ကြယ်တာရာ နယ်မြေ နှစ်ဆယ့်နှစ်ခု
Vol. 58 Ch. 811
ဝေ့ဝူယင် တစ်ယောက် အဆုံးမဲ့ ကောင်းကင်ကို ခရီးနှင် နေစဥ်တွင်... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေအတွင်း၌ သူ ဖန်တီးခဲ့သည့် ပြောင်းလဲမှုများက ယခုထိတိုင် အခြားလူများကို အကျိုးသက်ရောက်နေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက သတင်းအပိုင်း အစ တစ်ခုမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ဖြတ်သန်း၍ ရိုင်းစိုင်းစွာ ပျံ့နှံ့လာခဲ့၏။ ထိုသတင်းကား... ထန်းလန် ကြယ်တာရာ နယ်မြေ၏ မြေကြီးရှန့်ထို တစ်ပါး ဖြစ်သည့် လောကချုပ်နှောင် ဧကရီ သေဆုံးသွားခဲ့ပြီ ဆိုသည့် သတင်းပင်။
သူမက အသတ်ခံလိုက်ရခြင်းဖြစ်သည်။ သူမ၏ အလောင်းမှာ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ မြို့တော်ဂြိုဟ်ထက်သို့ ဥက္ကာပျံ တစ်ခုအလားကျဆင်းလာခဲ့သည်။ ထိုသတင်းကို ဖုံးကွယ်၍ မရပါချေ။
ထန်းလန် ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေခဲ့၏။ မြေကြီး ရှန့်ထို တစ်ယောက်မှ မရှိတော့လေရာ အိမ်နီးချင်း အင်အားစုများနှင့် ကတိကဝတ်များမှာလည်း ပျက်ပြယ် သွားခဲ့ပြီ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ များစွာသော ထိပ်သီး အင်အားစုများမှာ သူတို့ကို အမဲဖျက်သလို ဝိုင်းဖျက် ကြတော့မည် ဖြစ်သည်။
ထင်မှတ်ထားသည့် အတိုင်းပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေနှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတို့မှ အင်အားစုများမှာ မတုန့်မဆိုင်းပင် လှုပ်ရှားလာကြ၏။ သူတို့က ဒေသခံ အင်အားစုများနှင့် သဘောတူညီမှုများ ပြုလုပ်ကာ သူတို့ တစ်စိတ်တစ်ဒေသကို ခွဲဝေယူကြသည်။ ဂြိုဟ်များ၊ လှုပ်ရှား၍ မရသည့် လောကနယ်မြေများ၊ အရေမတွက်နိုင်သည့် လျှို့ဝှက် ဝင်္ကပါများ၊ ရတနာများ၊ ဆေးညွှန်းများ၊ ထုတ်ကုန်များကို သူတို့ အလို ရှိသလို ရယူကြ၏။
အကျိုးဆက် အနေဖြင့် ထန်းလန် ကြယ်တာရာ နယ်မြေ အတွင်းရှိ ပြည်တွင်း စစ်ပွဲများမှာ အဆုံးသတ် သွား၏။ လျှို့ဝှက် အာဏာရှင် အဆင့် များစွာမှာ အခြေအနေကို နားလည်လေရာ သူတို့၏ တပည့်သားမြေးများ၊ မိသားစုများကို ခေါ်ဆောင်ကာ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့က အခြား ကြယ်တာရာ နယ်မြေများဆီ ပြောင်းရွှေ့ နေထိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်လေ၏။
သို့သော်လည်း နှစ်ရက်မျှ အတွင်းမှာပင် ထိုကဲ့သို့ အင်အားစုများ၏ ထက်ဝန်ခန့်မှ အမှောင် ဟင်းလင်းပြင် အတွင်း သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ပျောက်ကွယ် သွားကြ၏။ အလောင်းနှင့် ဟင်းလင်းပြင် သင်္ဘော အပိုင်းအစများသာလျှင် ပြန့်ကျဲ၍ ကျန်ရစ်ခဲ့သည်။ အသိုက်အမြုံ တစ်ခုလုံး ရွှေ့ပြောင်းခြင်းနှင့် အတူ အဖိုးတန် ရတနာများလည်း ပါဝင်လာမည် ဖြစ်လေရာ မသမာသူများက ထိုအခွင့်ကောင်းကို မည်ကဲ့သို့ အလွတ်ပေးမည်နည်း။
ထို့အပြင်... လွန်ခဲ့သည့် ရက်ပိုင်း အတွင်း ထန်းလန် ကြယ်တာရာ နယ်မြေ၏ တရားဝင် ကြယ်တာရာ နယ်မြေ အဆင့်အတန်းမှာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ များစွာသော လူများက သူတို့ကို စာရင်းမှပင် ပျက်ဖျက်လိုက်ကြကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကြယ်တာရာ နယ်မြေ နှစ်ဆယ့်နှစ်ခုသာ ကျန်ရှိတော့သည်ဟု ပြောဆို နေကြ၏။ ထိုအယူအဆက တဖြည်းဖြည်း တွင်ကျယ်လာကာ များစွာသော လူများမှာ လက်ခံ လိုက်ကြလေတော့သည်။
ထိုအရာ အားလုံးကား မြေကြီးရှန့်ထို နှစ်ယောက် သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများပင် ဖြစ်လေသည်။ အချို့ကတော့ ထန်းလန် ဧကရာဇ်နှင့် လောကချုပ်နှောင် ဧကရီတို့ သေဆုံးရသည့် အကြောင်းရင်းကို ရှာဖွေ ဖော်ထုတ်ရန် ကြိုးပမ်း နေကြ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုပြောင်းလဲမှု အဖြစ်ဆိုးမျးက ကြယ်ကွင်းပြင် တစ်ခုလုံးကို ယခုထက်ပိုမို သတိရှိဖို့ အချက်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ လောက ကိုးပါးဘုံ အတွင်း၌ အလယ်အလတ် အရွယ် ဂြိုဟ်ကိုးစင်းမှာ ထူးဆန်းသည့် ပတ်လမ်းများဖြင့် အတူ လှည့်ပတ် နေကြ၏။ ၎င်းတို့၏ ဗဟို တည့်တည့်တွင်တော့ ထူးထူးခြားခြား ငြိမ်သက်နေသည့် ဂြိုဟ်တစ်စင်း ရှိပေသည်။ ၎င်းက ကိုယ်တိုင် ပင်လျှင် ဝန်ရိုးပေါ်၌ လှည့်ပတ်ခြင်း မရှိလေရာ ဂြိုဟ်တစ်လုံးထက် စက်ဝိုင်းပုံ တောင်ကြီး တစ်ခုနှင့်ပင် ပိုမို တူနေပေသေး၏။
ထိုဂြိုဟ်မှာ အခြားဂြိုဟ် ကိုးစင်းထက် ပိုမို သေးငယ်ကာ မျက်နှာပြင်ထက်၌ လှုပ်ရှားမှု လက္ခဏာ အားလုံး ကင်းမဲ့နေသည်။ သို့တိုင်အောင် ၎င်းတွင် ထူထပ်ကာ သဘာဝ အတိုင်း ကြွယ်ဝသည့် လေထု တစ်ခု ရှိနေခဲ့၏။ ထိုအရာကပင် ဂြိုဟ်ပေါ်တွင် သက်ရှိများ ရှင်သန် ဖြစ်တည်နေထိုင်နိုင်သည့် တစ်ခုတည်းသော သက်သေ သက္ကာရလည်း ဖြစ်ပေသည်။
ထိုဂြိုဟ်ထက်ရှိ မတူကွဲပြားသည့် အရပ်မျက်နှာများတွင်တော့ ကျောက်တိုင်ကြီး ကိုးတိုင် ရှိနေခဲ့၏။ ၎င်းတို့၏ အကျယ်အဝန်းနှင့် အရှည်တို့က မြို့ကြီးများထက်ကိုပင် ကျော်လွန်နေကာ မိုင်ပေါင်း ရာချီတိုင် ကြီးမားလှသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အမြဲတမ်း တူညီသည့် နေရာတစ်ခုကို ညွှန်ပြနေသည်။ အကယ်၍ အနီးကပ် သေချာစွာ ကြည့်မည် ဆိုပါက... ဂြိုဟ်များ တစ်ခါ လှုပ်ရှားသွားတိုင်း ကျောက်တိုင် တစ်ခုချင်းစီက နက်ရှိုင်းသည့် ရွှေရောင် အလင်းတန်းများအား ထုတ်လွှတ်နေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။
ထိုကျောက်တိုင် တစ်ခုချင်းစီ၏ ထိပ်တွင်တော့ လဝန်းဂိတ်တံခါး တစ်ခုစီ တည်ရှိ၏။ ၎င်းတို့၏ မျက်နှာပြင် ထက်တွင်တော့ တစ်မှ ကိုးအထိ ဂဏန်းများကို မှတ်သားထားသည်။
“လေး” ခုမြောက် ဂိတ်တံခါး တည်ရှိရာ ကျောက်တိုင်ထက်တွင်တော့ ပုံရိပ် နှစ်ခုမှာ ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့ကြ၏။ သူတို့က တိတ်တဆိတ်ပင် အလွတ်ဖြစ်နေသည့် လဝန်းသဏ္ဌာန် ဂိတ်တံခါးကို ငေးမော နေကြသည်။ သူတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက ရွှေရောင် ဖြစ်ကာ အထဲတွင် ပိုမို တောက်ပသည့် ရွှေရောင် အစက်အပျောက်များ ပါရှိသည်။
ထိုပုံရိပ် နှစ်ခုစလုံးက အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် မိန်းကလေးများပင် ဖြစ်ကာ ထိပ်တန်း အလှတရား ပိုင်ရှင်များ ဖြစ်ကြသည်။ မကြာခင် သူတို့၏ ရွှေရောင် မျက်လုံးများက တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားကာ မူလ အရောင်များ အဖြစ် ပြန်လည် ပြောင်းလဲ သွားကြသည်။ နှစ်ယောက်ထဲမှ တစ်ယောက်၏ အသွင်အပြင်က ပထမဆုံး ရှင်းလင်းလာ၏။ သူမက အပြာရောင် မျက်လုံးနှင့် ပခုံးထိ ရောက်သည့် ရွှေအိုရောင် ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသည်။ နဖူးကိုတော့ ဆံမြိတ်စများဖြင့် ဖုံးအုပ်ထား၏။
“ဘာလို့လဲ ဆိုတာ နင်သိလား...”
ရုတ်တရက် မိန်းကလေးက မေးလိုက်၏။ သူမ၏ အသံက တည်ငြိမ်သည့်တိုင် စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေသည်။
အမေးခံလိုက်ရသည့် မိန်းကလေးကတော့ ဘဲဥပုံသဏ္ဌာန် ဝိုင်းဝိုင်းပြည့်ပြည့် မျက်နှာကို ပိုင်ဆိုင်ထား၏။ သူမ၏ ပန်းနုရောင် နှုတ်ခမ်းကလေးများက ပြည့်ဖောင်းနေကာ ရွှေရောင်ဖောက်ထားသည့် အညိုရောင် ဆံပင်ကို ခပ်တိုတို ညှပ်ထားသည်။ တဖျပ်ဖျပ် တောက်ပနေသည့် သူမ၏ မျက်လုံးများက ထက်မြက်သော ခွန်အား၊ ဉာဏ်ရည်တို့နှင့် ပြည့်ဝနေ၏။ သူမကတော့ ဝမ်မင်ယာပင် ဖြစ်လေသည်။
ဝမ်မင်ယာက ပြန်မဖြေချေ။ ထို့အစား... မျက်မှောင်ကြုတ်ကာ လဝန်းဂိတ်တံခါးကိုသာ ငေးမော နေခဲ့၏။
ပထမ မိန်းကလေးကတော့ မင်ရှုဖုန်းပင် ဖြစ်လေသည်။ သူမက နှုတ်ခမ်းကလေးကို အနည်းငယ် စူလိုက်ကာ အဖြေကို ကိုယ်တိုင်ရှာဖို့ ဆုံးဖြတ်လိုက်သည်။ လက်ဟန်ချိပ်စည်း အချို့နှင့် အတူ ရွှေရောင် အလင်းတန်းများမှာ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ စတင် တောက်ပလာခဲ့၏။ သူမ ဝတ်ဆင်ထားသည့် အဖြူရောင် ဝတ်စုံက လေမတိုက်ပါပဲ တဖျပ်ဖျပ် လွင့်ပါလာသည်။
ဝမ်မင်ယာ၏ မျက်မှောင်က ပိုမို နက်ရှိုင်းလာသည်။ သူမက ဖြည်းညင်းစွာပင် လက်ကို ဆန့်ထုတ်ကာ မင်ရှုဖုန်း၏ လက်ဟန်ကို တားဆီးလိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ရွှေရောင် အလင်းတန်းများက ပြန်လည် ပြိုကျကာ ပုံမှန် အတိုင်း ဖြစ်သွားခဲ့သည်။ မင်ရှုဖုန်းမှာ ပြင်းထန်စွာ ချောင်းဆိုး လိုက်ရကာ နှုတ်ခေါင်းနှင့် နှုတ်ခမ်းတို့မှ သွေးများ စီးကျလာခဲ့၏။
သူမ၏ မျက်လုံးများက ဒေါသထွက်နေဟန် မရချေ။ ထို့အား ကြောက်ရွံ့မှု အငွေ့အသက်များသာ ကြီးစိုးနေ၏။ သူမက ဝမ်မင်ယာကို အံ့အားသင့်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ချောင်းများက ပြင်းထန်စွာ ဆိုးလာပြန်လေရာ ဝမ်မင်ယာမှာ လက်ဖြင့်ပင် အုပ်ကာလိုက်ရ၏။ ယခုတစ်ကြိမ်တွင်တော့ ရွှေရောင် သွေးစများပင် သူမ၏ လက်ဝါးထက်၌ ပေကျံနေသည်ကို တွေ့ရသည်။
“ကျေးဇူးပဲ...”
သူမက လှိုက်လှိုက်လှဲလှဲပင် ဆိုလိုက်၏။ ဝမ်မင်ယာက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင်တော့ အဖြူရောင် အလင်းစ တစ်ချို့ ရှိနေခဲ့၏။
“မဟာ ပုရောဟိတ်က မကြာခင် ရောက်လာတော့မယ်... အဆင်သင့် ပြင်ထားဦး”
ထိုကဲ့သို့ ပြောပြီးနောက် ဝမ်မင်ယာက နောက်တစ်ကြိမ် မျက်လုံးများကို မှိတ်ကာ ပြန်လည် ငြိမ်ကျ သွားခဲ့တော့သည်။
မင်ရှုဖုန်းမှာ စက္ကန့်အနည်းငယ် ကြာအောင် ဝမ်မင်ယာကို ကြည့်နေခဲ့မိ၏။ အဆုံးသတ်တွင်တော့ သူမက သက်ပြင်း တစ်ချက်ချကာ သွေးစ သွေးနများကို သုတ်သင်လိုက်သည်။ ထို့နောက် ကောင်းကင် နိမိတ်ဖတ် လမ်းစဥ် အတွက် သင့်တော်သည့် ပြန်လည် ကုသခြင်း ဆေးရည် အချို့ကို ထုတ်ယူကာ သောက်လိုက်၏။ စောစောပိုင်းက ကြိုးပမ်းမှုတွင် သူမ၏ အသက်အင်အား ဆယ့်နှစ်နှစ်ခန့် ကုန်ဆုံး သွားခဲ့သည်။ အကယ်၍ ဝမ်မင်ယာသာ ဝင်မတားပါက ထိုထက်ပင် အဆပေါင်းများစွာ ပိုမို၍ ဆိုးရွားနိုင်ပေသည်။
ကလန့်...
ရုတ်တရက် ဝမ်မင်ယာ၏ ဟင်းလင်းပြင် လက်စွပ်မှာ ဝိညာဥ်အလင်းများဖြင့် တောက်ပလာခဲ့၏။ သူမ၏ မျက်လုံးများက ပွင့်လာကာ လက်စွပ်ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက နူးညံ့သော ခံစားချက်များနှင့် ပြည့်နှက်သွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
မင်ရှုဖုန်းက ဝမ်မင်ယာကို မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။
“ဝိညာဥ် ဆက်သွယ်မှုလား... ဒါပေမဲ့ ဘယ်လိုလုပ်ပြီး”
လက်ရှိ၌ သူမတို့မှာ လောကကိုးပါး ကောင်းကင် အစီအရင်၏ ဒသမမြောက် ဂြိုဟ်ပေါ်၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းက ဝိညာဥ် ဆက်သွယ်မှု ပြုလုပ်နိုင်သည့် ဧရိယာ ပြင်ပ ဖြစ်သည်။ ဝိညာဥ် အာရုံများ၊ ကောင်းကင် ပုရောဟိတ်များနှင့် နိမိတ်ဖတ် ပညာရှင်များပင်လျှင် ဒသမမြောက်ဂြိုဟ်ကို အလှမ်းမှီနိုင်ခြင်း မရှိပါချေ။
ဝမ်မင်ယာက မင်ရှုဖုန်း၏ မေးခွန်းကို အပြုံးဖြင့်သာ တုန့်ပြန်လိုက်၏။ သူက ခန္ဓာကိုယ် တစ်ခုလုံး လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည့် လူတစ်ယောက် ဖြစ်သည်။ မည်ကဲ့သို့ သူမကို ဆက်သွယ်၍ မရပဲ နေပါမည်နည်း။
ရုတ်တရက် ဝမ်မင်ယာ၏ အမူအရာက ပြောင်းလဲ သွား၏။ သူမက ချက်ချင်းပင် ထိုင်ရာမှ ထရပ်ကာ လက်နှစ်ဖက်ကို ယှက်၍ ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“မဟာ ပုရောဟိတ်...”
***