← Chapters

ထန်းလန် ဧကရာဇ်

Vol. 58 Ch. 804

ထန်းလန် ဧကရာဇ်

Vol. 58 Ch. 804

အလင်းပြာဂြိုဟ်ထက်၌ ဝေ့ဝူယင်မှာ လက်ဟန် မုဒြာ တစ်ခုကို ဖန်တီးရင်း ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ ပိုင်လင်ကတော့ သူ့နံဘေးတွင် ငြိမ်သက်စွာ ဝပ်နေခဲ့သည်။

ဝေ့ဝူယင် လက်ဟန် မုဒြာပို ပြန်ရုတ်သိမ်းရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ကို အသုံးပြုပြီး နောက်တွင် သူ၏ အခြေအနေက အတော်အတန် ပြန်လည် တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်းမှာပင် သူ စုစုပေါင်း ခွန်အား၏ သုံးရာခိုင်နှုန်းခန့်ကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်၏။

“သခင်... အဲဒီကောင်ကြီး အဆင်ပြေရဲ့လား”

ရုတ်တရက် ပိုင်လင်က မေးလိုက်၏။ သူမ၏ မျက်လုံးများက ရွှေရောင် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ အမှောင် ဟင်းလင်းပြင်ကို လှမ်းငေးနေခဲ့၏။

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်နှင့် ထန်မျိုးနွယ်၏ တိုက်ပွဲကို သူမ အစအဆုံး မြင်တွေ့ခဲ့ရသေးသော်လည်း လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်က စ၍ ထိုပုဂ္ဂိုလ်မှာ အရိပ်အယောင်ပင် ရှာမရအောင် ပျောက်ကွယ် သွားခဲ့သည်။ မသိပါက သီးသန့် လောကနယ်မြေ တစ်ခုထဲကို ဝင်ရောက် သွားသလိုပင်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“အဆင်ပြေတယ်... သူ ငါ့ဆီကို အချိန်တိုင်း ဝိညာဥ်အာရုံနဲ့ ဆက်သွယ်နေတယ်.. ဒါပေမဲ့ အသင့်ပြင်ထားတော့... ငါတို့ မကြာခင် ထွက်ကြမယ်”

ပိုင်လင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူမက ထန်မျိုးနွယ်ဝင်များ ထွက်ပြေးသွားသည့် ဘက်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ဝေ့ဝူယင်က ထိုအရာကို သတိထားမိရာ သူမ၏ လည်ပင်းကို ညင်သာစွာ ပွတ်သပ် ပေးလိုက်၏။

“အခု သူတို့ရဲ့ ဟင်းလင်းပြင် သင်္ဘောတွေ အားလုံး ပျက်စီးသွားပြီ... သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက်လည်း သေပြီ... ငါတို့ အရမ်းကြီး လောဘ မကြီးသင့်ဘူး”

“ကျွန်တော်လည်း နှစ်ယောက် သတ်ထားသေးတယ်...”

ပိုင်လင်က ရင်ကို ကော့ရင်း ပြောလိုက်၏။ ဝေ့ဝူယင်က အသာအယာ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ငါ မမေ့ပါဘူးကွာ... နောက်ပြီး မင်း စိတ်ချပါ... ငါ ဒီကိစ္စကို လွယ်လွယ်နဲ့ မေ့မပစ်ဘူး... ဒါပေမဲ့ အမှန်အတိုင်း ဝန်ခံရရင် ထန်မျိုးနွယ် တစ်ခုလုံးကို တစ်ယောက်မကျန် သတ်ပစ်ဖို့တော့ ငါ့မှာ ရည်ရွယ်ချက် မရှိဘူး... ကျန့်ကျန့်က အစွမ်းထက်တယ် ဆိုပေမဲ့ ငါ့ကိုယ်ပိုင် စွမ်းအားတွေက သူ့ကို ကန့်သတ်ထားတယ်... သူ့ကို မျက်စိမှိတ် ယုံလို့ မရဘူး...”

“နောက်ပြီး သူတို့ အားလုံးလုံးကို သတ်ပစ်လိုက်မယ် ဆိုရင် အင်ပါယာ ကလန်က ချက်ချင်း တုန့်ပြန်လာမှာ ကျိန်းသေတယ်... ဝူယု ပြောစကား အရဆို သူတို့က အရမ်း အစွမ်းထက်တယ် တဲ့... လောလောဆယ် ကျန့်ကျန့်လည်း သူတို့ကို နိုင်မှာ မဟုတ်ဘူး”

ဝေ့ဝူယင်က ပိုင်လင်ကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ကာ ရှင်းပြလိုက်၏။ ပိုင်လင်မှာ တစ်ခဏမျှ ငြိမ်သက်သွားသည်။ ထို့နောက် သူမ၏ မျက်လုံးများထဲမှ သတ်ဖြတ်မှု အငွေ့အသက်များက ဖြည်းညင်းစွာပင် လျော့ကျသွား၏။ သူမက နားလည်ဟန်ဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ကျေးဇူးတင်ပါတယ်”

သူမက ဝေ့ဝူယင်ကို ဦးခေါင်းဖြင့် ပွတ်သက်ရင်း လှိုက်လှိုက်လှဲလှဲပင် ပြောလိုက်လေ၏။ သူမက ဉာဏ်ရည် မြင့်မားသည့် သက်ရှိ တစ်ယောက် ဖြစ်လေရာ ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်နှင့် သဘောထားတို့ကို နားလည်ပေသည်။ အမှန်တကယ် ဆိုလျှင် အလင်းပြာကို ရောက်ရောက်ချင်း သူတို့ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖွင့်ကာ ထွက်ပြေး၍ ရသည်။ သို့သော်လည်း သူက ထိုကဲ့သို့ မလုပ်ခဲ့ချေ။

စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေ စွမ်းအား လေးသွယ်လုံးကို သုံးကာ ကျန့်ကျန့်ကို ဆင့်ခေါ်ပေးခဲ့သည်။ သူမ အတွက် အကောင်းဆုံး လက်စားချေပေးခဲ့သည်။ ထိုအရာက လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။

ရန်ငြိုးကို သည်အတိုင်း လက်လွှတ်လက်ဖို့ ရည်ရွယ်ချက် မရှိသည့်တိုင်အောင် ယခုထက် ပိုမို သန်မာလာသည့် အချိန် အထိ သူမ စောင့်မည် ဖြစ်သည်။ ထို့နောက် တိုက်ရိုက် ပါဝင် ပတ်သက်နေသူတိုင်းကို သူမ ကိုယ်ပိုင် စွမ်းအားဖြင့် လက်စားချေမည် ဖြစ်သည်။

ဝေ့ဝူယင် နွေးထွေးစွာ ပြုံးလိုက်မိ၏။ အနီရောင် ဆံပင်များနှင့် ရဲရင့် ပြတ်သားသည့် မိန်းကလေး တစ်ယောက်၏ ပုံရိပ်က သူ့စိတ်ထဲတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

ဟုန်ရု...

သူမက သူ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည့် နောက်ထပ် အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။ လက်ရှိ၌ မိန်းကလေးမှာ ထန်မျိုးနွယ် အတွင်းရှိနေပေသည်။ သူ၏ လုပ်ဆောင်ချက်ကြောင့် သူမ အပေါ် တစ်စုံတစ်ရာ သက်ရောက်သွားမည့် အဖြစ်မျိုး သူ မလိုလားပါချေ။

ဘုန်း... ဘုန်း...

ရုတ်တရက် မိုးကြိုး ထစ်ချုန်း သကဲ့သို့ အသံများမှာ ဆူညံစွာ ထွက်ပေါ်လာ၏။ အမှောင် ဟင်းလင်းပြင်က ငလျင် တစ်ခု လှုပ်ခတ် သကဲ့သို့ တုန်ရီ ယိမ်းထိုးသွားသည်။

ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ မြေကြီး ရှန့်ထို သုံးယောက်မှာ အလျှင်အမြန်ပင် နောက်ဆုတ် သွားကြ၏။ ကျန့်ကျန့် ပျောက်ကွယ်သွားသည့် နေရာက စတင်၍ ပြိုကွဲလာကာ ထူးဆန်းသော မီးခိုးရောင် အလင်းတစ်ချို့ ထွက်ပေါ်လာသည်။ ထို့နောက်...

ဘုန်း...

သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ သူ၏ အနက်ရောင် ဝတ်စုံက စုတ်ပြတ်သတ် နေကာ မျက်နှာဖုံးမှာလည်း အောက်တစ်ခြမ်း ပြတ်ထွက် သွားခဲ့ပြီ ဖြစ်သည်။

နို့နှစ်ရောင် အသားအရည်နှင့် ပတ္တမြားရောင် နှုတ်ခမ်းလေးများ အရ သူမက မိန်းကလေး တစ်ယောက် ဖြစ်ပုံ ရသည်။ သို့သော်လည်း သွေးစီးကြောင်းများမှာ သူမ၏ နှုတ်ခမ်းနှင့် နှာခေါင်းတို့မှ စီးကျ နေခဲ့၏။ သူမက မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အမှောင် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားကာ ငွေရောင် အလင်းတန်း တစ်ခု အသွင် ပျောက်ကွယ် သွားခဲ့တော့သည်။

“အား...”

ထိတ်လန့် တုန်လှုပ်ဖွယ် နာကျင်နေသည့် အော်ဟစ်သံ တစ်ခုမှာ ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေမှသည် ပတ်ဝန်းကျင် နယ်မြေများ အထိ ပျံ့နှံ့သွား၏။

ထို့နောက် အမှောင် ဟင်းလင်းပြင်က နောက်တစ်ကြိမ် လှုပ်ရှားလာကာ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက နဂါးခေါင်းဆောင်းနှင့် စစ်သံချပ်ကာ ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ပင်။ သူ့လက်ထဲတွင်တော့...

“ဘုရားရေ...”

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ မျက်လုံးများမှာ အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ပြူးကျယ် သွားခဲ့၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ အနည်းငယ်ပင် ထိခိုက် ဒဏ်ရာရထားပုံ မပေါ်သလို သူ့သံချပ်ကာ ထက်တွင်လည်း ခြစ်ရာ တစ်ခုပင် မရှိချေ။

သူ့လက်ထဲတွင်တော့ မျက်နှာဖုံးတပ် ခေါင်းတစ်ခေါင်း ရှိနေခဲ့၏။ ၎င်းလည်၏ လည်ပင်းဆီမှ အညိုဖျော့ရောင် သွေးများမှာ တစ်စက်စက် စီးကျ နေပေသည်။ မျက်နှာဖုံးကြောင့် မျက်နှာ အမူအရာကို သူတို့ မမြင်နိုင်သည့်တိုင် စောစောက ကြားလိုက်ရသည့် ကြောက်မက်ဖွယ် အော်သံကြီးက အရာအားလုံးကို ပြောပြနေပေသည်။

ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုမှာ တံတွေးတစ်ကျိုက် မြိုချလိုက်မိ၏။ ကျန့်ကျန့်က ခေါင်းကို ကိုင်ရင်း ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုကို လှမ်းကြည့် လိုက်သည်။ မြေကြီး ရှန့်ထို သုံးယောက် စလုံးမှာ လန့်ဖျပ်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကြ၏။

“ငါသွားတော့မယ်..”

ကျန့်ကျန့်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ ထို့နောက် သူက ထူးမခြားနားဟန်ဖြင့် လက်ထဲရှိ ခေါင်းကို သူတို့ထံ ပစ်ပေးလိုက်သည်။ ပြီးသည်နှင့် အလွန် လျှင်မြန်စွာပင် အလင်းပြာဂြိုဟ်ထံ ပျံသန်း သွားခဲ့တော့၏။

ဝှစ်...

ဝိညာဥ် မြှင့်တင်ခြင်းရှန့်ထိုမှာ ဖိအားကြီး လျော့ကျသွားဟန်ဖြင့် သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်၏။ ထို့နောက်... သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဦးခေါင်းပြတ်ကို ဟန့်တား လိုက်သည်။ ဆက်တိုက် ဆိုသလိုပင် နောက်ထပ် လက်တစ်ဖက်နှင့် အတူ မျက်နှာဖုံးကို ခွာလိုက်၏။

ထိုကျင့်ကြံသူ၏မျက်နှာကို မြင်တွေ့လိုက်ရသော အခိုက်တွင်တော့ သူတို့၏ မျက်လုံးများက ပြူးကျယ်သွားကာ နှလုံးသားများ ကသောင်းကနင်း ဖြစ်သွားခဲ့တော့သည်။

ဟူး... ဟူး...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကျန့်ကျန့်မှာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ အရှေ့သို့ ရောက်ရှိလာခဲ့၏။ သူက ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“လေးမိနစ်ပဲ ကျန်တော့တယ်”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ကျန့်ကျန့်က အခြား ဘာစကားမှ ထပ်မပြောတော့ချေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို မီးခိုးရောင် အလင်းဖြင့် လွှမ်းခြုံလိုက်၏။ ပြီးသည်နှင့် သူကိုယ်တိုင်လည်း အလင်းတန်း တစ်ခု အသွင် ပြောင်းလဲသွားကာ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင် ပျောက်ကွယ် သွားခဲ့တော့သည်။

မိုင်ပေါင်း တစ်သိန်းခန့် ကွာဝေးသည့် တစ်နေရာ၌...

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ မြေကြီးရှန့်ထို သုံးယောက်မှာ အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မြော နေသည့် ခေါင်းကို ‌ငေးမော ကြည့်နေခဲ့သည်။ တစ်ခဏ ကြာပြီးနောက် ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ခေါင်းပြတ်က တစ်ချက် လှုပ်ရှားသွားကာ ခြေရာပင် မကျန်ရစ်ပဲ ပျောက်ကွယ် သွားသည်။

ဝိညာဥ် ဉာဏ်အလင်းရှန့်ထိုနှင့် ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုတို့မှာ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။ တစ်ယောက် မျက်လုံးထဲမှ သဘောထားကို အခြား တစ်ယောက်က နားလည် လိုက်ကြပေသည်။

“သူ ကြယ်တာရာ နယ်မြေထဲက ထွက်သွားပြီ...”

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက သက်ပြင်း တစ်ချက် ရှိုက်လိုက်၏။ စက္ကန့် အနည်းငယ္ အတွင်းမှာပင် မီးခိုးရောင် အလင်းတန်းမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ ပိုင်နက် အတွင်းမှ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ဤသည်က ပြဿနာ အားလုံး ပြီးဆုံးသွားခြင်းလော သို့မဟုတ် ကြောက်မက်ဖွယ် ကပ်ဘေး တစ်ခု၏ အဆုံးသတ်လော ဆိုတာကိုတော့ သူမလည်း မသိပါချေ။

ဝိညာဥ် မြှင့်တင်ခြင်း လက်သီးကို ဆုပ်လိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... မြေကြီး ရှန့်ထို တစ်‌ယောက် အနေဖြင့် သူမ လျှို့ဝှက်ချက်ကတော့ ‌ပေါ်သွားခဲ့ပြီ ဖြစ်သည်။ ထပ်မံ ဖုံးကွယ်ထား၍ ရတော့မည် မထင်ချေ။ သူမ ပြင်ဆင်မှုများ ပြုလုပ်ရပေတော့မည်။ အတွေးနှင့် အတူ သူမက ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုဘက်သို့ လှည့်ကာ ပြောလိုက်၏။

“အစီရင်ခံဖို့ အတွက် ရှင့်ကိုပဲ တာဝန်လွှဲလိုက်တော့မယ်... တစ်ခုခု ထူးခြားတာ ရှိရင် ကျွန်မရဲ့ ရှန့်ထို ခန်းမကို ဆက်သွယ်လိုက်ပါ”

ထို့နောက် သူမက အဇူရာ အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့၏။ အခြား မြေကြီး ရှန့်ထို နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

“သင်္ကေတ ငါးခု...”

ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက ပြုံးလိုက်၏။ ထို့နောက် သူသည်လည်း ဓားဟိန်းဟောက်သံ တစ်ခုနှင့် အတူ ပျောက်ကွယ် သွားခဲ့လေသည်။

ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက သက်ပြင်းတစ်ချက် ချလိုက်၏။ သူ့အာရုံ၌ ခေါင်းပြတ်၏ ပုံရိပ်က ပြန်လည် ထင်ဟပ် လာခဲ့သည်။ ကြယ်ကိုးပွင့် ဝိညာဥ် ရှန့်ထို၏ အမိန့်ကို သူ ပြန်လည် သတိရလိုက်မိ၏။ သူ့ မျက်နှာထက်ရှိ ရှုပ်ထွေးမှုများက အနည်းငယ် ပြေလျော့သွားသည်။

“အဲဒါကြောင့်လား...”

ခေါင်းပြတ်ကား...ထန်းလန် ကြယ်တာရာ နယ်မြေ၏ ထန်းလန် ဧကရာဇ်ပင် ဖြစ်လေသည်။ ထန်းလန် ကြယ်တာရာ နယ်‌မြေမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ကြယ်တာရာ နယ်မြေ နှစ်ဆယ့် သုံးခု အနက် ဆယ့်သုံးခုမြောက် အင်အား အကြီးဆုံး နယ်မြေ တစ်ခု ဖြစ်သည်။ ထန်းလန် ဧကရာဇ်မှာ ထန်းလန် ကြယ်တာရာ နယ်မြေ၏ မြေကြီးရှန့်ထို နှစ်ယောက် အနက်မှ တစ်ယောက်ပင် ဖြစ်လေသည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ဘယ်တုန်းကမှ အတည်မပြုနိုင်သည့် သီအိုရီ တစ်ခု ရှိခဲ့ပေသည်။ ၎င်းကား... ဂုဏ်သိက္ခာ ကြီးမြင့်သည့် မြေကြီးရှန့်ထို အချို့နှင့် အစစ်အမှန် မွေးဖွားခြင်းတို့ အကြားတွင် ဆက်စပ် ပတ်သက်မှုများ ရှိသည် ဟူ၍။

ကောလဟလများ အရ ဆိုလျှင်... လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ချစားမှုတို့နှင့် အတူ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ အဖွဲ့ဝင် အချို့ပင် ထိုဒုစရိုက်မှု အတွင်း ပါဝင်ကောင်း ပါဝင်နေနိုင်သည်ဟု သိရသည်။

“နဂါးခေါင်းဆောင်းနဲ့ ပုဂ္ဂိုလ်က မေးခွန်းတွေ အများကြီးကို ဖြေပေးလိုက်တာပဲ...”

ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူသည်လည်း ရွှေရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့၏။

***

All Chapters