ကျန့်ကျန့်၏ စွမ်းအား
Vol. 58 Ch. 801
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ သင်္ဘောသား အနည်းငယ်ဖြင့် လည်ပတ်နေသည့် နောက်ထပ် ထန်မျိုးနွယ် သင်္ဘောတစ်စင်းထံသို့ ရွေ့လျားသွားသည်။ သင်္ဘောသားများမှာ ထိတ်လန့် တုန်လှုပ်သွားကြကာ ချက်ချင်းပင် နောက်ကို ဆုတ်ရန် ကြိုးပမ်း လိုက်ကြ၏။ သို့သော်လည်း... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူတို့သည်လည်း အလားတူ ကံကြမ္မာမျိုးနှင့် ရင်ဆိုင် လိုက်ရလေသည်။
သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ မျက်လုံးများကား ပြူးကျယ် နေခဲ့ပြီ ဖြစ်လေသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူတို့၏ ဟင်းလင်းပြင် သင်္ဘောနှစ်စင်း ကျဆုံး သွားခဲ့လေပြီ...။ သူတို့၏ နှလုံးသားက သွေးများဖြင့် ပြည့်လျှံလာခဲ့၏။ သင်္ဘောတစ်ခုချင်းစီကို ဖန်တီးရန် ဆယ်စုနှစ် များစွာ အချိန်ယူရသည်။ ထို့အပြင်... ၎င်းတို့မှာ တိုက်ခိုက်ရေး သင်္ဘောများ ဖြစ်လေရာ သာမန် သင်္ဘောများထက် ရင်းမြစ်နှင့် အားထုတ်မှုများ ပိုမို လိုအပ်ပေသည်။
“သူတို့က ဘာလို့ ခုထိ မလှုပ်ရှားကြသေးတာလဲ...”
အမျိုးသမီး သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်သည့် မဟူရာ မီးတောက်က အရေးပေါ် လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။ ဟင်းလင်းပြင် သင်္ဘောတစ်စင်းချင်းစီတိုင်းက သူတို့ ထန်မျိုးနွယ်၏ အင်အားများ ဖြစ်သလို တန်ဖိုး မဖြတ်နိုင်သည့် ကြယ်ဝ ချမ်းသာမှု ရင်းမြစ်များလည်း ဖြစ်ပေသည်။ ၎င်းတို့ကို ဖျက်ဆီးပစ်ခြင်းက ထန်မျိုးနွယ်အား ဖျက်ဆီးနေခြင်းနှင့် အတူတူပင်။
ဘုန်း...
တတိယမြောက် သင်္ဘောမှာ ပေါက်ကွဲသွား၏။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် အမှောင် ဟင်းလင်းပြင်က လှပသော မီးတောက် မီးလျှံများနှင့် ပြည့်နှက်လာခဲ့တော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ လျှပ်တစ်ပြက် အတွင်းမှာပင် ထန်မျိုးနွယ်၏ နောက်ထပ် ဟင်းလင်းပြင် သင်္ဘော သုံးစင်းကို ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုက ပိုမို၍ သွက်လက်လာကာ ခန္ဓာ အသစ်ကို ပေါင်းစပ်ထားသည့် စွမ်းအင်များနှင့် အသားကျ လာခဲ့၏။
“သူတို့ ဘာလုပ်နေကြတာလဲ...”
မဟူရာ မီးတောက်မှာ ပိုမို၍ မတည်မငြိမ် ဖြစ်လာ၏။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ မြေကြီး ရှန့်ထိုများက အဘယ်ကြောင့် ထိုအရာကို ခွင့်ပြုထားသနည်း။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူတို့၏ ဟင်းလင်းပြင် သင်္ဘော ဆယ့်ငါးစီး အနက် ခြောက်စီး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ထိုဆုံးရှုံးမှုက အလွန်ပင် ကြီးမားလှ၏။
“...”
အနက်ရောင်ဝတ် ပုံရိပ်များမှာ တိတ်ဆိတ်နေ၏။ ထိုအရာက ကိုယ်ပွား တစ်ခုလော။ စွမ်းအင် အပိုင်းအစ တစ်ခုလော။ သို့တည်းမဟုတ်... ထူးဆန်းသော ကျင့်စဥ် တစ်ခုကြောင့် ထိုကဲ့သို့ ဖြစ်နေသလော။ စတင် မလှုပ်ရှားခင် ထန်မျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောများ ဖျက်ဆီးခံလိုက်ရသည် အထိ စောင့်ဆိုင်းရန် သူတို့ ဆုံးဖြတ်လိုက်ကြ၏။
မည်သို့ပင် ဆိုစေ... သူတို့က အဘယ်ကြောင့် ထန်မျိုးနွယ်ကို ကူညီရမည်နည်း။ သူတို့ ဤနေရာသို့ လာခြင်းမှာ အရိပ်ဥအား ဖျက်ဆီးသွားသည့် မြေကြီးရှန့်ထိုကို လက်စားချေဖို့ ဖြစ်သည်။ ထိုအိမ်မွေး တိရစ္ဆာန်ကိုလည်း သူတို့ စိတ်မဝင်စားချေ။ သူတို့ အတွက် ထန်မျိုးနွယ်က မြေကြီး ရှန့်ထို ထွက်လာအောင် အသုံးချသည့် ကြားခံ လက်နက် တစ်ခုသာ ဖြစ်သည်။
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှ မြေကြီး ရှန့်ထိုများမှာလည်း အခြေအနေကို မည်ကဲ့သို့ ချဥ်းကပ်ရမှန်း မသိကြချေ။ ထန်မျိုးနွယ် သင်္ဘောများ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍လည်း သူတို့တွင် စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိပါချေ။ ထန်မျိုးနွယ်က သူတို့ကို ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေက ကြိုဆိုသည်ဟု အမှန်တကယ် ထင်နေသလော။ မည်မျှ ဉာဏ်တိမ်လိုက်သနည်း။
ဘုန်း... ဘုန်း... ဘုန်း...
နောက်ထပ် သင်္ဘော လေးစင်းမှာ ပေါက်ကွဲ သွားခဲ့ပြန်၏။ အကျိုးဆက် အနေဖြင့် ဝင်္ကပါများမှာ အားလျော့လာကာ ဂြိုဟ်ကို ဝန်းရံနေသည့် ရွှေရောင် အလင်းတန်းများမှာ လုံးဝ ပျောက်ကွယ် သွားလေ၏။ ဖိနှိပ်မှု စွမ်းအားများ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်လေရာ ပိုင်လင်မှာ လွတ်လပ် သွားခဲ့ပြီ ဖြစ်သည်။
“ငါးစင်းပဲ ကျန်တော့တယ်...”
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်စလုံးကို အမှောင် ဟင်းလင်းပြင်ဆီသို့ ဆန့်တန်းကာ လက်သီးများကို ဆုပ်လိုက်သည်။
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ဟင်းလင်းပြင် သင်္ဘော လေးစင်းမှာ ငလျင်လှုပ်သလို တုန်ရီလာ၏။ ထို့နောက်... ၎င်းတို့က ရေကန် တစ်ခုထဲ နစ်ဝင်သွားသလို တွန့်လိမ်၍ အပြီးတိုင် ပျောက်ကွယ် သွားခဲ့တော့သည်။
“သန့်စင်လိုက်တဲ့ အာကာသ စွမ်းအင်တွေ... အချိန် စွမ်းအင်တွေတောင် ပါသေးတယ်... ဒါက ဘယ်လို စွမ်းအင် အမျိုးအစားလဲ...”
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ဝေ့ဝူယင်၏ ဟင်းလင်းပြင် စွမ်းအားကို လျှို့ဝှက် ရည်ရွယ်ချက်နှင့် ပေါင်းစပ်ရင်း အကန့်အသတ်ထိ ရောက်အောင် စမ်းသပ် နေခဲ့၏။ ၎င်းက အာကာသကို ထိန်းချုပ်နိုင်ရုံသာ မကပဲ အချိန်ကိုပါ သက်ရောက် နိုင်စွမ်း ရှိသည်။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ထိုစွမ်းအားကို သုံး၍ အချိန်အာကာသ သဘာဝ ဖြစ်စဥ် တစ်ခုကို ဖန်တီးကာ သင်္ဘောလေးစင်းကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အထင်ကြီးစရာ ကောင်းလောက်အောင်ပင် သူ့ စမ်းသပ်မှုက အောင်မြင်ခဲ့သည်။
“ပျောက်မှတ်... သူက ပျောက်မှတ်တွေကို ဖန်တီးနိုင်တယ်...”
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက တအံ့တသြ ရေရွတ်လိုက်၏။ ကြောက်ရွံ့မှု အငွေ့အသက်များက သူ့ မျက်လုံးများ အတွင်း၌ မွေးဖွားလာသည်။ စောစောပိုင်းက ဂြိုဟ်ပေါ် ကျရောက်သွားခဲ့သည့် သက်တန့်တံတား ကဲ့သို့ အလင်းရောင်ခြည်တန်းကို သူ ပြန်လည် မြင်ယောင် လာမိသည်။
“သူက အာကာသ ဝေဟင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်များလား...”
၎င်းက ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထို တစ်ယောက်တည်း၏ အတွေး မဟုတ်ချေ။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကို ကြည့်နေသည့် လူတိုင်း ထိုကဲ့သို့ပင် ထင်မိကြခြင်း ဖြစ်သည်။
ကျန့်ကျန့်က ထန်မျိုးနွယ်ပိုင် နောက်ဆုံး သင်္ဘောကို လှမ်းကြည့်လိုက်၏။ ၎င်းက သင်္ဘော ဆယ့်ငါးစီးထဲတွင် အကြီးဆုံး ဖြစ်သည့် အပြင်... သေမျိုးတစ်ပိုင်း အရှင် ခုတစ်ယောက် ပါဝင်နေပေသည်။ ၎င်းက နောက်သို့ အဆက်မပြတ် ဆုတ်ခွာကာ မိုင်ထောင်ချီ အကွာကိုပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကျန့်ကျန့်၏ စူးရဲသော အကြည့်များက သားကောင်ကို ရှာဖွေ တွေ့ရှိသွားသည့် သိမ်းငှက် တစ်ကောင် ပမာ ၎င်းအပေါ် တည်မြဲနေ၏။
ထန်ဘိုးဘေး၏ မျက်လုံးများက အကန့်အသတ်ကို ရောက်လုနီးပါး အထိ ကျဥ်းမြောင်း သွား၏။ သူမက အနည်းငယ် တုန့်ဆိုင်းခြင်း မရှိပဲ သွေးမီးတောက်၏ လက်ကို ဆွဲကာ အစွမ်း အထက်ဆုံး ဟင်းလင်းပြင် ခုန်ကျော်မှု နည်းလမ်းကို သုံးလိုက်သည်။ သူမ ပြေးရပေမည်။ အနည်းဆုံး မြေကြီးရှန့်ထိုများဆီ ရောက်သည် အထိ သူမ ပြေးရပေလိမ့်မည်။ သို့မှသာ... သူမ လွတ်မြောက်နိုင်ပေလိမ့်မည်။
ဘုန်း...
သို့သော်လည်း လှုပ်ရှားမှု ကျင့်စဥ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုက်နက် အမှောင် ဟင်းလင်းပြင်က အသေ ဖြစ်နေသည်ကို သူမ တွေ့ရှိလိုက်ရ၏။ ထိုအခိုက်တွင်ပင် အော်ရာ တစ်ခုက ကျဆင်းလာလေရာ သူမ ဆံပင်များပင် ထောင်ထ သွားခဲ့သည်။
အစစ်အမှန် မွေးဖွားခြင်းမှ လူများကို သူမ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ သူတို့က ပတ်ဝန်းကျင်ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ကန့်သတ်ခဲ့ကြောင်း သူမ သိသည့်တိုင် ယခုတွင်တော့ ကိုယ့်ရှူးကိုယ့်ပြန်ပတ် နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ကျင့်စဥ်က ကန့်သတ်ခံလိုက်ရပြီ ဖြစ်သည်။ သူမ ပြေး၍ မရတော့ချေ။
နောက်ပြီး... ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှ မိစ္ဆာအိုကြီးများကလည်း မလှုပ်ရှားသေးချေ။ သူမ အားလုံးကို စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။
ဘုန်း...
ထိုအခိုက်တွင်ပင် ကြောက်မက်ဖွယ် ဝိညာဥ် ဖိအား တစ်ခုမှာ အရှိန်အဟုန်ဖြင့် အပေါ်တည့်တည့်မှ ကျဆင်းလာခဲ့၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် အားလုံး၏ မျက်နှာများက ဖြူရော်သွားကာ အပေါ်ကို မော့ကြည့် လိုက်ကြသည်။ သူတို့ အပေါ်တည့်တည့်သို့ ရောက်ရှိနေသူမှာ တပ်မဟာ ကွန်မန်ဒါ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှ လွဲ၍ အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။ သူက အေးစက်စက် မျက်လုံးများဖြင့် အားလုံးကို ကြမ်းကြုတ်စွာ စိုက်ကြည့် နေခဲ့၏။
“မကောင်းတော့ဘူး...”
အားလုံး၏ အမူအရာများက ကစဥ့်ကလျားဖြစ်သွားခဲ့၏။ ထိုအခိုက်မှာပင် သက်ပြင်းချသံ တစ်ခု ထွက်ပေါ် လာခဲ့သည်။ ထို့နောက် ဂီတသံ ကဲ့သို့ အသံတစ်ခု ပျံ့လွင့်လာသည်။
“တို့တွေ စကားပြောဖို့ အချိန်တန်ပြီ ထင်တယ်... ကိုယ့်လူ”
ကျန့်ကျန့်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားကာ နောက်ကို လှည့်၍ ကြည့်လိုက်၏။ အဇူရာ ဝတ်စုံဝတ် မိန်းကလေး တစ်ယောက်မှာ ထိုနေရာ၌ ရှိနေပေသည်။ သူမ၏ မျက်လုံးများက တည်ငြိမ်နေကာ နားလည်နိုင်စွမ်း ကင်းမဲ့လှ၏။
သူမ၏ ခန္ဓာကိုယ်ကတော့ မည်သည့် အမှီအခိုမှ မပါပဲ လျှို့ဝှက် ရည်ရွယ်ချက်ကို ထုတ်လွှတ်နေသည်။ ရှင်းလင်းစွာပင် အမျိုးသမီးမှာ သူမက မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကြောင်းကျန့်ကျန့်ကို သိစေလိုခြင်းဖြစ်သည်။
ကျန့်ကျန့်က သူမကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။
“အဲ့လို ပြောဖို့ မင်းမှာ အရည်အချင်း ရှိလား”
ထို့နောက် သူက သင်္ဘောဘက်သို့ ပြန်လှည့်ကာ တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ရား...
ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် စွမ်းရည်များက သူ့ခန္ဓာကိုယ် အနှံ့ ဖြန့်ကျက်လာကာ နဂါး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုဟိန်းဟောက်သံက ထန်မျိုးနွယ်ဝင်များ အတွက်တော့ မိုးကြိုး ထစ်ချုန်းသံ တစ်ခုလိုပင်။
ဒဏ်ရာ ရရှိထားသည့် သွေးမီးတောက်၏ မျက်နှာက ချက်ချင်းပင် ဖြူရော်သွားကာ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွား၏။ အခြားသေမျိုးတစ်ပိုင်း အဆင့် များမှာ တောင်ကြီး တစ်လုံး ပိကျလာသလို ဖိအားများကို ခံစားလိုက်ကြရလေသည်။
ဘုန်း... ဘုန်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လျှို့ဝှက် ကြယ်တာရာ အဆင့် နှစ်ယောက်မှာ သွေးမြူများ အဖြစ် ပေါက်ကွဲသွားကြ၏။ နောက်ဆုံး ထွက်သက် မတိုင်ခင် အော်ဟစ်ရန်ပင် သူတို့ထံတွင် အချိန် မရှိခဲ့ပါချေ။ အားလုံး၏ နှလုံးသားများက ပြင်းထန်သော ခံစားချက်များ အတွင်း နစ်မြုပ် သွားကြ၏။
ဘုန်း... ဘုန်း... ဘုန်း...
စက္ကန့်ဝက်မျှ မခြားခင် အချိန်အတွင်းမှာပင် အခြား လျှို့ဝှက် ကြယ်တာရာ အဆင့် သုံးယောက်မှာလည်း ပေါက်ကွဲ သွားကြပြန်၏။
သင်္ဘော ကုန်းပတ် တစ်ခုလုံးကား သွေးများဖြင့် ချင်းချင်းနီရဲ နေခဲ့ပြီ ဖြစ်လေသည်။
***