သွေးမူလ နည်းလမ်း
Vol. 58 Ch. 809
ထုတ်ကုန်... (အဆင့်နိမ့် လောက) သွေးမူလ နည်းလမ်း
ဖလှယ်မှု နှုန်းထား... စစ်ဝိညာဥ် ၁၁၀၀၀၀
ရရှိနိုင်မှု.... ကွန်မန်ဒါ
ဖော်ပြချက်... မူလ အမတေ၊ သွေးအမတေနှင့် လျှို့ဝှက် ရည်ရွယ်ချက်တို့ကို ဆက်သွယ်နိုင်သည့် နည်းလမ်း တစ်ခု...။ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် သိုလှောင်မှုကို ကျယ်ပြန့်လာအောင် လုပ်ဆောင်ပေးနိုင်...။ သွေးအမတေကို သွေးမူလ အမတေ အဖြစ် အသွင်ပြောင်းပေးနိုင်။ ၎င်းက မူလ နှလုံးသား တစ်ခု အဖြင့် ဆင့်ကဲ တိုးတက်လာကာ လျှို့ဝှက် စွမ်းအင်များ အတွက် ဒုတိယမြောက် ထျန်းတျန် အဖြစ် လုပ်ဆောင်ပေးနိုင်။
အဆင့် သုံးဆင့်... သွေးသုံးဆ အဆင့်၊ သွေးလောက အဆင့်၊ သွေးနှလုံးသား အဆင့်...
သွေးသုံးဆ အဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက သင်္ကေတ ခုနစ်ခုနှင့် အတူ လျှို့ဝှက် အာဏာရှင် တတိယ အဆင့်ကို ခြေချနိုင်... လျှို့ဝှက် သင်္ကေတ ရှစ်ခု ထိ ရောက်ရှိဖို့ အခွင့်အရေးများ...။
သတိပေးချက်... မြေကြီး အဆင့်နိမ့်နှင့် အောက် ခန္ဓာ ပိုင်ရှင်များ ကျင့်ကြံရန် မသင့်၊ သေဆုံးရန် အလွန် အခွင့်အရေးများ။
...
ဖတ်ရင်း ဖတ်ရင်း ဝူယု၏ အမူအရာက ပြောင်းလဲ လာ၏။ သူ၏ အလေးအနက် စဥ်းစားဟန်ဖြင့် မျက်လုံးများကို ကျဥ်းမြောင်းရင်း ခပ်တိုးတိုး ရေရွတ် လိုက်လေသည်။
“မူလ အမတေ... အဲဒါက ဟန်ရှဲ့ ထုတ်ယူ သန့်စင်ဖူးတဲ့ဟာ မဟုတ်ဘူးလား... သူက အဲဒီလမ်းစဥ်မှာအတော် ပါရမီ ပါတယ်”
“ဟမ်...”
ဝေ့ဝူယင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ဝူယုမှာ “မူလ အမတေ” ဆိုသည့် အရာကို လျှို့ဝှက် ဘာသာစကားဖြင့် ပြောသွားခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်အရာများကတော့ ယနေ့ခေတ် ဘာသာစကားဖြစ်ပေသည်။
“ထူးဆန်းတယ်...”
ဝူယု၏ အမူအရာက ပိုမို စိတ်လှုပ်ရှားလာပုံ ပေါ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“ ဒီစာတွေကို ကျုပ် ဖတ်လို့ရတယ်....”
ထိုစကားလုံးများမှာ အနန္တ ဧကရာဇ် ကျမ်းစာပေါ်တွင် ရေးထိုးထားသည့် စကားလုံးများနှင့် မတူသလို သူ တစ်ခါမှ တွေးဖူးခြင်း မရှိသည့် စကားလုံးများ ဖြစ်သည်။ ဝူယု၏ အမူအရာက နောက်တစ်ဖန် ပြန်လည် တွေဝေသွားကာ အတွေးနက်သွားဟန်ရ၏။
ဝေ့ဝူယင်က ဘာမှ ထပ်မမေးတော့ချေ။ ထို့အစား ဝူယုကိုသာ သူ အသစ်ရှာဖွေ တွေ့ရှိနေသည့် အရာကို ချေဖျက်ခွင့် ပြုထားလိုက်၏။ သို့သော်လည်း... သူ့သီအိုရီ တစ်ခုကိုတော့ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်းမှာ လျှို့ဝှက် ဘာသာစကားကို အလိုအလျောက် နားလည် တတ်ကျွမ်းနိုင်ကြသည်။ စစ်မြေပြင်၌ လျှို့ဝှက် အာဏာရှင် အဆင့်များ ပြောသည်ကို သူ အတုခိုး၍ လိုက်လံ အသံထွက်ကြည့်ဖို့ ကြိုးစားခဲ့သေးသည်။ သို့သော်လည်း လည်ချောင်းက ထိုအသံများအား မထွက်နိုင်သည်ကို သူ သတိထားမိ၏။
“ဘယ်လိုလုပ်ပြီး တစ်ခါမှ မတွေ့ဖူးတဲ့ ဘာသာစကားကို ငါ နားလည်နေရတာလဲ...”
မိနစ် အနည်းငယ် ကြာပြီးနောက် ဝူယုက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။ သူ၏ လေသံက အလွန်အမင်း အံ့အားသင့်နေဟန် ရ၏။ ကြည့်ရသည်က လျှို့ဝှက် အာဏာရှင် အဆင့် အပေါ် သူ့နားလည်မှုက အောက်ခြေ အဆင့်၌သာ ရှိနေသေးသည့်ပုံပင်။ မည်သို့ပင် ဆိုစေကာမူ သူက လျှို့ဝှက် အာဏာရှင် အဆင့်နှစ်တွင်သာ ရှိနေသေးလေရာ ထိုအရာက အဓိပ္ပာယ် ရှိပေသည်။
“ကျုပ်တို့ အနှေးနဲ့ အမြန် အဖြေကို ရှာတွေ့မှာပါ... ဒါနဲ့ စာအုပ်ကိုရော ခင်ဗျား ဖတ်နိုင်လားဗျ”
ဝေ့ဝူယင်က မေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ဝူယုမှာ တုန့်ဆိုင်းနေခြင်း မရှိတော့ချေ။ သူက စာအုပ်ကို ခပ်မြန်မြန်ပင် ကောက်ယူကာ ဖတ်ရှုလိုက်၏။ ဖော်ပြချက်ကို ဖတ်ပြီး ကတည်းက စာအုပ် အပေါ် သူ့စိတ်ဝင်စားမှုမှာ အထွတ်အထိပ်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
ဝူယု တိတ်တဆိတ်ပင် စာအုပ်ကို ဖတ်နေခဲ့၏။ စာအုပ်ထဲ၌ ထောင်ပေါင်းများစွာသော သင်္ကေတများ ပါဝင်နေကာ နက်ရှိုင်းသည့် အချက်အလက်များစွာကို ချိတ်ဆက်ထားသည်။ ထိုကျင့်ကြံခြင်း နည်းလမ်းက ကောင်းကင် နှလုံးသားချီ နည်းလမ်းနှင့် ဆင်တူ၏။ ၎င်းက ကျင့်ကြံခြင်း အဆင့်များနှင့် တိုက်ရိုက် ဆက်နွယ်နေခြင်း မရှိပဲ ထပ်ပေါင်း ကျင့်ကြံရခြင်းမျိုး ဖြစ်သည်။
“ဒီစာအုပ်က မယုံနိုင်စရာ ကောင်းလောက်အောင်ကို လေးနက်တယ်”
နှစ်ရက်ဆက်တိုက် မနားတမ်း ဖတ်ရှုပြီးနောက် ဝူယုက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်၏။ ထိုလေးဆယ့်ရှစ်နာရီ အတွင်း သူ့မိုးကောင်းကင်က ပိုမို၍ ကျယ်ပြန့်လာသလို ခံစားနေရသည်။ ထိုနည်းလမ်းကို ကျင့်ကြံလိုသည့် ဆန္ဒမှာလည်း တမြည့်မြည့် လောင်ကျွမ်း နေခဲ့၏။ အကယ်၍ သူသာ နှလုံးသားကို ဒုတိယမြောက် ထျန်းတျန် အဖြစ် ပြောင်းလဲကာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ခန္ဓာကိုယ် အတွင်း ထပ်မံ ပေါင်းထည့် သူ့စွမ်းအားက အဆပေါင်းများစွာ ပိုမို လာလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ၎င်းက လျှို့ဝှက် စွမ်းအင်၏ အရည်အသွေးကိုလည်း တိုးမြှင့်ပေးနိုင်သည်ဟု ဆိုသည်။
သို့သော်လည်း... သူ့ အမြင်အရဆိုလျှင် ၎င်းက အကောင်းအပိုင်း မဟုတ်သေးချေ။ ဒုတိယ အဆင့်ကသာလျှင် အကောင်းဆုံး အပိုင်း ဖြစ်ပေသည်။ ၎င်းက သွေးမူလ အမတေကို ဖန်တီးပေးနိုင်သည်။ ကျင့်စဥ်၏ အဆိုအရ... မူလ နှလုံးသားမှ ဖွဲ့စည်းပေးသည့် သွေးမူလ အမတေများမှာ သမာရိုးကျ သွေးစွမ်းအင်များကို အဆင့်နိမ့် မူလ အမတေ အဖြစ် ပြောင်းလဲ ပေးနိုင်သည်ဟု ဆိုသည်။၎င်းက လျှို့ဝှက် ဆန်းကြယ်လွန်းလှပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ မူလ အမတေများကို သန့်စင်ရာ၌ အလွန် ဒုက္ခများ ခဲ့သည်။ အလွန် သေးငယ်သည့် ပမာဏ အတွက်ပင် နှစ်ပေါင်း ရာနှင့်ချီ အသုံးပြုခဲ့ရသည်။ သို့သော်လည်း ဤ သွေးမူလ နည်းလမ်းဖြင့်သာ ဆိုပါက အဆပေါင်းများစွာ ပိုမို လွယ်ကူလိမ့်မည်။ အဆင့်နိမ့် မူလ အမတေဟု ရေးသားထားပုံ အရ... အရည်အသွေးပိုင်းတွင် ကွဲပြားမှု ရှိ၊ မရှိကိုတော့ သူ ကိုယ်လည်း မသေချာသေးပါချေ။
မည်သို့ပင် ဆိုစေ... ထိုနည်းလမ်းကို ကျင့်ကြံရန် အလွန်အမင်း ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူ သဘောပေါက် နားလည်ပေသည်။ သို့သော်လည်း... ပထမ အဆင့် ဖြစ်သည့် သွေးသုံးဆ အဆင့်မှာ တတိယ အဆင့်ကို ကျိန်းသေ အောင်မြင်စေမည့် အာမခံချက် တစ်ခု ဖြစ်ပေသည်။ တတိယ အဆင့်ကို စမ်းတဝါးဝါး လျှောက်လှမ်း နေခဲ့ရရာမှ ယခုတွင် သူ့အတွက် လမ်းကြောင်း တစ်ခု ပေါ်လာပြီလည်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ဝေ့ဝူယင်မှာ ကြာပန်း သဏ္ဌာန် ထိုင်ကာ ကျင့်ကြံနေခဲ့၏။ သူက အဘယ်ကြောင့် ဝူယု စာဖတ်နေသည်ကို ထိုင်စောင့်ကာ အချိန်ဖြုန်း ရမည်နည်း။ သို့သော်လည်း... ဝေ့ဝူယင်မှာ ပတ်ဝန်းကျင် အပေါ် သတိအပြည့် ရှိနေဆဲ ဖြစ်ကာ ဝူယု နိုးလာသည်နှင့် ကျင့်ကြံခြင်းကို ရပ်ဆိုင်းလိုက်၏။
“အဲဒီ နည်းလမ်းကို ကျုပ်တို့ ပြောနေတဲ့ ဘာသာစကားနဲ့ ပြန်ရှင်းပြလို့ ရလားဗျ”
သူက စိတ်ဝင်တစားဖြင့် တောင်းဆိုလိုက်လေ၏။ ဝူယု၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားကာ စတင်ကာ ရှင်းပြလိုက်သည်။
“အက်စီ မက်တိုတို အက် ဆန်စရာအိုရီ ဟီနာ...”
ဝူယူမှာ သွေးမူလ နည်းလမ်း အကြောင်း စတင်ကာ ရှင်းပြလိုက်သော်လည်း သူ့ ပါးစပ်မှ ထွက်လာသမျှက လျှို့ဝှက် ဘာသာစကားများသာ ဖြစ်သည်။ သူ ချက်ချင်းပင် ထိုအချင်းအရာကို သတိပြုမိသွားကာ မျက်မှောင်ကြုတ် လိုက်၏။ သူ နောက်တစ်ကြိမ် ရှင်းပြရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... ပထမဆုံး စကားလုံးကိုပင် ဘာသာပြန်ရန် စကားလုံး ရှာမတွေ့ပါချေ။ ဝူယုက ဝိညာဥ်အာရုံဖြင့် ရှင်းပြရန် ကြိုးပမ်း လိုက်ပြန်၏။ သို့သော်လည်း... ဝေ့ဝူယင်မှာ နားမလည်ပါချေ။ စကားလုံး တစ်လုံးစ နှစ်လုံးစကိုသာ သူ ရရှိလိုက်၏။
“တော်တော့ တော်တော့...”
ဝေ့ဝူယင်က လက်ကာလိုက်၏။ ဆက်ကြိုးပမ်းစရာ အကြောင်း မရှိတော့ချေ။ ထိုနည်းလမ်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်သာ ဖြစ်သည်။ ၎င်းအတွင်း ပါဝင်နေသည့် အဓိပ္ပာယ်များနှင့် အသေးစိတ် အချက်အလက်တိုင်းမှာ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိပေသည်။ သူ့ မျှော်လင့်ချက်များက မှေးမှိန်သွားပြီ ဖြစ်လေသည်။
ထို့ကြောင့်ပင် ဝေ့ဝူယင် နောက်ထပ် ခေါင်းစဥ် တစ်ခုကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ သူက အဆင့်မြင့် မြေကြီးနှင့် အဆင့်မြင့် အထွတ်အထိပ် အဆင့် စာအုပ် အချို့ကို ထုတ်ယူကာ ဝူယုကို ပေးလိုက်၏။
“ဒါနဲ့ သင်္ကေတ မျိုးစေ့ ဆိုတာက ဘာလဲဗျ... နောက်ပြီး ဘယ်လို သင်္ကေတမျိုးစေ့နဲ့ ခင်ဗျား လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်း ထားတာလဲ”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ သင်္ကေတ ငါးခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ကြောင်း ကျန့်ကျန့်ထံမှ သူ လောလောလတ်လတ်ပင် ကြားထားရသည်။ ထို့အပြင်... သတင်းများ အရ ရှန့်ထို ခန်းမများထဲမှ အစွမ်း အထက်ဆုံး ဝိညာဥ် ဧကရာဇ်မှာလည်း သင်္ကေတ ငါးခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ဟု ဆိုသည်။ ထိုအရာက အလွန် အဆင့်မြင့်လောက်သည်။
“သင်္ကေတ မျိုးစေ့လား...”
ဝူယုက တစ်ခဏမျှ တွေးတောလိုက်၏။ ထို့နောက် သူက အတွေးများကို စကားလုံးများ အဖြစ် စီစဥ်ကာ စတင် ရှင်းပြလိုက်လေတော့သည်။
***