← Chapters

သင်္ကေတ မျိုးစေ့

Vol. 58 Ch. 810

သင်္ကေတ မျိုးစေ့

Vol. 58 Ch. 810

“သင်္ကေတမျိုးစေ့ ဆိုတာက လျှို့ဝှက် ရည်ရွယ်ချက်၊ လျှို့ဝှက် အမတေ၊ မန်နာတို့နဲ့ ပေါင်းစပ်ထားတဲ့ အရာပေါ့လေ... ရည်ရွယ်ချက် မျိုးစေ့ တစ်ခုလို သုံးနှုန်းမယ်ဆိုလည်း ရတယ်..”

ဝူယုက သူ အစွမ်းရှိသမျှ စတင်ကာ ရှင်းပြလိုက်တော့၏။ သွေးမူလ နည်းလမ်းကို ဖတ်ရှုပြီးနောက်၌ လျှို့ဝှက် အာဏာရှင် အဆင့် အ‌ပေါ် သူ့ ထိုးထွင်း သိမြင်မှုက မူလကထက် အဆပေါင်းများစွာ မြင့်မား လာခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာ နားထောင်ရင်း တစ်ခါတစ်ရံ၌ အံ့သြသွား၏။ တစ်ခါတစ်ရံ၌လည်း စိတ်လှုပ်ရှား သွားသည်။ တစ်ခါတစ်ရံတွင်တော့ အတွေးနက်ဟန်ဖြင့် မျက်မှောင်ကြုတ် နေ၏။ ဝူယု၏ စကားအရ ဆိုလျှင် လျှို့ဝှက် သင်္ကေတ မျိုးစေ့များမှာ လျှို့ဝှက်တာအို အတွက်သာ ကန့်သတ်ထားခြင်း မဟုတ်ချေ။ ၎င်းက သေမျိုး အထွတ်အထိပ် တာအိုနှင့် ဆက်စပ် နေပေသည်။

ဆိုလိုသည်က... လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို ကြယ်တာရာ အမြုတေ အဆင့်များလည်း နားလည်နိုင်ပေသည်။ အဆင့်ကိုး ကြယ်တာရာ ကပ်ဘေးကို ကျော်ဖြတ်ပြီးသည်နှင့် ကျင့်ကြံသူများမှာ လျှို့ဝှက် တာအိုနှင့် အလိုအလျောက် ချိတ်ဆက် လာနိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်ကို ရှင်းပြရင်း ဝူယု၏ မျက်လုံးများက ပိုမို လေးနက်လာ၏။ ထိုအခိုက်၌ သူ၏ အမူအရာက အတွေ့အကြုံ ရင့်ကျက်သော ဆရာသခင် တစ်‌ယောက်က တပည့်ငယ်လေး တစ်ယောက်ကို ရှင်းပြနေသလိုပင်။ ဝေ့ဝူယင်မှာ အနန္တ ဧကရာဇ် ကုန်းမြေတိုက်ကြီးမှ ဝူကျိုးကိုပင် ပြန်လည် သတိရ လိုက်မိ၏။ ထိုစဥ်က သူက ချီပျစ်ခဲခြင်း အဆင့် အကြောင်းကို ရှင်းပြကာ သူ အပါအဝင် များစွာသော လူများများကို ဉာဏ်အလင်း ရစေခဲ့ဖူးပေသည်။

“လျှို့ဝှက် သင်္ကေတ မျိုးစေ့တွေကို ပျိုးထောင်နိုင်ဖို့ ဆိုရင် အရင်ဆုံး လိုအပ်ချက် တစ်ချို့ကို ပြည့်စုံထားဖို့ လိုအပ်တယ်... ပထမဆုံး တစ်ခုက ကြယ်တာရာ အင်အားကို ပိုင်ဆိုင်ဖို့ပဲ... ကြယ်တာရာအမြုတေ အဆင့် ကြယ်တာရာ အင်အားရဲ့ အမြင့်မားဆုံး အကန့်အသတ်ပေါ့လေ...အဲဒီ အရာပဲ ကိုယ့်ရဲ့ စွမ်းအင်ကို လျှို့ဝှက် အမတေနဲ့ ချိတ်ဆက် စေနိုင်စွမ်း ရှိတယ်”

“ဒုတိယ လိုအပ်ချက်က လျှို့ဝှက် အမတေကို ဖမ်းဆုပ်ဖို့ လုံလောက်တဲ့ ဝိညာဥ်အာရုံကို ပိုင်ဆိုင်ထားဖို့ပဲ... သခင်လေး သိတဲ့ အတိုင်း လျှို့ဝှက် အမတေတွေက ကျုပ်တို့ ပတ်လည်မှာပဲ ရှိနေတာ... အထူးသဖြင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာပေါ့လေ... ဒါပေမဲ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခင် လျှို့ဝှက် အမတေကို အာရုံခံဖို့ လုံးဝ မလွယ်ဘူး... အဲဒီလို လုပ်ဖို့ အတွက် လောကနယ်မြေနဲ့ ကြယ်တာရာ အင်အားကို ဆက်သွယ်ရတယ်... အဲဒါ‌ကြောင့်ပဲ ခုနက ကြယ်တာရာ အင်အားက အရေးကြီးတယ်လို့ ကျုပ်ပြောတာ... လျှို့ဝှက် အမတေကို အာရုံခံဖို့က အရမ်းကို ခက်ခဲလွန်းပါတယ်လေ... လက်တစ်ဆုပ်စာ လောက်ပဲ အောင်မြင်နိုင်ကြတာ”

“နောက်ဆုံးတစ်ခုက အရေး အကြီးဆုံးပဲ... အဲဒါက သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ပဲ ... ဘာကြောင့် အရေး အကြီးဆုံး ဖြစ်ရသလဲ ဆိုတာတော့ ကျုပ်လည်း ရှင်းမပြနိုင်ဘူး... ထာဝရ ဧကရာဇ်က အဲဒီလိုပဲ ပြောခဲ့ဖူးတယ်... သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် မရှိပဲ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လို့ ရတယ် ဆိုပေမဲ့ အဲဒါက လျှို့ဝှက် သင်္ကေတ မျိုးစေ့တွေ ဖွဲ့စည်းတဲ့ နေရာမှာ အရမ်းကို အရေးကြီးတယ်”

နောက်ဆုံး အပိုဒ်သို့ အရောက်၌ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်... ထိုအရာက ဝူယု တစ်ယောက် ယုံကြည်ချက် ရှိစွာ တတိယမြောက် ကပ်ဘေးကို စိန်ခေါ်ခဲ့သည့် အကြောင်းရင်းလော။

“ခင်ဗျားမှာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် ရှိခဲ့လား”

ဝေ့ဝူယင်က မေးလိုက်သည်။ ဝူယုက ခေါင်းညိတ်လိုက်၏။

“ဒါပေါ့... ထာဝရ ခြေချခြင်း ဆေးလုံးက အဲဒီ အဆင့်ကို ရအောင် ကူညီပေးနိုင်တယ်လေ...သခင်လေး အဲဒါကို မသိဘူးလို့တော့ လာမပြောနဲ့”

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ဝူယုမှာ ထာဝရ ဧကရာဇ် ဘေး၌ လက်ထောက် တစ်ယောက် အနေဖြင့် နှစ်ပေါင်းများစွာ တည်ရှိခဲ့ဖူးသည့် လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့ ထာဝရ ခြေချင်း ဆေးလုံးကို ရရှိမည်မှာ မလွဲဧကန်ပင်။

“လျှို့ဝှက် သင်္ကေတမျိုးစေ့ အကြောင်း ဆက်ပြောပါဦး...”

ဝေ့ဝူယင်က စကားစကို ပြန်ဆက်လိုက်၏။ ဝူယုက အသာအယာပင် ခေါင်းညိတ်ကာ နောက်တစ်ကြိမ် စကားလုံးများကို စီစဥ်လိုက်၏။ ပြီးသည်နှင့် ရှင်းလင်းမှုကို ပြန်လည် စတင် လိုက်လေသည်။

“ကျုပ် ပြောခဲ့သလိုပဲ... သင်္ကေတ မျိုးစေ့ ဆိုတာက လျှို့ဝှက် ရည်ရွယ်ချက်၊ လျှို့ဝှက် အမတေနဲ့ မန်နာတို့ စုပေါင်း တည်ဆောက်ထားတဲ့ အရာပဲ... ခုနက ပြောတဲ့ အခြေအနေ သုံးရပ် ပြည့်စုံပြီ ဆိုရင် သင်္ကေတ မျိုးစေ့တွေကို တည်ဆောက်ဖို့ ကြိုးစားနိုင်ပြီ”

ဝူယု၏ ရှင်းပြမှုက အလွန်ပင် ရှည်လျားလှကာ နှစ်နာရီခန့် အထိ ကြာမြင့် သွားခဲ့သည်။ ဝေ့ဝူယင်က ငြိမ်သက်စွာပင် စကားလုံး တစ်ခုချင်းစီကို လိုက်မှတ် နေခဲ့၏။ ငယ်ရွယ်စဥ် အခါတည်းက ဝေ့ဝူယင်မှာ လုံ့လ ဝီရိယ ကောင်းသည့် ကျောင်းသား တစ်ယောက် ဖြစ်သည်။ သူက ဘယ်အချိန်မဆို လေ့လာ သင်ကြားရန် အဆင်သင့် ဖြစ်နေတတ်သည်။

ဝူယု၏ ရှင်းပြမှုများက အလွန် လေးနက်ကာ ရှုပ်ထွေးလှသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်၏ အခြေခံ သဘောတရားများနှင့် သင်္ကေတ မျိုးစေ့၏ ရည်ရွယ်ချက်ကိုတော့ အနည်းအကျဥ်း ဆုပ်ကိုင် နိုင်ခဲ့ပြီ ဖြစ်သည်။

အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ဝူယုမှာ လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို လျှို့ဝှက် ဖန်းတွမ့် (အပိုင်းအစ) ဟု သုံးနှုန်းသွားခြင်းဖြစ်သည်။ ဝေ့ဝူယင်က မေးသော အခါ၌ ဝူယုက ထိုနာမည်ကို သူ့အတွေ့အကြုံအရ ပေးထားခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ဝူယု၏ အဆိုအရ... အခြားလူများတွင်လည်း သူတို့ ကိုယ်တိုင် သတ်မှတ်ထားသည့် မတူ ကွဲပြားသော နာမည်များ ရှိပေသည်။ ဥပမာအားဖြင့် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့က ၎င်းတို့ကို တာအို သင်္ကေတများ ဟု ခေါ်ကာ အထွတ်အမြတ် အယ်ဗန် ဧကရီကတော့ တန်ခိုးရှင် ဖန်းတွမ့်ဟု ခေါ်သည်။ တစ်နည်း ဆိုရသော်... လျှို့ဝှက် သင်္ကေတ မျိုးစေ့များမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဆက်ရမည့် ပဟေဠိ အပိုင်းအစများလည်း ဖြစ်ပေသည်။

ဝေ့ဝူယင်က ကြာပန်း သဏ္ဌာန် ထိုင်ကာ အချက်အလက်များကို ချေဖျက်ရန် ကြိုးပမ်း နေခဲ့၏။ ဝူယု၏ ရှင်းပြချက် အရဆိုလျှင်... လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို ကြယ်တာရာ သခင်များက သူတို့၏ ကြယ်အမြုတေထဲတွင် ဖွဲ့စည်းကြရသည်။ ကြယ်အမြုတေ များမှာ ကြယ်တာရာ အမြုတေမှ ဆင့်ကဲ ပြောင်းလဲလာသည့် တည်ရှိမှုများပင် ဖြစ်၏။

လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို အမျိုးအစား နှစ်ခု ခွဲခြားထားကာ မပြည့်စုံခြင်း အဆင့်နှင့် ပြည့်စုံခြင်း အဆင့်တို့ပင် ဖြစ်သည်။ ကနဦး အဆင့်၌... သင်္ကေတ မျိုးစေ့များမှာ လောကပင်လယ်ထဲမှ လျှို့ဝှက် အမတေကို စုပ်ယူ၍ သဘာဝ အတိုင်း ဖြစ်ပေါ်လာလေ့ ရှိသည်။ လျှို့ဝှက် အမတေများကို ပိုမို၍ စုပ်ယူလေလေ သင်္ကေတ မျိုးစေ့များမှာ ပိုမို၍ ထင်ရှားလာလေလေ ဖြစ်သည်။ ထိုဖြစ်စဥ်က အတော်လေး ထင်သာမြင်သာ ရှိကာ ရိုးရှင်း လှပေသည်။ သို့သော်လည်း ၎င်းတို့ အားလုံးမှာ မပြည့်စုံခြင်း အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။

ထို့နောက်တွင် ကျင့်ကြံသူများမှာ ထိုလျှို့ဝှက် သင်္ကေတ မျိုးစေ့များ အတွင်း ပါဝင်နေသည့် လျှို့ဝှက် ရည်ရွယ်ချက်များကို ထိုးထွင်း သိမြင်လာအောင် ကြိုးပမ်းရသည်။ ထိုအရာက ကျင့်ကြံခြင်းတွင် အလွန် ခက်ခဲသော အပိုင်းလည်း ဖြစ်သည်။

ကနဦး သင်္ကေတ မျိုးစေ့များအား ဖန်တီးခြင်းက ခန္ဓာကိုယ် စုပ်ယူမှုနှုန်းနှင့် တိုက်ရိုက် သက်ဆိုင်နေသော်လည်း ဒုတိယမြောက် ပြီးပြည့်စုံခြင်း အဆင့်ကိုမူ ထိုမျိုးစေ့အတွင်း ပါဝင်နေသည့် လျှို့ဝှက် ရည်ရွယ်ချက်အား စုပ်ယူနိုင်သော အခါတွင်မှ ရောက်ရှိပေသည်။

ဝူယု၏ စကားအရဆိုလျှင် လျှို့ဝှက် သင်္ကေတ မျိုးစေ့ တစ်ခုချင်းစီ၌ လျှို့ဝှက် ရည်ရွယ်ချက်၏ အပိုင်း ရှစ်ဆယ့် တစ်ပိုင်း အနက်မှ တစ်ပိုင်စီ ပါဝင်နေသည်ဟု သိရသည်။

ဝေ့ဝူယင်မှာ ထိုအချက်ကို ကြားကြားချင်း အံ့အားသင့် ခဲ့ရသည်။ လျှို့ဝှက် ရည်ရွယ်ချက်က မည်ကဲ့သို့ အပိုင်း ရှစ်ဆယ့်တစ်ပိုင်း ကွဲနိုင်ပါမည်နည်း။ ရည်ရွယ်ချက် တစ်ခုတွင် မည်ကဲ့သို့ ရည်ရွယ်ချက် မျိုးစေ့ ရှစ်ဆယ့် တစ်ခု ပါဝင်နိုင်မည်နည်း။ ထိုအရာက ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် သူ့အမြင်ကို လုံးဝ ပြောင်းလဲ သွားစေခဲ့သည်။

ဝူယု၏ စကားအရဆိုလျှင် သင်္ကေတ မျိုးစေ့ တစ်ခုချင်းစီတိုင်း၌ ပါဝင်နေသည့် ရည်ရွယ်ချက်များမှာ သာမန် အလယ်အလတ် အဆင့် ဒြပ်စင် ရည်ရွယ်ချက် တစ်ခု၏ နိုးထခြင်း အဆင့်နှင့် ညီမျှသည်ဟု ဆိုသည်။ ထို့ကြောင့်ပင် အောင်မြင်ရန် အလွန် ခက်ခဲသည်ဟု ပြောရခြင်း ဖြစ်သည်။ ၎င်းက လျှို့ဝှက်တာအို၏ ပထမဆုံး ဂိတ်တံခါးလည်း ဖြစ်သည်။

လျှို့ဝှက် အာဏာရှင် ပထမ အဆင့်ကို အပြီးပြည့်စုံဆုံး ပုံစံဖြင့် ခြေချရန် အတွက် ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်မှာ သင်္ကေတ မျိုးစေ့ ရှစ်ဆယ့် တစ်ခုလုံးကို လောက ပင်လယ် အတွင်း‌ နေရာချထားဖို့ လိုအပ်ပေသည်။ တစ်ခုတစ်လေပင် လျော့နည်းနေ၍ မရချေ။ အကယ်၍ သင်သာ ခန္ဓာကိုယ် ပါရမီ အားနည်းသူ တစ်ယောက် ဆိုပါက... သဘာဝ နည်းလမ်းဖြင့် ပြီးပြည့်စုံသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဝူယု ပြောသည့် အထဲမှ အရေးအကြီးဆုံးနှင့် အံ့အားသင့်စရာ အကောင်းဆုံး အချက်ကား...လျှို့ဝှက် သင်္တေက မျိုးစေ့များ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းကို ကပ်ဘေးအား မဆင့်ခေါ်ခင် အထိ မပြောနိုင်ခြင်းပင် ဖြစ်လေသည်။ ထိုအရာက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ရှာ‌ဖွေ တွေ့ရှိမှုလည်း ဖြစ်၏။ နောက်ဆုံး၌ ကြယ်တာရာ သခင် အများစုမှာ အဆင့်တက်လှမ်းရန် ကြိုးပမ်းရာ၌ အဘယ်ကြောင့် ကျဆုံးခဲ့ကြောင်းသူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဝူယုက သူ သင်္ကေတ မျိုးစေ့ ၅၅ ခုဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့ကြောင်း ပြောပြသည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့က ၄၈ ခု ဖြစ်ကာ၊ သူ့ညီဝမ်းကွဲ ဟန်ယုဟိုင်ကတေ့ ၃၄ ခု ဖြစ်သည်။ အထွတ်အမြတ် အယ်ဗန် ဧကရီမှာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသူ တစ်ယောက် ဖြစ်ပြီး အသူရာ နတ်ဆိုး သခင်ကတော့ ဝူယုနှင့် ဆက်ဆံရေး မကောင်းလှချေ။ ထို့ကြောင့်ပင် ဝူယုမှာ သူတို့နှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမှ မသိပါချေ။

သင်္ကေတ သုံးခု လျှို့ဝှက် အာဏာရှင်၊ သင်္ကေတ ငါးခု လျှို့ဝှက် အာဏာရှင် စသည့် အသုံးအနှုန်းများ အကြောင်း ဝေ့ဝူယင်က မေးမြန်းသော အခါ၌ ဝူယုက သင်္ကေတ မျိုးစေ့များကို ကိုးဖြင့် စား၍ ရရှိသည့် အဖြေပင် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ဥပမာ ဆိုရသော်... လျှို့ဝှက် ရည်ရွယ်ချက် တစ်စုံကို ပြီးပြည့်စုံစွာ ရရှိထားသည့် ကျင့်ကြံသူ တစ်ယောက်မှာ သင်္ကေတ ကိုးခုကို ပိုင်ဆိုင် နိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ထိန်းသိမ်း စောင့်ရှောက်သူ ဟန်ယုဟိုင်မှာ သင်္ကေတ သုံးခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် သည်။ ဟန်ရှဲ့ကတော့ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုနှင့် တူညီစွာပင် သင်္ကေတ ငါးခု ပိုင်ရှင် တစ်ယောက် ဖြစ်သည်။ ဝူယုမှာ သင်္ကေတ ခြောက်ခု လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့သော်လည်း အောင်မြင်ပြီးနောက်တွင် ခုနစ်ခုမြောက် အထိကို ရောက်ရှိခဲ့ပေသည်။

ထိုအရာက မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် ထာဝရ ကြယ်တာရာ နယ်မြေတို့၏ သတ်မှတ်ချက်များပင် ဖြစ်သည်။ သွေးမူလ နည်းလမ်းထဲတွင် ဖော်ပြထားသည့် ခုနစ်ခုမြောက် လျှို့ဝှက် သင်္ကေတမှာ ထိုကဲ့သို့ သတ်မှတ်ချက်ကိုပင် ဆိုလိုခြင်းလော.. သို့တည်းမဟုတ် လုံးဝ ပြီးပြည့်စုံသည့် လျှို့ဝှက် ရည်ရွယ်ချက် ခုနစ်ခုကို ဆိုလိုခြင်းလော သူ ကိုယ်တိုင်လည်း မသေချာပါချေ။

အချက်အလက် အားလုံးကို ချေဖျက်ပြီးနောက်... သူ့ လောက ပင်လယ်များ အတွင်း ပေါ်ပေါက်နေသည့် စာလုံးလေးများ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ဝေ့ဝူယင် ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က လျှို့ဝှက် ရည်ရွယ်ချက်တို့ကို ထည့်သွင်းထားသည့် ပြီးပြည့်စုံခြင်း မရှိသေးသော လျှို့ဝှက် သင်္ကေတ မျိုးစေ့များပင် ဖြစ်သည်။ ကြည့်ရသည့်က ကြယ်တာရာ လောကရေလွှမ်းခြင်း ဆေးလုံး၏ သာလွန်ခြင်း အဆင့် အရည်အသွေးမှာ လျှို့ဝှက် သင်္ကေတများကို တည်ဆောက်ပေးခြင်း ဖြစ်ပုံပေါ်သည်။ သူ၏ အတွေ့အကြုံအရ ဆိုလျှင်... ထို‌ဆေးလုံး နှစ်လုံးနှင့် တစ်ပိုင်းမှာ လျှို့ဝှက် သင်္ကေတ ခြောက်ခုကို ညီညွှတ် မျှတစွာ ဖွဲ့စည်း ပေးနိုင်စွမ်း ရှိသည်။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ဆက်စရာ ပ‌‌ဟေဠိ အပိုင်းအစ အချို့ ကျန်ရှိသေးသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ်.... လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် လမ်းကြောင်းက ပိုမို ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက စမ်းတဝါးဝါး ကျင့်ကြံခြင်းထက် အဆပေါင်း များစွာ အကျိုး ဖြစ်ထွန်းလိမ့်မည် ဖြစ်ပေသည်။

အချိန်ရထားက တရွေ့‌ရွေ့ပင် ဖြတ်ကျော်နေ၏။ နှစ်ရက်ဆိုသော အချိန်တစ်ခု ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။

ဝူယုမှာ သွေးမူလ နည်းလမ်း အပေါ် အပြည့်အဝပင် စိတ်နှစ် ထားခဲ့၏။ လတ်တလော၌ သူက ဟင်းလင်းပြင် သင်္ဘောပေါ်တွင် ထိုင်ကာ ၎င်းကို မျက်မှောင်ကြုတ်၍ ပြန်ဖတ် နေခဲ့သည်။ ထိုစာအုပ်အား လက်မှ မချခြင်းကို ထောက်ချင့်ရပါက ဝူယုမှာ ၎င်းကို ကျင့်ကြံဖို့ ရည်ရွယ်ထားပုံ ရသည်။ အကယ်၍ ဒုတိယမြောက် ထျန်းတျန် တစ်ခုကို ရပါက မည်ကဲ့သို့ အကျိုးမဖြစ်ထွန်းပဲ နေမည်နည်း။ ထို့အပြင်... သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်းရန် သူ့လမ်းကြောင်းမှာလည်း ပွင့်သွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ထိုကျင့်စဥ်က အတော်လေး ရှုပ်ထွေးကာ နက်နဲလှပေသည်။ သုံးရက်ကျော် အထိ မနားမနေ လေ့လာခဲ့သည့်တိုင်အောင် ၎င်း၏ ပထမ အဆင့်ကိုပင် သူ ကောင်းစွာ ဖမ်းဆုပ်နိုင်ခြင်း မရှိပါသေးချေ။

အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ တရားထိုင်ကာ လျှို့ဝှက် ရည်ရွယ်ချက်နှင့် လျှို့ဝှက် အမတေတို့ အကြောင်း အချက်အလက်များကို ဆက်လက် သုံးသပ်နေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် သုံးရက်လုံးလုံး သူ အလွန် အစွမ်းထက်သည့် ဝိညာဥ်အာရုံကို သုံးကာ လောကပင်လယ် လေးခုထဲရှိ လျှိဝှက် သင်္ကေတ မျိုးစေ့ နှစ်ဆယ့် လေးခုကို အာရုံခံဖို့ ကြိုးစားခဲ့သည်။ ထိုးထွင်း သိမြင်မှု တစ်ခုခု ရလိုရငြား မျှော်လင့်မိသော်လည်း ကံမကောင်းစွာပင် မည်သည့် အရာမှ မထူးခြားခဲ့ပါချေ။ သင့်အနေဖြင့် မိုင်တစ်သောင်း ခွန်အားကို ပိုင်ဆိုင်စေကာမူ တံခါးတစ်ချပ်ကို ချိုးဖျက်၍ မရပါက သော့တစ်ခု လိုအပ်ပေသည်။ ထိုသော့က ကြယ်တာရာ အမြုတေ အဆင့်ပင် ဖြစ်၏။

ဝေ့ဝူယင် ကြိုးစားမှုကို ရပ်တန့်လိုက်၏။ လက်ရှိ အချိန်၌ သူ့အတွက် အရေး အကြီးဆုံးက အမြင်အာရုံ ပြဿနာပင် ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများ မပါရှိပဲ သာလွန်ခြင်း အဆင့် ထုတ်ကုန်များကို သူ ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဝူယုမှာ ဝေ့ဝူယင် လှုပ်ရှားလာသည်ကို သတိထားမိရာ စာအုပ်ကို ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် အမိန့်ကို စောင့်နေလိုက်သည်။ သွေးမူလ နည်းလမ်းကို အောင်မြင်အောင် ကျင့်ကြံရန် အတွက် အဂ္ဂိရတ် ပညာရှင် တစ်ယောက် လိုအပ်ကြောင်း သူ သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ မဟုတ်ပါက... ရာစုနှစ်နှင့်ချီ ကျင့်ကြံလျှင်ပင် အောင်မြင်လိမ့်မည် မဟုတ်ပါချေ။ ထောင်စုနှစ် တစ်ခု အတွင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့သက်တမ်းက အကန့်အသတ် ရှိပေသည်။

“အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို သွားကြမယ်”

ဝေ့ဝူယင်က ကြေညာလိုက်၏။ ထိုအရာက ဝူယုကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။ သူက စိတ်အား ထက်သန်စွာ ပြုံးရင်း ခေါင်းတစ်ချက် ညိတ်လိုက်လေတော့သည်။

“နောက်ဆုံးတော့ သွားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... သခင်လေး”

***

All Chapters