း စဉ်းစားရန် အချိန်မရှိတော့ဘဲ ပြန်လည် ခုခံရတော့သည်။

အဝေးတွင် လူတချို့က ထိုအဖြစ်အပျက်ကို မြင်သည်။ သူတို့က ရှေးဟောင်း နယ်မြေတွင် ချင်ရန်တို့နှင့်အတူ လေ့ကျင့်ခဲ့သူများ ဖြစ်ကြကာ သူမတို့အား လာရောက် ကူညီ တိုက်ခိုက်ကြသည်။ သို့သော် တစ်ဖက်အဖွဲ့ကား ပိုမို၍ လူအင်အား များလာသည်။ ထို့နောက် လီစွမ်းက ထောင့်တစ်နေရာမှ ထွက်လာသောအခါမှ ချင်ရန်က နားလည်လိုက်ကာ အေးစက်စွာ ပြောသည်… “ရှင်တို့အားလုံးက နန်ဟောင်ရဲ့ လူတွေလား…”

“လီစွမ်း… မင်းမှာ သိက္ခာ မရှိတော့ဘူးလား…” ရွယ်ယွန်ပိုကျင်က ပြောသည်။

“မင်းတို့က ရီဖူရှင်းနောက်ကို လိုက်တယ်… ငါက သခင်လေးနန် နောက်ကို လိုက်တယ်… အခု ငါတို့က ဆန့်ကျင်ဘက်ပဲ… ရီဖူရှင်းက မင်းတို့ကို ကယ်မလား ဆိုတာကိုပဲ ငါသိချင်တယ်…” လီစွမ်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “သူတို့အုပ်စုကိုပဲ ဖမ်းပြီး ကျန်တဲ့လူတွေကို အကုန်သတ်…”

ချင်ရန်တို့အားလုံး ဒေါသ ပေါက်ကွဲကြသည်… “လီစွမ်း… သူတို့ဆီက တော်ဝင် တံဆိပ်ပြားတွေက အသုံးမဝင်တော့ဘူး… ဘာလို့ သူတို့ကို သတ်ရမှာလဲ…”

“သူတို့က လူမှားရွေးတာကိုပဲ အပြစ်တင်ရမယ်…” လီစွမ်းက အေးစက်စွာ ပြောသည်။ သူက ရီဖူရှင်း ဒေါသထွက်သည်ကို မြင်လိုသည်။ ရီဖူရှင်းက ဒေါသ ထွက်လာသော အခါမှ ရှေးဟောင်း နယ်မြေအပြင်ကို ထွက်လာမည် ဖြစ်သည်။

ယခု သူ၏ အသက် ရှင်သန်ခြင်းက ရီဖူရှင်းနှင့် ဆက်စပ်နေသည်။ ရီဖူရှင်းသာ အပြင်ကို ထွက်မလာ၍ သူ့ကို သတ်မရလျှင် နန်ဟောင်က သူ့ကို သတ်မည် ဖြစ်သည်။ သူ အသက်ရှင်ရန် အတွက် လူသတ်ရမည်။

သူက ချင်ရန်ကို အေးစက်စွာ ကြည့်သည်။ ဘယ်သူက လူမှားရွေးသလဲ သူသိလိုသည်။

***

All Chapters