← Chapters

လျှို့ဝှက် ဘာသာစကား

Vol. 58 Ch. 808

လျှို့ဝှက် ဘာသာစကား

Vol. 58 Ch. 808

"ထာဝရ ဧကရာဇ်ရဲ့ မျက်လုံး ကျင့်စဥ်ကို ခင်ဗျား မသိတာလားဗျ... ခင်ဗျားတို့ရဲ့ အနန္တ ဧကရာဇ် တာအို နန်းတော်ထဲမှာတောင် ရှိနေတာကို”

ဝေ့ဝူယင် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်မိ၏။

“အနန္တ ဧကရာဇ် တာအို နန်းတော်ထဲမှာလား... သူက အဲဒီ နည်းလမ်းကို ကျင့်ကြံခဲ့လို့လား...”

ဝူယုမှာ နားလည်ရ ခက်ခဲနေဟန် ရ၏။

“ကျုပ် သိသလောက်ဆို ထာဝရ ဧကရာဇ်က အဲဒီလို နာမည်မျိုးနဲ့ မျက်လုံး အစီအရင်ကို မကျင့်ကြံဖူးပါဘူး... သူက အဆုံးမဲ့ ထာဝရ မျက်လုံး ဆိုတဲ့ သစ်သားဓာတ် အခြေပြု မျက်လုံး ကျင့်စဥ်ကိုပဲ ကျင့်တာ... ကောင်းကင်ဘုံ နတ်မျက်လုံး ဆိုတာက အဲဒါရဲ့ မူယင်း နာမည်လား မသိဘူး... သခင်လေးရဲ့ ကျင့်စဥ်ကရော သစ်သား အခြေပြုလား”

ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။ သူ၏ အမူအရာက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက် နေသည်။ ထိုအရာက မည်ကဲ့သို့ လွဲချော်နေရသနည်း။ ထို့ပိဟန် ပြောပုံ အရဆိုလျှင် ထာဝရ ဧကရာဇ်မှာ...

နေဦး...ထို့ပိဟန်က ထိုအကြောင်းကို မည်ကဲ့သို့ သိမည်နည်း။

ငွေရောင် မျက်လုံးများကြောင့်လော...။

ဝေ့ဝူယင် ပိုမို၍ စိတ်ရှုပ်ထွေး လာခဲ့၏။ ၎င်းက အဓိပ္ပာယ် သိပ်မရှိချေ။ အဘယ်ကြောင့် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်က အနန္တ ဧကရာဇ် တာအို နန်းတော်ထဲတွင် ရှိနေရသနည်း။ အဘယ်ကြောင့် ထို့ပိဟန်က ထာဝရ ဧကရာဇ် ကျင့်ကြံခဲ့သည်ဟု အတိအကျ ပြောသနည်း။ သို့တည်းမဟုတ်... ဝူယု လွဲမှား နေခြင်းလော။

“အဆုံးမဲ့ ထာဝရ မျက်လုံး အကြောင်း ခင်ဗျား ဘာသိသေးလဲဗျ...”

ဝေ့ဝူယင် သေချာအောင် မေးလိုက်၏။ ဝူယုက လျှင်လျှင်မြန်မြန်ပင် ပြန်လည် ဖြေလိုက်သည်။

“အဲဒီ မျက်လုံးက သစ်သား အခြေပြုတဲ့ ရုပ်ဝတ္ထု မှန်သမျှကို တိုးတက်အောင် လုပ်ဆောင် ပေးနိုင်တယ်... တစ်နည်း ပြောရမယ် ဆိုရင် သစ်သား အမတေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ် ဆိုပါတော့လေ... အဲဒီ အဆုံးမဲ့ ထာဝရ မျက်လုံးတွေကပဲ ထာဝရ ဧကရာဇ်ရဲ့ အဂ္ဂိရတ် စွမ်းရည်ကို နောက်တစ်ဆင့် မြင့်တက် စေခဲ့တာ... သူ ဖန်တီးခဲ့သမျှ အဂ္ဂိရတ် ထုတ်ကုန်တွေ အကုန်လုံး နီးပါးက သစ်သားဓာတ်ကို အခြေခံ ထားကြတာ ချည်းပဲ... သခင်လေး အဲဒါကို သတိမထားမိဘူးလား”

ဝေ့ဝူယင် တိတ်တဆိတ်ပင် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံး၊ ထာဝရ ခြေချခြင်း ဆေးလုံးနှင့် အခြား အဂ္ဂိရတ် ထုတ်ကုန်များကို ပြန်လည် တွေးကြည့်လိုက်၏။ ထိုအခါ ဝူယု ပြောတာ အမှန်ပင် ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ထို့အပြင်... သူ နေသွေးနီနီဂိုဏ်းတွင် ကျင့်ကြံစဥ် အခါက ထာဝရ ဧကရာဇ်မှာ သစ်သား ဒြပ်စင် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ကြားခဲ့ဖူးသေးသည်။ အဆင့်နိမ့်ဂိုဏ်း တစ်ဂိုဏ်း၏ မှတ်တမ်းများကို သူ မယုံရဲခဲ့ခြင်းသာ ဖြစ်ပေသည်။

“...”

ဝေ့ဝူယင် တိတ်တဆိတ်ပင် ဆက်လက် တွေးတောနေခဲ့၏။ ဖြစ်စဥ်များက မည်ကဲ့သို့ လွဲချော်နေရသနည်း။ သူက မျက်မှောင်ကြုတ်ကာ ဆက်လက်၍ ရှင်းလင်းအောင် မေးလိုက်၏။

“သူ ဒုတိယမြောက် မျက်လုံး ကျင့်စဥ်ကို မကျင့်တာ သေချာပါတယ်နော်”

ဝူယုက ဝေ့ဝူယင်ကို ကြည့်ကာ ပြုံးလိုက်သည်။

“မျက်လုံး ကျင့်စဥ်တွေကို ကျင့်ကြံရတာ အရမ်း ခက်ခဲတယ် ဆိုတာ သခင်လေး သိသင့်ပါတယ်... မျက်လုံး ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အထိခိုက် အလွယ်ဆုံး တစ်ခုပဲလေ... ရှင်းအောင် ပြောရရင် မျက်လုံး ကျင့်စဥ် ပြောင်းတာက မျက်လုံးတွေကို ထုတ်ပြီး အသစ်တပ်လိုက်သလိုပဲ... အဆုံးမဲ့ ထာဝရ မျက်လုံး ကျင့်စဥ်ကို ကျုပ် အတော်လေး ရင်းနှီးပါတယ်... ပြောရရင် ကျုပ် ကိုယ်တိုင်ကိုယ်ကျတောင် လေ့လာဖူးတယ်... နောက်တစ်ခု ထပ်လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူး... သခင်လေးရဲ့ မျက်လုံး ကျင့်စဥ်ကရော အဲဒီလို နောက်ထပ် နည်းလမ်း တစ်ခု ထပ်ပေါင်း ထည့်လို့ရလား”

“...”

ဝူယု‌ ပြောသည့် အရာက အမှန်တရားပင် ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိ နားလည်လိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်မှာ သူ့မျက်လုံးများထဲ၌ ထာဝရ စွဲမြဲ နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ၎င်းကို ပြောင်းလဲ လိုပါက မျက်လုံးကို ဖျက်ဆီးကာ အသစ်တစ်ဖန် ကျင့်ကြံမှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကောင်းကင်ဘုံ နတ်မျက်လုံး၏ ဝင်္ကပါ သုံးခုမှာ သူ့အသိစိတ် ပင်လယ်၊ စိတ်မျက်လုံးနှင့် မျက်လုံးများထဲတွင် အမြစ်တွယ် နေချေပြီ ဖြစ်သည်။ ၎င်းတို့ကို ဖယ်ရှားပစ်ရန် အတွက်ကား...။

သို့သော်လည်း... ဝူယု အမှန်တရားကို ပြောနေခြင်း ဆိုလျှင် ထို့ပိဟန်က အဘယ်ကြောင့် ထိုကဲ့သို့ အခိုင်အမာ ပြောရသနည်း။ သူက ငွေ‌ရောင် မျက်လုံးများကိုပင် ဆက်စပ် ပြလိုက်သေးသည်။ ထို့ပိဟန် အဘယ်ကြောင့် ထိုကဲ့သို့ တွေးသည်ကို သူ ရှာဖွေဖို့ လိုအပ်နေပြီ ဖြစ်သည်။

“သခင်လေးရဲ့ မျက်လုံးတွေ ပြန်ကောင်းပါ့မလား...”

ဝူယုက စိုးရိမ် ပူပန်စွာ မေးလိုက်၏။ အချို့သော ကျင့်စဥ်များမှာ ကျင့်ကြံသူ တစ်ယောက်၏ တစ်သက်တာ လမ်းစဥ်နှင့် ဆက်စပ်နေကြောင်း သူသိပေသည်။ ဥပမာ... ထန်မျိုးနွယ်၏ ကျင့်စဥ် ဆိုလျှင် မြေကြီး ရှန့်ထို အဆင့်သို့ ရောက်သည် အထိ တစ်ဖြောင့်တည်း ဖြစ်သည်။

“ကျုပ် အဆင်ပြေသွားမှာပါ... ဖြေရှင်းဖို့ နည်းလမ်းတွေ ကျုပ် တွေးထားပြီးပါပြီ... ဒါနဲ့ ခင်ဗျား လျှို့ဝှက် တာရာ မိုင်းတွင်းကို စောင့်ရတာ အဆင်ပြေတယ် မလား”

ဝေ့ဝူယင်က စကားလမ်းကြောင်း ပြောလိုက်၏။ ဝူယုက ဝိညာဥ်ငလျင် တစ်ခု လှုပ်သွားသည်မှ အပ အကုန် အဆင်ပြေကြောင်း ပြောပြလိုက်သည်။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ဒါဆိုလည်း မိုင်းတွင်းကို သိမ်းကြတာပေါ့ဗျာ...”

ထို့နောက် သူက မြေကြီးကို ထိကာ ချိုက်လျှို့ယန်၏ လျှို့ဝှက် အဆင့် လက်စွပ်နှင့် ချိတ်ဆက်လိုက်၏။ လေတိုးသံ တစ်ချို့နှင့် အတူ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မိုင်းတွင်းကြီး တစ်ခုလုံး ပျောက်ကွယ် သွားသည်။

“...”

ဝူယု၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွား၏။

“သ... သခင်လေး... ဒါက...”

လျှို့ဝှက် အဆင့် ပစ္စည်းများကို ဟင်းလင်းပြင် လက်စွပ်များထဲတွင် ထည့်သွင်း သိုလှောင်၍ မရကြောင်း သူ သိရှိပြီး ဖြစ်သည်။ အခန့်မသင့်လျှင် ထိုအရာက ပျောက်ကွဲမှု အကြီးစားများကိုပင် ဖြစ်ပေါ် နိုင်စွမ်း ရှိ၏။

ဝေ့ဝူယင်က လက်စွပ်ကို ကြည့်ကာ ပြုံးလိုက်၏။

“ကျုပ်မှာ လျှို့ဝှက် အာဏာရှင် အဆင့်နဲ့ ပတ်သက်ပြီး မေးစရာတွေ ရှိတယ်... ခင်ဗျား အဖြေပေးနိုင်ဖို့ မျှော်လင့်ပါတယ်... ပထမဆုံး မေးခွန်း လျှို့ဝှက်ဘာသာစကား အကြောင်း ခင်ဗျား ဘာလို့ တစ်ခါမှ မပြောဖူးတာလဲဗျ”

“လျှို့ဝှက် ဘာသာစကားဟုတ်လား...”

ဝူယုမှာ အနည်းငယ် အံ့သြသွားဟန် ရ၏။ သို့သော်လည်း အချိန်တစ်ခဏ ကြာပြီးနောက် သူ့ အမူအရာက တဖြည်းဖြည်းနှင့် လေးနက်လာသည်။ တစ်စုံတစ်ရာက သူ့စိတ်အတွင်း လောင်ကြွမ်းနေကာ သူ့အတွေးများကို တွန်းအားပေးနေသလို ခံစားရ၏။

“သခင်လေး ဘယ်ကနေ အဲဒီ အကြောင်း သိလာတာလဲ”

ဝူယု၏ တုန့်ပြန်မှုက ဝေ့ဝူယင်ကို စိတ်ဝင်စား သွားစေသည်။ စစ်မြေပြင်တွင် ဆိုလျှင် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ လျှို့ဝှက် ဘာသာစကားဖြင့် ပြောဆို ဆက်သွယ်ကြသည်။ ထို့အပြင်... ကွန်မန်ဒါ စာရင်း၌ ပါဝင်နေသည့် မြေကြီး အထွတ်အထိပ် အဆင့် အလွန် ကျင့်စဥ် အားလုံးမှာလည်း လျှို့ဝှက် ဘာသာစကားဖြင့်သာ ရေးသားထားခြင်း ဖြစ်သည်။

ဝေ့ဝူယင်က လျှို့ဝှက် ဘာသာစကားအား သူ မည်သို့မည်ပုံ သိလာကြောင်း ဝူယုကို အချိန်ကုန်ခံ ရှင်းပြ မနေတော့ချေ။ ထို့အစား... ဟင်းလင်းပြင် လက်စွပ်ကို ထိကာ လောက အဆင့်နိမ့် ကျင့်စဥ် တစ်ခုကို ဆက်သွယ်လိုက်၏။

ထိုကျင့်စဥ်နှင့် ပတ်သက်သည့် အခြေခံ ဖော်ပြချက် အကြောင်း ဖတ်ပြစဥ် အခါက စစ်ဝိညာဥ်မှာ လျှို့ဝှက် ဘာသာစကားကိုသာ အသုံးပြုခဲ့သည်။ ဝေ့ဝူယင်က ဘာသာပြန် ပေးရန် တောင်းဆိုသော အခါ၌ သူမက ထိုကဲ့သို့ မလုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့သည်။

လျှို့ဝှက်ဘာသာစကားမှာ သေမျိုးများ အလှမ်းမှီနိုင်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ထက် ကျော်လွန်နေသလား ဝေ့ဝူယင် မသိပါချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... ယခုတွင်တော့ ထိုသီအိုရီကို စမ်းသပ်ရန် သူ့ရှေ့တွင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ဝူယု ကဲ့သို့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က အဘယ်ကြောင့် လျှို့ဝှက်ဘာသာစကား အကြောင်း မပြောဖူးသည်ကိုလည်း သူ သိချင်မိသည်။

ဝှစ်...

ဝေ့ဝူယင်က စာအုပ်ကို ဆွဲထုတ်လိုက်သည်။ ခပ်ထူထူ အဖုံး မျက်နှာပြင်ထက်၌ အချွန် အတွန့်များဖြင့် စကားလုံးများကို ရေးသားထားသည်။ ၎င်းတို့ထံမှ ထူးဆန်းသည့် အလင်းရောင်များ ထွက်ပေါ်နေသော်လည်း ဝေ့ဝူယင်မှာ မျက်စိကန်းနေရာ မြင်နိုင်စွမ်း မရှိပါချေ။

“ဟမ်...”

စာအုပ်ကို ကြည့်ရင်း ဝူယုမှာ ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ ၎င်း၏ မျက်နှာဖုံးထက်တွင် ရေးထိုးထားသည့် စကားလုံးများက အနန္တ ဧကရာဇ် ကျမ်းစာထက်ရှိ စကားလုံးများနှင့် ဆင်တူပေသည်။ သို့သော်လည်း ၎င်း၏ အော်ရာကတော့ အနန္တ ဧကရာဇ် ကျမ်းစာနှင့် ကွဲပြားလှကာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ အရှိန်အဝါမျိုးကို ထုတ်လွှတ်နေချေသည်။

“အဲဒီ စာအုပ်က အနန္တ ဧကရာဇ် ကျမ်းစာနဲ့တောင် ဆင်သလိုပဲ...”

ဝူယုက မှတ်ချက်ပြုလိုက်၏။ ဝေ့ဝူယင်က ဘာမှ ပြန်မပြောပဲ စာအုပ်ကို ဝူယုထံ အသာအယာ တွန်းပို့ ပေးလိုက်သည်။ ထို့နောက် ၎င်းအား ယူရန် အမူအရာ ပြလိုက်၏။

ဝူယု၏ အမူအရာက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် သွားသည်။ သို့သော်လည်း သူက စာအုပ်ကို ချက်ချင်း မယူသေးပဲ ဝေ့ဝူယင်ကိုသာ အရင် ကြည့်လိုက်သည်။

“အနန္တ ဧကရာဇ် ကျမ်းစာမှာ ဆိုရင် အခြေခံ တည်ဆောက်ခြင်း အဆင့်၊ ချီပျစ်ခဲခြင်း အဆင့်၊ ကြယ်တာရာ အမြုတေ အဆင့်တွေ အတွက် လမ်းညွှန်ချက်နဲ့ လျှို့ဝှက်ချက်တွေပါတယ်... နောက်ပြီး အစီအရင်တွေ၊ ကျင့်စဥ်တွေ၊ တွဲဖက် အသုံးပြုရမယ့် အဂ္ဂိရတ် ထုတ်ကုန်တွေ အတွက် ဆေးညွှန်းတွေနဲ့ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကိုပါ ထည့်သွင်းထားတယ်”

အနန္တ ဧကရာဇ်မှာ အချက်အလက်များကို သိုလှောင်ထားသည့် စာအုပ် တစ်အုပ်မျှသာ မကပါချေ။ ၎င်းအား အစီအရင် ဗဟိုအဖြစ် အသုံးပြုနိုင်သလို အဆောင်တစ်ခု အနေဖြင့်လည်း အသုံးပြုနိုင်ပေသည်။ ထို့အပြင် ၎င်းကို လက်နက် တစ်ခု အဖြစ်လည်း ပြောင်းလဲ သုံး၍ ရသေးသည်။ ၎င်းက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲ၍ ရသည့် လက်နက် တစ်ခုပင်။

“ဒီစာအုပ်ကရော အတူတူပဲလား...”

ဝူယုက သူ့စကားကို ‌မေးခွန်း တစ်ခုဖြင့် အဆုံးသတ်လိုက်၏။ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုအဖြေကို သူ မသိပါချေ။ ထိုအရာက ကျင့်ကြံခြင်း နည်းလမ်းကို မှတ်တမ်းတင်ထားသည့် စာအုပ် တစ်အုပ်သာ ဖြစ်လောက်ပေသည်။ တစ်ခဏမျှ စဥ်းစားပြီးနောက် သူက ဟင်းလင်းပြင် လက်စွပ်ထဲမှ ပုရပိုက်လေး တစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်း၏ မျက်နှာပြင်ထက်၌ လျှို့ဝှက် ဘာသာစကားဖြင့် များစွာသော စကားလုံးများကို ရေးသားထားပေသည်.

ဆက်စပ်မှု စစ်မြေပြင်မှ မထွက်ခွာခင်... ဖလှယ် ရယူခဲ့သည့် ပစ္စည်း တစ်ခုချင်းစီ အတွက် ဖော်ပြချက်များအား လျှို့ဝှက် ဘာသာစကားဖြင့် ချ‌ရေးပေးဖို့ စစ်ဝိညာဥ်ထံ ဝေ့ဝူယင် အကူအညီတောင်းခံ ခဲ့ခြင်း ဖြစ်သည်။

“ဒါကို အရင်ကြည့်ကြည့်...”

ဝေ့ဝူယင်က ပုရပိုက်ကို ပစ်ပေးလိုက်၏။ ဝူယုက ထိုအရာကို လက်ခံကာ စိတ်ထဲမှ ဖတ်လိုက်လေတော့သည်။

***

All Chapters