← Chapters

သန့်စင်ခြင်း

Vol. 58 Ch. 799

သန့်စင်ခြင်း

Vol. 58 Ch. 799

သတ်ဖြတ်လိုမှု အငွေ့အသက်များမှာ အနက်ရောင်ဝတ် အုပ်စုထံမှ ထွက်ပေါ်လာခဲ့၏။ ရှင်းလင်းစွာပင် သူတို့မှာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့က ရှန့်ထိုခန်းမမှ မြေကြီး ရှန့်ထို သုံးယောက်ကို လုံးဝ ဂရုမစိုက်ဟန် ရလေသည်။ နောက်ရှိ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က လက်ဟန် ချိပ်စည်းများကို ဖွဲ့စည်း လိုက်ကြသည်။ အမှောင် ဟင်းလင်းပြင်နှင့် ပေါင်းစပ်ထားသည့် ထူးဆန်းသော တက်ကျမှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။

တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲ သွားသည်။

“ပတ်ဝန်းကျင် နေရာလွတ်တွေ ပြောင်းလဲနေပြီ”

ခရာတို၏ အသံက သူ့စိတ်အတွင်း ဝင်လာခဲ့၏။ အခြား ကြယ်တာရာ ဝိညာဥ် သုံးခုကတော့ တိတ်ဆိတ် ငြိမ်သက် နေသည်။ ထို့မတိုင်ခင်က ယာယီ ပေါ်တယ် တစ်ခု ဖန်တီး၍ လွတ်မြောက်ရန် ခက်ခဲသည် ဆိုလျှင် ယခုတွင် ဆယ်ဆ ပိုမို ခက်ခဲ သွားခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ဖြင့်ပင် ဝေ့ဝူယင်တွင် အပြည့်အဝ ယုံကြည်ချက် မရှိတော့ချေ။

မြေကြီး ရှန့်ထို သုံးယောက်မှာလည်း ထိုအရာကို သတိထားမိကြ၏။ သူတို့၏ အမူအရာများက အလွန်အမင်း နက်မှောင် သွားကြသည်။ အထူးသဖြင့် ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုပင်။

ထန်မျိုးနွယ်၏ အဓိက ဟင်းလင်းပြင် သင်္ဘောထက်တွင်တော့...

“မီးဖီးနစ်ကို ရမယ် ဆိုရင် အခြား ဘာကိစ္စမှ အရေးမကြီးဘူး... ဝင်္ကပါတွေ အားလုံးကို အသက်သွင်းဖို့ ပြင်ဆင်ထားတော့”

ထန်ဘိုးဘေးက လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။ ထိုအခိုက်၌ ထန်မျိုးနွယ်၏ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ အပါအဝင် အရေးကြီးသည့် အဖွဲ့ဝင် အားလုံးမှာ အဓိက သင်္ဘောထက်သို့ ရောက်ရှိ နေကြသည်။

အခြား သင်္ဘောများ အားလုံးမှာ အလွတ်နီးပါး ဖြစ်နေကြကာ သက်တမ်း ကုန်ဆုံးလုနီးပါး လူအိုကြီးများသာ ဝင်္ကပါများနှင့် အစီအရင်များကို ထိန်းချုပ်ဖို့ ကျန်ရစ်ခဲ့သည်။ ရှင်းလင်းစွာပင်... ထန်ဘိုးဘေးမှာ အခြေအနေ တစ်ခုလုံးကို မရိပ်မိသည် အထိ မမိုက်မဲသေးချေ။ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် မြေခွေးအို တစ်ယောက် အနေဖြင့် အစစ်အမှန် မွေးဖွားခြင်း၏ ရည်ရွယ်ချက်ကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ မီးဖီးနစ်၏ နောက်ကွယ်ရှိ လူက သာမန်လူ တစ်ယောက် မည်သို့မှ မဖြစ်နိုင်ချေ။

အလင်းပြာဂြိုဟ်ထက်တွင်တော့ ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ အခြေအနေ တစ်ခုလုံးက ထိုမျှ မြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။

လျှင်မြန်စွာပင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးရင်း ဝေ့ဝူယင် ဝမ်းဗိုက်ကို ထိတွေ့လိုက်၏။ ရွှေရောင် အလင်းများ တောက်ပနေသည့် အလုံးလေး တစ်ခုမှာ ထျန်းတျန်ထဲမှ နေ၍ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ မျက်နှာပြင်တွင် “စစ်” ဆိုသည့် စကားလုံးကို ရေးထွင်းထား၏။

ဝေ့ဝူယင်က နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအခါ အလုံးလေးက ရောင်စဥ်များနှင့် ပွင့်ထွက်သွားကာ သေးငယ်သော ရွှေရောင်အလံလေး တစ်ခု အသွင် ပြောင်းလဲ သွားသည်။ ထိုအလုံလေးထက်၌ ကြယ်ကဲ့သို့ အစက်လေးများမှာ ပြန့်ကျဲနေ၏။ အလယ်တည့်တည့်တွင်တော့ အကြီးမားဆုံး အစက် တစ်ခု ရှိနေခဲ့၏။ အကယ်၍ စိတ်ရှည်လက်ရှည် ရေတွက်ကြည့်ပါက ထိုအလင်းစက်လေးများမှာ အရေအတွက်အားဖြင့် တစ်သောင်း တိတိ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

“အဲဒါက ဘာကြီးလဲ...”

ပိုင်လင်က အလံကို ကြည့်ရင်း စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။

“မင်းအတွက် လက်စားချေပေးဖို့လေ...”

သူက ပြောလိုက်ရင်း နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအခါ သူ့ ချွေးပေါက်များထဲမှ မရေမတွက်နိုင်သည့် အလင်းစက်များ စိမ့်ထွက်လာကာ အလံ အတွင်း ဝင်သွားကြ၏။ ထိုအလင်းစက် တစ်ခုချင်းစီက သူ့မူလ ဝိညာဥ် အလင်းများပင် ဖြစ်လေသည်။

ပိုင်လင် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေစဥ်မှာပင် အလံမှာ သဘာဝ မကျစွာ စတင် လှုပ်ရှားလာခဲ့၏။ ၎င်းမှာ ဝေ့ဝူယင် စစ်ဝိညာဥ် ၁၀၀၀၀၀၀ ဖြင့် လဲလှယ် ရယူလာခဲ့သည့် စစ်အဆောင်မှ လွဲ၍ မည်သည့် အရာ ဖြစ်နိုင်တော့မည်နည်း။

လက်ရှိ အခြေအနေအရ... ထွက်ပြေးရန်နှင့် ညှိနှိုင်းရန်က အကောင်းဆုံး ရွေးချယ်မှုများ မဟုတ်ချေ။ ဝူယုနှင့် အခြား လျှို့ဝှက် အာဏာရှင် သုံးယောက်ကို ဆက်သွယ်ပြန်လျှင်လား... သူတို့ အချိန်မှီ ရောက်လာလိမ့်မည် မထင်ချေ။ ရောက်လာသည် ထားဦး... သူတို့ အဆင့်ဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ဝေ့ဝူယင် မထင်ချေ။ ဘယ်ဘက်ကပဲ ကြည့်ကြည့် စစ်အဆောင်မှာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေသည်။

ဝေ့ဝူယင် အလံလေးကို ငုံ့ကြည့်လိုက်၏။ စတင် ရရှိခဲ့သည့် အချိန်ကတည်းက စ၍ ၎င်းကို ဘုရင်နှင့် အိုရီတို့ တည်ရှိရာ ထျန်းတျန် အတွင်း ထည့်သွင်း၍ မူလ ဝိညာဥ် အလင်းဖြင့် သူ သန့်စင် နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက စစ်ဝိညာဥ် သူ့ကို ပြောပြခဲ့သည့် သန့်စင်ခြင်း နည်းလမ်းလည်း ဖြစ်သည်။ သို့သော်လည်း စတင် သန့်စင်ခဲ့သည်မှာ နာရီပိုင်းမျှသာ ရှိသေးလေရာ ဘာမှ မဖြစ်မြောက်သေးချေ။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ အကယ်၍ ယခုလောက်သာ မြန်မြန်ဆန်ဆန် သုံးရမည်မှန်း သိလျှင် ရကတည်းက သူ အားသွန်ခွန်စိုက် သန့်စင်ရန် ကြိုးပမ်း ခဲ့မိလိမ့်မည် ဖြစ်သည်။

“ဧဒင်... ခရာတို...”

ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ အလိုက်တသိပင် တုန့်ပြန်လာ သူ့နဖူးနှင့် နှလုံးသားဆီမှ မူလ အလင်းတန်းများစီးထွက်လာ၏။ ၎င်းတို့က အလွန်လျှင်မြန်သော အရှိန်အဟုန်ဖြင့် စစ်အဆောင် အတွင်း ဝင်ရောက် ပေါင်းစပ် သွားကြသည်။

တစ်ချိန်တည်းမှာပင်... ပြင်းထန်သော နာကျင်မှု ဝေဒနာများမှာ ကြယ်တာရာ ဝိညာဥ် တစ်ခုချင်းစီမှ ပေါ်ပေါက်လာခဲ့၏။ မူလ အလင်းမှာ ဝိညာဥ် အလင်းပင် ဖြစ်ကာ ကြယ်တာရာ ဝိညာဥ်များထံမှ တိုက်ရိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် မူလ အလင်းများကို ထုတ်ယူခြင်းမှာ အသားကို လှီးဖြတ်နေသလိုနှင့် အတူတူပင် ဖြစ်သည်။ ဝေ့ဝူယင် အံကို တင်းတင်း ကြိတ်လိုက်မိ၏။

ပိုင်လင်၏ မျက်လုံးများမှာ ဝေ့ဝူယင်ကို ကြည့်ရင်း စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက် လာခဲ့၏။ သို့သော်လည်း... သူမက အသံ တစ်ချက်မျှ မထွက်ပဲ စောင့်ကြည့် နေခဲ့သည်။

ဟူး... ဟူး...

မူလ ဝိညာဥ် အလင်းများ သွန်းလောင်းသည်နှင့် အမျှ အလံမှာ ပိုမို၍ တောက်ပလာခဲ့၏။ ၎င်းက ပိုမို၍ တောက်ပလေလေ မူလ ဝိညာဥ် အလင်းများကို ပိုမို၍ စုပ်ယူလေလေ ဖြစ်သည်။ မကြာခင်မှာပင်... ဝေ့ဝူယင်၏ ခန္ဓာကိုယ် အနှံ့မှ မူလ အလင်းများမှာ မြစ်ကြီးတစ်စင်းလိုပင် အလံထံ စီးဆင်း နေခဲ့ပြီ ဖြစ်လေတော့သည်။

“အား...”

နာကျင်မှုကို ဆက်လက်၍ ထိန်းသိမ်း ထားနိုင်စွမ်း မရှိလေရာ ဝေ့ဝူယင်ထံမှာ အော်ဟစ်သံ တစ်ခု ထွက်ပေါ် လာ၏။ သူ၏ သွေးကြောများက ထောင်ထလာကာ ပေါက်ထွက်တော့ မယောင် ထင်ရသည်။

သို့တိုင်အောင်... ထိုဝေဒနာကို သူ ကိုယ်တိုင် ခံစားရခြင်း မဟုတ်ချေ။ ကြယ်တာရာ ဝိညာဥ်များထံတွင် ဖြစ်ပေါ်နေသည့် နာကျင်မှုကို မျှဝေရခြင်းမျှသာ ဖြစ်သည်။ ကြယ်တာရာ ဝိညာဥ်များကတော့ အနည်းငယ်ပင် တုန်လှုပ်ခြင်း မရှိပဲ မူလ အလင်းများကို ထပ်မံ ထုတ်လွှတ်နေဆဲ ဖြစ်သည်။

ကံကောင်းထောက်မစွာပင် တစ်မိနစ်ခန့် ကြာမြင့်ပြီးနောက်....

ဗုံ... ဗုံ... ဗုံ...

ရင်းနှီးပြီးသား ဖြစ်သည့် စစ်ဗုံသံကို သူ ကြားလိုက်ရ၏။ စစ်အဆောင်၏ စုပ်ယူမှုမှာ ရပ်တန့်သွားသည်။ ခြေကုန်လက်ပမ်းကျကာ အားနည်းသည့် ခံစားချက်က ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လှိုင်းများလို ပျံ့နှံ့လာသည်။

သို့သော်လည်း ဝေ့ဝူယင် ထိုအရာကို ဂရုမစိုက်အားချေ။ သူ အဆောင်ကိုသာ ဦးယားဖားယား လေ့လာလိုက်၏။ တစ်ခဏ ကြာပြီးနောက်... သူ့ အမူအရာက မည်းမှောင် သွားခဲ့၏။ သန့်စင်မှု နည်းလမ်းအရ အလံမှာ တစ် ရာခိုင်နှုန်းမျှသာ သန့်စင်ပေသေးသည်။

တစ်ရာခိုင်နှုန်း...

ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ သူ မူလ ဝိညာဥ်အလင်းများ၏ ရှစ်ဆယ် ရာခိုင်နှုန်းကျော်ခန့်ကို သုံးကာ သန့်စင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းက အဆောင်၏ တစ်ရာနှုန်းမျှကိုသာ သန့်စင်ရန် လုံလောက်ခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်...၎င်းက လက်ရှိ အခြေအနေ အတွက် လုံလောက်ပေသည်။

ဝေ့ဝူယင် အချိန် ဆက်မဆွဲရတော့ချေ။ သူက လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးရင်း တစ်ချိန်တည်း၌ ဝိညာဥ် အင်အားကို အဆောင်ထဲ ပို့လွှတ်လိုက်၏။ သူ့လက်ဝါးထက်ရှိ ပျက်သုဥ်ခြင်း အမှတ်အသားက အပြည့်အဝပင် အသက်ဝင်လာကာ အလင်းတန်းများ ထွက်ပေါ်လာသည်။

ဝေ့ဝူယင်မှာ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ အပြင်သို့ လျှင်လျှင်မြန်မြန် စီးထွက်သွားသလို ခံစား လိုက်ရ၏။ တဒင်္ဂ အတွင်းမှာပင် သူ့ ကြယ်တာရာ ပင်လယ်များမှာ ခမ်းခြောက် သွားခဲ့ပြီ ဖြစ်သည်။ ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစား ရှိသည့် သူ့ ကြယ်တာရာ အမြုတေများမှာလည်း မှေးမှိန်သွား၏။

အမတေ စွမ်းအင်များသာ မက... သူ စိတ်၊ ရုပ်နှင့် ဝိညာဥ် စွမ်းအင်များမှာလည်း လျှင်မြန်စွာပင် ခမ်းခြောက် လာခဲ့သည်။ မတ်တပ်ရပ်နေရင်းကပင် ဝေ့ဝူယင်၏ မျက်နှာမှာ တစ္ဆေ တစ်ကောင် ကဲ့သို့ ဖြူရော် လာခဲ့၏။ သူ့ အရေပြားများက ခြောက်ကပ်လာကာ အက်ကွဲကြောင်းများပင် ပေါ်လာသည်။

ခြေထောက်များက ခွေယိုင်သွားကာ ဝေ့ဝူယင် လဲပြိုကျသွား၏။ သို့သော်လည်း... သူ မြေပြင်ပေါ် မရောက်ခင်မှာပင် သန်မာသော လက်တစ်ဖက်က သူ့ကို လာရောက် ပွေ့ပိုက်လိုက်သည်။

“မင်းလား...”

နက်ရှိုင်းပြီး စွမ်းအား ပြည့်ဝသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံကို အလွန်အမင်း ရင်းနှီးနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူ အားနည်းစွာ ပြုံးရင်း နဂါးခေါင်းဆောင်း ဆောင်းထားသည့် တပ်မဟာ ကွန်မန်ဒါကို ကြည့်လိုက်သည်။

“ဒီလိုလူ တစ်ယောက်ဆီမှာ ခေါင်းအဖြတ်ခံလိုက်ရတာ ငါ မယုံကြည်နိုင်သေးဘူး...”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က ရေရွတ်လိုက်၏။ သို့သော်လည်း... သူ့ မျက်လုံးများကတော့ အံ့အားသင့်မှု၊ ထိတ်လန့်မှုတို့နှင့် ပြည့်နှက်နေသည်။ သေမျိုးအဆင့်ဖြင့် စစ်အဆောင်ကို သန့်စင်ခြင်း... ထိုအရာက တစ်ခါမှ မကြားခဲ့ဖူးသော အရာပင် ဖြစ်သည်။ တစ်ရာခိုင်နှုန်း... ထိုအရာကပင် အလွန် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် အားနည်းစွာပင် ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းဖြင့် ဆိုပါက သူ ဤအခြေအနေမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း... မကြာခင်မှာပင် သူ့ မျက်ခုံးများမှာ အလိုအကျဟန်ဖြင့် အလယ်သို့ ကျုံ့သွား၏။ အလင်းပြာဂြိုဟ် တစ်ခုလုံးတွင် သူ၊ ပိုင်လင်နှင့် ကျန့်ကျန့်တို့ သုံးယောက်သာ ရှိနေခဲ့သည် မဟုတ်ပါလား။

အခြားလူများက ဘယ်မှာနည်း။

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ဝေ့ဝူယင်၏ အမူအရာကို သတိထားမိရာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“သေမျိုးလေး... မင်း ဆက်စပ်မှု စစ်အလံကို သန့်စင်နိုင်တာပဲ ကံကောင်းနေပြီ... စစ်တပ် တစ်ခုလုံးကို အခု ဆင့်ခေါ်နိုင်ဖို့ စိတ်ကူးယဥ် မနေနဲ့”

သူ၏ စကားက ဝေ့ဝူယင်ကို ပို၍ပင် မျက်မှောင်ကြုတ် သွားစေ၏။ သေမျိုးအဆင့်ဖြင့် စစ်အဆောင်ကို သန့်စင်ရန် မဖြစ်နိုင်သည်လား။ စစ်ဝိညာဥ်က အဘယ်ကြောင့် သူ့ကို ရှင်းမပြခဲ့သနည်း။ သူ ဖြူရော်စွာ ပြုံးလိုက်မိ၏။ စကားပြောချင်သည့်တိုင် သူ့တွင် ထိုအတွက်ပင် ခွန်အား မရှိခဲ့ချေ။

ဂီး...

ပိုင်လင်က အတောင်ပံများကို ဖြန့်ကျက်ရင်း တိုက်ခိုက်ရန် အဆင်သင့် ပြင်ထား၏။ ထိုနဂါးခေါင်းဆောင်းနှင့် လူကြီးက ဘယ်သူမှန်း သူမ မသိချေ။ သို့သော်လည်း.. ထိုလူကြီးထံမှ ထွက်ပေါ်နေသည့် အော်ရာက ဝေ့ဝူယင်နှင့် ဆင်တူကြောင်း သူမ သတိထားမိသည်။ သူက ကိုယ်ပွားတစ်ခုလေလော။

ကျန့်ကျန့်မှာ ဝေ့ဝူယင်၏ အခြေအနေကို သတိထားမိရာ သက်ပြင်းတစ်ချက် ချလိုက်၏။

“မင်းရဲ့ မေးခွန်းကို ဖြေရရင် ခုချိန်မှာ ငါတစ်ယောက်တည်းကိုပဲ မင်း သန့်စင်နိုင်သေးတယ်... အခြားလူတွေကို သန့်စင်ဖို့ မင်းမှာ အချိန် ရှိပါသေးတယ်”

ဝေ့ဝူယင်မှာ အံ့အားသင့်သွား၏။ သူ ပါးစပ်ကိုဟာ မေးရန် ပြင်လိုက်သည်။ သို့သော်လည်း... ကျန့်ကျန့်က ကြားဖြတ်၍ ပြောလိုက်၏။

“ဟုတ်တယ်... ငါ မင်းအတွေးတွေကို ကြားနိုင်တယ်... ဒါပေမဲ့ စိတ်ချပါ... မင်း ငါ့ကို ပြောချင်တဲ့ အကြောင်းတွေနဲ့ မင်းရဲ့ စစ်တပ်ကို အမိန့်ပေးချင်တဲ့ အတွေးတွေကိုပဲ ကြားနိုင်တာ... အခြား အတွေးတွေကိုတော့ မကြားနိုင်ဘူး... ဆက်စပ်မှု အလံက ကန့်သတ်ထားတယ်”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ကျန့်ကျန့်က ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက် ချကာ ခေါင်းခါလိုက်သည်။

“ဟုတ်တယ်... မင်းရဲ့ စစ်တပ်လေ... ဘယ်လောက် ရှက်စရာ ကောင်းလိုက်လဲ... ဒီလို သေမျိုးလေးရဲ့ လက်အောက်ငယ်သား ဖြစ်ရတယ်လို့... ဆိုးလိုက်တဲ့ ကံကြမ္မာကွာ”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့် တစ်ယောက် ဝေ့ဝူယင်၏ အမိန့် အားလုံးကို ကြားနေသည်မှာ ရှင်းလင်း လှပေသည်။

“...”

ဝေ့ဝူယင်က တစ်စုံတစ်ရာကို ထပ်၍ တွေးလိုက်၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က နောက်တစ်ကြိမ် သက်ပြင်း ချလိုက်သည်။ ထို့နောက် သူက ဝေ့ဝူယင် လက်စွပ်ထဲရှိ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ ဖြည့်ထားသော ကျောက်စိမ်း ပုလင်းများကို ထုတ်ယူလိုက်၏။

“...”

ဝေ့ဝူယင်၏ အမူအရာ စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် လာခဲ့တော့သည်။

***

All Chapters