အဆုံးမဲ့မင်းသားနှင့် တိုက်ခိုက်ခြင်း
Vol. 83 Ch. 1146
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ အဆုံးမဲ့မင်းသားအား စိုက်ကြည့်နေလိုက်၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုအကြောင်း ကောင်းကောင်းနားလည်ထားပြီး ဖြစ်သည်။ ထို မျိုးနွယ်စုထဲမှ တော်ဝင်မိသားစုဆိုသည်မှာ နတ်ဧကရာဇ်များ၏ မျိုးဆက်များဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စုထဲ၌ နတ်ဧကရာဇ်မည်မျှရှိမှန်း အတိအကျ မသိပါသော်လည်း ဤ အဆုံးမဲ့မင်းသားမှာ ကိုယ်ရံတော်အမြောက်အမြားနှင့် ရောက်ရှိလာသည်ဖြစ်ရာ ထိုမျိုးဆက်များထဲ၌ အဆင့်အမြင့်ဆုံး မဟုတ်လျှင်တောင် အဆင့်နိမ့်ကျနေမည်တော့မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။
" သူက လခြမ်းဧကရာဇ်ကြီးရဲ့ မျိုးဆက်ထဲက ဖြစ်နိုင်သလို နတ်ဧကရာဇ်ရွှမ်ဟွားရဲ့ မျိုးဆက်ထဲကလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒီနေရာကိုရောက်မလာကြတဲ့ တခြား နတ်ဧကရာဇ်တစ်ပါးရဲ့ မျိုးဆက်ထဲကလည်း ဖြစ်နေနိုင်တယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ရေရွတ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူသည် အဆုံးမဲ့မင်းသားကြောင့် အနည်းငယ် ကြောက်ရွံ့နေရ၏။
အကယ်၍ သူသာ ဤ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်ရောက်ကာ ဤနေရာရှိ အခွင့်အရေးများအား မသိမ်းပိုက်နိုင်ခဲ့ပါက ထို အဆုံးမဲ့မင်းသားကို ယှဉ်နိုင်လောက်မည်မဟုတ်ပေ။
သူသည် မြေကြီး ထာဝရကြယ်ထက် အများကြီးပို၍ အစွမ်းထက်သော မိုးကောင်းကင် ထာဝရကြယ်တစ်လုံးကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော ၎င်းမှာ သူ၏ တာအို ထာဝရကြယ်လောက် အစွမ်းမထက်ပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့်သာဆိုပါက လိုအပ်သည့် ရင်းမြစ်ပစ္စည်းများနှင့် အထောက်အပံ့များ သေချာပေါက် ရရှိနိုင်မည်သာဖြစ်သည်။ သို့ဖြစ်ရာ သူသည် ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းနိုင်ရန်ပင် သိပ်မလိုတော့ပေ။
ထိုကဲ့သို့သော ကျင့်ကြံသူမျိုးအား သတ်ဖြတ်နိုင်ရန်မှာ ခဲယဉ်းနေလိမ့်မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထားသည်။ သူ့ဆီတွင် အသက်ကယ် ပညာရပ်ပေါင်းများစွာ ရှိနေနိုင်ပေသည်။
" သူ ဒီနေရာကိုရောက်လာတာ ကြယ်နယ်မြေအဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ အခွင့်အရေးတွေ လာရှာတာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလိုပြုံးကာ မျက်ဝန်းများထဲ၌ အလင်းရောင်များ တောက်ပသွားသည်။
ထို အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်လိုစိတ်များအဖြစ် ပြောင်းလဲသွား၏။
" မင်းရဲ့ ရန်သူ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ ချက်ချင်း ပြေးထွက်လာ၏။ သူသည် မြန်ဆန်လွန်းနေသောကြောင့် အဆုံးမဲ့မင်းသားရှိရာ မီးဖိုကြီး၏ အနီးသို့ ချက်ချင်းရောက်ရှိလာသည်။
ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မင်းသား၏ ရန်သူအဖြစ်သို့ ရောက်သွားနိုင်သည်ကိစ္စနှင့် ပတ်သတ်၍ စိုးရိမ်နေစရာမလိုပေ။ သူသည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်သည့်အပြင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာလည်း နတ်ဧကရာဇ်တစ်ပါးနှင့် တိုက်ခိုက်နေသည်ဖြစ်ရာ သူသည်လည်း အဆုံးမဲ့မျိုးနွယ်စုအား တိုက်ခိုက်ရန် လိုအပ်နေမည်သာ ဖြစ်သည်။ သူ၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီးမှာလည်း အဆုံးမဲ့မျိုးနွယ်စု၏ ရန်သူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အစကတည်းက အဆုံးမဲ့မျိုးနွယ်စု၏ ရန်သူအဖြစ်သို့ ရောက်နေပြီးသားဖြစ်သည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေစရာမလိုတော့ပေ။ ထို့အပြင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ဗဟိုမီးဖိုထဲ၌ ရှိနေသေးသည်ဖြစ်ရာ သူသည် ကြောက်ရွံ့တုန်လှုပ်နေစရာ အကြောင်းမရှိပေ။ မကြာသေးမီတုန်းက ထွက်ပေါ်လာခဲ့သည့် ကလေးမလေးမနှင့် ပတ်သက်၍မူ... ဝမ်ပေါင်လဲ့မှာ သူ၏ ခန့်မှန်းချက်သည် မှားယွင်းနေမည်မဟုတ်ကြောင်း ခံစားနေရ၏။ သူမသည် အမှန်တကယ်ပင် အမှောင်ဂိုဏ်းမှ ဖြစ်ပေသည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီး မလှုပ်ရှားခဲ့ရသည့် အကြောင်းရင်းနှင့် ပတ်သတ်၍မူ ဝမ်ပေါင်လဲ့မှာ မစဉ်းစားလိုပေ။ အကယ်၍ သူ့ဘက်မှ လူမှား၍ ကယ်တင်မိလျှင်တောင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။
ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ လှစ်ခနဲလှုပ်ရှားလိုက်သဖြင့် ဟင်းလင်းပြင်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားရပြီး တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာတော့သည်။ သူသည် ပြန်လည်ပေါ်ပေါက်လာသည်နှင့် ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထိုးနှက်လိုက်တော့သည်။
ထိုအခါ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး အာကာသကောင်းကင်ကြီးတးစ်ခုလုံး တုန်ရီသွားသည့်အလားပင်။ အဆုံးမဲ့မင်းသား၏ ဘေးနားတစ်ဝိုက်တွင် ရှိနေကြသည့် ဓမ္မအစောင့်အရှောက်များ၏ အငွေ့အသက်များမှာလည်း ပေါက်ကွဲထွက်ပေါ်လာကြ၏။ သူတို့မှာ ရှေ့သို့ ပြေးထွက်လာကြပြီး ဝမ်ပေါင်လဲ့အား ချေမှုန်းနိုင်ရန် အတူတကွ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။
သူတို့မှာ ချက်ချင်းဆိုသလိုပင် ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြ၏။ ထိုအချိန်တွင် မီးဖိုအထက်တွင် ရှိနေသည့် အဆုံးမဲ့မင်းသားမှာ ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်အား မြှောက်လိုက်သည်။ ထိုအခါ သူ၏ လက်ထဲ၌ အနက်ရောင်မီးခိုးငွေ့များ ပေါ်ပေါက်လာ၏။ ထို့နောက် ထိုမီးခိုးငွေ့များမှာ အနက်ရောင် ဝါးတူငါးချောင်းအဖြစ် ပြောင်းလဲသွားသည်။
ထို ဝါးတူငါးချောင်း ပေါ်ပေါက်လာသည်နှင့် အဆုံးမဲ့မင်းသားမှာ ၎င်းတို့ထဲမှ တစ်ချောင်းအား ထက်ပိုင်းချိုးလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွား၏။ ထို့နောက် ဝါးတူ အချောင်းရေ တစ်သောင်းဝန်းကျင်ခန့် ပေါ်ပေါက်လာကာ လေထုထဲ၌ တရွှီးရွှီးမြည်အောင် ဖြတ်သန်းလာကြပြီး သူ့ဆီသို့ ဦးတည်လာကြတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ ထိုးနှက်လိုက်သဖြင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာသည်။
သို့သော် ထိုအချိန်တွင် အဆုံးမဲ့မင်းသားမှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။
" ချေမှုန်းပစ်စမ်း "
အဆုံးမဲ့မင်းသား ထိုသို့ဆိုလိုက်သည်နှင့် ဝါးတူ အချောင်းရေ တစ်သောင်းကျော်မှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်မလာခင်မှာပင် ပေါက်ကွဲသွားကာ လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား ချက်ချင်းလွှမ်းခြုံသွား၏။ တစ်ချိန်တည်းမှာပင် ဘေးပတ်ပတ်လည်လည်ရှိ ဓမ္မအစောင့်အရှောက်များ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာပြီ ဖြစ်သည်။
ခဏအကြာတွင် အုန်းခနဲအသံကျယ်ကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဓမ္မအစောင့်ရှောက်များ၏ ခန္ဓာကိုယ်များမှာ အပြင်းအထန် တုန်ရီသွားကြ၏။ ထို့နောက် သူတို့မှာ အားကောင်းသော စွမ်းအားတစ်မျိုး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး အရပ်မျက်နှာအနှံသို့ လွင့်ထွက်သွားကြသဖြင့် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ဝါးတူလေမုန်တိုင်းကြီးထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာမူ အခက်တွေ့နေရသည့်ပုံ ပေါ်ပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားများကို အသုံးပြု၍ အပြင်ဘက်သို့ ပြေးထွက်လာ၏။ သူသည် သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် အဆုံးမဲ့မင်းသားအား လှမ်းကြည့်နေသည်။ ထို့နောက် သူသည် ဓမ္မအစောင့်အရှောက်များအား လျစ်လျူရှုလိုက်ပြီးနောက် အဆုံးမဲ့မင်းသားအား သတ်ဖြတ်နိုင်ရန် ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
အဆုံးမဲ့မင်းသား၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲသွားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့၏ သူ၏အနီးသို့ ရောက်လာခါနီးတွင် သူသည် နောက်ထပ် ဝါးတူတစ်ချောင်းအား ထပ်၍ ထက်ပိုင်းချိုးလိုက်ပြန်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားရ၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် လေထုကြီးမှာလည်း တုန်ရီသွားပြီး ဝါးတူများ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ အခုအကြိမ်တွင်မူ ၎င်းတို့မှာ ပထမအကြိမ်တုန်းကထက်ပင် ပိုများနေ၏။ ၎င်းတို့၏ အရေအတွက်မှာ အနည်းဆုံး အချောင်းရေ ငါးသောင်းဝန်းကျင်ခန့် ရှိပေသည်။
ထို ဝါးတူများမှာ ပေါ်ပေါက်လာကြသည်နှင့် ပေါက်ကွဲသွားကြသဖြင့် ပို၍ပင်အားကောင်းသည့် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာ၏။ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ဓမ္မအစောင့်အရှောက်များမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်လိုက်ကြပြီး နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များ၊ ဓမ္မရတနာများနှင့် အခြား လက်နက်ပစ္စည်းမျိုးစုံကို အသုံးပြုလိုက်ကြသည်။
ခဏအကြာတွင် ထစ်ချုန်းသံများ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားပြီး ဓမ္မအစောင့်အရှောက်များ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြပြန်သည်။ သူတို့အားလုံး အဆုံးမဲ့မင်းသား၏ စွမ်းအားများကြောင့် အံသြတုန်လှုပ်နေရစဉ် ဝမ်ပေါင်လဲ့၏ အော်သံကြီးမှာ လေပြင်းမုန်တိုင်းထဲမှ ထွက်ပေါ်လာ၏။ တစ်အောင့်ခန့် အကြာတွင် ဓမ္မအစောင့်အရှောက်များ၏ ပါးစပ်များထဲမှ သွေးများစီးကျလာကြပြီး သူတို့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ နောက်သို့ လွင့်ထွက်သွားကြပြန်သည်။ ဝမ်ပေါင်လဲ့မှာမူ ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် တူနေ၏။ သူသည် ပထမအကြိမ်တုန်းကထပ်ပင် ပို၍ အခက်တွေ့နေသည့်ပုံ ပေါ်ပါသော်လည်း သူ၏ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ ပိုမိုအားကောင်းလာဆဲပင်။ ထို့နောက် သူသည် ရှေ့သို့ ဆက်၍ ပြေးထွက်လာ၏။
" အရူးကောင် "
အဆုံးမဲ့မင်းသားမှာမူ ထိုသို့ ရေရွတ်လိုက်ပြီး စိတ်သက်သာရာရသွားသဖြင့် ကျိတ်၍ သက်ပြင်းချလိုက်၏။ သူ၏ တွက်ချက်မှုများအရဆိုလျှင် ဝမ်ပေါင်လဲ့ကဲ့သို့သော ပါရမီရှင်တစ်ယောက်အား ကြောက်ရွံ့နေစရာမလိုပေ။ သူသည် ထိုကဲ့သို့သော ကျင့်ကြံသူများအား အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ရှေ့သို့ သွေးရူးသွေးတန်း ပြေးထွက်လာသည်နှင့် အဆုံးမဲ့မင်းသားမှာ လေသံတိုးတိုးဖြင့် ရယ်မောလိုက်ပြီး သူ၏ ရှေ့တွင်ရှိနေသည့် ဝါးတူ သုံးချောင်းစလုံးအား တစ်ပြိုင်နက်တည်း ထက်ပိုင်းချိုးလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ဝါးတူ အချောင်းရေ တစ်သိန်းကျော် ပေါ်ပေါက်လာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့အားလုံးမှာ ပေါက်ကွဲသွားတော့သည်။
ထို့ကြောင့် လေထဲ၌ ကျယ်လောင်သော ထစ်ချုန်းသံကြီးများဖြင့် ပြည့်နှက်သွားပြီး မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် လေမုန်တိုင်းကြီးထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည့် လေပြင်းမုန်တိုင်းကြီးတစ်ခုမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဓမ္မအစောင့်အရှောက်များမှာမူ အေးစက်စက် ရယ်မောလိုက်ကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် သူတို့၏ အဆုံးမဲ့မျိုးနွယ်စု ခန္ဓာကိုယ်အစစ်များ ပေါ်ပေါက်လာကြသည်။ သူတို့၏ အငွေ့အသက်များမှာလည်း နှစ်ဆတိတိ ပို၍ အားကောင်းလာကြ၏။
သူတို့မှာ မကြာသေးမီတုန်းက အစွမ်းကုန်ထုတ်ခဲ့ခြင်းမရှိဘဲ သူတို့၏ စွမ်းအားများကို လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်ရပေမည်။ ယခုတွင်မူ သူတို့မှာ အစွမ်းကုန်ထုတ်လိုက်ကြပြီဖြစ်ရာ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားကြီးများနှင့် တူသွားပြီး ဝမ်ပေါင်လဲ့ရှိနေသည့် လေပြင်းမုန်တိုင်းကြီးဆီသို့ ပြေးလာနေကြပြီဖြစ်သည်။
တစ်ချိန်ထဲမှာပင် အဆုံးမဲ့မင်းသားမှာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီး မီးဖိုအပြင်ဘက်သို့ ထွက်လာ၏။ ထို့နောက် သူ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ ရှေ့တွင် ဧရာမ ကျောက်တုံးအချုပ်အနှောင်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှာ လေပြင်းမုန်တိုင်းကြီးနှင့် ဓမ္မအစောင့်အရှောက်များ၏ ဝန်းရံခြင်းကို ခံထားရသော ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။
အဆုံးမဲ့မင်းသား၏ မျက်နှာပေါ်တွင်လည်း အထင်သေးသည့် အမူအရာတစ်ခု ပေါ်ပေါက်လာ၏။ သို့သော်... သူ ထိုသို့ တိုက်ခိုက်ကာ ဓမ္မအစောင့်အရှောက်များ အစွမ်းကုန်ထုတ်နေကြပြီး လေပြင်းမုန်တိုင်းကြီး အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေစဉ်မှာပင် ထို လေပြင်းမုန်တိုင်းကြီးထဲမှ တည်ကြည်မှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာတော့သည်။
" နောက်ဆုံးတော့ မင်း အပြင်ဘက်ကို ထွက်လာပြီပေါ့။ စက္ကူစည်မျဥ်းဥပဒေသ " သူတို့အားလုံး အတူတကွ တိုက်ခိုက်လိုက်သည်နှင့် အခြားသူများ အားလုံး၏ အမြင်တွင် သွေးရူးသွေးတန်း ဖြစ်နေသည့်ပုံ ပေါက်နေခဲ့သော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တည်ကြည်မှုအပြည့် ရှိသွား၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွားပြီး သူသည် သူ၏ ညာဘက်လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ တာအိုထာဝရကြယ်ကြီးမှာ သူ၏ နောက်၌ ချက်ချင်းပေါ်ပေါက်လာ၏။
ထိုအချိန်တွင် စက္ကူစည်းမျဉ်းဥပဒေသမှာလည်း ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ ထွက်ပေါ်လာသည်။
တာအိုထာဝကြယ်၊ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးနှင့် အထူးဂြိုဟ် အလုံးရေတစ်သောင်းကျော်၏ အားဖြည့်ပေးခြင်းကို ခံထားရသည့် စက္ကူစည်းမျဥ်းပဒေသမှာ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး နတ်ဘုရားအာရုံဖြင့် အလွယ်တကူ အာရုံခံနိုင်စွမ်းမရှိသော တုန်ခါမှုလှိုင်းများမှာ ဝမ်ပေါင်လဲ့အား ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ၎င်းတို့၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ စက္ကူများအဖြစ် ပြောင်းလဲသွားကြသည်သာဖြစ်သည်။
လေပြင်းမုန်တိုင်းကြီးမှာ စက္ကူစများအဖြစ် ပြောင်းလဲသွား၏။
ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ဓမ္မအစောင့်အရှောက်များမှာလည်း ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီသွားကြပြီး တုန်လှုပ်ချောက်ချားသွားကြ၏။ ထို့နောက် သူတို့မှာ လူပုံစံစက္ကူရုပ်များအဖြစ် ပြောင်းလဲသွားတော့သည်။
ကျောက်တုံးအချုပ်အနှောင်ကြီးပင်လျှင် ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လှမ်းလာနေသည့် အဆုံးမဲ့မင်းသားလည်း ရှိနေသေးသည်။ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွား၏။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားချင်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ တုန်ခါမှုလိုင်းများမှာ မျက်စိတစ်မှိတ်အတွင်း သူ၏ ခန္ဓာကိုယ်အား ဖြတ်သန်းသွားကြ၏။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာလည်း စက္ကူများအဖြစ် ပြောင်းလဲသွားနေသည်ကို အထင်အရှား မြင်နေရပြီဖြစ်သည်။
အာကာသမိုးကောင်းကင်ကြီး အဖြူရောင် ပြောင်းသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ စက္ကူစပေါင်းမြောက်မြားစွာထဲမှ အပြင်ဘက်သို့ ထွက်လာ၏။ သူသည် ဒေါသထွက်နေသည့်ပုံ မပေါ်သလို သွေးရူးသွေးတန်း ဖြစ်နေသည့်ပုံလည်းမပေါ်ပေ။ သူသည် အပြင်ဘက်သို့ရောက်လာသည်နှင့် ခန္ဓာကိုယ်တစ်ဝက်တိတိ စက္ကူများအဖြစ် ပြောင်းလဲသွားပြီဖြစ်သော အဆုံးမဲ့မင်းသားအား စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။
" အရူးက ဘယ်သူလဲ "
သူသည် ထိုသို့ မေးလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုအခါ မီးတောက်များမှာ စက္ကူစများဆီသို့ ပျံ့နှံ့သွားတော့သည်။