← Chapters

ထူးဆန်းသည့် ကလေးမလေး

Vol. 83 Ch. 1148

ထူးဆန်းသည့် ကလေးမလေး

Vol. 83 Ch. 1148

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ အရာအားလုံးမှာ ထူးဆန်းလွန်းနေသဖြင့် သူသည် ဦးရေခွံများပင် ထုံကျဉ်သွားသည်။ သူသည် ရောက်နေသည့် နေရာ၌ ရပ်ကာ ဘေးဘီဝဲယာအာ ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သို့သော် သူ၏ နတ်ဘုရားအာရုံအား မည်မျှပင် ဖြန့်ကြက်စေကာမူ ထို ကလေးမလေးအား လုံးဝရှာမတွေ့နိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ချန်ရှင်းအား ထပ်၍ မဆက်သွယ်တော့ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စိတ်ထဲ၌ မမလေးကိုသာ လှမ်းခေါ်လိုက်တော့သည်။

ထူးဆန်းစွာဖြင့် မမလေးမှာ ပြန်ထူးခဲ့ခြင်းမရှိပေ။ အခြားအခြေအနေတစ်ခုခုတွင်သာ ဆိုပါက ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သက်၍ အတွေးလွန်နေမည် မဟုတ်ပါသော်လည်း ယခုတွင်မူ သူ၏ နှလုံးသားထဲ၌ စကားလုံးများဖြင့် ဖော်ပြ၍မရသည့် ခံစားချက်တစ်မျိုး ပေါ်ပေါက်လာသည်။

ကံကောင်းစွာဖြင့် ဝူလေး၊ မြည်းလေးနှင့် အနက်ရောင်ငါးလေးတို့မှာ ဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည့် အဆုံးမဲ့မင်းသားအား ဖမ်းဆီးချုပ်နှောင်လိုက်ကြပြီးနောက် ပြန်ရောက်လာ၏။ သူတို့မှာ မီးဖိုကြီး၏ အနီးသို့ ရောက်လာခြင်းမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့အား အာရုံခံမိလိုက်ဆဲပင်။

" ဝူလေး၊ မြည်းလေး ဒီကိုလာခဲ့စမ်း " ဝမ်ပေါင်လဲ့မှာ သူတို့အား အာရုံခံမိလိုက်သည်နှင့် ချက်ချင်း လှမ်းခေါ်လိုက်၏။ ထိုအခါ ဝူလေးနှင့် မြည်းလေးတို့မှာ လူအများ၏ ရှေ့၌ ဝမ်ပေါင်လဲ့၏ ဘေးသို့ ရောက်ရှိလာကြသည်။

အနက်ရောင်ငါးလေးမှာလည်း ထိုနည်းတူပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ရစ်ဝဲနေသည့်တိုင်အောင် မည်သူကမှ ၎င်းအား မမြင်ရပေ။ ဝမ်ပေါင်လဲ့မှာ ထို ငါးလေးအား လျစ်လျူရှုထားလိုက်ပြီးနောက် ဝူလေးနှင့် မြည်းလေးတို့ဆီသို့ အသံလွှင့်အကြောင်းကြားစားတစ်စောင် ပေးပို့လိုက်၏။

" ငါ မီးဖိုနယ်မြေထဲကို ရောက်လာပြီးနောက်ပိုင်း လုပ်ခဲ့သမျှ လုပ်ရပ်တွေအကုန်လုံးကို ပြန်ပြောပြစမ်း "

ထိုအခါ ဝူလေးမှာ အံ့အားသင့်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ မြည်းလေးမှာမူ သူ့အား စိုက်ကြည့်ရင်း မျက်နှာအမူအရာ အထူးအဆန်းဖြစ်သွားသည်။

" မြန်မြန်ပြောဟ " ဝမ်ပေါင်လဲ့မှာမူ မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်၏။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူသည် အနည်းငယ် စိတ်ကသိကအောက် ဖြစ်နေသည့်အလား ခံစားနေရသည်။ ဝူလေးမှာလည်း ထိုအချက်အား သတိထားမိလိုက်သဖြင့် ချက်ချင်းပြန်ဖြေလိုက်၏။

" ဖေကြီး။ ဖေကြီး ဒီကိုစရောက်လာတုန်းက အရူးကောင်တစ်ကောင်က ဖေကြီးကို တားဆီးဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ဖေကြီးက လက်ဝါးချက်တစ်ချက်ထဲနဲ့ သူ့ကို သတ်ဖြတ်ပစ်ခဲ့တာလေ။ ပြီးတော့ ဖေကြီးက မီးဖိုတွေကို လုယူဖို့ ကြိုးစားခဲ့ပေမယ့် အရူးဆယ်ယောက်ကျော် ပူးပေါင်းတိုက်ခိုက်တာကို ခံခဲ့ရတာ။ ဖေကြီးက တမူထူးခြားတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ သူတို့တွေ မသိကြဘူးလေ။ အဲတာမလို့လည်း ဖေကြီးက သူတို့ထဲက တချို့ကို လွယ်လွယ်ကူကူပဲ သတ်ဖြတ်ပစ်ခဲ့တာ။ တခြားလူတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ချက်ချင်း ထွက်ပြေးသွားကြတာပဲ။ အဲတာပြီးတော့ ဖေကြီးက မီးဖိုတစ်လုံးကို သိမ်းပိုက်နိုင်ခဲ့တာ။ ဘယ်သူမှလဲ ဖေကြီးကို ရန်မစရဲကြဘူး "

" သား " မြည်းလေးမှာလည်း ဝူလေး၏ ပြောစကားများမှာ အမှန်ဖြစ်သည်ဟု ထောက်ခံနေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

" ပြီးတော့ရော " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ ဆက်မေးလိုက်သည်။

" ပြီးတော့ ကျွန်တော်တို့ ဖမ်းဆီးခဲ့တဲ့ အဆုံးမဲ့မင်းသားအလှည့်ပဲ။ အဲဒီကောင်က ကိုယ့်အခြေနေကိုယ် မသိဘဲ ဖေကြီးကို ပြဿနာရှာခဲ့တာလေ။ အဲတာမလို့ ဖေကြီးလည်း ဒေါသထွက်သွားပြီး သူ့ကို ဖိနှိပ်ချုပ်တည်းပစ်ခဲ့တာ " ဝူလေးမှာ အထူးအဆန်းဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်ကာ ပြန်ဖြေလိုက်ပြန်သည်။

" သူက ငါ့ကို ဘယ်လို ပြဿနာရှာခဲ့တာလဲ " ဝမ်ပေါင်လဲ့မှာမူ ဆက်လက်မေးမြန်းလိုက်၏။

" အဲ။ သူက မီးဖိုထဲကနေ ထွက်လာပြီးတော့ အဖေ့ကို ကျိန်ဆဲခဲ့တာလေ " ဝူလေး၏ မျက်နှာအမူအရာမှာ ပို၍ပင် အထူးအဆန်းဖြစ်လာ၏။ သူသည် ဝမ်ပေါင်လဲ့၏ မေခွန်းများမှာ တစ်ခုခုလွဲနေသည်ဟု ခံစားနေရသည်။

ဝမ်ပေါင်လဲ့မှာလည်း တစ်ခုခုမှာ မူမမှန်ကြောင်း ခံစားမိနေ၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး ရုတ်တရက်မေးလိုက်သည်။

" ဟို ကလေးမလေးကြောင့်လား "

" ဘယ် ကလေးမလေးလဲဗျ " ဝူလေးမှာ ဆွံ့အမှင်တက်သွား၏။ မြည်းလေးမှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ အပြင်းအထန် တုန်ရီသွားရတော့သည်။ ဝူလေးမှာ လိမ်ပြောလျှင် လိမ်ပြောနိုင်ပါသော်လည်း မြည်းလေးမှာ ပြောမည်မဟုတ်ပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်နှင့် ချိတ်ဆက်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ၎င်း၏ အတွေးများကို ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်းရှိပေသည်။

အရာအားလုံးမှာ ဝူလေး ပြောပြခဲ့သည့်အတိုင်းပင်။

" အဲတာဆိုရင်... ဘယ်ဟာက အမှန်လဲ " ဝမ်ပေါင်လဲ့မှာ အဖြေတစ်ခု စဉ်းစားမိသွားပြီဖြစ်သည်။ ထိုစဉ်တုန်းက အခြားသူများအားလုံး စိတ်အာရုံများထွေပြားကာ အမြင်မှားသွားခဲ့ခြင်း ဖြစ်ရပေမည်။ သို့မဟုတ် သူတစ်ယောက်တည်း ထိုသို့ ဖြစ်သွားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ အခြားမည်သူကမှ ထို ကလေးမလေးအား မမြင်ခဲ့ရပေ။ တုနှိုင်းမဲ့လောက်အောင် အစွမ်းထက်လှပါသည်ဆိုသော သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းပင်လျှင် သူမအား မမြင်ခဲ့ရပေ။ ထို့ကြောင့် သူသည် ထိုအကြောင်း စဉ်းစားတွေတောရင်း ပို၍ပင် ကြောက်ရွံ့တုန်လှုပ်လာရတော့သည်။

သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားနေရသဖြင့် သတိကြီးကြီး ထားလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း အမြန်ဆုံးနည်းဖြင့် မြင့်တင်ချင်နေပြီ ဖြစ်သည်။ ထို့ကြောင့် အသက်ရှူကြိမ်အနည်းခန့် ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ခုန်တက်သွားပြီး သူ သိမ်းပိုက်ထားသည့် ပထမဆုံး မီးဖိုကြီးအား စွမ်းအားများဖြင့် ပေါက်ကွဲသွားစေလိုက်၏။

ထိုအခါ ထို မီးဖိုထဲတွင် ရှိနေကြသည့် သဘာဝစည်းမျဥ်းဥပဒေသ အကျိုးအပဲ့များမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော ဝင်ရောက်လာကြတော့သည်။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီးနောက် သူ၏ ဓားအိမ်လေး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ထို့ကြောင့် သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်း၏ အရွယ်အစားမှာလည်း တဖြည်းဖြည်းနှင့် ပို၍ကြီးမားလာ၏။ ၎င်း၏ ဆွဲငင်အားများမှာ အခြား မီးဖိုခုနစ်လုံးအပေါ်တွင်ပါ အကျိုးသက်ရောက်မှုရှိနေသောကြောင့် ထို မီးဖိုများ၏ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ နားထဲ၌ ကြည်လင်ပြတ်သားသည့် ရယ်မောသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး အာကာသကောင်းကင်ကြီးထဲ၌ ပဲ့တင်ထပိသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုရယ်မောသံအား ကြားလိုက်ရသည်နှင့် မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။

သူသည် ထို ရယ်မောသံ ထွက်ပေါ်လာသည့်နေရာကို ရှာမတွေ့ပါသော်လည်း ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် ကျင့်ကြံသူများအားလုံး၏ မျက်ဝန်းများထဲတွင် တွန့်လိမ်ပုံပျက်နေသည့် အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်ကို မြင်လိုက်ရ၏။ သို့ဖြစ်ရာ ထူးဆန်းသောစွမ်းအားတစ်မျိုးမှာ ထို ကျင့်ကြံသူများအားလုံးအား တိတ်တဆိတ် လွှမ်းမိုးသွားသည့် အလားပင်။

ဝူလေးနှင့် မြည်းလေးတို့ပင်လျှင် ထိုစွမ်းအား၏ လွှမ်းမိုးခြင်းကိုခံလိုက်ရသဖြင့် သူတို့၏ မျက်ဝန်းများထဲ၌ အနက်ရောင် အလင်းရောင်များ ပေါ်ပေါက်လာ၏။ အနက်ရောင်ငါးလေးတစ်ကောင်သာလျှင် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ လေထဲ၌ ဟိုဟိုသည်သည် ရစ်ဝဲနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ကျင့်ကြံသူများ၏ ပြောင်းလဲမှုများကို မြင်လိုက်ရသည်နှင့် နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် သူသည် သူ၏ လက်ကို ချက်ချင်း ဝှေ့ယမ်းကာ ဝူလေးနှင့် မြည်းလေးတို့အား သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား လှမ်းခေါ်လိုက်တော့သည်။

သို့သော် သူသည် အသံတစ်သံမှ ထွက်မလာဘဲ လှမ်းမခေါ်နိုင်ဘဲဖြစ်နေရ၏။

" ဦးလေး။ ဘာမှ ကြောက်နေစရာမလိုပါဘူး။ သမီးက ဦးလေးကို ဘာမှ မလုပ်ပါဘူး "

" ဒီနေရာမှာ သေသွားတဲ့ လူအရေအတွက်က သိပ်မများသေးတော့... ပျော်စရာ သိပ်မကောင်းလို့လေ " ကလေးမလေး၏ စကားသံ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် အင်အားကြီးအဖွဲ့အစည်းများမှ ပါရမီရှင်များအားလုံးမှာ ဝမ်ပေါင်လဲ့အား မျက်လုံးနီကြီးများဖြင့် လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် သူတို့မှာ မဟာရန်ဘက်ကြီးတစ်ယောက်နှင့် ရင်ဆိုင်တွေ့လိုက်ရသည့်အလား အသံကုန်အော်ဟစ်ကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ရန် အရပ်မျက်နှာအနှံ့မှ ပြေးလာကြတော့သည်။

သူတို့ထဲတွင် အစွမ်းအထက်ဆုံး ပါရမီရှင် သုံးယောက်လည်းပါနေ၏။

ထို သုံးယောက်ထဲမှ တစ်ယောက်မှာ ငွေရောင်နဂါးကြီး ရှိနေသည့် မီးဖိုထဲမှ အမျိုးသမီးဖြစ်သည်။ အခြားတစ်ယောက်မှာမူ ဓတ်ကြီးငါးပါး ကိန်းအောင်းနေသည့် ရှေးဟောင်းဓားငါးလက် ဝန်းရံထားသော မီးဖိုထဲမှ လူငယ်လေးဖြစ်သည်။ နောက်ဆုံးတစ်ယောက်မှာမူ အဆုံးမဲ့မင်းသား ဖြစ်ပေသည်။

သူတို့သုံးယောက်စလုံးမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရောက်နေကြပြီဖြစ်သည်။ အဆုံးမဲ့မင်းသားမှာ မိုးကောင်ကင် ထာဝရကြယ်အား ပိုင်ဆိုင်ထား၏။ အခြားနှစ်ယောက်၏ ထာဝရကြယ်များမှာ မိုးကောင်ကင် ထာဝရကြယ်များ မဟုတ်ပါသော်လည်း ၎င်းတို့မှာ တမူထူးခြားကြသောကြောင့် မိုးကောင်းကင်အဆင့်ထက် နိမ့်ကျနေခြင်းတော့မရှိပေ။

သူတို့၏ တိုက်ကွက်များကြောင့် အရာအားလုံးမှာ အပြင်းအထန် တုန်ရီသွားပြီး အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများမှာလည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ အသံကုန်အော်ဟစ်၍ တိုက်ခိုက်လိုက်ကြသည်သာ ဖြစ်သည်။

" ဘာတွေ ဖြစ်နေတာလဲဟ " အဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေ၏။ ကလေးမလေး ပေါ်ပေါက်လာပြီးနောက်ပိုင်း အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ အစွမ်းထက်သည့်တိုင်အောင် တုန်လှုပ်ချောက်ချားသွားရဆဲပင်။ သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာအား သူတစ်ယောက်တည်း ဖိနှိပ်ချုပ်တည်းနိုင်လောက်အောင် အစွမ်းမထက်သေးပေ။

ဤနေရာတွင် ရှိနေကြသည့် ပါရမီရှင်အများစုမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ရောက်နေကြပြီး သူတို့ထဲမှ သုံးယောက်မှာဆိုလျှင် သူတို့နှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေကြသည့် အခြားသူများထက် အများကြီးပို၍ အစွမ်းထက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်သို့ ချက်ချင်းထွက်ပြေးဆုတ်ခွာသွားရ၏။

သူ ထိုသို့ ထွက်ပြေးဆုတ်ခွာသွားသည်နှင့် ဓာတ်ကြီးငါးပါးကိန်းအောင်းနေသည့် ရှေးဟောင်းဓားငါးလက်မှာ သူ ရပ်နေခဲ့သည့် နေရာအား ထုတ်ချင်းပေါက် ထိုးဖောက်သွား၏။ ထို့နောက် ငွေရောင်နဂါးပုံရိပ်ယောင်ကြီးမှာလည်း အသံကုန် အော်ဟစ်ကာ ၎င်း၏ လက်သည်းဖြင့် လှမ်းကုတ်လိုက်သည်။ ထို့အပြင် မရေမတွက်နိုင်လောက်အောင် များပြားသည့် နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များမှာလည်း ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်လွှတ်ရင်း သူ့ဆီသို့ ဦးတည်လာနေကြပြီဖြစ်သည်။

" နင်က ဘယ်သူလဲ " ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ရှောင်တိမ်းလိုက်ပြီးနောက် ဗဟိုမီးဖို၏ အနီးတွင်ရပ်ရင်း အော်ပြောလိုက်၏။ သူ၏ အော်သံကြီးမှာ မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားပြီး ဗဟိုမီးဖိုကြီးအား ဖုံးလွှမ်းသွားသည်။

သို့သော် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ထို မီးဖိုထဲ၌ ရှိနေဆဲဖြစ်သည်ဟု ခံစားနေရသည့်တိုင်အောင် မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်ဓာတ်ကျသွားရ၏။

" ဦးလေး။ ဒီနေရာမှာရှိတဲ့ ဘယ်သူကမှ ဦးလေးကို အာရုံခံမိနိုင်မှာမဟုတ်ဘူး။ စိတ်မပူပါနဲ့။ ဦးလေး သူတို့တွေ အကုန်လုံးကို သတ်ပစ်လိုက်။ လူနည်းနည်းလေးပဲ သေသွားမယ်ဆိုရင် ပျော်စရာကောင်းမှာမဟုတ်ဘူး။ ကြိုးစားထား ဦးလေးရေ "

" သမီးက ဘယ်သူလဲဆိုတော့... ဦးလေးပဲ ခန့်မှန်းကြည့်ပါလား " ကလေးမလေး၏ စကားသံမှာ ထူးဆန်းသော ရယ်မောသံများနှင့်အတူ လေထုထဲ၌ ပဲ့တင်ထပ်နေ၏။ သူမ၏ လွှမ်းမိုးမှုအောက်သို့ ရောက်နေသော ကျင့်ကြံသူများမှာလည်း ပို၍ပင် သွေးရူးသွေးတန်း ဖြစ်လာကြသည်။ သူတို့ထဲမှ အချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာရင်း သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာမူ မျက်စိမျက်နှာပျက်နေပြီး အလောတကြီး ထွက်ပြေးနေရဆဲပင်။ သူသည် တိုက်ကွက်များကို ရှောင်တိမ်းနိုင်ခဲ့သည့်နိုင်အောင် မီးဖိုနှစ်လုံးနှင့် သူ၏ကြားမှ အချိတ်အဆက်များမှာ အကောင်အတိုင်းရှိနေဆဲပင်။ ထို့ကြောင့် ထို မီးဖိုများဆီမှ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့ အမြောက်အမြားမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြ၏။ ထို့ကြောင့်လည်း သူသည် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ မျက်လုံးနီများဖြင့် သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများ အေးစက်စွာတောက်ပသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာ ရုတ်တရက်ဆိုသလို အသက်ဝင်လာတော့သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်တွင်းတွင် ဆွဲငင်အားများမှာ ပို၍အားကောင်းလာသဖြင့် စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များမှာ ဓားအိမ်လေးထဲသို့ မရပ်မနား စီးဝင်လာကြ၏။ ယခုတွင် ထို ဓားအိမ်လေးမှာ မည်းနက်နေပြီး တဖြည်းဖြည်းနှင့် ကြည်လင်လာနေပြီ ဖြစ်သည်။

ထို ဓားအိမ်လေးမှာ ဝမ်ပေါင်လဲ့၏ ဝှက်ဖဲဖြစ်၏။ သူသည် ၎င်းသာလျှင် သူ့အား ဤအခြေအနေကြီးထဲမှ လွတ်မြောက်နိုင်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ခံစားနေရသည်။ သူသည် ထို ဓားအိမ်လေး စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များကို စုပ်ယူနေရင်း ၎င်းထဲရှိ ဓားချီတစ်မျိုးမှာ တဖြည်းဖြည်းနှင့်ပို၍ ကြောက်စရာကောင်းလာနေသည်ကို အာရုံခံမိနေသည်။

ထို့အပြင် သူ့ဆီတွင် တာအိုဂါထာတော်လည်း ကျန်ရှိနေသေးသည်။

သို့သော် ၎င်းအား အချိန်အကြာကြီး အသုံးပြု၍မရပေ။ ထို့အပြင် ၎င်းမှာ ရန်သူများအား ခြောက်လှန့်ကာ ဖိနှိပ်ချုပ်တည်းရာတွင်သာ အသုံးဝင်သောကြောင့် ယခုလို အခြားလူတစ်ယောက်၏ လွှမ်းမိုးမှုအောက်သို့ ရောက်နေသော ကျင့်ကြံသူများအပေါ်တွင် သိပ်၍ အစွမ်းထက်မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ သူ့ဆီသို့ ပြေးလာနေကြသည့် ကျင့်ကြံသူများအား လျစ်လျူရှုထား၏။ သူသည် သူတို့၏ တိုက်ကွက်များကို ရှောင်တိမ်းရင်း စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များကိုသာ ဆက်လက်စုပ်ယူနေသည်။

တစ်ချိန်တည်းမှာပင် ဘေးနားတစ်ဝိုက်တွင် ပေါ်ပေါက်လာကြသည့် အစိမ်းရောင် အမျှင်အတန်းများ၏ အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပိုများလာနေပြီဖြစ်သည်...

သုံးသောင်း... ငါးသောင်း... တစ်သိန်း... နှစ်သိန်း….

All Chapters