← Chapters

ဝမ်မင်ယာ

Vol. 58 Ch. 812

ဝမ်မင်ယာ

Vol. 58 Ch. 812

“မဟာ ပုရောဟိတ်...”

ဝမ်မင်ယာနှင့် ရှေ့ဆင့်နောက်ဆင့်ပင် မင်ရှုဖုန်းမှာလည်း မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သည်။

ဝှစ်....

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပုံရိပ် တစ်ခုမှာ သူမတို့ အရှေ့တွင် ပေါ်လာခဲ့၏။ သူမက အသက်လတ် အရွယ် မိန်းမကြီး တစ်ဦး ဖြစ်ကာ ငြိမ်းချမ်းသည့် အော်ရာကို ပိုင်ဆိုင်ထားသည်။ သူမ၏ မျက်လုံးများက လုံးဝ အဖြူရောင် ဆွတ်ဆွတ် ဖြစ်၏။ အတွင်းပိုင်း၌ သူငယ်အိမ်ပင် မပါရှိပါချေ။ ခြုံငုံသုံးသပ်ရပါက ထိုအမျိုးသမီးမှာ တည်ငြိမ်မှု၊ သိမ်မွေ့မှုတို့နှင့် အတူ ရင့်ကျက်သည့် အလှပိုင်ရှင် တစ်ယောက် ဖြစ်ပေသည်။

သူမ၏ နံဘေးတွင်တော့ မီးခိုးရောင် ဖျော့ဖျော့ ဆံပင်နှင့် လူငယ်လေး တစ်ယောက် ပါရှိ၏။ သူက ချောမော တည်ငြိမ်ကာ တစ်ချိန်တည်း၌ နွဲ့လျသူ ဖြစ်သည်။ ခန့်ညားသည် ဆိုသည့် စကားလုံးထက် လှပသည် ဆိုသည့် စကားလုံးက သူနှင့် ပို၍ လိုက်ဖက်မည် ထင်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူက ယောက်ျားလေး တစ်ယောက် ဖြစ်နေဆဲပင်။

လူငယ်လေးက အရပ် မရှည်ချေ။ ငါးပေ သုံးလက်မလောက်သာ ရှိသည်။ လက်ရှိ ကျောက်တိုင်ထက်၌ ရှိနေသည့် လူလေးယောက်ထဲတွင် သူက အပုဆုံး ဖြစ်သည်။ သို့သော်လည်း... သူ၏ အမူအရာက ယုံကြည်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်သည်။ လူငယ်လေးမှာ ပိန်ပိန်လေး မဟုတ်သလို ကြွက်သားများ တုတ်ခိုင်သူ တစ်‌ယောက်လည်း မဟုတ်ချေ။ သူက ရွှေရောင် အစင်းကြောင်းများ ပါသည့် အဇူရာ ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ အော်ရာက တည်ငြိမ်လှကာ သေမျိုး အကန့်အသတ် အတွင်း ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း... တစ်ချိန်တည်း၌ ကျော်လွန်ခါနီး အရိပ်အယောင်တို့ကို ပိုင်ဆိုင်ထား၏။

“စတုတ္ထ မင်းသား...”

ဝမ်မင်ယာနှင့် မင်ရှုဖုန်းတို့ နှစ်ယောက်က တစ်ချိန်တည်းပင် နှုတ်ဆက် လိုက်ကြလေ၏။ လူငယ်လေးက ပေါ့ပါးစွာ ပြုံးလိုက်ရင်း ဝမ်မင်ယာကို လိုအပ်သည်ထက် ပိုမို ကြာမြင့်စွာ ကြည့်လိုက်သည်။

မဟာ ပုရောဟိတ်ကလည်း ဝမ်မင်ယာကို ကြည့်လိုက်၏။ သို့သော်လည်း... သူမ၏ မျက်ဝန်းများက လုံးဝ အဖြူထည် ဖြစ်လေရာ သူမ မည်သည့် အရာအား ကြည့်နေသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။

“ပုံမှန် အတိုင်းပဲ နေပါ...”

သူမက ပြုံးရင်း ပြောလိုက်’။ ဝမ်မင်ယာနှင့် မင်ရှုဖုန်းတို့ နှစ်ယောက်မှာ ဦးညွှတ်ထားရာမှ ပြန်လည် မော့လိုက်ကြ၏။ မဟာ ပုရောဟိတ်က သူတို့ထံမှ အကြည့်ကို လွှဲကာ လဝန်း ဂိတ်တံခါးကို ပြန်လည် ကြည့်လိုက်၏။

“မင်းတို့ရဲ့ အဆင့်ထက် ကျော်လွန်နေသည့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားတာက အရမ်း အန္တရာယ် များတယ်... ဒါပေမဲ့ အဖြေတွေကို ရှာဖွေ ဖော်ထုတ်ဝံ့တဲ့ သတ္တိရှိခြင်ကလည်းငါတို့လို ကံကြမ္မာကို ကျင့်ကြံတဲ့ လူတွေ အတွက် အရမ်း အရေးကြီးတယ်”

မင်ရှုဖုန်း၏ မျက်ဝန်းများထဲ၌ အံ့အားသင့်သည့် အငွေ့အသက်များ ပေါ်လာခဲ့၏။ မဟာ ပုရောဟိတ်က သူမ ရှာဖွေရန် ကြိုးစားခဲ့သည်ကို သိနေသည်လော။ ကံမကောင်းတာ တစ်ခုက သူမ ကျရှုံးခဲ့ခြင်းပင် ဖြစ်သည်။ ဖြူရော်သော အပြုံး တစ်ခုမှာ မိန်းကလေး၏ နှုတ်ခမ်းထက်၌ ပေါ်လာခဲ့လေ၏။

မဟာ ပုရောဟိတ်က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့လည်း စိတ်က ရှာဖွေလို့ မလုံလောက်ဘူး ထင်ရင် မရှာဖွေ ပါနဲ့... အသက်က အကန့်အသတ်နဲ့ တည်ရှိနေတာ... ဒီတော့ အဖြေကို ဂရုတစိုက် ရွေးချယ်ပါ”

မင်ရှုဖုန်းက ခေါင်းညိတ်လိုက်၏။ မဟာ ပုရောဟိတ်က သူမ၏ သတ္တိကို ချီးကျူးခဲ့သော်လည်း တစ်ချိန်တည်း၌ မလိုအပ်သည့် အရာကို အရဲစွန့်ခဲ့ခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ သူမ၏ ဆုံးမမှုက အမှန်တကယ်ပင် ဖြစ်သည်။ အကယ်၍ ဝမ်မင်ယာသာ ဝင်ရောက် မတားဆီးခဲ့ပါက... ဆုံးရှုံးမှုက သက်တမ်း ဆယ့်နှစ်နှစ်ထက် အများကြီး ပိုပေလိမ့်မည်။ ပိုဆိုးပါက... ဝိညာဥ် သက်တမ်း ပင်လျှင် ကျဆင်း သွားနိုင်သည်။ ၎င်းက ပြန်လည် ကုသရန် အလွန် ခက်ခဲသည့် ဒဏ်ရာလည်း ဖြစ်သည်။

စတုတ္ထ မင်းသားက ပြုံးလိုက်၏။

“ပုရောဟိတ်ငယ်လေးတွေက အမြဲတမ်း ဒီလိုပါပဲ... ပိုပြီး သိချင်ကြတယ်... ပိုပြီး ရှာဖွေချင်ကြတယ်... ဒီနေ့ လှမ်းလိုက်တဲ့ ခြေတစ်လှမ်းချင်းစီတိုင်းက အနာဂတ် အတွက် ပန်းတိုင်ပဲ... ဒီတော့ အဲဒီ ခြေတစ်လှမ်းချင်းစီတိုင်းကို သေချာ ဂရုစိုက်ကြပေါ့”

မင်ရှုဖုန်းက ခိုင်မာစွာဖြင့် ခေါင်းညိတ်ကာ စတုတ္ထ မင်းသားကို ကျေးဇူးတင်စကား ဆိုလိုက်၏။ ထိုဆုံးမစကားက သူမ အနာဂတ် အပေါ် များစွာ သက်ရောက်မှု ရှိပေလိမ့်မည် ဖြစ်သည်။

သူတို့ လေးယောက် အကြားတွင် တစ်ခဏတာမျှ တိတ်ဆိတ်သွား၏။ သို့သော်လည်း... သိပ်မကြာခင်မှာပင် ဝမ်မင်ယာက ထိုအခြေအနေကို ချိုးဖျက်လိုက်သည်။ သူမက မဟာ ပုရောဟိတ်ကို အလေးအနက် အမူအရာဖြင့် ဦးညွှတ်လိုက်ရင်း...

“မဟာ ပုရောဟိတ်... ကျွန်မ ထွက်ခွာခွင့် တောင်းချင်လို့ပါ”

“ထွက်ခွာခွင့်...”

စတုတ္တ မင်းသားက မျက်ခုံးကို ပင့်ကာ ဝမ်မင်ယာကို ကြည့်လိုက်သည်။ သူ့ မျက်လုံးများထဲမှ စိတ်ဝင်စားမှုက ပိုမို တိုးလာဟန် ရ၏။ ပညာသင်ကြားနေသည့် ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက်က လွတ်လပ်ခွင့် တောင်းတာမျိုးမှာ အလွန် ရှားပါးသော ကိစ္စမျိုး ဖြစ်သည်။

ဝမ်မင်ယာအား သူ ယခင်က ပြောခဲ့ဖူးသလို ငယ်ရွယ်သူများမှ မကြာခဏ ဆိုသလို မဆင်မခြင် လုပ်တတ်ကြသည်။ ကံကြမ္မာ၏ အစစ်အမှန် အင်အားအား မည်ကဲ့သို့ ထိတွေ့ရမည်ကို သင်ယူပြီး နောက်တွင် သူတို့မှာ ထိုပညာရပ် အပေါ် အလွဲသုံးစားလုပ်ကာ ကောင်းကင်တာအို၏ ဆန္ဒကို ဖီဆန်ရန် ကြိုးပမ်းခြင်း လာတတ်ကြသည်။အကျိုးဆက် အနေဖြင့် ဘေးထွက်ဆိုးကျိုးများနှင့် တန်ပြန် သက်ရောက်မှုများ မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

ရွှေရောင် ဂိတ်တံခါး နန်းတော် အတွင်းတွင် ရွှေဥပဒေ တစ်ခု ရှိ၏။

သို့သော်လည်း... မဟာ ပုရောဟိတ်၏ အဆိုအရ ဆိုလျှင် ဝမ်မင်ယာမှာ အလွန်အမင်း စိတ်ရှည်ကာ ခံစားချက်များကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။ ထို့အပြင်... သူမက စည်းကမ်း လိုက်နာကာ လမ်းကြောင်းမှ တစ်ကြိမ် တစ်ခါပင် မလွဲချော် ဖူးချေ။ သူမ၏ ဉာဏ်ရည်၊ ဖြတ်ထိုးဉာဏ်၊ ထိုးထွင်း သိမြင်မှု အားလုံးက အမြင့်ဆုံး အဆင့်၌ ရှိနေပေသည်။

သို့သော်လည်း... မင်ရှုဖုန်းဟု ခေါ်သည့် တပည့်ကတော့ ပါရမီ အရာတွင် ပိုမို မြင့်မားသူ ဖြစ်သည်။ ကောင်းကင်တာအို အပေါ် သူမ၏ အာရုံခံနိုင်စွမ်းက ထိပ်တန်း အဆင့်၌ ရှိ၏။ သူမက သဘာဝ အတိုင်း မွေးဖွားလာသည့် ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက်လည်း ဖြစ်သည်။

မိန်းကလေး နှစ်ယောက်စလုံးမှာ မတူကွဲပြားသည့် လက်ဆောင်များနှင့် ပါရမီရှင်များ ဖြစ်ကြသည်။ ပျက်စီးသွားသည့် ထာဝရ ကြယ်တာရာ နယ်မြေမှ ထိုကဲ့သို့ ပါရမီရှင်လေး နှစ်ယောက်ကို ရှာဖွေ တွေ့ရှိခဲ့သည်မှာ ကံကောင်းလှသည်။ စတုတ္ထမြောက် ဂိတ်တံခါး အနေဖြင့် မိန်းကလေး နှစ်ယောက် အပေါ် ကြီးမားသော မျှော်လင့်ချက်များ ရှိနေပေသည်။

ထို့ကြောင့်ပင် ယခုကဲ့သို့ ဝမ်မင်ယာက ထွက်ခွာခွင့် တောင်းသော အခါ၌ စတုတ္ထ မင်းသားလေးမှာ အံ့သြ သွားခဲ့ရခြင်းဖြစ်သည်။

“‌ရွှေရောင် ဂိတ်တံခါး နန်းတော်ရဲ့ စည်းကမ်းတွေကို မင်း သိပါတယ်... ဘာလို့ ခုလို တောင်းဆို ရတာလဲ”

“...”

မဟာပုရောဟိတ်ကတော့ ဝမ်မင်ယာကို ဘာစကား တစ်ခွန်းမှ မပြောပဲ ကြည့်နေခဲ့သည်။ သူမ၏ အဖြူဆွတ်ဆွတ် မျက်လုံးများက မည်သည့် ခံစားချက်မှ မရှိပဲ တည်ငြိမ်နေ၏။ သို့သော်လည်း... သူမ၏ အတွေးများကိုတော့ ခန့်မှန်းရ ခက်ခဲလှပေသည်။

မင်ရှုဖုန်းမှာလည်း တူညီစွာပင် ဝမ်မင်ယာ၏ တောင်းဆိုမှုကို အံ့သြ နေခဲ့၏။ သူမက ထိန်းချုပ်နိုင်စွမ်း မရှိလေရာ ဝမ်မင်ယာဘက်ကို လှည့်ကြည့်ကာ မေးလိုက်လေ၏။

“ဘာလို့ အဲဒီလို တောင်းဆိုရတာလဲဟင်... စတုတ္ထမြောက် ဂိတ်တံခါးရဲ့ ပညာသင် တစ်ယောက် အနေနဲ့ အခြေအနေ သုံးခုနဲ့ ကြုံကြိုက်မှပဲ ထွက်ခွာနိုင်တယ်ဆိုတာ နင်လည်း သိတာပဲ...”

ထိုအခြေအနေက သုံးခု အနက် ပထမ တစ်ခုက လျှို့ဝှက် တာဝန် ဖြစ်သည်။ ဒုတိယမြောက် တစ်ခုက ကြယ်အမြုတေ အဆင့်ကို ရောက်ရှိပြီး ကံကြမ္မာ ရုပ်ခန္ဓာကိုယ်ကို သန့်စင်နိုင်သည့် အခါတွင် ဖြစ်သည်။ တတိယ မြောက် အခြေအနေကတော့ သေဆုံးသည့် အခါတွင်ပင် ဖြစ်၏။

“ဒါမှမဟုတ် လျှို့ဝှက် တာဝန် တစ်ခုခုကို ထမ်း‌ဆောင်ဖို့ နင်ခွင့်တောင်း နေတာလား..”

မင်ရှုဖုန်းက စိတ်ဝင်တစားဖြင့် ထပ်မေးလိုက်၏။ ဝမ်မင်ယာက ပြန်မဖြေချေ။ ထို့အစား သူမက ခေါင်းကို ငုံ့ကာ မဟာ ပုရောဟိတ်ထံမှ အဖြေကို စောင့်နေဆဲ ဖြစ်သည်။

စတုတ္ထမြောက် မင်းသားက သက်ပြင်းတစ်ချက် ချလိုက်၏။ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် ပြန်လည် ပေါ်လာခဲ့သည်။

“တကယ်လို့ မင်း အပြ်ငကို ထွက်ချင်ရင် ငါ မင်းရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် အကောင်းဆုံး ကူညီပေးမယ်လေ... ငါ တာဝန်နဲ့ အပြင်ထွက်ခွင့် ရရင် မင်းကို လက်ထောက် အနေနဲ့ ခေါ်မယ်... ဘယ်လိုလဲ”

“...”

ဝမ်မင်ယာက တုန့်ပြန်ခြင်း မပြုပြန်ချေ။ သူမက မဟာ ပုရောဟိတ်ထံမှ အဖြေစကားကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေဆဲ ဖြစ်ပေသည်။

စတုတ္ထ မင်းသား၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ ကမ်းလှမ်းမှုကို မတုန့်ပြန်ခြင်းက သူ့ အပေါ် လေးစားမှု ကင်းမဲ့လိုက်ခြင်းပင် ဖြစ်သည်။ သူက ဝမ်မင်ယာအား သတိပေးရန် ဟန်ပြင်လိုက်စဥ်မှာပင် မဟာ ပုရောဟိတ်က ချိန်သားကိုက် ဝင်ရောက် စကားပြောလာ၏။

“နင် ဘာကို မေးနေတယ် ဆိုတာ နင်သိလား”

သူမ၏ အသံက အနည်းငယ် လေးပင်ကာ သုန်မှုန်နေပေသည်။ ဝမ်မင်ယာက အနည်းငယ်ပင် တုန့်ဆိုင်းနေခြင်း မရှိပဲ ခေါင်းညိတ်လိုက်၏။

“ကျွန်မ သိပါတယ်...”

“ဒါဆို အဖြေကိုလည်း သိသင့်တယ်... အခြေအနေ သုံးခုနဲ့ ကြုံကြိုက်မှပဲ အပြင်လောကကို ထွက်ခွာနိုင်တယ်... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အပြင်ကို ထွက်မယ် ဆိုရင် အမှောင် ဟင်းလင်းပြင်ရဲ့ အအေးဓာတ်နဲ့ အေးခဲ သေမှာပဲ...”

သူမ ပြောသည့် အဓိပ္ပာယ်က ရှင်းလင်းလှပေသည်။ အကယ်၍ ဝမ်မင်ယာသာ အပြင်ကို ထွက်ခွာချင်ပါက သူမကို စောင့်ကြိုနေမည့် တစ်ခုတည်းသော အရာက သေခြင်းတရားပင် ဖြစ်သည်။

ဝမ်မင်ယာ၏ မျက်ခုံးများက အနည်းငယ် လှုပ်ရှားသွား၏။ သို့သော်လည်း တစ်ခဏ အတွင်းမှာပင် သူမ၏ အမူအရာက ပြန်လည် တည်ငြိမ်သွားသည်။ သူမက ခေါင်းကို မော့ရင်း မဟာ ပုရောဟိတ်ကို ကြည့်လိုက်၏။ ထိုအကြည့်က မင်ရှုဖုန်းနှင့် စတုတ္ထမြောက် မင်းသားတို့ နှစ်ယောက်စလုံးကို ထိတ်လန့် သွားစေခဲ့၏။

ဝမ်မင်ယာမှာ မည်သည့် တွန်းအားကြောင့် ထွက်ခွာချင်နေရသနည်း။ သူမက သေခြင်းတရားကိုပင် မမှုသည်လား။

“ဘာလို့လဲ...”

မဟာ ပုရောဟိတ်က တိုက်ရိုက် မေးလိုက်၏။

“ကျွန်မ ထွက်မှ ဖြစ်မှာ မလို့ပါ...”

ဝမ်မင်ယာက တိုတို တုတ်တုတ်ပင် ရှင်းပြလိုက်သည်။ မင်ရှုဖုန်းက သူမကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ထိုအရာက လုံလောက်သည့် အကြောင်းပြချက်လော။

မဟာ ပုရောဟိတ်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူမက အဖြေပေးလိုက်၏။

“ဒါဆိုလည်း ထွက်သွားပါ... မင်းကို ဘယ်သူမှ မတားဘူး”

မဟာ ပုရောဟိတ်၏ စကားက စတုတ္ထ မင်းသားကို အံ့အားသင့် သွားစေခဲ့၏။ အမှန်အတိုင်း ဝန်ခံရပါက သူ ဝမ်မင်ယာကို ဆက်လက် ထိန်းသိမ်းထားလိုသည်။ သို့သော်လည်း ထိုအရာက အဘွားဖြစ်သူ၏ ဆုံးဖြတ်ချက် ဖြစ်သည်။ သူ မည်ကဲ့သို့ စောဒက တက်ရဲမည်နည်း။

ဝမ်မင်ယာက အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မရှိပါချေ။ သူမက ဦးညွှတ်ကာ စတင် ပျံသန်း လိုက်‌လေ၏။ ချက်ချင်းပင် လောကနယ်မြေ တစ်ခုက သူမ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ဖြစ်တည်လာသည်။

“သူက လောသခင် အဆင့်ကို ရောက်သွားပြီလား...”

စတုတ္တမြောက် မင်းသားနှင့် မင်ရှုဖုန်းတို့ နှစ်‌ယောက်စလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ကြ၏။ ဤနေရာကို စတင် ရောက်ရှိလာစဥ် အခါက သူမက ကြယ်တာရာ အမြုတေ အဆင့်နှစ် ကောင်းကင် အုပ်စိုးသူ အဆင့်တွင်ပင် ရှိနေပေသေးသည်။ ထိုမှ စ၍ ရေတွက်ပါက ခုနစ် နှစ်သာ ရှိပေသေး၏။ ထိုအချိန်တို အတွင်း သူမက အဆင့် ငါးဆင့်ကို ခုန်တက်သွားသည်လား။

သို့သော်လည်း... ဝိညာဥ်အာရုံကို ဖြန့်ကျက် စစ်ဆေးလိုက်သော အခိုက်၌ သူမ၏ အော်ရာက ကြယ်တာရာအမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်တွင်သာ ရှိနေသေးကြောင်း တွေ့ရှိလိုက်ရ၏။ သူမထံတွင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် အော်ရာပင် မရှိချေ။ ဤသို့ဆိုပင် ထိုလောက နယ်မြေက...။

ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိပေတော့သည်။

“အာရုဏ်ဦး နေမီးတောက် ဆေးလုံး...”

စတုတ္ထမြောက် မင်းသားမှာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိလေတော့၏။

***

All Chapters